အခန်း (၂၂၄)
Vol. 15 Ch. 224
ဖိနပ်မပါသော အဘိုးအိုက ဝါးအဆောက်အဦးထဲမှ မည်သည့်အချိန်က ထွက်လာမှန်း မသိလိုက်ဘဲ ချောက်ကမ်းပါးဘက်သို့ လျှောက်လာကာ ချန်းပင်အန်း၏ ဘေးတွင် ရပ်လိုက်သည်။ သူက အပြုံးနှင့် မေးလိုက်၏။
“ဘာလုပ်နေတာလဲ။ စိန်ခေါ်မှုကြီးတစ်ခုကို ကျော်လွှားပြီးသွားတော့ မင်းရဲ့ဒုက္ခတွေကို ပြန်စဉ်းစားပြီး အခုလက်ရှိပျော်ရွှင်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်နေတာလား.”
ချန်းပင်အန်း၏ အတွေးစများ ပြတ်တောက်သွားခဲ့ပြီး သတိပြန်ဝင်လာသည့်အခါ အရက်တစ်ငုံ သောက်လိုက်ပြီးမှ အပြုံးနှင့် လှည့်ပြောလိုက်သည်။
“အဲဒါက မကောင်းလို့လား…”
ယနေ့ အဘိုးအိုက အဖြူရောင်ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားပြီး လန်းဆန်းတက်ကြွနေပုံရသည်။
“မကောင်းဘူး ဟုတ်လား။ ဒီထက်ကောင်းတာ မရှိနိုင်တော့ဘူး။ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ မရှိတဲ့ လူတစ်ယောက်က တော်တော်ပျင်းစရာကောင်းလိမ့်မယ်။ အစစ်အမှန်သူရဲကောင်းတွေဆိုတာ ဒုက္ခကိုလည်း ခံနိုင်ရည်ရှိရသလို ချမ်းသာမှုကိုလည်း ခံစားနိုင်တဲ့သူတွေပဲလေ...”
“ဒုက္ခခံနေရတဲ့အချိန်မှာ ကိုယ် ဘယ်လောက်တောင် ဒုက္ခရောက်နေပါတယ်ဆိုပြီး လူတိုင်းကို လိုက်ပြောနေတဲ့ မိန်းမလျာလို မဖြစ်ရဘူး။ ချမ်းသာမှုကို ခံစားရတဲ့ အချိန်မှာလည်း စိတ်အေးလက်အေးနဲ့ အပြည့်အဝ ခံစားတတ်ရမယ်။ ကိုယ်တိုင်ရှာဖွေထားတဲ့ ချမ်းသာမှု ဖြစ်နေရင် ဘာလို့ ခိုးကြောင်ခိုးဝှက် ခံစားနေရမှာလဲ.”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ စကားလုံးတချို့က ဆရာကြီးကို မကျေမနပ် ဖြစ်စေနိုင်ပေမဲ့ ဒါတွေကတော့ ကျွန်တော့်ရဲ့စိတ်ရင်းနဲ့ပြောတဲ့ စကားတွေပါပဲ။ ဆရာကြီး နားထောင်ချင်စိတ်ရှိလား…။ ကျွန်တော် ဒီစကားတွေ ဘယ်သူ့ကိုမှ မပြောဖူးဘူး၊ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း လျှိုရှန်းယန်ကိုတောင် မပြောပြဖူးဘူး…”
ဖိနပ်မပါသော အဘိုးအိုက ဝါးထိုင်ခုံဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရယ်ချင်နေသော အမူအရာနှင့် ပြောလိုက်သည်။
“ဟေ…မင်းရဲ့သနားစရာ အတိတ်ဇာတ်ကြောင်းတွေလား။ ရတယ်။ ပြောသာပြောပါ။ အပျင်းပြေတာပေါ့…”
ချန်းပင်အန်းက အရက်တစ်ငုံ သောက်လိုက်ပြီး လုံးဝ စိတ်မဆိုးခဲ့ပေ။ သူက အနီရောင်ဘူးသီးခြောက်လေးကို အဘိုးအိုဆီသို့ ကမ်းပေးလိုက်သော်လည်း အဘိုးအိုက အရည်အသွေးနိမ့်သော အရက်ကို မကြိုက်ဟုဆိုကာ လက်ကာပြလိုက်သည်။
ချန်းပင်အန်းက သူ့ရင်ထဲတွင် ရှိနေသောအရာများကို ဖွင့်ဟ၍ ဖြည်းညင်းစွာ ပြောပြခဲ့၏။
“ဆရာကြီးနဲ့ လက်သီးသိုင်း လေ့ကျင့်တဲ့အချိန်တိုင်း ကျွန်တော်က နာနာကျင်ကျင် အော်ခဲ့ရသလို ခိုးကြောင်ခိုးဝှက်နဲ့လည်း အကြိမ်ကြိမ် ငိုခဲ့ရတယ်။ ကျွန်တော်က ဆရာကြီးရဲ့လက်ချက်နဲ့ သေတော့မလို ခံစားခဲ့ရပေမဲ့ ကျွန်တော့်ဘဝရဲ့ အခက်ခဲဆုံးအချိန်က ကျွန်တော့်ရဲ့ကလေးဘဝပဲလို့ ခံစားမိနေတုန်းပဲ.”
“ကျွန်တော် တစ်ယောက်တည်း တောင်ပေါ်မှာ ဆေးပင်ရှာဖို့ ပထမဆုံးအကြိမ် သွားခဲ့တာကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။ ကောင်းကင်ပေါ်မှာ နေမင်းကြီးက အရမ်းပူနေချိန် ကျွန်တော်က ကျွန်တော့်အရပ်လောက်ရှိတဲ့ ဝါးခြင်းတောင်းကြီးတစ်လုံးကို သယ်ထားခဲ့တယ်။ အဲဒီတုန်းကတော့ ကျွန်တော်က အရမ်းရည်မှန်းချက်ကြီးခဲ့ပြီး ခြင်းတောင်းကြီးကြီးယူသွားရင် ဆေးပင်တွေ ပိုရနိုင်မယ်လို့ပဲ ထင်ခဲ့တာ။ ဒါမှ အမေလည်း မြန်မြန်နေကောင်းလာနိုင်မှာပေါ့…”
“ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်တော့်ပုခုံးပေါ်က အရေပြားတွေ ကွာကုန်ပြီး နေရောင်ခြည်နဲ့ ထိတွေ့မိတဲ့အချိန်၊ ချွေးတွေ စီးကျလာတဲ့အချိန် တစ်ကိုယ်လုံး မီးစနဲ့ထိုးလိုက်သလို ပူလောင်တဲ့ ဝေဒနာကို ခံစားခဲ့ရတယ်။ အရေးကြီးဆုံးကတော့ အဲဒီအချိန်မှာ ကျွန်တော်က မြို့ငယ်လေးထဲကနေ စထွက်လာတုန်းပဲ ရှိနေသေးတယ်။ ကျွန်တော်က ဒီနာကျင်မှုကို နေ့တစ်ဝက် ဒါမှမဟုတ် တစ်နေ့လုံး ခံစားရဦးမယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ အဲဒီနေရာမှာပဲ လက်လျှော့လိုက်ချင်တဲ့စိတ်မျိုး ပေါ်လာခဲ့တယ်.”
အဘိုးအိုက ကြိတ်၍ ရယ်လိုက်သည်။
သူက ချန်းပင်အန်းကို ရယ်နေခြင်း မဟုတ်ဘဲ ချွေးကလန်မှ သူ့မျိုးဆက်များ၏ ခမ်းနားထည်ဝါသော နေထိုင်မှုဘဝပုံစံကို ပြန်သတိရသွားခြင်းကြောင့် ဖြစ်သည်။ ချွေးကလန်က မျိုးဆက်ပေါင်းများစွာ မြင့်မားသော ဂုဏ်သိက္ခာနှင့် ချမ်းသာမှုကို ပိုင်ဆိုင်ခဲ့ပြီး အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ထိပ်တန်းကလန်တစ်ခု ဖြစ်ခဲ့သည်။ ကလန်ထဲမှ ကလေးငယ်များကို လက်သီးသိုင်းပညာ သင်ကြားပေးသည့်အချိန်တွင် သူတို့အားလုံးက အပြင်းအထန် နာကျင်နေရသကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ ထို့ပြင် ထိုအရာက မတ်တပ်ကျင့်စဉ်အတွက်သာ ဖြစ်သည်။ ထိုကလေးများက အိမ်ပြန်ရောက်သည့်အခါ သူတို့၏မိဘများကို ပြန်လည်တိုင်တောတတ်ကြသေးသည်။
ဆောင်းရာသီတွင် သားမွေးကုတ်အင်္ကျီ အထပ်ထပ် ဝတ်ထားသော ကလေးများက မနက်ခင်း ကျောင်းတက်ရန် ပြောခံရသည့်အခါ လောကကြီးထဲတွင် အဆိုးရွားဆုံး ဒုက္ခကို ခံစားနေရသကဲ့သို့ ဖြစ်ပျက်နေတတ်ကြသည်။ နှစ်သစ်ကူးအကြိုနေ့ ရောက်ချိန်တွင်လည်း ကလေးများက သူတို့၏အကြီးအကဲများနှင့် ဘိုးဘေးများဆီမှ အန်ပေါင်းများများ တောင်းတတ်ကြသည်။
ဖိနပ်မပါသော အဘိုးအိုက ထိုအရာကို မကြိုက်သော်လည်း သူနှင့် မျိုးဆက်တူ ညီအစ်ကိုများနှင့် ဆွေမျိုးများကမူ ထိုအရာနှင့် အသားကျနေပြီး အမှန်တကယ် ပျော်ရွှင်နေကြသည်။ ‘ငိုတတ်တဲ့ ကလေး ပိုရသည်’ ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်နေ၏။
“ဒုတိယအကြိမ်ကတော့ ကျွန်တော် ဗိုက်ဆာလို့ပါပဲ…”
ချန်းပင်အန်းက ဆက်ပြောလိုက်သည်။
“ကျွန်တော့်ဆီမှာ ဆန် လုံးဝမကျန်တော့သလို ရောင်းလို့ရတာမှန်သမျှလည်း အကုန်ရောင်းပြီးသွားပြီ။ ကျွန်တော်က တစ်ရက်လုံးလုံး ဗိုက်ဆာနေပေမဲ့ တခြားသူဆီမှာ စားစရာသွားတောင်းဖို့ သတ္တိမရှိခဲ့ဘူး။ အဲဒါနဲ့ ကျွန်တော်က လမ်းကြားထဲမှာ ဟိုလျှောက်ဒီလျှောက် လုပ်နေခဲ့ပြီး တစ်ယောက်ယောက်က ကျွန်တော့်ကို လှမ်းခေါ်ဖို့ မျှော်လင့်နေခဲ့တယ်။ အဲဒီနှစ် ဆောင်းရာသီက တော်တော်လေးလည်း အေးခဲ့တယ်.”
“နွေရာသီ လပိုင်းကတော့ သိပ်မဆိုးပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ အဝတ်အစားနည်းနည်း ရှိရုံနဲ့ အဆင်ပြေတယ်။ အဲဒါတင်မကသေးဘူး၊ ကျွန်တော်က တောင်ပေါ်တက်ပြီး ဆေးပင်တွေ ခူးပြီးတော့ ကြေးပြားနည်းနည်းနဲ့ လဲလို့ရသေးတယ်။ ဆေးပင်ခူးနေရင်း တောထဲက ဟင်းသီးဟင်းရွက်တွေနဲ့ အသီးတွေကိုလည်း ခူးလို့ရသေးတယ်.”
“အိမ်နီးချင်းတွေဆီက သံတူ ငှားပြီး စမ်းချောင်းထဲက ကျောက်တုံးတွေကို ထုလို့လည်း ရသေးတယ်။ အဲဒီလိုလုပ်ရင် ကျောက်တုံးအောက်မှာ ပုန်းနေတဲ့ ငါးတွေက သတိလစ်သွားတယ်လေ။ အဲဒါတွေကို အိမ်မှာ အခြောက်လှန်းပြီးရင် ဆီ၊ ဆားမထည့်ဘဲတောင် စားလို့ရတယ်။ ပြီးတော့ တော်တော်လေး အရသာရှိတယ်.”
“ဒါပေမဲ့ အဲဒီဆောင်းရာသီမှာတော့ ကျွန်တော့်မှာ ဘာနည်းလမ်းမှ မရှိတော့ဘူး၊ ဘယ်သူ့ဆီမှာမှ စားစရာမတောင်းရင် ငတ်ပြီး သေသွားနိုင်တယ်။ ဒါဆို ဘာလုပ်ရမလဲ။ အစပိုင်းမှာတော့ ကျွန်တော်က မတောင်းရဲခဲ့ဘူး။ ဒါကြောင့် ကျွန်တော်က ကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်သွားမယ်လို့ အမေ့ကို ပေးခဲ့တဲ့ ကတိကိုပဲ အဆက်မပြတ် ရွတ်နေမိတယ်။ မိဘတွေဆုံးပြီး တစ်နှစ်အကြာမှာ ကျွန်တော်က သူတောင်းစား ဖြစ်လာရတော့မှာလား။ အဲဒီအချိန်မှာ ကျွန်တော်သာ ကုတင်ပေါ်မှာ လှဲနေပြီး ခဏလောက်သည်းခံလိုက်ရင် ဗိုက်ဆာတာကို ကျော်လွှားနိုင်မယ်လို့ ထင်ခဲ့တယ်.”
“ဒါပေါ့၊ ဗိုက်ဆာတာကတော့ ဗိုက်ဆာတာပဲ၊ ဒါကို ပြောင်းလဲလို့မရဘူး။ ဒါပေမဲ့ ဒီကိစ္စကြောင့် ကျွန်တော် သတိလစ်မသွားခဲ့ဘူး၊ ဗိုက်ဆာလေလေ ပိုပြီး နိုးကြားနေလေလေပဲ။ နောက်ဆုံးတော့ ကျွန်တော် ကုတင်ပေါ်ကနေ ထပြီး အိမ်ထဲက ထွက်သွားရုံကလွဲရင် အခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ကျွန်တော်က ရွှံ့ပုလင်းလမ်းကြားထဲမှာ ဟိုဟိုဒီဒီ ပြန်လျှောက်နေမိခဲ့တယ်။ ကျွန်တော်က တစ်စုံတစ်ယောက်ရဲ့ တံခါးကို ခေါက်ဖို့ အကြိမ်ပေါင်းများစွာ စိတ်ကူးမိပေမဲ့ နောက်ဆုံးတော့ မလုပ်ဖြစ်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တောင်းစားဖို့ စိတ်ထဲမှာ မလုပ်ရဲဘူး…”
“အဲဒီနောက်မှာတော့ ရွှံ့ပုလင်းလမ်းကြားကို နောက်ဆုံးတစ်ခေါက် လျှောက်မယ်လို့ ကျွန်တော် ကိုယ့်ကိုယ်ကို ပြောလိုက်တယ်။ တကယ်လို့ ဘယ်သူမှ တံခါးဖွင့်ပြီး အစာစားဖို့ မဖိတ်ခေါ်ဘူးဆိုရင်တော့ ကျွန်တော်က တစ်ယောက်ယောက်ရဲ့ အိမ်တံခါးကို သွားခေါက်ပြီး စားစရာ တောင်းရတော့မယ်။ ဒါပေမဲ့ ကျွန်တော် အရွယ်ရောက်လာတဲ့အခါ စားစရာကျွေးတဲ့ မိသားစုကို ကျေးဇူးဆပ်မယ်လို့ စိတ်ထဲမှာ တိတ်တိတ်လေး သန္နိဋ္ဌာန်ချထားခဲ့တယ်…”
“ကျွန်တော်က ချောင်ကလန်ရဲ့ဘိုးဘေးနေအိမ် ရှိနေတဲ့ လမ်းကြားအဆုံးကနေ စလျှောက်ခဲ့တယ်။ ကုစန့်ရဲ့အိမ်ရှိနေတဲ့ လမ်းကြားတစ်ဖက်အဆုံးကို ရောက်တဲ့အထိ ဘယ်သူမှ တံခါးမဖွင့်ပေးခဲ့ကြဘူး…”
အဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သနားကြင်နာသည့် အရိပ်အယောင်မျိုး လုံးဝမပြခဲ့ပေ။
“ဘာလဲ၊ ဒါဆိုရင် မင်းက ဘယ်သူ့အိမ်တံခါးကို သွားခေါက်ခဲ့တာလဲ။ သူတို့က မင်းကို အိမ်ထဲခေါ်ပြီး စားစရာကျွေးရဲ့လား…”
ချန်းပင်အန်းက ထိုအကြောင်းအရာများကို ပြန်ပြောပြနေချိန်တွင် အထူးတလည် ဝမ်းနည်းနေပုံမရဘဲ ဇာတ်လမ်း၏ ဤအပိုင်းသို့ ရောက်သည့်အချိန်တွင် သူ၏မျက်နှာအမူအရာက ပို၍ပင် တက်ကြွရွှင်လန်းလာသည်။
သူက အကောင်းဆုံးအရက်ကို သောက်လိုက်ရသည့်အလား ဆက်ပြော၏။ “ကျွန်တော် ငိုပြီးတော့ လာလမ်းအတိုင်း ပြန်လျှောက်ခဲ့ရတယ်လေ။ ဒါပေမဲ့ ခြေလှမ်းနည်းနည်း လှမ်းပြီးသွားတဲ့အချိန် ကျွန်တော့်နောက်မှာရှိတဲ့ ခြံတံခါးက ရုတ်တရက် ပွင့်လာခဲ့တယ်။ အစပိုင်းတော့ ကျွန်တော်လည်း လှည့်မကြည့်ရဲဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်တော့်ကို လှမ်းခေါ်ခဲ့တယ်.”
“ကျွန်တော် မျက်ရည်တွေကို အမြန်သုတ်ပြီး လှည့်ကြည့်လိုက်တော့ အိမ်နီးချင်း တစ်ယောက်က လက်ထဲမှာ မီးဖိုခြင်းတစ်လုံးကို ကိုင်ထားတာ တွေ့လိုက်ရတယ်။ အထဲမှာ ကြေးနီနဲ့ အပြင်မှာ ဝါးနဲ့ ရက်လုပ်ထားတဲ့ မီးဖိုအသေးစားမျိုးပေါ့၊ ဒါကြောင့် လက်ထဲမှာ ကိုင်ပြီး လျှောက်သွားလို့ရတယ်။ သူက ကျွန်တော့်ကို တွေ့လိုက်ရတော့ အရမ်းအံ့ဩသွားတဲ့ပုံပဲ…”
အဘိုးအိုက အံ့ဩနေသည့်အမူအရာနှင့် လျှာကိုသပ်လိုက်ပြီး မှတ်ချက်ပေးလိုက်သည်။
“ကောင်းကင်ဘုံက ငါတို့ကို အမြဲတမ်း ထွက်ပေါက်တစ်ခု ချန်ထားပေးတတ်ပါတယ်။ ကောင်လေး…ဒါဆို မင်းက ဒီလိုနဲ့ အလကားစားလိုက်ရတာပေါ့.”
ချန်းပင်အန်းက မျက်ရည်များ ပြည့်နေသော သူ့မျက်နှာကို အားနှင့် သုတ်လိုက်သည်။ သို့သော် သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။
“မဟုတ်ဘူး၊ အဲဒီအိမ်နီးချင်းက ခဏစဉ်းစားပြီးတော့ ‘ပင်အန်းလေး.. မင်း တကယ်ပဲ တောင်ပေါ်တက်ပြီး ဆေးပင်တွေ ခူးနိုင်တာလား။ မင်း အဲဒီဆေးပင်တွေကို တကယ်ပဲ မှတ်မိတာလား' လို့ မေးတယ်။ ကျွန်တော်က ဟုတ်တယ်လို့ပဲ ပြောလိုက်တယ်လေ။ ကျွန်တော် သူ့ကို လိမ်နေတာမှ မဟုတ်တာ။ အဲဒီ(၂)နှစ်အတွင်း ကျွန်တော်က ရက်နည်းနည်းကြာတိုင်း ဆေးပင်ခူးဖို့ တောင်ပေါ်ကို ခဏခဏ တက်ခဲ့တယ်။ တကယ်တော့ ကျွန်တော်က တောင်တန်းတွေကို ရွှံ့ပုလင်းလမ်းကြားထက်တောင် ပိုပြီး ရင်းနှီးနေပြီ….”
“ကျွန်တော့်အိမ်နီးချင်းက ကျွန်တော့်ကို အပြုံးနဲ့ လက်ယပ်ခေါ်လိုက်တယ်။ ပြီးတော့ အသံကျယ်ကျယ်နဲ့ ပြောခဲ့တယ်။ 'ကောင်းတယ်၊ ဒါဆို ဒီကိုလာခဲ့ ပင်အန်းလေး။ ငါ့မှာ မင်းကို အကူအညီတောင်းစရာ ကိစ္စတစ်ခုရှိတယ်။ ငါ့ခန္ဓာကိုယ်က အအေးဒဏ်ကို မခံနိုင်တော့ဘူး၊ ဒါကြောင့် ခန္ဓာကိုယ်ကို အားဖြည့်နိုင်မယ့် ဆေးကြိုဖို့ ဆေးပင်နည်းနည်းလိုတယ်။ ဒါပေမဲ့ ယန်မိသားစုဆေးဆိုင်က အရမ်းဈေးကြီးတော့ ငါက အဲဒီမှာရှိတဲ့ ဆေးပင်တွေကို မဝယ်နိုင်ဘူး။ ဒါဆို နွေဦးရာသီရောက်ရင် ပင်အန်းလေး တောင်ပေါ်တက်ပြီး ငါ့အတွက် ဆေးပင်နည်းနည်း ခူးပေးနိုင်မလား။ ငါ မင်းကို ကြေးပြားတွေ ပေးမယ်၊ ဒါပေမဲ့ ဈေးတော့ လျှော့ပေးရမယ်'တဲ့…”
ချန်းပင်အန်း၏အသံက နူးညံ့သွားပြီး သူက ဆက်ပြောလိုက်သည်။
“ကျွန်တော် သူနဲ့ စကားပြောဖို့ သွားလိုက်တယ်၊ ပြီးတော့ သူက အဲဒီအခွင့်အရေးကို သုံးပြီး မီးဖိုခြင်းကို ကျွန်တော့်ဆီ လှမ်းပေးခဲ့တယ်။ ကျွန်တော်တို့ စကားပြောပြီးသွားတဲ့အချိန် ကျွန်တော် အဲဒီမှာ ရပ်နေသေးတာကို တွေ့တော့ သူက ပြုံးပြီး မေးတယ်။ 'ဘာဖြစ်လို့လဲ။ မင်း ဘာမှမစားရသေးဘူးလား။ ဒါကြောင့် အလကား စားချင်နေတာလား။ အဲဒီလိုတော့ မရဘူး၊ ဒါကို ဆေးဖိုးထဲ ထည့်မတွက်ရင် ငါ မင်းကို အိမ်ထဲမဝင်ခိုင်းဘူး'…”
ချန်းပင်အန်းက ပြုံး၍ အဝေးကို ငေးကြည့်လိုက်သည်။
“ကျွန်တော့်မိဘတွေ ဆုံးပါးသွားပြီးနောက်ပိုင်း ကျွန်တော် လူတွေရဲ့မျက်လုံးထဲမှာ အမူအရာတွေ အမျိုးမျိုးကို မြင်တွေ့ခဲ့ရတယ်။ ကျွန်တော်က မိဘတွေကို သေအောင် ကျိန်စာတိုက်တဲ့ ကလေးလို့ ကျွန်တော်နဲ့ ရွယ်တူ ကလေး တော်တော်များများက ဆဲဆိုကြတယ်။ သူတို့တွေ စွန်လွှတ်တာ၊ ငါးမျှားတာကို အဝေးကနေ လှမ်းကြည့်နေရင်တောင် သူတို့က ကျောက်တုံးတွေ ကောက်ပြီး ကျွန်တော့်ကို ပစ်ပေါက်ကြတယ်…”
“လူကြီးတချို့ကလည်း ကျွန်တော့်ကို အကောင်စုတ်၊ အောက်တန်းစား၊ အစုတ်အပြတ်လို့ ဆဲဆိုကြတယ်။ ကျွန်တော်က သူဌေးတစ်ယောက်ရဲ့ ကျွန်ဖြစ်ဖို့တောင် ညစ်ပတ်လွန်းတယ်လို့ ပြောကြတယ်။ ကျွန်တော်က ကြွေထည်ပုံထဲက ကွဲအက်နေတဲ့ ကြွေထည်စတွေထက်တောင် စိတ်အနှောင့်အယှက်ဖြစ်စရာ ပိုကောင်းပြီး လမ်းမှာ ရှုပ်တယ်လို့ ပြောကြတယ်…”
“ဒါပေမဲ့ အဲဒီနေ့က အဲဒီအမျိုးသမီးနဲ့ စကားပြောနေတုန်း ကျွန်တော် စားစရာဖိုး ပေးရမယ်လို့သူ ပြောလိုက်တဲ့အချိန် ကျွန်တော် ဘယ်လောက်တောင် ပျော်သွားလဲဆိုတာ ဆရာကြီး လုံးဝသိမှာ မဟုတ်ဘူး။ ကျွန်တော် အိမ်ထဲဝင်ပြီး စားနေတဲ့အချိန် မျက်ရည်တွေက ထပ်ပြီး ကျလာပြန်ရော။ ဒါပေမဲ့ အဲဒီအမျိုးသမီးက စနောက်ပြီး ပြောခဲ့သေးတယ်။ 'ဟယ် .. ငါ့လက်ရာက အရမ်းကောင်းလို့လား၊ ဒါမှမဟုတ် အရမ်းဆိုးလို့လား ပင်အန်းလေး။ လူတစ်ယောက်ကိုတောင် ငိုအောင် လုပ်နိုင်တယ်ပေါ့'။ အဲဒီအချိန်မှာ ကျွန်တော်က ခေါင်းငုံ့ပြီး စားရုံပဲ တတ်နိုင်ခဲ့တယ်၊ ပြီးတော့ စားစရာက အရသာရှိတယ်လို့ပဲပြန်ပြောခဲ့တယ်.”
အဘိုးအိုက ခေါင်းညိတ်ပြီး မေးလိုက်သည်။
“တကယ်တော့ မင်းရဲ့အိမ်နီးချင်းက မင်းကို ကူညီဖို့ ကြိုးစားနေတာလို့ မင်း တစ်ခါမှ မစဉ်းစားမိဘူးလား။ ဒါပေမဲ့ သူက မင်းကို ပိုကောင်းတဲ့နည်းလမ်းနဲ့ ကူညီနေတာလေ.”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
“အစပိုင်းမှာတော့ ကျွန်တော် အဲဒီလို မစဉ်းစားမိခဲ့ဘူး၊ ဒါပေမဲ့ သူ့အိမ်မှာ အကြိမ်နည်းနည်းလောက် စားပြီးတဲ့အချိန်မှာတော့ ကျွန်တော် အဲဒါကို သဘောပေါက်သွားခဲ့တယ်…”
ထိုအိမ်နီးချင်းမှာ အခြားသူ မဟုတ်ဘဲ ကုစန့်၏ အမေ ဖြစ်သည် ။ ထို့ကြောင့် ကုစန့်၏ အမေက အခြားသူများနှင့် ရန်ဖြစ်တိုင်း ချန်းပင်အန်းက အနီးအနားမှ အမြဲတမ်း စောင့်ကြည့်နေခဲ့သည်။ ရန်ပွဲများက အလွန်ပြင်းထန်လာပြီး ကုစန့်၏ အမေကို အခြားအမျိုးသမီးတစ်စုက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် အကြိမ်အနည်းငယ်လည်း ရှိသည်။ သူတို့က သူမ၏မျက်နှာကို ကုတ်ခြစ်ရန်နှင့် ဆံပင်ကို ဆွဲရန် ပြေးလာကြသည့်အခါ ချန်းပင်အန်းလည်း သူမကို ကာကွယ်ရန် ပြေးသွားခဲ့၏။ သူက ပြန်လည်တိုက်ခိုက်ခြင်း မရှိဘဲ ထိုနေရာတွင် ရပ်ကာ အခြားအမျိုးသမီးများ၏ ဒေါသမပြေမချင်း ခံနေခဲ့သည်။
ထို့ကြောင့် ချန်းပင်အန်းက ရူးမိုက်စွာ ကြင်နာတတ်သူတစ်ယောက်ဟု ကိုယ့်ကိုယ်ကိုယ် တစ်ခါမျှ မထင်ခဲ့ပေ။ ချန်းပင်အန်းက ကုစန့်၏ အမေကဲ့သို့ ကောင်းမွန်သော လူတစ်ဦးကို ကျေးဇူးမတင်၊ ကျေးဇူးမဆပ်ပါကလူတစ်ယောက် မဟုတ်တော့သလို ခံစားခဲ့ရသည်။
ရွှံ့ပုလင်းလမ်းကြားနှင့် တရုတ်ဇီးသီးပွင့် လမ်းကြားတွင် သူမ၏ နာမည်ဂုဏ်သတင်းက မည်မျှပင် ဆိုးရွားပါစေ ချန်းပင်အန်းအတွက်မူ သူမက ပထမဆုံး အသက်သခင် ကျေးဇူးရှင် ဖြစ်၏။
ငါးသလဲထိုးလေးကို ကုစန့်ဆီသို့ ပေးပြီးနောက် ထိုအရာက အလွန်ကြီးမားသော ကံကြမ္မာအခွင့်အရေးတစ်ခုဖြစ်ကြောင်း သူ သိခဲ့လျှင်ပင် ဘာဖြစ်လာမည်နည်း။ ချန်းပင်အန်းက သူ၏ဆုံးဖြတ်ချက်အတွက် လုံးဝ နောင်တမရခဲ့ပေ။ လောကကြီးက သနားကြင်နာမှုအနည်းငယ် ပေးအပ်သည့်အခါ ထိုအရာက ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ထိုအရာကို တန်ဖိုးထားပြီး ကျေးဇူးတင်သင့်သည်။
ထို့ကြောင့် ချန်းပင်အန်း၏ ဆရာတစ်ဝက်ဖြစ်ခဲ့သူ အဘိုးကြီးယောင်က ထိုစကားများကို ပြောသည့်အခါ ထိုစကားများက ကမ္ဘာပေါ်တွင် အကောင်းဆုံး ဆိုရိုးစကားဖြစ်သည်ဟု ကောင်လေးက ခံစားခဲ့ရသည်။
‘အကယ်၍ ကိုယ် ပိုင်ဆိုင်သောအရာဖြစ်လျှင် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရမည်။ အကယ်၍ ကိုယ် ပိုင်ဆိုင်သောအရာ မဟုတ်လျှင်တော့ အိပ်မက်ပင် မက်၍မရချေ..’
‘လောကကြီးထဲတွင် မည်သူကမျှ ကိုယ့်အပေါ် အကြွေးတင်မနေပေ။ သို့သော် ကိုယ်က အခြားတစ်စုံတစ်ယောက်အပေါ် အကြွေးတင်နေမည်ဆိုလျှင်တော့ ထိုကိစ္စကို လျစ်လျူရှု၍ မရနိုင်ချေ..’
ထို့နောက် ချန်းပင်အန်းက လျှိုရှန်းယန်အပေါ် ထိုနည်းလမ်းအတိုင်းပင် ဆက်ဆံခဲ့သည်။
တောင်ပေါ်တက်၍ ဆေးပင်ရှာခြင်းက ရေရှည်ဖြေရှင်းနည်းတစ်ခု မဟုတ်ပေ။ မည်သို့ဖြစ်စေကာမူ သူ့အား ထောင်ချောက်များထောင်၍ တောကောင်ဖမ်းနည်း၊ လေးမြား ပြုလုပ်နည်းနှင့် ငါးဖမ်းနည်းတို့ကို သင်ပေးခဲ့သူမှာ လျှိုရှန်းယန်ပင် ဖြစ်သည်။ နဂါးမီးဖိုထဲသို့ ဝင်ရောက်ခဲ့ပြီးနောက်တွင်လည်း ချန်းပင်အန်းကို ကြည့်ရှုစောင့်ရှောက်ပြီး ကာကွယ်ပေးခဲ့သူမှာ အနည်းငယ် အသက်ကြီးသော လျှိုရှန်းယန်ပင် ဖြစ်သည်။
ချန်းပင်အန်းက သူ၏အစောပိုင်းနှစ်များကို ရုန်းကန်ဖြတ်သန်းခဲ့ရပြီး တဖြည်းဖြည်းနှင့် ကိုယ့်ကိုယ်ကိုယ် ကျွေးမွေးစောင့်ရှောက်နိုင်သော ကောင်လေးတစ်ယောက် ဖြစ်လာခဲ့သည်။ သူက အခြားသူများနှင့် အကျိုးအကြောင်းပြောဆိုရန် အလွန်ဆန္ဒရှိသော်လည်း ကုစန့် သို့မဟုတ် လျှိုရှန်းယန်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင်မူ ခြွင်းချက်ထားခဲ့သည်။
ဥပမာအားဖြင့် တောင်ရွှေ့လူဝံကြီးက လျှိုရှန်းယန်ကို တိုက်ခိုက်ပြီး သူ့ကို သေလုမျောပါး ဖြစ်စေခဲ့သည့်အချိန်တွင် ချန်းပင်အန်းက သူနှင့် အကျိုးအကြောင်း ပြောဆိုရန် ကြိုးစားမည့် အတွေးအားလုံးကို ဘေးဖယ်ထားခဲ့သည်။ သူ့ဆီတွင်သာ လုံလောက်သော စွမ်းအားရှိမည်ဆိုလျှင် အသေခံ၍ တိုက်ခိုက်လိမ့်မည် ဖြစ်၏။
ချန်းပင်အန်းက အပြင်ဘက်မှ မိန်းကလေးတစ်ဦးကို ပြောခဲ့ဖူးသည်။ အကယ်၍ သူသာ သူ့မိခင်ကဲ့သို့ ကောင်းမွန်သော မိန်းကလေးတစ်ဦးကို တွေ့ခဲ့မည်ဆိုလျှင် သူတို့၏ပြိုင်ဘက်က တာအိုဘိုးဘေးဖြစ်နေလျှင်ပင် သူ၏အင်္ကျီလက်ကို ခေါက်တင်၍ သူမကို ကာကွယ်ပေးရန် တိုက်ခိုက်မည်ဖြစ်သည်။ တိုက်ပွဲကို အနိုင်ရနိုင်ခြင်း ရှိမရှိက ကိစ္စတစ်ခုဖြစ်ပြီး သူ၏ဇနီးကို ကာကွယ်ရန် တိုက်ခိုက်လိုစိတ်ရှိမရှိက အခြားကိစ္စတစ်ခု ဖြစ်သည်။ ချန်းပင်အန်းက သူ၏ဇနီးကို တန်ဖိုးမထား၊ မကာကွယ်နိုင်ပါက အလွန်အပြစ်ရှိပြီး ရှက်ရွံ့မိပါလိမ့်မည်။
အမှန်အတိုင်းပြောရလျှင် ချန်းပင်အန်းက ထိုမိန်းကလေးကို တွေ့ပြီးပြီဟု ခံစားမိခဲ့သည်။ သူက သူ၏ခံစားချက်များကို ဝန်မခံရသေးခြင်းသာ ဖြစ်၏။ ထို့ကြောင့်ပင် သူက ဓားကို ပို့ဆောင်ရန် ခရီးရှည်ကြီးတစ်ခု သွားရန် လိုအပ်ခဲ့ခြင်းဖြစ်သည်။
သူက ‘နတ်ဆိုးနှိမ်နင်းခြင်း’နှင့် ‘မိစ္ဆာသုတ်သင်ခြင်း’ဟု နာမည်ပေးထားသော ဓား(၂)လက်ကို သယ်ဆောင်ပြီး သူမဆီသို့ လျှောက်သွားမည်ဖြစ်သည်။ ထို့နောက် သူက အားတင်းပြီး ကျယ်လောင်စွာ ဝန်ခံမည်ဖြစ်၏။
“နင်ယောင်…
ငါ နင့်ကို သဘောကျတယ်။ နင် ငါ့ကို သဘောကျကျ မကျကျ ငါ နင့်ကို အရမ်းသဘောကျတယ်.”
သူ ပါးရိုက်ခံရမည်လား သို့မဟုတ် သူမကို သူငယ်ချင်းအဖြစ်မှ ဆုံးရှုံးရမည်လား ဟူသည်ကိုတော့ နောက်ပိုင်းမှသာ စဉ်းစားပါတော့မည်။
အဘိုးအိုက ချန်းပင်အန်း၏လက်ထဲမှ ဓားအားဖြည့်ဘူးသီးခြောက်ကို ဆွဲယူပြီး အရက်ကို အားရပါးရ တစ်ငုံ မော့သောက်လိုက်သည်။ သူက ဘူးသီးခြောက်ကို ကောင်လေးဆီသို့ ချက်ချင်းပြန်မပေးဘဲ နှာခေါင်းရှုံ့၍ ပြောလိုက်၏။
“ဒီအရက်က တကယ့်ကို သာမန်ပဲ။ ဆက်ပြော.. မင်းရဲ့ဇာတ်လမ်းကို ဆက်ပြောစမ်းပါ။ ဒီလို အသေးအဖွဲကိစ္စတွေက ဒီလိုစုတ်စုတ်ပြတ်ပြတ် အရက်နဲ့ပဲ တန်တယ်…”
ချန်းပင်အန်းက ခဏစဉ်းစားလိုက်ပြီးနောက် သူ၏လက်နှစ်ဖက်ကို ဆန့်ကျင်ဘက် အင်္ကျီလက်ထဲသို့ ထည့်ကာ ပြောလိုက်သည်။
“အဲဒီဆောင်းရာသီကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ ကျွန်တော် တစ်ခုခုကို နားလည်သဘောပေါက်သွားသလိုပဲ။ တကယ်ကို ဗိုက်ဆာလွန်းလို့ မခံနိုင်တော့တဲ့အချိန်မှာ ကျွန်တော်က တခြားသူတွေဆီက စားစရာ တောင်းရလောက်အောင် အရှက်မရှိ ဖြစ်လာတာပဲ။ ကျွန်တော်က သူတို့ရဲ့ အကူအညီအားလုံးကို မှတ်ထားပြီး နွေရာသီ ရောက်လာတဲ့အခါ သူတို့ကို ပြန်ပေးဖို့ တောင်ပေါ်တက်ပြီး ပိုက်ဆံရှာမယ်လို့ တစ်ယောက်တည်း တွေးခဲ့တယ်.”
“သနားကြင်နာတတ်တဲ့ အိမ်နီးချင်း အဘိုးအဘွားတချို့ကလည်း ကျွန်တော့်ကို အဝတ်အစားအဟောင်းတွေ ပေးကြတယ်။ ကျွန်တော်က အဲဒါတွေကို လက်ခံရမှာလည်း မရှက်တော့ဘူး။ ကျွန်တော့်ဆီမှာ လုံလောက်တယ်လို့ လိမ်မပြောတော့ဘဲ သူတို့ရဲ့စေတနာတွေကို လက်ခံလိုက်တယ်။ အဲဒီနှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်က တတ်နိုင်သလောက် တောင်ပေါ်တက်ခဲ့ပေမဲ့ ပိုက်ဆံနည်းနည်းပဲ ရှာနိုင်ခဲ့တယ်။ ကျွန်တော်က အရမ်းအားနည်းလွန်းနေပြီး ယန်မိသားစုဆေးဆိုင်မှာ လိုအပ်တဲ့ ဆေးအမယ်ပစ္စည်းတွေက တော်တော်ရှာရခက်တယ်…”
“ဒါပေမဲ့ ဒါက ပုံမှန်ပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အလွယ်တကူရနိုင်တဲ့ ဆေးအမယ်ပစ္စည်းတွေက ဘယ်လိုလုပ် ကျွန်တော့်ကို ပိုက်ဆံရအောင် လုပ်ပေးနိုင်မှာလဲ။ ဒါနဲ့ ကျွန်တော်က လမ်းကြားထဲက အိမ်နီးချင်းတွေကို စပြီးကူညီပေးလိုက်တယ်။ မနက်ပိုင်းမှာ သူတို့ကို သံကြိုးရေတွင်းကနေ ရေခပ်ပေးတယ်၊ လယ်ယာအလုပ်ရှိတဲ့အခါ သူတို့လယ်ကွင်းထဲမှာ သွားပြီး ကူညီပေးတယ်။ ညဘက်မှာလည်း သူတို့နဲ့အတူနေပြီး ရေလုပေးတယ်၊ တခြားလူတွေက ရေလမ်းကြောင်းတွေကို ဖြတ်တောက်တာ ဒါမှမဟုတ် လမ်းကြောင်းလွှဲတာမျိုး မလုပ်အောင်ပေါ့.”
“ကျွန်တော်က တခြားသူတွေနဲ့ ထိပ်တိုက် ရန်မဖြစ်ရဲဘူး၊ ဒါကြောင့် အမြဲတမ်း အဝေးမှာ ပုန်းနေပြီး သန်မာတဲ့ အဲဒီလူငယ်တွေ ထွက်သွားတာကို စောင့်တယ်။ ပြီးတာနဲ့ ကျွန်တော်က ပြေးသွားပြီး ကျွန်တော့်အိမ်နီးချင်းတွေရဲ့လယ်ကွင်းတွေဆီကို ရေပြန်လွှဲပေးတယ်။ သူတို့လယ်ကွင်းတွေ ရေအလုံအလောက်ရပြီးမှ ကျွန်တော် လုပ်ထားတာတွေကို ပြန်ဖျက်ပြီး အိမ်ပြန်တယ်။ ဒီကိစ္စကြောင့် ကျွန်တော့်ကို တခြားလူတွေ လိုက်ဖမ်းတာ အကြိမ်ကြိမ် ခံခဲ့ရတယ်။ ကံကောင်းတာကတော့ အဲဒီအချိန်မှာ ကျွန်တော်က ခန္ဓာကိုယ် သေးပြီး မြန်တော့ အကြိမ်အများကြီး အရိုက်မခံခဲ့ရဘူး.”
ဖိနပ်မပါသော အဘိုးအိုက အနီရောင်ဘူးသီးခြောက်ထဲမှ အရက်ကို အေးအေးဆေးဆေး ဆက်သောက်နေသည်။ အရက်က အရည်အသွေးညံ့သည်ဟု ပြောခဲ့သော်လည်း တစ်ငုံပြီးတစ်ငုံ ဆက်သောက်နေသေး၏။ သူက အတော်များများကို သောက်နေခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ချန်းပင်အန်း၏ အသေးအဖွဲကိစ္စများ ပြန်လည်ပြောပြနေခြင်းကို အဘိုးအိုက စိတ်အနှောင့်အယှက်မဖြစ်ခဲ့ပေ။
ချန်းပင်အန်းက အဘိုးအိုကို သူ့ရင်ထဲမှ ကိစ္စများ ဖွင့်ဟပြောပြခဲ့ပြီးနောက် သူလည်း အတော်လေး စိတ်သက်သာရာရသွားသည်။ သူက အနီရောင်ဘူးသီးခြောက်ကို လှမ်းယူရန် လက်လှမ်းလိုက်သော်လည်း အဘိုးအိုက လက်ကို မြှောက်ကာ သူ့လက်ကို ပုတ်ထုတ်လိုက်သည်။
“ခဏနေဦး…”
အဘိုးအိုက နှာခေါင်းရှုံ့လိုက်သည်။
ဖိနပ်မပါသော အဘိုးအိုက အရက်ဘူးကို လက်နှစ်ချောင်းဖြင့် ကိုင်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“ချန်းပင်အန်း…
မင်းက အသေးအဖွဲကိစ္စတွေ အများကြီး ပြောပြခဲ့ပြီးပြီ၊ အခု အသုံးမဝင်တဲ့ ငါ့ရဲ့စည်းမျဉ်းတွေကို နားထောင်ချင်လား။ ငါက သိုင်းပညာရဲ့ အထွဋ်အထိပ်မှာ ရပ်တည်နေတဲ့အချိန် ဘယ်လောက်တောင် အစွမ်းထက်ပြီး အဆင့်အတန်း မြင့်ခဲ့တာလဲ။ ဒါပေမဲ့ ငါ့ရဲ့အထွဋ်အထိပ် အချိန်မှာတောင် ဒီစည်းမျဉ်းတွေက လုံးဝ အသုံးမဝင်တာကို တွေ့ခဲ့ရတယ်။ မင်း အဲဒါတွေကို နားထောင်ချင်လား.”
ချန်းပင်အန်းက ပြုံး၍ ပြန်ဖြေလိုက်၏။
“ပြောပါ၊ ကျွန်တော်က တခြားလူတွေရဲ့စည်းမျဉ်းတွေနဲ့ အကျိုးအကြောင်းတွေကို နားထောင်ရတာ သဘောကျပါတယ်…”
အဘိုးအိုက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
“တစ်ခါတုန်းက အလယ်မြေနတ်ဘုရား ကုန်းမြေကြီးထဲမှာရှိတဲ့ တောင်ထိပ်တစ်ခုပေါ်မှာ စာသင်သားအဘိုးအိုတစ်ယောက်နဲ့ ငါ မမျှော်လင့်ဘဲ တွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက သူ ဘယ်သူလဲဆိုတာ ငါ မသိခဲ့ဘူး၊ ဒါပေမဲ့ သူနဲ့တွေ့ပြီးတဲ့နောက်မှာတော့ ငါက အကြမ်းဖျင်း ခန့်မှန်းမိခဲ့တယ်။ ဒါပေမဲ့ ငါက သူ့ရဲ့စေတနာကို နားမလည်နိုင်ခဲ့ဘူး၊ အဲဒါကြောင့်ပဲ ငါက နောက်ဆုံးမှာ ရူးသွပ်ပြီး သနားစရာကောင်းတဲ့ အဘိုးအိုတစ်ယောက်အဖြစ်ကို ရောက်သွားခဲ့ရတာပဲ.”
“ငါ့ကိုကြည့်ပြီး ငါက လက်သီးသိုင်းပညာအကြောင်းပဲ ပြောတတ်တဲ့ သိုင်းပညာရှင် တစ်ယောက်လို့ပဲ မထင်လိုက်နဲ့။ အမှန်အတိုင်းပြောရရင် ငါက အစစ်အမှန် စာသင်သား တစ်ယောက်လည်း ဟုတ်တယ်။ ငါက စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်။ စာသင်သားအဘိုးအိုနဲ့ ခဏစကားပြောပြီးတဲ့နောက်မှာ ငါကိုယ်တိုင် မစဉ်းစားနိုင်တဲ့အရာတချို့ သူ့ကို မေးခဲ့တယ်။ ငါ့မေးခွန်းတွေကို ကြားပြီးတဲ့နောက် စာသင်သားအဘိုးအိုက သူ့ရဲ့စည်းမျဉ်းတချို့ ငါ့ကို အကြမ်းဖျင်း ရှင်းပြခဲ့တယ်.”
ဖိနပ်မပါသော အဘိုးအိုက အရက်ဘူးသီးခြောက်ကို ကိုင်ပြီး စက်ဝိုင်းပုံသဏ္ဍာန် စတင်လမ်းလျှောက်လိုက်သည်။
“စာသင်သားအဘိုးအိုက ပြောခဲ့တယ်။ ငါတို့တွေက ရှုပ်ထွေးလွန်းတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေကြတာတဲ့။ သူတို့က မယုံနိုင်လောက်အောင် ဗဟုသုတပြည့်စုံတဲ့ စာသင်သားတွေ ဖြစ်နေရင်တောင်မှပဲ အဲဒီမှာ လူတော်တော်များများရဲ့ စကားလုံးတွေက သူတို့ဘာသာ သူတို့ပြန်ပြီး ဆန့်ကျင်နေကြတယ်။ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့အရာတွေ အများကြီးကို ကိုယ်တိုင် ကြုံတွေ့ပြီးတဲ့နောက်မှာ ငါတို့တွေက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်လာကြတာကလည်း ရှောင်လွှဲလို့မရတဲ့ ကိစ္စတစ်ခုပဲ။ စာအုပ်တွေထဲက စည်းမျဉ်းတွေက မှားနေတာလား။ ဒါမှမဟုတ် အဲဒါတွေက မပြည့်စုံလို့ နားလည်ဖို့ မလွယ်တာလား.”
“ဒါဆိုရင် မေးခွန်းတွေ ပေါ်လာပြီ။ ငါတို့က ဘာလုပ်သင့်လဲ။ စည်မျဉ်းတွေကို ပို့ချနေပေမဲ့ အဲဒီစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်တဲ့ လူတွေအများကြီး ရှိတဲ့ ဒီကမ္ဘာကြီးကို ငါတို့က ဘယ်လိုမြင်သင့်လဲ။ အဖြေတစ်ခုတော့ ရှိပါတယ်။ ဖြေရှင်းနည်းတစ်ခုကတော့ ရိုးရှင်းပြီး တည့်တိုးဆန်တဲ့ ဘဝမျိုးနဲ့ နေထိုင်ဖို့ပဲ။ ငါ့လက်သီးက အစွမ်းထက်တယ်၊ ဒါမှမဟုတ် ငါ့ရဲ့ဓားသိုင်းပညာက အစွမ်းထက်တယ်၊ ဒါမှမဟုတ် ငါ့ရဲ့တာအိုစွမ်းအားက အစွမ်းထက်တယ်။ ဒါဆိုရင် ငါမှားတယ်လို့မြင်တဲ့ ကိစ္စတချို့ကို ဖျက်စီးဖို့ ဒါတွေကို ငါ သုံးမယ်။ ဒီလို ရိုးရှင်းတဲ့ နည်းလမ်းတွေကိုသုံးပြီး အခက်ခဲဆုံး ပြဿနာတွေကို ဖြေရှင်းမယ်။ ငါသာ ပျော်နေသရွေ့ အရာအားလုံး အဆင်ပြေသွားမှာပဲ.”
“ကောင်းကင်နဲ့ မြေကြီးက ငါ့ကို သူတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ထားရင် ငါက အဲဒီအရာတွေကို လက်သီးတစ်ချက်တည်းနဲ့ ဖျက်စီးပစ်မယ်။ တကယ်လို့ လောကကြီးထဲမှာရှိတဲ့ မဟာတာအိုတစ်ခုက ငါ့ကို ဖိနှိပ်နေရင် ငါ့ရဲ့ဓားနဲ့ တာအိုပေါင်းများစွာကို ဖျက်စီးပစ်မယ်။ လောလောဆယ် ငါ့စိတ်တိုင်းကျ အဲဒီလိုမလုပ်နိုင်ရင်တောင် ငါက ဇွဲမလျှော့ဘဲ ဒီလမ်းအတိုင်း ဆက်လျှောက်သွားမယ်။ အဲဒီလိုလူတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ငါတို့က လူတိုင်းကိုတော့ အဲဒီလိုဖြစ်ခွင့်မပေးနိုင်ဘူး….”
အဘိုးအိုက ထိုသို့ပြောပြီးနောက် လမ်းလျှောက်နေခြင်းကို ရပ်လိုက်ပြီး ချန်းပင်အန်းကို လှည့်ကြည့်ကာ သူ့ကိုယ်သူ လှောင်ပြောင်သောလေသံဖြင့် ပြောလိုက်သည်။
“ငါက အဲဒီလို လူစားမျိုးပဲ….”
“စာသင်သားအဘိုးအိုက ဆက်ပြောတယ်၊ ဒုတိယဖြေရှင်းနည်းကတော့ စမတ်ကျကျ နေထိုင်ဖို့ပဲတဲ့။ အနည်းဆုံး အားထုတ်ပြီး ဘဝကို အလွယ်ကူဆုံး ဖြစ်စေမယ့် အရာတွေအတိုင်း နေထိုင်သင့်တယ်။ စည်းမျဉ်းစည်းကမ်းလို့ ခေါ်တဲ့အရာတွေက ငါတို့တွေရဲ့ အားနည်းချက်တွေကို ရှာဖွေဖို့အတွက် ချမှတ်ထားတာပဲ။ တကယ်လို့ စာသင်သားတွေသာ ဒီလမ်းကို ရွေးချယ်မယ်ဆိုရင် သူတို့က အဆိုးမြင်ဝါဒီသမားတွေကလွဲပြီး ဘာမှဖြစ်လာမှာ မဟုတ်ဘူး…”
“ဒီဖြေရှင်းနည်းအတိုင်းဆိုရင် လူတစ်ယောက်က ကျိုးကြောင်းဆီလျော်တယ်လို့ မြင်တဲ့အရာတွေကြားမှာ အပေးအယူလုပ်လို့ရတယ်၊ ကိုယ်ပိုင်အကျိုးအကြောင်း သဘောတရားနဲ့ ကိုက်ညီပေမဲ့ လောကရဲ့အကျိုးအကြောင်း သဘောတရားနဲ့ ဆန့်ကျင်တဲ့ ကိစ္စတွေကို ရွေးချယ်တာမျိုးပေါ့။ ဒါဆိုရင် လူတိုင်း ကိုယ်ကျိုးစီးပွားအတိုင်း လုပ်ဆောင်ကြတဲ့ စည်စည်ကားကား ကမ္ဘာကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ ဒီကိုယ်ကျိုးစီးပွားကို ကောင်းမှုတွေနဲ့ အစားထိုးနိုင်မယ်ဆိုရင် ဒီကမ္ဘာကြီးက ဘယ်လောက်တောင် ကောင်းမွန်သွားနိုင်မလဲ….”
“နောက်ဆုံးဖြေရှင်းနည်းကတော့ ရှုပ်ထွေးနေပြီးသား ကိစ္စတွေကို ပိုပြီးရှုပ်ထွေးအောင် လုပ်တဲ့ ပျင်းစရာဘဝမျိုးနဲ့ နေထိုင်ဖို့ပဲ။ စည်းမျဉ်းတွေကို စာပေဆန်ဆန် ခွဲခြမ်းစိတ်ဖြာနိုင်တယ်၊ ယုတ္တိဗေဒကို ဂရုတစိုက် ဆန်းစစ်ကြည့်နိုင်တယ်၊ ပြီးတော့ ကိစ္စရပ်တွေကို ဖြည်းဖြည်းချင်း စဉ်းစားဆင်ခြင်နိုင်တယ်။ ဒီလိုတွေအားလုံး လုပ်ရတာက ကိစ္စတစ်ခုရဲ့နောက်ကွယ်က အကြောင်းအရင်းတွေနဲ့ ရည်ရွယ်ချက်တွေကို နားလည်ဖို့အတွက်ပဲ.”
“ဒါပေမဲ့ စက်ဝိုင်းတစ်ပတ် ပြည့်သွားတဲ့အချိန်မှာ လူတစ်ယောက်က မူလနေရာကိုပဲ ပြန်ရောက်နေတာကို အံ့ဩစရာကောင်းလောက်အောင် တွေ့ရလိမ့်တယ်။ ဒါဆို အရာအားလုံးက အလဟဿပဲလား။ မဖြစ်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ လူတစ်ယောက်က ကိစ္စတစ်ခုကို အစအဆုံး နားလည်သွားပြီးတဲ့အချိန် အရမ်းကျေနပ်ပြီး စိတ်ကျေနပ်တာကို ခံစားရလိမ့်မယ်။ ဒီခံစားချက်က နှစ်ချို့အရက် တစ်ငုံသောက်လိုက်ပြီး ခန္ဓာကိုယ်ထဲမှာ နွေးထွေးတဲ့ခံစားမှုတစ်ခု ပျံ့နှံ့သွားသလိုမျိုးပဲ.”
“ငါတို့စာသင်သားတွေ အရမ်းချီးကျူးကြတဲ့ ကွန်ဖြူးရှပ်သူတော်စင်တွေက တကယ်တော့ လူတွေ ထင်သလောက် ကောင်းမွန်ပြီး ပြည့်စုံနေတာ မဟုတ်ဘူး။ သူတို့လည်း လူသားတွေပါပဲ။ ဒါပေမဲ့ ကွန်ဖြူးရှပ်လမ်းစဉ်ရဲ့ အစစ်အမှန် စည်းမျဉ်းတွေနဲ့ သင်ကြားမှုတွေကတော့ ပျက်စီးလွယ်ပြီး အသုံးမဝင်တာတွေ မဟုတ်ဘူး။ မွေးလာကတည်းက လူ့သဘာဝက အခြေခံအားဖြင့် ကောင်းတယ်ဆိုတဲ့ အယူအဆကို သဘောမတူရင်တောင် ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါတို့က လူတွေကို ကောင်းတာလုပ်ဖို့အတွက် အမြဲတမ်း တွန်းအားပေးနိုင်တာပဲလေ...”
ဖိနပ်မပါသော အဘိုးအိုက စက်ဝိုင်းပုံ နောက်တစ်ကြိမ် လမ်းလျှောက်ပြီး နောက်ဆုံးတွင် ရပ်ကာ ပြောလိုက်သည်။
“အဲဒီအဘိုးအိုက အဲဒီပုဂ္ဂိုလ်ဟုတ်မဟုတ် ငါ အတည်မပြုရဲဘူး။ ဒါပေမဲ့ အဲဒီအချိန်က ငါတို့ရဲ့ဆွေးနွေးမှုတွေကို ပြန်စဉ်းစားကြည့်လိုက်ရင် သူက တကယ်ပဲ အဲဒီပုဂ္ဂိုလ် ဖြစ်ခဲ့မယ်ဆိုရင်တောင် အဲဒီစာသင်သားအဘိုးအိုက ငါ့ကို ဒီစကားတွေ တည်တည်ငြိမ်ငြိမ် ပြောဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါက အလယ်မြေ နတ်ဘုရားကုန်းမြေကြီးမှာ သူတို့ရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်ဖို့ ရောက်နေခဲ့တာလေ...”
အဘိုးအိုက အနီရောင်ဘူးသီးခြောက်လေးကို မြှောက်ကာ အရက်ကို အားရပါးရ တစ်ငုံမော့သောက်လိုက်သည်။ ထို့နောက် သူက ဓားအားဖြည့်ဘူးသီးခြောက်ကို ချန်းပင်အန်းဆီသို့ ပေါ့ပေါ့ပါးပါး ပြန်ပစ်ပေးလိုက်ပြီး အဝေးသို့ လှမ်းငေးကြည့်ကာ အားရပါးရ ရယ်လိုက်သည်။
“အဲဒီအချိန်မှာ ငါက လောကတခွင်လုံး ခရီးသွားခဲ့တယ်။ တကယ်လို့ ငါသာ စိတ်ထဲမှာ ရှိနေတဲ့ ကြီးကြီးကျယ်ကျယ် စကားလုံးတွေ၊ ကြေညာချက်တွေအားလုံးကို ထုတ်မပြောလိုက်ရရင် တော်တော်လေး မွန်းကြပ်စရာပဲ….”
ချောက်ကမ်းပါးရှေ့တွင် ရပ်နေသော အဘိုးအိုက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
“ငါက ကောင်းကင်နဲ့ မြေကြီးကြားထဲမှာ ခရီးသွားခဲ့တဲ့အချိန် 'ကမ္ဘာကြီးက လုံလောက်အောင် လင်းရဲ့လား' လို့ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ နေမင်းကြီးနဲ့ ညအချိန် အလင်းပေးတဲ့ လမင်းကြီးက ငါ့ကို ပြန်မေးရတယ်….”
အဘိုးအိုက ပြန်လှည့်လာပြီး ရယ်မောကာ မေးလိုက်သည်။
“ချန်းပင်အန်း … အဲဒါက လုံလောက်ပြီလို့ မင်း ခံစားရလား…”
ချန်းပင်အန်းက ခေါင်းငုံ့ပြီး အရက်တစ်ငုံ သောက်ရန် ပြင်နေစဉ် ထိုစကားကို ကြားလိုက်ရသဖြင့် မတတ်သာဘဲ မော့ကြည့်ကာ ကြောင်တောင်တောင်ဖြင့် ပြန်ဖြေလိုက်သည်။
“သိပ်မလုံလောက်သေးဘူးလား…”
အဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက အဝေးသို့ လက်ညှိုးထိုးပြကာ ဆက်ပြောလိုက်၏။
“ငါက မြစ်တွေ၊ ရေကန်တွေကို ဖြတ်ကျော်သွားတဲ့အချိန် ‘မင်း ရေငတ်တာ ပြေဖို့ ငါ့မှာ ရေအလုံအလောက်ရှိရဲ့လား’လို့ လှုပ်ရှားနေတဲ့ မြစ်တွေနဲ့ လှိုင်းလုံးကြီးတွေက ငါ့ကို မေးရတယ်…”
ချန်းပင်အန်းက ထိုအခွင့်အရေးကို အရယူကာ အရက်တစ်ငုံ သောက်လိုက်သည်။ အဘိုးအို၏ အားတက်သရော စကားများကို ကြားလိုက်ရပြီးနောက် သူလည်း အနည်းငယ် ရဲတင်းလာသည်။ လက်တစ်ဖက်ဖြင့် အရက်ဘူးကို ကိုင်ပြီး လက်တစ်ဖက်ကို လက်သီးဆုပ်၍ ဒူးပေါ် တင်ထားရင်း သူလည်း အဘိုးအိုကို အတုယူ၍ ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
“မလုံလောက်ဘူး…”
အဘိုးအိုက ဆက်ပြောလိုက်သည်။
“ငါက တောင်ထိပ်တွေကို ဖြတ်ကျော်သွားတဲ့အချိန် ‘တောင်ထိပ်က လေပြေက လုံလောက်အောင် အေးမြရဲ့လား’လို့ ခမ်းနားထည်ဝါတဲ့ စံအိမ်တွေနဲ့ မြင့်မြတ်တဲ့ အင်မော်တယ်တွေက ငါ့ကို မေးရတယ်….”
ချန်းပင်အန်း၏ မျက်နှာက နီရဲနေပြီး အရက်ကို နောက်တစ်ငုံ မော့ကာ အရက်အရှိန်နှင့် လွတ်လပ်စွာ ရယ်မောလိုက်သည်။ ထိုအရာက သူ့ဘဝတွင် တစ်ခါမျှ မကြုံဖူးသော အဖြစ်အပျက်ဖြစ်ပြီး သူလည်း ဝင်းလက်တောက်ပသော အမူအရာဖြင့် အော်ဟစ်လိုက်သည်။
“အဲဒါက မလုံလောက်ဘူး။ လုံလောက်ဖို့ အဝေးကြီးလိုသေးတယ်။ အရက်လည်း မလုံလောက်ဘူး၊ ရေလည်း မလုံလောက်ဘူး၊ တောင်ပေါ်က လေပြေလည်း မလုံလောက်ဘူး။ ဘာတစ်ခုမှ မလုံလောက်ဘူး….”
ဝါးအဆောက်အဦး၏အပြင်ဘက်တွင် …
စိမ်းပြာဝတ် ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။
ပန်းရောင်ဝတ် ကလေးမလေးကတော့ သူမ၏ဆရာအတွက် အနည်းငယ် စိုးရိမ်သွားခဲ့မိ၏။ သူက အရက်သမားလေး တစ်ယောက် ဖြစ်သွားတော့မည် မဟုတ်ပေလော…။
ထိုအချိန်တွင် စိမ်းပြာဝတ် ကောင်လေးက စိတ်ထဲတွင် ညည်းညူလိုက်မိသည်။
“ဆရာ ရူးသွားပြီလား။ အဲဒီအဘိုးကြီးနဲ့ လေ့ကျင့်တာများသွားလို့ အရူးဖြစ်သွားတာများလား။ ဟီးဟီး…အဲဒါဆို ငါက သေသေချာချာ လေ့ကျင့်စရာ မလိုတော့ဘူးပေါ့။ ရက်နည်းနည်းလောက် အပျင်းထူလိုက်ရင် ကောင်းမလား…”
နောက်ဆုံးတွင်တော့ ချန်းပင်အန်းက အရက်မူးပြီး သူ၏ဝါးထိုင်ခုံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။ ထိုနေ့မှစ၍ လောကကြီးထဲတွင် အရက်သမား အသစ်တစ်ယောက် မွေးဖွားလာခဲ့လေသည်။
Translated by Hein Htet.