အခန်း (၂၂၅)
Vol. 15 Ch. 225
လူငယ်တာအိုသခင်က ခဏကြာ ထွက်ခွာသွားခဲ့ပြီးနောက် မြို့ငယ်လေးဆီသို့ ပြန်လည်ရောက်ရှိလာသည်။ သူက မြို့ငယ်လေးထဲရှိ မိန်းမပျိုများနှင့် အမျိုးသမီးငယ်ပေါင်းများစွာ အမြဲသတိတရ ရှိနေရသော လူတစ်ယောက်ဖြစ်ပြီး ယခင်နေရာတွင်ပင် သူ၏ဆိုင်ကို ပြန်လည်ခင်းကျင်းကာကံကြမ္မာဟောပြောသည့် အလုပ်ကို ပြန်လည်စတင်ခဲ့သည်။
သို့သော် အံ့အားသင့်စရာ ကောင်းနေသည်မှာ ယခု သူ့အနားတွင် ကံကြမ္မာဟောပြောသူတစ်ယောက် ထိုင်နေပြီး စည်ကားသော မြို့ငယ်လေးထဲတွင် လူငယ်တာအိုသခင်၏ ဖောက်သည်များကို လုယူကာ သူ၏လုပ်ငန်းကို လုပ်ကိုင်နေလေသည်။ ထိုလူက အသက်(၇၀)အရွယ်ရှိပြီး တာအိုဝတ်စုံအသစ်ကို ဝတ်ဆင်ထားသည်။ သူ၏ပါးနှစ်ဖက်က အံ့ဩစရာကောင်းအောင် နီမြန်းနေပြီး အစွမ်းရှိသော ပုံစံမျိုး ပေါက်နေသည်။
တာအိုသခင်အိုကြီးက စားပွဲကြီးတစ်ခု၏နောက်တွင် ထိုင်နေပြီး သူ၏ခန္ဓာကိုယ်ထဲမှနေ၍ လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်တစ်ပါး၏ အရှိန်အဝါများ ထွက်ပေါ်လာနေသည်။ စားပွဲပေါ်တွင် တောက်ပသော ဘူးကြီးတစ်လုံးရှိပြီး ထိုဘူးထဲတွင် သပ်ရပ်စွာ ဖြတ်တောက်ထားသော ဝါးပြားများ ရှိ၏။ စားပွဲဘေးတွင်လည်း ခမ်းနားထည်ဝါသော ပိုးသားအလံတစ်ခု ထောင်ထားပြီး အလံ၏မျက်နှာပြင်ပေါ်တွင် စာသားတစ်စုံကို ရေးသားထားသည် ။
“ယင်နှင့် ယန်ကို နားလည်၍ ပါးကွ(၈)ကွက်ကို ကျွမ်းကျင်သည်။ နက္ခတ်ဗေဒကို တတ်မြောက်၍ ပထဝီကို ကောင်းစွာသိမြင်သည်။ အရာအားလုံးအတွက် ဝါးပြားလေးတစ်ခုသာ လိုအပ်၏။ ဥစ္စာဓနကို စွန့်၍ ဘေးဒုက္ခကို ကာကွယ်နိုင်ပြီး အကျိုးတရားကို စုဆောင်းနိုင်ဖို့အတွက် ကြေးပြားအနည်းငယ်သာ လိုအပ်၏…"
ဤကံကြမ္မာဟောပြောသည့်ဆိုင်လေး၏ စီးပွားရေးက အလွန်ကောင်းမွန်နေပြီး မြို့ငယ်လေးထဲမှ မရေမတွက်နိုင်သော မြို့သူမြို့သားများက တာအိုသခင်အိုကြီးဆီမှ ဝါးပြားများကို တောင်းဆိုနေကြသည်။ သူ၏ကံကြမ္မာဟောပြောချက်များက အလွန်တိကျမှန်ကန်ကြောင်း ပြောဆိုနေကြပြီး ထိုသတင်းက မြို့ငယ်လေးတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
ထို့ပြင် လုံချွမ်စီရင်စုမှ မြို့သူမြို့သားများက မကြာသေးခင်အချိန်တွင် အံ့သြဖွယ်မြင်ကွင်းများကို မျက်မြင်ကြုံတွေ့ခဲ့ကြပြီး လောကတွင် အင်မော်တယ်များ အမှန်တကယ် တည်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့ကြသည့်အချိန်တွင် တာအိုသခင်အိုကြီး ရောက်ရှိလာသည်မှာ အချိန်ကိုက်ပင် ဖြစ်နေသည်။
ထို့ကြောင့် သူတို့က အင်မော်တယ်များအပေါ် ပို၍ပင် ရိုးသားလာကြပြီး သူက ကြေးပြားအနည်းငယ်သာ တောင်းသည့်တိုင် မြို့ငယ်လေးရှိ အဆင်းရဲဆုံး မိသားစုများပင်လျှင် သူ၏ဝန်ဆောင်မှုအတွက် ကြေးပြားအမြောက်အများ ပေးအပ်ရန် ဆန္ဒရှိကြသည်။ သူတို့အားလုံးက ကောင်းမွန်သော သဘာဝကို ခံစားလိုကြ၏။
တစ်ချိန်တည်းမှာပင် လူငယ်တာအိုသခင်၏ ဆိုင်သို့ လာရောက်သူ အလွန်နည်းပါးနေသည်။ အမှန်အတိုင်းပြောရလျှင် သူ့ဆိုင်ရှေ့တွင် ငှက်ဖမ်းသည့် ပိုက်ကွန် ချထားနိုင်လောက်သည်အထိပင် စီးပွားရေးမှာ ဆိုးရွားနေခဲ့၏။
လူငယ်တာအိုသခင် ဆိုင်ခင်းလိုက်ပြီးနောက် အဝေးမှ စာဝါလေးတစ်ကောင် ပျံသန်းလာပြီး ကောင်းကင်တွင် ဝဲပျံကာ နောက်တစ်ကြိမ် ပြန်လည်ထွက်ခွာသွားခဲ့သည်။ လူငယ်တာအိုသခင်က အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။
သူ၏မျက်နှာပေါ်တွင် သနားစရာကောင်းသော အမူအရာတစ်ခု ပေါ်လွင်နေပြီး အမျိုးသမီးငယ်အချို့ကို ကြည့်လိုက်သည်။ ထိုသူများက သူနှင့် ရင်းနှီးဖော်ရွေစွာ စကားပြောဆိုခဲ့ဖူးသော ရင်းနှီးသည့်မျက်နှာများ ဖြစ်ကြသည်။ သို့သော် သူပြန်လာသည့် သတင်းကို ကြားပြီးနောက် (၂)ယောက်တစ်စု၊ (၃)ယောက်တစ်စု လာကြသော ထိုအမျိုးသမီးငယ်များက အချင်းချင်း တိုးတိုးကြိတ်ကြိတ် စကားပြောဆိုနေကြပြီး အကျပ်အတည်းဖြစ်နေသော သူ၏အခြေအနေကို အဖက်မလုပ်ဘဲ တမင်သက်သက် ကြည့်နေကြသည်။ အမှန်အတိုင်းပြောရလျှင် သူ၏အခက်အခဲကို မြင်တွေ့ရလေလေ သူတို့ ပို၍ပျော်ရွှင်လာကြလေလေ ဖြစ်၏။
ထိုအခြေအနေက လူငယ်တာအိုသခင်ကို နောက်တစ်ကြိမ် ဝမ်းနည်းသွားစေခဲ့သည်။ နောက်ဆုံးတွင်တော့ သူ့စိတ်ထဲတွင် အမှန်တကယ် ပျင်းရိငြီးငွေ့လာခဲ့၏။ ထို့ကြောင့် ဘေးချင်းကပ် တာအိုသခင်အိုကြီးဆီသို့ လာရောက်သော ဧည့်သည်များ မရှိသည်ကို မြင်သောအခါ သူ့ဆီသို့ အရှက်မရှိ လျှောက်သွားပြီး ဆိုင်ရှေ့တွင် ဝင်ထိုင်ရန် ဆုံးဖြတ်လိုက်သည်။
တာအိုသခင်အိုကြီးဆီတွင် ဖြောင့်မတ်သော အမူအရာနှင့် တည်ကြည်သော အကြည့် ရှိနေသော်လည်း အမှန်တကယ်တွင်တော့ သူ့စိတ်ထဲတွင် အတော်လေး မသက်မသာ ဖြစ်နေခဲ့၏။ လူငယ်များဆီတွင် ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ် ရှိနေသဖြင့် စီးပွားပြိုင်ဆိုင်မှုကြောင့် အမှန်တကယ် အငြင်းပွားပြီး တိုက်ခိုက်ရမည်ဆိုပါက သူလည်း သူတို့၏ လက်သီးချက်များစွာကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ တာအိုသခင်အိုကြီးက ကံကြမ္မာဖတ်ခြင်းနှင့် ပတ်သက်ပြီး အပေါ်ယံ ဗဟုသုတနှင့် စွမ်းရည်တချို့သာ ရှိသော်လည်း စကားပြောဆိုရာတွင် အလွန်ကျွမ်းကျင်သည်။ သို့သော် သူက တိုက်ခိုက်ရာတွင် အစွမ်းမရှိသည့်အတွက် ဒူးထောက်တောင်းပန်ရမည်မှာ သေချာသည်။
ခေါင်းပေါ်တွင် ကြာပန်းဆံထိုး ထိုးထားသော လူငယ်တာအိုသခင်က အပြုံးနှင့် ဝင်ထိုင်လိုက်၏။ သို့သော် သူက မည်သည့်စကားမျှ မပြောခဲ့ပေ။
တာအိုသခင်အိုကြီးက ကြာပန်းဆံထိုးကို လှစ်ခနဲ ကြည့်လိုက်သည်။ ထိုဆံထိုးက သူ တစ်ခါမှ မမြင်ဖူးသော ဆံထိုးတစ်ခု ဖြစ်၏။ ရှားပါးသော တာအိုကျောင်းဆောင် အနည်းငယ်မှလွဲ၍ အရှေ့ပိုင်းကုန်းမြေကြီးနှင့် ပိုကြီးသော ကုန်းမြေကြီးများ၏ အရှေ့တောင်ဘက်ရှိ တာအိုသခင်များအားလုံးနီးပါးက တောင်ပေါ်မှဖြစ်စေ၊ တောင်အောက်မှ ဖြစ်စေ ငါးအမြီးပုံဆံထိုးများကိုသာ ဝတ်ကြသည်။ ထိုအချက်ကို ရှုပ်ထွေးအောင် လုပ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက တာအိုဝါဒတစ်ခုလုံးနှင့် သက်ဆိုင်သော အလွန်အရေးပါသည့် ကိစ္စရပ်တစ်ခု ဖြစ်နေ၏။
ထို့ကြောင့် မည်သူကရော မတူညီသော ဆံထိုးတစ်ခုကို ရဲရဲဝံ့ဝံ့ ဝတ်ဆင်ရဲမည်နည်း။ ထိုအရာမျိုးကို တာအိုကျောင်းဆောင်များက အရေးယူရန်ပင် မလိုအပ်ဘဲ နန်းတွင်းအရာရှိများက ထိုသို့သော သူများကို ချက်ချင်း ဖမ်းဆီးကာ အချုပ်ခန်းထဲသို့ ထည့်လိုက်မည် ဖြစ်၏။
တာအိုသခင်အိုကြီးက ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။ ဤလူငယ်က တာအိုဝါဒ၏ အခြေခံအကျဆုံး စည်းမျဉ်းစည်းကမ်းများကိုပင် နားမလည်သော လူသစ်ပညာရှင်တစ်ဦး ဖြစ်နိုင်သည်။ အပေါ်ယံ သဘောတရား အနည်းငယ်ကို ကြားပြီးနောက် ဤကဲ့သို့ အဆီအငေါ်မတည့်သော ဆံထိုးကို ဝတ်လာပြီး သူ့ကိုယ်သူ အလွန်သဘောကျနေမည် ဖြစ်၏။ သူက သာမန်လူသားများထက် ထူးကဲသာလွန်သည်ဟု ခံစားနေရမည် ဖြစ်သည်။
အဘိုးအိုက သူ့ဆိုင်နှင့် နယ်မြေရုံးတော်ကြား အကွာအဝေးကို တွက်ချက်ကြည့်လိုက်ပြီးနောက် အောင်ပွဲက သူ့လက်ထဲတွင် ရှိနေသည်ဟု ခံစားလိုက်ရ၏။ သူ၏အရှိန်အဝါက ချက်ချင်း ပြောင်းလဲသွားပြီး သူ၏မျက်လုံးများထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာသည်။ သူက ထူးခြားသော လူတစ်ယောက်၏ပုံစံ ချက်ချင်းပြောင်းလဲသွားသည်။ သူက ချောမောခန့်ညားသော လူငယ်တာအိုသခင်ကို ထိုသို့ပင် စိုက်ကြည့်နေပြီး လက်ရှိအချိန်တွင် သူ့ပုံစံက ကြောက်မက်ဖွယ်ကောင်းပြီး ခံ့ညားထည်ဝါနေသည်။
လူငယ်တာအိုသခင်၏ မျက်နှာပေါ်တွင် မသက်မသာဖြစ်သော အမူအရာတစ်ခု ပေါ်လာပြီး သူက မေးလိုက်၏။
"အင်မော်တယ် အကြီးအကဲ…
ကျွန်တော့်မျက်နှာကို ကြည့်ရုံနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကျွန်တော်ရဲ့ခရီးလမ်းကို သိနေတာလား…"
‘တကယ်တုံးတဲ့ ကောင်လေးပါလား။ ဒါ တော်တော်ကောင်းတယ်။ သူက စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ လူငယ်တစ်ယောက်ဖြစ်တာထက် အများကြီး ပိုကောင်းတယ်။ ငါ့ရဲ့လျှာဖျားလေးနဲ့ဆိုရင် ဒီလူသစ်လေးကို စကားနည်းနည်းလောက်နဲ့ အသာလေး ဖြေရှင်းနိုင်မှာ သေချာတယ်..’
တာအိုသခင်အိုကြီးက တိတ်တဆိတ် ဝမ်းသာနေပြီး သူ၏ဘေးတွင်ရှိနေသော ကံကြမ္မာဟောပြောဆိုင်၏ စီးပွားရေးအလားအလာကို သံသယဝင်နေမိသည်။
သူက လေးနက်သော အမူအရာမျိုးဟန်ဆောင်ပြီး ပြောလိုက်သည်။
"မင်းက ငါ့ရဲ့အငယ်ပဲ။ မင်းရော ဝါးပြားတစ်ချပ်လောက် မနှိုက်ကြည့်ချင်ဘူးလား… မင်းဆီက ကြေးတစ်ပြားမှ မယူပါဘူး… အလကား ဖတ်ပေးမယ်…"
လူငယ်တာအိုသခင်က ရယ်မော၍ ပြန်ပြောလိုက်သည်။
"ကျွန်တော် အင်မော်တယ်အကြီးအကဲကို ဒုက္ခမပေးချင်ပါဘူး…။ ကျွန်တော်က စကားပြောချင်လို့ လာတာပါ…။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနေရာမှာ ဆုံတွေ့ခွင့်ရတာကလည်း ရေစက်တစ်ခုပဲလေ…"
လူငယ်တာအိုသခင်က ထိုသို့ပြောနေသော်လည်း သူ၏ခန္ဓာကိုယ်ကို ကိုင်းညွတ်၍ ဝါးပြားတစ်ချပ်ကို ဆွဲယူရန် လက်လှမ်းလိုက်ပြီးသား ဖြစ်သည်။
တာအိုသခင်အိုကြီးက မျက်ခုံးပင့်လိုက်ပြီး ဝါးပြားများပေါ်တွင် လက်တင်ကာ တားဆီးလိုက်၏။ ထို့ကြောင့် လူငယ်တာအိုသခင်က မကျေမနပ်ဖြစ်သွားပြီး သူ့လက်ကို ပြန်ရုတ်လိုက်ရသည်။ သူက သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ရှက်ကိုးရှက်ကန်း ပြုံးကာ ပြောလိုက်၏။
"ကျွန်တော်က အင်မော်တယ်အကြီးအကဲရဲ့ ဝါးပြားတွေပေါ်မှာ ဖုန်မှုန်လေးတွေ တွေ့လို့ သုတ်ပေးမလို့ပါ…"
တာအိုသခင်အိုကြီး၏ မျက်နှာပေါ်တွင် ဟန်ဆောင်အပြုံးတစ်ခု ပေါ်လာ၏။ သူက ဆိုင်မပိတ်ဘဲ ထိုဧည့်သည်ကို နှင်ထုတ်နေသည်မှာ သိသာနေသည်။
အဘယ်ကြောင့်ဆိုသော် အဝေးမှနေ၍ အမျိုးသမီးတစ်ဦးနှင့် သူ၏ကလေးငယ်တစ်ဦး အလျင်အမြန် လျှောက်လှမ်းလာနေသောကြောင့် ဖြစ်၏။ စီးပွားရေး လုပ်ရတော့မည် ဖြစ်သည့်အတွက် တာအိုသခင်အိုကြီးက ထိုအပျော်တမ်းကံကြမ္မာဟောပြောသူနှင့် အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုနေရန် အချိန်နှင့် စွမ်းအင် မရှိတော့ပေ။
လူငယ်တာအိုသခင်က မတ်တပ်ရပ်လိုက်ပြီး သူ့ဆိုင်သို့ အေးအေးဆေးဆေး ပြန်သွားရတော့သည်။ သူက လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ထားပြီး ထိုင်ခုံပေါ်သို့ မှီ၍ ကြည်လင်နေအေပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့၏။
ထိုအချိန်တွင် အဝေးမှနေ၍ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မျက်ခုံးရှည်ရှည် လူငယ်တစ်ယောက်နှင့်အတူ ဖြည်းညင်းစွာ လျှောက်လာနေသည်။ ဤနေရာသို့ ရောက်မလာခင် ထိုလူငယ်၏ဘိုးဘေးဖြစ်သူ ရှဲ့ရှစ်က သူ့ကို တာအိုဂိုဏ်းခွဲသခင်ဆီသို့ အလည်ခေါ်သွားမည်ဟု ပြောပြခဲ့သည်။ လူငယ်က သူ၏ရွယ်တူများထက် စိတ်ပိုင်းဆိုင်ရာ ပိုမိုရင့်ကျက်ပြီး ကြံ့ခိုင်သော်လည်း သူ့စိတ်ထဲတွင် အတော်လေး မသက်မသာ ခံစားနေရပြီး စိုးရိမ်နေခဲ့၏။
ထိုလူက ဆံပင်ဖြူများကို ဖားလျားချထားပြီး စွမ်းအားများ ပြည့်နေသော အင်မော်တယ်အိုကြီးတစ်ယောက် ဖြစ်လိမ့်မည်ဟု သူက ခံစားနေမိသည်။ သူ့အနားတွင် အင်မော်တယ်ကြိုးကြာတစ်ကောင်နှင့် ရေနဂါးတစ်ကောင်ကဲ့သို့ အစောင့်အရှောက် သတ္တဝါတစ်ကောင်လည်း ရှိနေနိုင်သည်ဟု တွေးနေမိ၏။ မည်သို့ပင်ဖြစ်စေ ထိုအရာက နတ်ဘုရား အငွေ့အသက်များ ပြည့်နှက်နေသော အစွမ်းထက် ပညာရှင်တစ်ယောက် ဖြစ်မည်မှာ သေချာသည်။
သို့သော် မျက်ခုံးရှည် လူငယ်က ရင်းနှီးနေသော ထိုမျက်နှာကို မထင်မရှား မြင်လိုက်ရသည့်အခါ မှင်တက်သွားမိခဲ့သည်။ လူငယ်တာအိုသခင်က မြို့ငယ်လေးတွင် ရင်းနှီးပြီးသား မျက်နှာတစ်ခုဖြစ်ပြီး သူက သစ်ခုတ်သမားများအတွက် ဗေဒင်ဟောပေးခြင်း၊ အမျိုးသမီးများအတွက် လက္ခဏာ ကြည့်ပေးခြင်း၊ လူများအတွက် စာရေးပေးခြင်းနှင့် အခြားအရာအားလုံးကို လုပ်ကိုင်သူဖြစ်သည်။ အခမဲ့စားရမည့် မင်္ဂလာဆောင်များတွင်လည်း လူငယ်တာအိုသခင်က ဂရုစိုက်နေခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ သူလုပ်ရန် လိုအပ်သည်မှာ မင်္ဂလာရှိသော စကားအချို့ကို ပြောပေးရန်သာ ဖြစ်သည်။
ထို့နောက် သူက အသားဟင်းများများ စားနိုင်ပြီး အရက်များများ သောက်သုံးနိုင်မည်ဖြစ်၏။ ထို့ပြင် သူ၏အစာစားချင်စိတ်ကလည်း ပင်ပန်းသည့်အလုပ်များ လုပ်ရသည့် လူငယ်များထက် မနည်းသောကြောင့် သူ၏စားသောက်ပုံက ကြေးပြားများအတွက် စိုးရိမ်ပူပန်ရနိုင်သည်။
မျက်ခုံးရှည် လူငယ်၏ မိခင် ၊ ရှဲ့ကလန်မှ ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးက လူငယ်တာအိုသခင်ထံ ဗေဒင်မေးရန် သူ့ကို ခေါ်လာခဲ့ဖူးသည်။ သူက မင်္ဂလာရှိသော ဝါးပြားတစ်ခုကို ရခဲ့ပြီး လူငယ်တာအိုသခင်က အဓိပ္ပာယ်မရှိသော်လည်း မင်္ဂလာရှိသော စကားများကို ဆက်တိုက်ပြောကြားခဲ့သည်။ ထိုစကားများကို ကြားရပြီးနောက် မျက်ခုံးရှည်လူငယ်၏ မိခင်က ဝမ်းမြောက်စွာဖြင့် လှည့်ထွက်သွားပြီး မျက်လုံးထောင့်မှ မျက်ရည်စများကို သုတ်ခဲ့သည်။
သို့သော် လူငယ်တာအိုသခင်က အခွင့်အရေးကို အသုံးချရန် ကြိုးစားခဲ့ပြီး သူ့မိခင်အတွက် လက္ခဏာကြည့်ပေးရန် ကမ်းလှမ်းခဲ့သည်။ ထိုသို့ကမ်းလှမ်းနေစဉ် သူ၏မျက်နှာပေါ်တွင် ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခု ရှိနေခဲ့၏။ ထိုအရာကို မြင်သည့်အခါ မျက်ခုံးရှည်လူငယ်က သူ့အမေကို ဒေါသတကြီး ဆွဲခေါ်သွားခဲ့ပြီး လောကကြီးထဲတွင် ထိုမျှ အရှက်မရှိသော လူလိမ်တစ်ယောက် မည်သို့ ရှိနေသနည်းဟု တွေးတောမိခဲ့သည်။ သူ့အမေနှင့်အတူ ထွက်သွားစဉ် မျက်ခုံးရှည်လူငယ်က လူငယ်တာအိုသခင်ကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်ခဲ့သေး၏။
ရှဲ့ရှစ်က တလေးတစား ဦးညွှတ်နှုတ်ဆက်ရန် ပြင်လိုက်သည်။ သို့သော် လူငယ်တာအိုသခင်က ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်ပြီး ထိုင်ရန်သာ အချက်ပြလိုက်၏။ ရှဲ့ရှစ်က ခုံတန်းရှည်ပေါ်တွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။ တစ်ချိန်တည်းတွင် မျက်ခုံးရှည်လူငယ်က တံတွေးမျိုချလိုက်ပြီး ရှဲ့ရှစ်၏ဘေးတွင် ခေါင်းငုံ့၍ ရပ်နေ၏။ ထိုအချိန်တွင် သူ့စိတ်ထဲ၌ လုံးဝရှုပ်ထွေးနေခဲ့သည်။
တာအိုသခင်အိုကြီးက ဘေးချင်းကပ် ကံကြမ္မာဟောပြောဆိုင်ကို လှမ်းကြည့်လိုက်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် လူငယ်တို့ လျှောက်လာသည်ကို မြင်သည့်အခါ မျက်ခုံးပင့်မိခဲ့၏။ အရည်အချင်းမရှိသော ထိုလူငယ်တာအိုသခင်ဆီတွင် ကံကြမ္မာမေးရန် လာရောက်သူများ အမှန်တကယ် ရှိနေသေးခြင်းပေလော။ သူတို့က သူတို့၏ ကြေးပြားများကို ဖြုန်းတီးနေခြင်း မဟုတ်လော။
ရှဲ့ရှစ်က မည်သို့စပြောရမှန်း မသိခဲ့ပေ။ သိပ်မကြာမီ သူက ကောင်းကင်သခင် ဖြစ်လာတော့မည့် ကုန်းမြေကြီးတစ်ခု၏ တာအိုသခင်တစ်ယောက် ဖြစ်သော်လည်း ယခုအချိန်တွင်တော့ အံ့ဩဖွယ်ကောင်းလောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။
လူငယ်တာအိုသခင်က ရှဲ့ရှစ်ကို လျစ်လျူရှုထားလိုက်ပြီး ခေါင်းအနည်းငယ်ငုံ့ထားသော မျက်ခုံးရှည် လူငယ်ကို ကြည့်လိုက်၏။
"အဲဒီအချိန်တုန်းက ငါ မင်းကို မလိမ်ခဲ့ဘူး မဟုတ်လား…။ ကံကောင်းစေတဲ့ မင်းရဲ့ဝါးပြားက အစစ်အမှန်ပဲ။ အသက်ကြီးတဲ့လူပဲဖြစ်ဖြစ် ငယ်တဲ့လူပဲဖြစ်ဖြစ် ငါက ငါ့ရဲ့ဧည့်သည်တွေကို ဘယ်တော့မှ မလှည့်စားဘူး…"
သူက ရယ်မောပြီး ပြောလိုက်သည်။
ဘာကြောင့်မှန်း မသိသော်လည်း မျက်ခုံးရှည်ကောင်လေးက ဒူးထောက် အရိုအသေပေးချင်စိတ်ပင် ပေါ်လာခဲ့၏။ သို့သော် သူက မည်မျှပင် ကြိုးစားစေကာမူ ဒူးမထောက်နိုင်ခဲ့ပေ။
ချန်းပင်အန်းဆီတွင် သူ့ကိုယ်သူ လုချန်းဟု မိတ်ဆက်ခဲ့သော လူငယ်တာအိုသခင်က အပြုံးနှင့် ပြောလိုက်သည်။
"ဒီလောက်လည်း စိတ်ကို တင်းထားဖို့ မလိုပါဘူး။ အဲဒီအချိန်တုန်းက မင်း ဘာအမှားမှ မလုပ်ခဲ့ဘူးလေ။ ဒီတော့ မင်းက အပြစ်ရှိသလို ခံစားနေရတာ အဓိပ္ပာယ်မရှိဘူး။ ဘာလဲ… ငါက မင်းရဲ့ဘိုးဘေးထက် ဝါစဉ်မြင့်နေလို့ မင်း မှားသွားတယ်လို့ ခံစားနေရတာလား။ ဒါဆိုရင်တော့ မင်းရဲ့ဘဝက စိတ်လှုပ်ရှားစရာတွေ၊ စိုးရိမ်စရာတွေနဲ့ ပြည့်နေတော့မှာပဲ။ မင်းက ပိုမြင့်တဲ့နေရာကို တက်လှမ်းနိုင်လေလေ တခြားတစ်ယောက်ကို မြင်တိုင်း မင်းကိုယ်မင်း အပြစ်ရှိသလို၊ မှားသလို ခံစားနေရလေလေပဲ…။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေရတာလဲ။ ဒါက ငါ့ရဲ့ ကံကောင်းစေတဲ့ ဝါးပြားကို အချည်းနှီး ဖြစ်သွားအောင် လုပ်နေတယ်…"
မျက်ခုံးရှည်လူငယ်က သူ့ရှေ့တွင် အမြဲဉာဏ်ကောင်းပြီး နားလည်တတ်သူ တစ်ယောက်ဖြစ်သော်လည်း ဤကဲ့သို့ အရေးကြီးသည့် အချိန်မျိုးတွင် ဘာကြောင့် ရုတ်တရက် ကြောက်ရွံ့နေရသနည်း။ ထိုအဖြစ်ကြောင့် ရှဲ့ရှစ်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ပြီး ဒေါသထွက်သွားသည်။ သူက လူငယ်ကို ဆူပူကြိမ်းမောင်းတော့မည့်အချိန်တွင်လူငယ်တာအိုသခင်က သူ့ကို ချက်ချင်း စိုက်ကြည့်လိုက်၏။ ရှဲ့ရှစ်က ထိတ်လန့်သွားပြီး ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ရသည်။
ရှဲ့ရှစ်က စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိ၏။ ကြည့်ရသည်မှာ သူကိုယ်တိုင်ကလည်း မျက်ခုံးရှည်လူငယ်ထက် ပို၍ကောင်းမွန်သော အခြေအနေတွင် ရှိမနေခဲ့ချေ။
လုချန်းက အပြုံးနှင့် မေးလိုက်သည်။
"မင်း သူ့ကို မင်း ဘေးမှာထားပြီး လေ့ကျင့်ပျိုးထောင်ပေးဖို့ အစီအစဉ် တကယ်မရှိဘူးလား…"
ရှဲ့ရှစ်က မတ်မတ်ထိုင်လိုက်ပြီး သူ့စိတ်ကို တည်ငြိမ်စေရန် လျှို့ဝှက်ဆန်းကြယ်သော အစွမ်းတစ်ခုကို အသုံးပြု၍ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ့ပုံစံက ယခင်ကဲ့သို့ စိုးရိမ်ထိတ်လန့်ပြီး စိတ်လှုပ်ရှားနေသည့်ပုံ မရှိတော့ဘဲ ပြန်ဖြေလိုက်၏။
"သစ်ပင်ကြီးတစ်ပင်ရဲ့အရိပ်ကို ခိုလှုံရတာက ကောင်းတဲ့အချက်ရော၊ မကောင်းတဲ့အချက်ရော ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သစ်ပင်ငယ်လေးတစ်ပင်က သစ်ပင်အိုကြီးလို ကြီးမားပြီး မြင့်မားလာဖို့ဆိုတာ အရမ်းခက်ခဲတယ်…"
"ဟုတ်တယ်…"
လုချန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ထို့နောက် သူက မေးစေ့ကို ပွတ်လိုက်ပြီး လျှာကိုသပ်၍ ပြောလိုက်သည်။ "ငါပြန်သွားတဲ့အချိန်ကျရင် ငါ့ဆရာကိုလည်း ဒီလိုပြောလို့ရတာပဲ။ သူက တပည့်တွေ မအောင်မြင်ဘူးဆိုပြီး အမြဲတမ်း ညည်းညူမနေသင့်ဘူး။ ဆရာတစ်ယောက်အနေနဲ့ အနည်းဆုံး တာဝန်တစ်ဝက်တော့ ယူသင့်တယ်…"
နောက်ဆုံး သူ၏စိတ်နှင့် ခံစားချက်များကို ခက်ခက်ခဲခဲ တည်ငြိမ်အောင် ထိန်းထားနိုင်ပြီးနောက် ရှဲ့ရှစ်၏စိတ်က ချက်ချင်း ရှုပ်ထွေးသွားပြန်သည်။ သူ၏မျက်နှာပေါ်တွင် ခါးသီးသော အမူအရာတစ်ခု ပေါ်လာပြီး သူ မည်သည့်စကားမျှ ပြန်မပြောရဲခဲ့ပေ။
ထို့ပြင် သူက ကောင်းကင်သခင်တစ်ယောက် ဖြစ်ချင်နေသေးခြင်းပေလော။ သူက ဝိညာဉ်သခင် ဟူသော သူ၏ဂုဏ်ပုဒ်ကိုပင် ဆုံးရှုံးသွားနိုင်သည် မဟုတ်ပေလော။
သူ့သခင်၏ ဆရာက ထိုကဲ့သို့သော သေးငယ်သည့် ကိစ္စရပ်များကြောင့် ဒေါသမထွက်နိုင်လောက်ချေ။ သို့သော် သူ့သခင်၏ ဒုတိယအစ်ကိုကြီးက မည်သို့တုံ့ပြန်မည်ကို မည်သူက သိနိုင်မည်နည်း။ ထိုလူက ခန့်မှန်းရခက်သော စိတ်နေသဘောထားရှိသူ ဖြစ်သည်။
ထိုသူသာ အမှန်တကယ် ဒေါသထွက်လာလျှင် မည်သူက တားဆီးနိုင်မည်နည်း။
လုချန်းက မျက်ခုံးရှည်လူငယ်ကို လက်ဟန်ခြေဟန်နှင့် အချက်ပြ၍ ပြောလိုက်၏။
"ဒီကိုလာပြီး ငါ့ဆိုင်ကို ခဏကြည့်ပေးထား…။ ငါ ဟိုဟိုဒီဒီ လျှောက်သွားပြီး မိတ်ဆွေဟောင်းတစ်ယောက်ဆီ သွားတွေ့မလို့…"
မျက်ခုံးရှည်လူငယ်က သူများပိုင်နက်ထဲတွင် ဝင်မနေရဲချေ။ သူက ထိုနေရာသို့ လျှောက်သွားပြီး လုချန်း၏နေရာတွင် ဝင်မထိုင်ရဲခဲ့ပေ။ ထို့ကြောင့် သူက ခြေတစ်လှမ်းမျှပင် မရွေ့ဘဲ ငြင်းဆန်နေသည်။
ထိုအရာကို မြင်သည့်အခါ ရှဲ့ရှစ်က သက်ပြင်းချလိုက်သည်။ မျက်ခုံးရှည်လူငယ်က ရူးမိုက်စွာ လျှောက်သွားပြီး လုချန်း၏နေရာတွင် ထိုင်လိုက်မည်ကို သူလည်း အမှန်တကယ် စိုးရိမ်နေခဲ့၏။
လုချန်းကတော့ ထိုအကြောင်းကို တွေးမနေဘဲ အလျင်အမြန် မတ်တပ်ရပ်လိုက်သော ရှဲ့ရှစ်ကို အမိန့်ပေးလိုက်သည်။
"ငါက တခြားသူတွေဆီ သွားတွေ့မှာ မဟုတ်ဘူး။ ဒါကြောင့် စိတ်မဝင်စားတဲ့သူအပေါ် အလွန်အကျွံ အာရုံမစိုက်ဖို့ သူတို့ကို သွားပြောလိုက်။ အခုတလော ငါ.. စိတ်မကြည်ဘူ။ ဒီတော့ တစ်ယောက်ယောက်က ငါ့ကို လာနှောင့်ယှက်ရင် ငါ့ကိုယ်ငါ မထိန်းနိုင်မှာ စိုးရတယ်…”
“ပြီးတော့ နောက်ပိုင်း ငါက မင်းရဲ့မျိုးဆက်တွေကို တွေ့ချင်တယ်ဆိုရင် မင်းက သူတို့ကို ငါ့ဆီခေါ်လာဖို့ အပိုတွေ လုပ်စရာလိုလို့လား။ သူတို့က မြေကြီးထဲမှာ ပုန်းနေရင်တောင် ငါ သူတို့ကို ရှာနိုင်မှာပဲ မဟုတ်လား။ ဒီတော့ ဒီလိုကိစ္စမျိုး နောက်ထပ်မဖြစ်စေချင်ဘူး…"
ရှဲ့ရှစ်က ခေါင်းညိတ်ပြလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"နားလည်ပါပြီ…"
လုချန်းက ချောင်းဟန့်လိုက်ပြီး အပြုံးနှင့် မေးလိုက်၏။
"ဒီကောင်လေးရဲ့အမေ ဘယ်မှာလဲ…။ သူက တခြားအလုပ်တွေနဲ့ မအားလို့ မလာတာလား။ ငါ သူ့ကို လက္ခဏာကြည့်ပေးဖို့ အချိန်မရလိုက်ဘူး…"
ရှဲ့ရှစ်ဆီတွင် ပြန်ပြောစရာ စကားမရှိတော့ပေ။ သူက သူ့သခင်၏ ဤတစ်ဖက်ခြမ်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။ ကြည့်ရသည်မှာ ကောင်းကင်သခင်များနှင့် အင်မော်တယ်များစွာ၏ ကြားတွင် တိတ်တဆိတ် ပျံ့နှံ့နေသော ကောလာဟလများ အားလုံးက အလိမ်အညာများသာ ဖြစ်နေလေ၏။
မျက်ခုံးရှည်လူငယ်က လုံးဝကို မှင်တက်နေမိသည်။
လုချန်းသည် အဝေးကို ထွက်ခွာသွားခဲ့၏။ သူက ဘေးချင်းကပ်ဆိုင်ကို ဖြတ်ကျော်သွားသောအခါ အားကျနေသော အမူအရာနှင့် ပြောလိုက်သည်။ "အင်မော်တယ် အကြီးအကဲကတော့ တော်တော်အလုပ်ရှုပ်နေတာပဲ…"
တာအိုသခင်အိုကြီးက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်တော့ မကျေမနပ်ဖြစ်ပြီး ညည်းတွားနေမိ၏။
“မြန်မြန် ထွက်သွားစမ်းပါကွာ…”
လုချန်းက ဆက်၍လျှောက်သွားခဲ့ပြီး နောက်ဆုံးတွင် ရွှံ့ပုလင်းလမ်းကြားထဲသို့ ဝင်သွားခဲ့သည်။ သူက ချောင်ကလန်၏ ဘိုးဘေးနေအိမ်ကို ဖြတ်သွားသည့်အခါ ခြံဝင်းတံခါးက တင်းကျပ်စွာ ပိတ်ထား၏။ အိမ်ထဲတွင် ရပ်နေသော တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးမှ မြေပြင်ဓားအင်မော်တယ် ချောင်ကျိက တိတ်တဆိတ် ဦးညွှတ်အရိုအသေပေးလိုက်သည်။ အနီရောင် မြေခွေးကလည်း ကြမ်းပြင်ပေါ်တွင် ဝပ်နေခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး စိုးရိမ်ထိတ်လန့်မှုကြောင့် တုန်ယင်နေခဲ့သည်။
လုချန်းက ထိုအရာအားလုံးကို ဂရုမစိုက်ခဲ့ချေ။ သူက ခြံဝင်းထဲသို့ ခုန်ကြည့်နိုင်သော နေအိမ်တစ်ခုဆီသို့ တိုက်ရိုက်လျှောက်သွားခဲ့သည်။
တစ်ဖက်ခြံဝင်းတွင် နေပူစာလှုံနေသော မိန်းမပျိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
"ရှင် ဘာလုပ်နေတာလဲ…"
လုချန်းက ပြန်လှည့်လာပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြ၍ အားရပါးရ ရယ်မောကာ ပြောလိုက်သည်။
"မိန်းကလေး…
မင်း ငါ့ကို မမှတ်မိတော့ဘူးလား…။ ငါ မနှစ်က မြို့ငယ်လေးထဲမှာ ခဏနေခဲ့တယ်လေ။ ဒီတော့ ငါတို့နှစ်ယောက်က အချင်းချင်း သိသင့်တာပေါ့။ မင်းရော ၊ မင်းရဲ့သခင်လေးရော ငါ့ဆိုင်ကို ကံကြမ္မာမေးဖို့ ရောက်လာခဲ့ကြတယ်လေ… မမှတ်မိတော့ဘူးလား…"
မိန်းမပျိုက ခဏစဉ်းစားလိုက်ပြီး ခေါင်းခါ၍ ပြန်ဖြေလိုက်၏။
“ကျွန်မ မမှတ်မိဘူး…”
လုချန်းက ချန်းပင်အန်း၏အိမ်နှင့် ကပ်လျက်ဖြစ်သော ခြံစည်းရိုးနံရံဆီသို့ တဖြည်းဖြည်း တိုးသွားလိုက်သည်။ သူက ခြေဖျားထောက်၍ နံရံပေါ်သို့ မှီလိုက်ပြီး လေကို တဝကြီးရှု၍ ပြောလိုက်၏။
“အော်.. မင်းက အခု ဟင်းချက်နေတာပဲ။ မွှေးလိုက်တာ… ဒီဘက်ကနေတောင် အနံ့ရတယ်…”
ကျစ်ကွေး၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အမူအရာတစ်ခု ပေါ်လာပြီး သူမက ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူး… ကျွန်မ ဘာမှ မချက်ဘူး…”
လုချန်းက အပြုံးနှင့် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ ထို့နောက် သူက မိန်းမပျိုကို လက်ညှိုးထိုး၍ ပြောလိုက်၏။
“ငါ့နှာခေါင်းက အနံ့ခံ အရမ်းကောင်းတယ်။ မင်း ငါ့ကို လှည့်စားလို့ မရဘူး…”
“အော်… ဟုတ်လား…”
မိန်းမပျိုက မီးဖိုချောင်ထဲသို့ လျှောက်သွားပြီး မီးလောင်နေသော ထင်းချောင်းများအားလုံးကို ဆွဲထုတ်လိုက်သည်။ မီးတောက်နေသော မီးဖိုက ချက်ချင်း ငြိမ်းသွားပြီး ချက်နေသော ထမင်းကလည်း မကျက်တကျက် ဖြစ်သွား၏။
ကျစ်ကွေးက မီးဖိုချောင်တံခါးဝဆီသို့ ပြန်လျှောက်လာပြီး သူမ၏လက်နှစ်ဖက်ကို ခါလိုက်သည်။
“အခုရော ဘယ်လိုလဲ…”
သူမက မေးလိုက်၏။
လုချန်းက သူမကို လက်မထောင်ပြပြီး ပြောလိုက်သည်။
“ဒီတစ်ကြိမ်တော့ မင်း နိုင်ပါတယ်…”
မိန်းမပျိုက ထိုအရာကို အလေးအနက်မထားဘဲ မေးလိုက်သည်။
“ရှင်က ချန်းပင်အန်းကို ရှာနေတာလား။ ဘာကိစ္စရှိလို့လဲ… ကျွန်မ သူ့ကို ပြောပေးလို့ရတယ်…”
လုချန်းက အပြုံးနှင့် ပြန်ပြောလိုက်သည်။
“ငါ့ဘာသာပဲ သူ့ကို ရှာလိုက်ပါ့မယ်။ ငါ မင်းကို အလုပ်ရှုပ်အောင် မလုပ်ရဲပါဘူး ။ မဟုတ်ရင် မနက်ဖြန် ငါ့ဆိုင် ဖွင့်လို့မရမှာ စိုးရိမ်ရတယ်…”
“ပြောသာပြောပါ…။ ကျွန်မက ချန်းပင်အန်းနဲ့ တော်တော်ရင်းနှီးပါတယ်…”
ကျစ်ကွေးက ပြောလိုက်သည်။
ထိုသို့ပြောလိုက်ပြီးနောက် သူမက သူမ၏အိမ်ရှေ့တံခါးတွင် ကပ်ထားသော ကံကောင်းခြင်းစာလုံးများကို လက်ညှိုးထိုးပြလိုက်သည်။
“တွေ့လား… ၊ သူ့အိမ်ရှေ့တံခါးက စာလုံးတွေနဲ့ တစ်ထပ်တည်းပဲ။ ချန်းပင်အန်းပဲ ကျွန်မကို ပေးထားတာလေ…”
‘မိန်းကလေး…
အတည်ပေါက်ကြီးနဲ့ လိမ်မပြောစမ်းပါနဲ့။ ငါက အမှန်တရားကို မတွက်နိုင်ဘူးလို့ မင်း တကယ်ထင်နေတာလား…’
လုချန်း၏မျက်နှာက ရှုံ့မဲ့သွားသည်။ ထိုအချိန်တွင် ချီကျင့်ချွန်က ဤမိန်းမပျိုကို မည်သို့ သည်းခံနိုင်ခဲ့ကြောင်း သူလည်း သေချာမသိခဲ့ပေ။ ထိုအရာတွင်သာမက သူက သူမကို ကောင်းမွန်စွာ စောင့်ရှောက်ရန်ပင် ဆန္ဒရှိခဲ့သေးသည်။
သူက သက်ပြင်းချ၍ ပြောလိုက်၏။
“အမှန်အတိုင်းပြောရရင် ငါ ဒီနေ့ ချန်းပင်အန်းကို ရှာဖို့လာတာ မဟုတ်ဘူး… ငါ မင်းကို ရှာဖို့လာတာ… ဝမ်ကျူး…”
ကျစ်ကွေးက ခံစားချက်ကင်းမဲ့သောအမူအရာနှင့် လူငယ်တာအိုသခင်ကို ကြည့်ပြီး ပြန်ပြောလိုက်သည်။
“သခင်လေးက ခဏတာအဝေးမှာ ရှိနေပေမယ့်… ရှင်သာ ကျွန်မကို စော်ကားရဲရင် ချန်းပင်အန်းက ကျွန်မအတွက် လက်စားချေပေးမှာ သေချာတယ်။ ပြီးတော့ ကျွန်မက ချီကျင့်ချွန်နဲ့လည်း ရင်းနှီးတယ်။ သူက အစွမ်းထက်တဲ့ ကွန်ဖြူးရှပ် သူတော်စင် တစ်ယောက်ပဲ။ သူက ရုတ်တရက် အသက်ပြန်ရှင်လာပြီး ရှင့်ကို သတ်ပစ်မှာ မကြောက်ဘူးလား…”
လုချန်းက သူ၏လက်ကို မြှောက်ပြီး ပါးနှစ်ဖက်ကို နှိပ်နယ်လိုက်သည်။ သူက စိတ်ပျက်အားလျော့နေသော အသံနှင့် ပြန်ဖြေလိုက်၏။
“ချန်းပင်အန်းက မင်းအတွက် လက်စားချေပေးမှာလား မပေးဘူးလားဆိုတာကို ဘေးဖယ်ထားလိုက်ဦး။ ချီကျင့်ချွန်က တကယ်သေသွားပြီ။ ဒီတော့ သူက သေချာပေါက် အသက်ပြန်ရှင်လာမှာ မဟုတ်ဘူး…”
ကျစ်ကွေးက မျက်ခုံးပင့်လိုက်မိသည်။ သူမ၏မျက်ခုံးများက လေလှိုင်းထဲတွင် ညင်သာစွာ လှုပ်ရှားနေသော မိုးမခပင်များကဲ့သို့ ဖြစ်နေ၏။
လုချန်းက ခြံစည်းရိုးနံရံပေါ်တွင် လက်နှစ်ဖက် တင်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“ဝမ်ကျူး…
ငါ မင်းကို ကံကြမ္မာအခွင့်အရေးတစ်ခု ပေးချင်တယ်… မင်း လက်ခံရဲလား…”
တာအိုဝတ်စုံ၏ စိမ်းပြာရောင် အင်္ကျီလက်စက မြေသား ခြံစည်းရိုးနံရံပေါ်တွင် ညင်သာစွာ လှုပ်ရှားနေသည်။ သူ၏အင်္ကျီလက်များက ခွေနေသော နဂါးများနှင့် ဝပ်နေသော ကျားများသဖွယ် ဖြစ်နေ၏။
ကျစ်ကွေးက လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကာထားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့်ပုံစံနှင့် ခနဲ့သလို ပြောလိုက်သည်။
“လူယုတ်မာ… လူလိမ်… ကလေကချေ… ဖောက်ပြန်တဲ့ကောင်…”
လုချန်းက သူ၏လက်နှစ်ဖက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဗိုက်ကို လက်နှင့်နှိပ်၍ အားရပါးရ ရယ်မောလိုက်သည်။
အတိတ်ကို ပြန်စဉ်းစားကြည့်လိုက်လျှင် လောကကြီးထဲတွင် အစစ်အမှန် နဂါးပေါင်း သောင်းနှင့်ချီ၍ ရှိခဲ့သည်။ အကျိုးဆောင်မှုအလိုက် ရတနာများကို ခွဲဝေလိုက်ပြီးနောက် လောကအားလုံးရှိ မြစ်များနှင့် ရေကန်များအားလုံးကို ကြီးကြပ်ရန် တာဝန်ရှိသော နဂါးများထဲမှ တစ်ကောင်သည် နာမည်ကျော် နဂါးမတစ်ကောင် ဖြစ်ခဲ့၏။ သူမ၏ အဆင့်အတန်းကဖော်ပြ၍မရလောက်အောင် မြင့်မြတ်ပြီး သူကရော သူမကို မည်မျှ ချစ်မြတ်နိုးခဲ့သနည်း။ အခြားသူများ၏အမြင်တွင်မူ သူက မည်မျှ ရက်စက်ပြီး နှလုံးသားမရှိသူ ဖြစ်ခဲ့ရသနည်း။
လူငယ်တာအိုသခင်က မျက်ရည်များပင် ကျလုမတတ် ရယ်မောမိခဲ့သည်။
မဟာတာအိုက မည်မျှပင် ကြီးမားစေကာမူ အချစ်နှင့် အချစ်ဇာတ်လမ်းများကို နေရာပေးနိုင်လောက်အောင် ကြီးမားမည် မဟုတ်ပေ။
ချစ်သူများကို အားကျပြီး အင်မော်တယ်များကို အားမကျခြင်း..
ထိုကဲ့သို့သော လူများက စာအုပ်များနှင့် တောင်တန်းပေါ်တွင်သာ ရှိသည်။ သို့သော် ထိုသို့သောလူများက တောင်ထိပ်ပေါ်တွင်တော့ လုံးဝမရှိနိုင်ပေ။
လုချန်းက လောကကြီးထဲတွင် ပေါ်မလာသင့်သော မိန်းမပျိုကို စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူက သူ့ဆရာကို မေးခဲ့ဖူးကြောင်း အမှတ်ရမိ၏။
“သဘာဝတရားရဲ့ ပိုက်ကွန်က ကျဲပေမယ့် အရာအားလုံးကို ထိန်းထားနိုင်တယ်ဆိုရင် လီကျူးကမ္ဘာငယ်လေးက ဘယ်လိုတည်ရှိနေနိုင်တာလဲ…”
အဘိုးအိုက ပြုံးရုံသာပြုံးခဲ့ပြီး စာကြောင်းနှစ်ကြောင်းဖြင့် ပြန်ဖြေခဲ့သည်။
“ပိုက်ကွန်ကျဲပေမဲ့ အရာအားလုံးကို ထိန်းထားနိုင်တာက အဓိကအချက်ပဲ။ ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေကို လိုက်နာတာက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းဖို့ မလုံလောက်တော့တဲ့အတွက် ပျက်စီးသွားရတာပဲ…”
“မဟာတာအိုက အရေအတွက် (၅၀) ရှိပြီး ကောင်းကင်ဘုံက (၄၉)ခုကနေ ဖြစ်ပေါ်လာတယ်။ လူသားတွေက တစ်ခုကို ယူပြီး အဲဒီတစ်ခုကနေ အရာအားလုံး ဖြစ်လာတယ်…”
ထိုအချိန်တွင် အဘိုးအိုက ကြာပန်းကမ္ဘာကြီးထဲရှိ ရေကန်ဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး သူ၏လက်ခုပ်ထဲတွင် ရေအနည်းငယ် ခပ်လိုက်သည်။ ထို့နောက် သူက ထိုရေကို အနည်းငယ်စောင်းနေသော ကြာရွက်တစ်ရွက်ပေါ်သို့ လောင်းချလိုက်၏။ ရေက ကြာရွက်ပေါ်မှ စီးဆင်းသွားပြီး စမ်းချောင်းများစွာအဖြစ် ကွဲထွက်သွားသော်လည်း နောက်ဆုံးတွင် စမ်းချောင်းအားလုံးက ရေကန်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ထို့နောက် အဘိုးအိုက သူ၏လက်ဖဝါးကို လုချန်းထံ မြှောက်ပြလိုက်သည်။ ပြောရလျှင် သူ၏လက်ဖဝါးထဲတွင် ရေတစ်စက် ကျန်နေခဲ့၏။ သူ၏လက်ကို အနည်းငယ် စောင်းလိုက်သည့်အခါ ရေစက်လေးက သူ၏လက်ဖဝါးပေါ်ရှိ အရေးအကြောင်းများအတိုင်း စီးဆင်းသွားခဲ့သည်။ ရေစက်လေးက ကွေ့ကောက်သောလမ်းအတိုင်း သွားခဲ့ပြီး လမ်းကြောင်းအမျိုးမျိုးသို့ ဆက်လက်ခရီးနှင်ခဲ့သည်။ ထိုရေစက်လေးက ရပ်တန့်ပြီး လမ်းကြောင်း ပြောင်းလိုက်ချိန်တိုင်းတွင် မတူညီသော တာအိုလမ်းကြောင်းအတိုင်း သွားလာခြင်းကို ကိုယ်စားပြုသည်။ အကယ်၍ မထင်ရှားသော ထိုရေစက်ကသာ အချိန်လမ်းကြောင်းအတိုင်း ခရီးသွားနေသော လူတစ်ဦးကို ကိုယ်စားပြုမည်ဆိုလျှင် အကွေ့အကောက်များအားလုံးက ထိုလူ လုံးဝကွဲပြားခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခြင်းကို ကိုယ်စားပြုမည်ဖြစ်၏။
မတူညီသော အတွေးတစ်ခုနှင့် မတူညီသော ခြေလှမ်းတစ်ခု …
ထိုကဲ့သို့သော ကွာခြားမှု အနည်းငယ်ကြောင့်ပင် လမ်းစဉ်(၃)သွယ်နှင့် အတွေးအခေါ်(၁၀၀)ကျောင်း၊ အရာရှိများနှင့် စစ်သူကြီးများ၊ ကုန်သည်များနှင့် သာမန်လူများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
လုချန်းက ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး ခြံဝင်းထဲတွင် ထိုင်နေသော မိန်းမပျိုကို ပြုံးပြလိုက်သည်။
“ငါ မင်းကိုပေးတဲ့ ဒီကံကြမ္မာအခွင့်အရေးကို… မင်းက မလိုချင်ရင်တောင် လက်ခံရလိမ့်မယ်…”
ကျစ်ကွေးက အေးစက်စွာ ရယ်မော၍ မေးလိုက်သည်။
“ကျွန်မ ဘယ်သူလဲဆိုတာ ရှင်သိလား…”
“ငါ ဘယ်သူလဲဆိုတာရော မင်းသိလား…”
လုချန်းက ပြန်မေးလိုက်သည်။
ကျစ်ကွေး၏မျက်နှာက မည်းမှောင်သွားပြီး သူမက ပြန်ဖြေလိုက်၏။
“ရှင်က နံစော်နေတဲ့ တာအိုသခင်တစ်ယောက်ပဲလေ။ ဒီအတွက် ရှင် တာဝန်ယူနိုင်လို့လား…”
လုချန်းက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“ငါ့နာမည်က လုချန်း…။ ဒါကတင် အရာအားလုံးကို ရှင်းပြဖို့ လုံလောက်နေပြီ…”
ယခုတစ်ကြိမ်တွင်တော့ ကျစ်ကွေးက အမှန်တကယ် မှင်တက်သွားမိသည်။
“ရှင် ဘာပြောလိုက်တာလဲ…”
လုချန်း၏ အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူက ခြံစည်းရိုးနံရံပေါ်တွင် မှီ၍ ရယ်လိုက်သည်။
“မိန်းကလေး…
မင်းအတွက် လက္ခဏာ ကြည့်ပေးရမလား။ မင်း ဘယ်တော့လက်ထပ်မလဲဆိုတာကနေ သားလေးမွေးနိုင်မလား ချောမောလှပတဲ့ စုံတွဲဖြစ်မလားဆိုတာအထိ အရာအားလုံးကို ငါ တွက်ချက်ပေးနိုင်တယ်…”
ကျစ်ကွေးက မျက်တောင်ခတ်၍ မေးလိုက်သည်။
“ကျွန်မရဲ့လက္ခဏာကို မကြည့်ဘဲ ရှင်က ထမင်းစားရုံပဲစားလို့ မရဘူးလား……”
လုချန်းသည် ခြံစည်းရိုးနံရံကို ခုန်ကျော်လိုက်ပြီး လက်ဖျောက်တစ်ချက်တီး၍ ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ…သဘောတူတယ်…”
“မကျက်တကျက်ထမင်းနော်… ရှင့်အတွက် ကိစ္စမရှိဘူး မဟုတ်လား…”
ကျစ်ကွေးက မေးလိုက်သည်။
“ငါ့အတွက် ကိစ္စရှိတယ်။ ဒါပေမဲ့ ငါ မီးမွှေးပြီး ဆက်ချက်လိုက်မယ်…”
လူငယ်တာအိုသခင်က မျက်လုံးလှန်ကြည့်၍ ပြောလိုက်သည်။ သူက မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ထင်းချောင်းများကို မီးဖိုထဲသို့ ပြန်ထိုးထည့်လိုက်၏။ ထို့နောက် သူက မီးဖိုမီးမှုတ်ပြောင်းကို ဆွဲယူကာ အားကုန်မှုတ်နေခဲ့သည်။
ကျစ်ကွေးကတော့ မီးဖိုချောင်တံခါးဝတွင် ရပ်နေရင်း လုချန်း၏နောက်စေ့ကို တံမြက်စည်းဖြင့် ပြင်းပြင်းထန်ထန် ရိုက်ပစ်ချင်နေသလို ခံစားနေရ၏။
…………….
ရွမ်ချုံက ပန်းပဲဆိုင်ရှိ ဓားမီးဖိုထဲတွင် ဆက်၍ ဓားထုလုပ်နေသည်။ အသံများက ယခင်တုန်းကထက်ပင် ပို၍ ဆူညံလာပြီး လေထဲသို့ မီးပွားများ သိပ်သည်းစွာ ဖြာထွက်လာသည့်အပြင် အခန်းတစ်ခုလုံး လင်းထိန်နေသည်။ အမှန်အတိုင်းပြောရလျှင် မီးပွားများက လေထဲတွင် ပျောက်ကွယ်မသွားဘဲ ဆက်လက်စုပုံနေပြီး ဓားမီးဖိုထဲမှလည်း ထွက်မလာခဲ့ပေ။ နောက်ဆုံးတွင် အခန်းထဲ၌ ရပ်စရာနေရာပင် မရှိတော့သလောက် ဖြစ်နေသည်။
သို့သော် ယနေ့တော့ အခန်းထဲတွင် ရွမ်ရှို့တစ်ယောက်တည်းသာမက ဝေ့ပိုလည်း ရှိနေခဲ့သည်။ နေရာ ကန့်သတ်ချက် ရှိနေသည့်အတွက် တောင်တန်းနတ်ဘုရားနှင့် မိန်းမပျိုက ဘေးချင်းကပ် ရပ်နေရ၏။ ရွမ်ရှို့က ဓားအိမ်မပါသော ဓားရှည်တစ်ချောင်းကို ပိုက်ထားပြီး ဓားသွားကို မသွေးရသေးပေ။ ဓားက သာမန်ပုံစံသာ ထင်မှတ်ရသည်။ အလယ်ဘုံ (၅)ဆင့်မှ ဓားအင်မော်တယ်များ၏ မျက်လုံးထဲတွင်ပင် ထိုအရာက အသစ်စက်စက် ဓားတစ်လက်မျှသာ ဖြစ်၏။
ရွမ်ချုံက သူ၏တူကို ဆက်လက်လွှဲယမ်းနေရင်း ဝေ့ပိုကို ကြည့်၍ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ရှို့ရှို့ကို လော်ပိုတောင်ဆီ ခေါ်သွားပေးပါ။ အကြီးအကဲယန်က ဒီနေရာကို ဖုံးကွယ်ဖို့ အကာအကွယ်တစ်ခု ဖန်တီးထားပြီးသားဆိုတော့ မတော်တဆ ဖြစ်မလာနိုင်လောက်ပါဘူး…”
ထို့နောက် သူက ရွမ်ရှို့ဘက်သို့ လှည့်၍ သတိပေးလိုက်သည်။
“လော်ပိုတောင်ကို သွားပြီး ဓားပေးပြီးသွားရင် အပိုစကားတွေ ဘာမှမပြောဘဲ ဝေ့ပိုနဲ့အတူ ကျွဲချိုတောင်ကို မြန်မြန်သွားဖို့ပဲ သူ့ကို ပြောလိုက်ပါ။ သူရောက်တဲ့အချိန် တောင်ဘက်ကိုသွားမယ့် အင်မော်တယ်လှေကို စီးသွားလို့ရတယ်။ ဓားကို နဂါးခေါင်းဖြတ်ကျောက်တုံးနဲ့ မသွေးခင်အချိန်ထိ… ဘယ်လိုထက်မြက်မှုမျိုးမှ ပြမှာ မဟုတ်သလို ထူးခြားတဲ့ပုံစံမျိုးလည်း ပေါ်မှာ မဟုတ်ဘူး။ ဒါပေမဲ့… နတ်ဆိုးကြီးတွေသာ မြင်သွားရင်တော့ သဲလွန်စအချို့ ပေါ်သွားနိုင်တယ်…”
“ဒါကြောင့်… အဲဒီကောင်လေး တောင်ဘက်ခရီးသွားတဲ့အချိန်ကျရင် ကိုယ့်သေတွင်း ကိုယ်မတူးဖို့ ပြောလိုက်ပါ။ တောင်တန်းတွေနဲ့ မြစ်ချောင်းတွေထဲမှာရှိတဲ့ နတ်ဆိုးကြီးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်တာမျိုး မလုပ်ဖို့ သတိပေးလိုက်ပါ။ သူ့ရဲ့လက်ရှိ သိုင်းပညာအဆင့်နဲ့ သူသာ ကိုယ့်သေတွင်းကိုယ် မတူးဘူးဆိုရင် ကျောက်စက်ပန်းဆွဲတောင်ကို အသက်ရှင်ရက် ရောက်ဖို့ အခွင့်အရေး ကောင်းကောင်းရှိတယ်…”
ဝေ့ပိုက ရွမ်ချုံထက် ပို၍စေ့စပ်စွာ စဉ်းစားထားပြီး ပြောလိုက်သည်။
“ကျွန်တော့်ဆီမှာ သစ်ခါးပင်သစ်ကိုင်းကြီးတစ်ခု ကျန်သေးတယ်…။ ကျွန်တော်က လော်ပိုတောင်ကို သွားပြီး ချန်းပင်အန်းကို ကျွဲချိုတောင်ရဲ့ အဝတ်ထုပ်ဆိုင်ဆီ ခေါ်သွားတဲ့အချိန် သူ့အတွက် ဓားအိမ်နှစ်ခု လုပ်ပေးလို့ရတယ်…”
ရွမ်ချုံက တစ်စုံတစ်ခု ပြောချင်နေသော်လည်း တွေဝေနေခဲ့သည်။
ဝေ့ပိုက နားလည်သည့်အမူအရာြပြုံးပြီး ပြောလိုက်၏။
“စိတ်ချပါ။ အဲဒီဓားအားဖြည့်ဘူးသီးခြောက်ကို ဖုံးကွယ်ဖို့လည်း ကျွန်တော် ပုံရိပ်ယောင်နည်းလမ်းတစ်ခု သုံးထားပြီးသားပါ။ ပုံမှန်ဆိုရင်တော့ အဆင့် (၁၀)နဲ့ အထက် ချီကျင့်ကြံသူတွေပဲ အဲဒီလှည့်စားမှုကို မြင်နိုင်လိမ့်မယ်။ ပြဿနာမရှိလောက်ပါဘူး…”
ရွမ်ချုံက ခေါင်းငုံ့ပြီး သံကိုသာ ဆက်လက်ထုလုပ်နေသည်။ အခန်းထဲတွင် မိုးခြိမ်းသံများ ဟိန်းထွက်နေသကဲ့သို့ ဖြစ်နေ၏။ ဤစစ်ကျောင်းသူတော်စင်ဆီတွင် စိတ်အနှောင့်အယှက်ဖြစ်စရာနှင့် ဒေါသများဖြင့် ပြည့်နှက်နေပြီး သူက ထိုကောင်လေးကို အထုပ်အပိုးများ ပြင်ဆင်ကာ အမြန်ဆုံး ထွက်သွားစေချင်နေပြီဖြစ်သည်။
ယခုတစ်ကြိမ်တွင် ဝေ့ပိုက အနည်းငယ်ပင် ပေါ့ဆရဲခြင်း မရှိဘဲ စိတ်ထဲတွင် မန္တန်တစ်ခုကို ရွတ်ဆိုခဲ့သည့်အပြင် လက်ထဲတွင်လည်း ချိပ်တံဆိပ်များ ဖန်တီးလိုက်သည်။ သူက သူ့နယ်မြေထဲရှိ တောင်တန်းများနှင့် မြစ်ချောင်းများ၏ ကံကြမ္မာကို တိတ်တဆိတ် ဆင့်ခေါ်လိုက်၏။
ဝေ့ပိုနှင့် ရွမ်ရှို့တို့က လော်ပိုတောင်ရှိ ဝါးအဆောက်အဦးထဲတွင် လျင်မြန်စွာ ပေါ်လာခဲ့သည်။
ချန်းပင်အန်းကို ကြိုတင်အသိပေးထားသည့်အတွက် သူက ပစ္စည်းများအားလုံးကို ထုပ်ပိုးထားပြီးသား ဖြစ်သည်။ ထို့ပြင် သူ၏ ဆယ့်ငါးက အိတ်ဆောင်ရတနာတစ်ခု ဖြစ်နေသည့်အတွက် သူက ဝါးခြင်းတောင်းကြီးကို ကျောတွင် သယ်ဆောင်ရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ယခင် သွားခဲ့သော သူ၏ခရီးစဉ်များနှင့် နှိုင်းယှဉ်လိုက်လျှင် သယ်ဆောင်ရန် ပစ္စည်းများ အလွန်နည်းပါးသွားသည်။
ထိုအခြေအနေကြောင့် ချန်းပင်အန်းက အနည်းငယ် ထူးဆန်းသလို ခံစားနေရသည်။ သူက ထိုအခြေအနေနှင့် အသားကျရန် အချိန်ယူရဦးမည်ဖြစ်၏။ ယခင်တုန်းကဆိုလျှင် သူက တောင်တက်လမ်းများကို ရှင်းလင်းရန် လက်ထဲတွင် တောခုတ်ဓားတစ်ချောင်းကို အမြဲကိုင်ဆောင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ သူ့ဆီ၌ အလွန်ပေါ့ပါးသော ဓားပျံနှစ်ချောင်းသာ ရှိသည်။ ထိုအရာက လုံးဝကို မရင်းနှီးသော ခံစားမှုတစ်ခု ဖြစ်၏။
ရွမ်ရှို့က ဓားကို သူ့ဆီသို့ ပေးလိုက်ပြီး သူမ၏အဖေက မှာကြားလိုက်သော သတိပေးစကားကိုလည်း ပြောလိုက်သည်။ နောက်ဆုံးတွင် သူမက ပန်းထိုးအိတ်တစ်လုံးကို သူ့ဆီသို့ ပေးပြီး အပြုံးနှင့် ပြောလိုက်၏။
“ချန်းပင်အန်း…
ဒါက နင့်အတွက် လက်ဆောင်… မက်မွန်ကိတ်တွေ…”
Translated by Hein Htet.