အခန်း (၂၁၇)
Vol. 15 Ch. 217
သူတော်စင်ရွမ်ချုံက ဓားမီးဖိုကြီးကို မီးမွှေးပြီး ဓားတစ်လက် ဖန်တီးတော့မည့်အကြောင်း လွန်ခဲ့သည့်နှစ်အတွင်း မြို့ငယ်လေးနှင့် အနီးပတ်ဝန်းကျင် တောင်တန်းများကို ရောက်လာခဲ့ကြသည့် နတ်ဆိုးများနှင့် ဝိညာဉ်များအားလုံးကို လျှို့ဝှက်စွာ သတိပေးထားပြီးသား ဖြစ်သည်။ သူတို့က ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့အားလုံးက အနောက်ဘက်တွင် ရှိနေသော တောင်တန်းများဆီသို့ အလျင်အမြန် ထွက်သွားခဲ့ကြရသည်။
သူတို့က ဘေးကင်းလုံခြုံမှုအတွက် ကြွယ်ဝချမ်းသာမှုများကို လက်လွှတ်ပြီး တောင်တန်းများထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခြင်း ရှိမရှိ ၊ သူတို့က တောင်တန်းနှင့် ရေ၏ကံကြမ္မာကို အသုံးပြုပြီး ဓားမီးဖိုကြီးဆီမှ ထုတ်လွှတ်လိုက်သည့် ဓားဆန္ဒများကို ခုခံနိုင်ခြင်း ရှိမရှိကတော့ တောင်တန်းများပေါ်တွင် ရှိနေသော ကျင့်ကြံရေးအဖွဲ့အစည်းများ၏ သဘောထားအပေါ်သာ မူတည်နေပေသည်။ ထို့ကြောင့် အနောက်ဘက်တွင် ရှိနေသော တောင်တန်းများဆီသို့ ထွက်ပြေးသွားကြသော ဝိညာဉ်နှင့် နတ်ဆိုးအများစုကတော့ အတော်လေးကို မကျေမနပ် ဖြစ်နေကြ၏။
ထိုအချိန်တွင် ထိုကိစ္စကို အလေးအနက်မထားသော နတ်ဆိုးများနှင့် ဝိညာဉ်တချို့လည်း ရှိနေသေး၏။ သူတို့ကတော့ မြင့်မားသော သူတို့၏ကျင့်စဉ်အဆင့်ကို အလွန်ယုံကြည်ချက် ရှိနေကြသည်။ သူတို့က နဂါးနှုတ်ခမ်းမွှေးစမ်းချောင်း၏ ကမ်းစပ်တွင် ဖြစ်ပေါ်နေသည့် ဓားဖန်တီးခြင်း လုပ်ငန်းစဉ်ကြောင့် သက်ရောက်ခံရလိမ့်မည်ဟု မယုံနိုင်ကြပေ။
ထို့ကြောင့် သူတို့ကတော့ မြို့ငယ်လေးထဲတွင် သူတို့ဝယ်ယူထားကြသော နေအိမ်အသစ်များတွင်သာ ကောင်းမွန်စွာ ဆက်၍ နေထိုင်ကြသည်။ စီရင်စုရုံးတော်နှင့် နယ်မြေခံရုံးတော်မှ အရာရှိများကလည်း သူတို့ကို အတင်းအကျပ် ထွက်သွားရန် တွန်းအားမပေးကြပေ။ သူတို့က တာ့လီအင်ပါယာ၏ သူလျှိုများပေးသော စာရင်းထဲတွင် ထိုနတ်ဆိုးများနှင့် ဝိညာဉ်များ၏အမည်ကို ရိုးရှင်းစွာ မှတ်တမ်းတင်ထားကြသည်။
မဟာတာအိုက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ရွမ်ချုံ ဓားဖန်တီးသည့်အချိန်တွင်လည်း အကြောင်းအရာများက ကွဲပြားမှု မရှိနိုင်ပေ။ ထိုအရာက အတော်လေးကို ထူးဆန်း၏။ သူ၏ဓားဖန်တီးခြင်းဖြစ်စဉ်ကြောင့် နတ်ဆိုးများကသာ သက်ရောက်ခံရမည်ဟု ဆိုနိုင်သည်။ လူသားချီကျင့်ကြံသူများကတော့ သက်ရောက်ခံရခြင်း မရှိနိုင်ပေ။
အမှန်အတိုင်းပြောရလျှင် မြို့ငယ်လေးထဲတွင် အတော်လေး အားနည်းသော သာမန်လူသားများကပင် ရွမ်ချုံ ဓားဖန်တီးသည့် လှိုင်းလုံးများကြောင့် သက်ရောက်ခံရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်လည်း အင်မော်တယ်အဖွဲ့ပေါင်းများစွာ နေထိုင်သော တောင်ခြေဟူသည့် စကားလုံးမျိုး ပေါ်လာရခြင်းဖြစ်သည်။
‘တကယ်လို့ မင်းက တောင်တန်းထဲကို မဝင်နိုင်ဘူးဆိုရင် ကံကောင်းမှုတွေရဖို့ ခဲယဉ်းလိမ့်မည်။ ဒါပေမဲ့ အနည်းဆုံးတော့ မင်းက စိန်ခေါ်မှုတွေ စိတ်ဓာတ်ကျမှုတွေကိုတော့ ဖြေရှင်းနိုင်လိမ့်မယ်…’
ဥပမာအနေနှင့် ပြောရလျှင် လီကျူးသုခဘုံ၏ ကန့်သတ်ချက်များက သူတော်စင် ချီကျင့်ချွန်မှစ၍ လီဟွိုင်အထိ လူတိုင်းအပေါ် သက်ရောက်သည်။ လီကလန်၏ မျိုးနွယ်ခေါင်းဆောင်မှနေ၍ မြို့ငယ်လေးထဲတွင် ရှိနေသော သာမန်ချီကျင့်ကြံသူများ အားလုံးအထိပင် သက်ရောက်ခံရနိုင်၏။ ထိုအချိန်တွင် မြို့ငယ်လေးထဲ၌ နေထိုင်ကြသော သာမန်လူများကတော့ ထိုအရာများကို သတိမထားမိကြပေ။
ထို့နောက် မြို့ငယ်လေးထဲတွင် တိုးတိုးတိတ်တိတ် နေထိုင်ကြသော တစ်ကိုယ်တော်ကျင့်ကြံသူ (၁၀၀)နီးပါးခန့်က တောင်တန်းများထဲသို့ ခရီးသွားလာနေစဉ် အတောအတွင်း အချင်းချင်း ပဋိပက္ခ မြောက်များစွာ ဖြစ်ခဲ့ကြသည်။ အချင်းချင်း စကားလုံးများနှင့် တိုက်ခိုက်ခဲ့ပြီးနောက် သူတို့က သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြ၏။
သို့သော် တာ့လီအင်ပါယာ၏ နန်းတွင်းကတော့ အခြေအနေကို ပြေလည်စေရန် ဝင်ပါခဲ့ခြင်း မရှိပေ။ ထို တစ်ကိုယ်တော်ကျင့်ကြံသူများက တောင်တန်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း မရှိသရွေ့ သူတို့က မမြင်ချင်ယောင်ဆောင်ထားပါလိမ့်မည်။
ထိုအချိန်တွင် အဆင့်(၆) နတ်ဆိုးတစ်ယောက်က သတင်းပို့ရန် ထွက်သွားသော တိုင်းပြည်အရာရှိတစ်ယောက်ကို ပြဿနာရှာခဲ့၏။ ထိုနတ်ဆိုးက ရက်စက်ကြမ်းကြုတ်သော သူ၏သဘာဝကို ပြသခဲ့ပြီး လက်သီးနှင့် တိုက်ခိုက်ခဲ့ရသည့်အတွက် ထိုအရာရှိက ဆက်တိုက် သွေးအန်ခဲ့ရသည်။ တစ်ချိန်တည်းတွင် အရာရှိနှင့်အတူပါလာသော သိုင်းပညာရှင် ကိုယ်ရံတော်ကိုလည်း ဒဏ်ရာရအောင် လုပ်ခဲ့သေးသည်။
ထို့ကြောင့် ထိုကိစ္စကို စီရင်စုကြီးကြပ်သူဆီသို့ သတင်းပို့သော ဓားပျံတစ်ချောင်းက တောင်တန်းများ၏ မြောက်ဘက်တွင် ရှိနေသော စီရင်စုရုံးတော်အသစ်သို့ ရောက်သွားခဲ့သည်။ ထိုသတင်းကို ရသည့်အခါ စီရင်စုကြီးကြပ်သူ ဝူယွမ်ကိုယ်တိုင် ထိုနတ်ဆိုးကို သတ်ပစ်ရန် အမိန့်ပေးခဲ့၏။ ထိုအရာများအားလုံးက ၁၅ မိနစ်အတွင်း ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်။
စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် စီရင်စုရုံးတော်က မြို့ငယ်လေးထဲတွင် ရှိနေသော ကလန်ကြီးများမှ ကျင့်ကြံသူများ၊ မျိုးနွယ်ခေါင်းဆောင်များကို အကူအညီမတောင်းခဲ့ပေ။ သူတို့က စီရင်စုရုံးတော်၏ လက်အောက်တွင် ရှိနေသော တခြားနတ်ဆိုးများကိုလည်း ဆင့်ခေါ်အသုံးပြုခဲ့ခြင်း မရှိချေ။ ထိုအစား လက်ရွေးစင်ရဲမက် (၂၀၀) နှင့်အတူ ရှိနေသော အဆင့်မြင့်သိုင်းပညာရှင် ကိုယ်ရံတော် (၃) ယောက်ကိုသာ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
စစ်သူကြီးတစ်ယောက်၏ အမိန့်အောက်တွင် သူတို့က အဆင့်(၆)နတ်ဆိုး၏ အိမ်ကို ဝိုင်းထားခဲ့ကြသည်။ အမိုးစွန်း၏ အပြင်ဘက်တွင် ပတ်ပတ်လည်တွင် ရပ်နေသည်မှာ အလွန်ခွန်အားကြီးမားသော မြားသမားများ၊ ဒူးလေးသမားများစွာ ဖြစ်ကြသည်။ သူတို့၏လေးကို ဆွဲထားပြီး မြားများကလည်း အလုပ်သမားရေးရာဌာန လျှို့ဝှက်ရုံးတော်မှ ဖန်တီးထားသော အထူးမြားများ ဖြစ်ကြသည်။ အဆုံးတွင်တော့ သူတို့က အဆင့်(၆)နတ်ဆိုးကို နေအိမ်ထဲတွင် သတ်ပစ်နိုင်ခဲ့၏။
အလယ်မြေနတ်ဘုရား ကုန်းမြေကြီးတစ်ခုလုံးတွင် နာမည်ကျော်ကြားသော မိုးအတွေးအခေါ် ပညာရှင် တစ်ယောက် ဖြစ်သည့် ရှုယောင်နှင့် သူ၏ သစ္စာခံ လက်အောက်ငယ်သား တစ်ယောက်ဖြစ်သော လျှိုယုတို့က အမိုးစွန်း၏အနားတွင် ရပ်နေပြီး အရာအားလုံးကို စိုက်ကြည့်နေခဲ့သည်။ သူတို့က ဝင်ပါခြင်းမရှိသလို သူတို့၏အာဏာထက် ကျော်လွန်လုပ်ဆောင်ခဲ့ခြင်းလည်း မရှိပေ။
အမှန်အတိုင်းပြောရလျှင် မြို့ငယ်လေး၏ ပတ်ပတ်လည် တောင်တန်းများပေါ်တွင် ရှိနေသော ပြင်ပအင်အားစုများစွာကလည်း အဝေးမှနေ၍ ထိုတိုက်ပွဲကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့ကြ၏။ အကယ်၍ တာ့လီအင်ပါယာကသာ ထိုနတ်ဆိုးကို ဖျက်ဆီးရန်အတွက် အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်လိုက်မည်ဆိုလျှင် ကြည့်နေသူများ ထိတ်လန့်ရသည့် ခံစားမှုက ယခုထက် ပို၍ လျော့ကျသွားပါလိမ့်မည်။
စစ်ကျောင်းကျင့်ကြံသူဖြစ်သော ကိုယ်ရံတော်အများစုက တိုက်ပွဲပေါင်း (၁၀၀)ကျော် အတွေ့အကြုံရှိသော လက်ရွေးစင်ရဲမက်များနှင့်အတူ အစီအစဉ်တကျ လှုပ်ရှားတိုက်ခိုက်နိုင်ကြသည်။ သူတို့၏ တိုက်ခိုက်မှုက တည်ငြိမ်ပြီး ကြိုတင်တွက်ချက်ထားခြင်းဖြစ်၏။ သူတို့က အလွန်အစွမ်းထက်သော နတ်ဆိုးကို သေသေသပ်သပ်နှင့် ကျွမ်းကျင်ပိုင်နိုင်စွာ သတ်ပစ်နိုင်ခဲ့ခြင်းဖြစ်သည်။
သိုင်းပညာရှင် ကိုယ်ရံတော်များက တောင်တန်းထဲမှ ကျင့်ကြံသူများဖြစ်ပြီး လက်ရွေးစင်ရဲမက်များကတော့ တောင်တန်းအပြင်ဘက်မှ ကျင့်ကြံသူများဖြစ်ကြသည်။ ထိုသို့ဆိုရာတွင် ထိုနှစ်ဖွဲ့က လုံးဝကို တစ်သားတည်း ပေါင်းစပ်နိုင်ခဲ့ကြ၏။ ထိုအရာက တာ့လီအင်ပါယာ၏ ကြောက်စရာအကောင်းဆုံးအချက်လည်း ဖြစ်သည်။
……………
ယနေ့လေ့ကျင့်မှုက စိတ်ဝိညာဉ်ကိုသာ ပစ်မှတ်ထား၏။ သို့သော် ချန်းပင်အန်းကတော့ ပုံမှန်ထက်ပို၍ နာကျင်မှုများ ခံစားနေခဲ့ရသည်။ သူ့ကို စိမ်းပြာဝတ်ကောင်လေးက သယ်ဆောင်လာသည့်အချိန်တွင် သူ၏လက်နှင့် ခြေထောက်များက လှုပ်ရှားနေပြီး သူ၏ပါးစပ်ထဲမှနေ၍ အဖြူရောင်အမြှုပ်များ ထွက်လာနေသည်။
သူ့ကို ဝါးအဆောက်အအုံ၏ ပထမထပ်တွင် ရှိနေသော ဆေးရည်ဇလုံထဲတွင် ချထားပြီးသွားသည်အထိပင် သူ့အခြေအနေက တိုးတက်လာခဲ့ခြင်း မရှိချေ။ ချန်းပင်အန်း ဆေးရည်ဇလုံထဲမှ ထွက်လာခဲ့ပြီး အဝတ်အစားသစ်များ လဲပြီးသွားသည့်အချိန်တွင်တော့ ညနက်နေပြီဖြစ်သည်။
သူက လေပူများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီး အရက်အိုးကို ကိုင်လိုက်၏။ သူက ပျင်းရိစွာ အကြောဆန့်လိုက်ပြီးနောက် စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့၏ ကြားထဲတွင် ထိုင်ချလိုက်သည်။
သူက အရက်အိုးကို လှုပ်ခါနေခဲ့ပြီး သူ့ပုံစံက အနည်းငယ် တွေဝေနေသလို ခံစားနေရသည်။ သို့သော် သူက ပို၍ကောင်းလာသည်ဟု ခံစားရ၏။ ပထမဆုံးတစ်ကြိမ် သောက်ခဲ့သည့်အချိန်ကထက် ပို၍ကောင်းလာခဲ့သည်။
ချန်းပင်အန်းက အရက်ကို နည်းနည်းချင်းဆီ မှေး၍ သောက်နေခဲ့၏။ ထို့နောက် သူက မျက်မှောင်ကြုတ်၍ အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။ အရက်ကြောင့် အနည်းငယ် ရဲတင်းသွားသည့်အချိန်တွင် သူက မေးလိုက်၏။
“ငါက ဒီကမ္ဘာကြီးထဲမှာရှိတဲ့ ဓားအားဖြည့် ဘူးသီးခြောက်တွေအကြောင်းကို သိတယ်။ အဝတ်ထုပ်ဆိုင်မှာ ရောင်းစရာတစ်ခုခုမရှိဘူးလား…”
ကောင်လေးနှင့် ကလေးမလေးတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။
စိမ်းပြာဝတ်ကောင်လေးက သက်ပြင်းချပြီး ပြန်ဖြေလိုက်၏။
“ဆရာ…
ကျွန်တော်က ဆရာ့ကို မငှားပေးချင်တာ မဟုတ်ဘူး။ အဝတ်ထုပ်ဆိုင်က အဲဒီအရာကို ရောင်းမရောင်း အရင်ဆုံးစဉ်းစားရမှာ။ တကယ်လို့ သူတို့က ဓားအားဖြည့် ဘူးသီးခြောက်ကို ရောင်းမယ်ဆိုရင်တောင် ဆရာက တခြားသူတွေထက်အရင် သူတို့လက်ထဲကနေ ရနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ တကယ်လို့ ကျွန်တော့်ရဲ့ ကြွယ်ဝချမ်းသာမှုတွေအားလုံးကို ငွေကြေးနဲ့ လဲလိုက်မယ်ဆိုရင်တောင် သာမန်ဓားအားဖြည့် ဘူးသီးခြောက်တစ်ခု ဝယ်ဖို့မလုံလောက်သေးဘူး…”
“အဲဒါတွေက ဒီလောက်တောင် ဈေးကြီးတာလား…”
ချန်းပင်အန်းက အနည်းငယ် ထိတ်လန့်စွာ မေးလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။
“အဲဒါတောင် ဈေးအကြီးဆုံး ဓားအားဖြည့် ဘူးသီးခြောက် မဟုတ်သေးဘူး။ ဒီထက်ပိုပြီးတော့ ဈေးကြီးတဲ့ ဓားအားဖြည့် ဘူးသီးခြောက်တွေလည်း ရှိနေသေးတယ်။ အမှန်အတိုင်းပြောရရင် အလယ်ဘုံ(၅)ဆင့်မှာရှိတဲ့ ချီကျင့်ကြံသူတွေကတောင် အဲဒီတန်ဖိုးကို မြင်တဲ့အချိန်မှာ နာကျင်သွားရနိုင်တယ်..”
စိမ်းပြာဝတ်ကောင်လေးက မတ်တပ်ရပ်ပြီး ပို၍လေးနက်သောအမူအရာနှင့် ရှင်းပြလိုက်၏။
“ကျွန်တော့်ရဲ့ညီအစ်ကို တော်ဝင်မြစ်ရဲ့ မြစ်နတ်ဘုရားကိုပဲ စဉ်းစားကြည့်လိုက်။ သူ့အတွက် အကြီးမားဆုံးရည်မှန်းချက်က ဘယ်ဘက်လက်ထဲမှာ ဓားအားဖြည့် ဘူးသီးခြောက်တစ်ခုကိုကိုင်ပြီး ညာဘက်လက်ထဲမှာ နောက်ထပ် ဓားအားဖြည့် ဘူးသီးခြောက်တစ်ခု ကိုင်ထားဖို့ပဲ။ သူက ဓားကျင့်ကြံသူတစ်ယောက် မဟုတ်ပေမဲ့ မောက်မာတဲ့ ဓားကျင့်ကြံသူတွေကို ဒေါသထွက်ပြီး သေသွားစေချင်နေတယ်…”
“ဒါပေမဲ့ အခုချိန်ထိတောင် သူက တော်တော်လေး အရည်အသွေးနိမ့်တဲ့ ဓားအားဖြည့် ဘူးသီးခြောက်တစ်ခုပဲ ဝယ်နိုင်ခဲ့တယ်။ အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းကတော့ သူက ငွေသုံးတဲ့အချိန်မှာ လုံးဝစည်းကမ်းမရှိလို့ပဲ။ သူက ကောင်းကင်မိန်းမပျို တစ်ယောက်တည်းအတွက်တောင် နှစ်ပေါင်း (၄၀၀) ကနေ နှစ်ပေါင်း (၅၀၀) အထိ စုဆောင်းထားတဲ့ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုတွေအားလုံးကို သုံးပစ်ခဲ့တယ်။ သူ သဘောကျနေတဲ့ ကောင်းကင်မိန်းမပျိုတွေ အများကြီးရှိတယ်။ သူက အဲဒီမိန်းမပျိုတွေအတွက် ငွေတွေ အများကြီး သုံးချင်နေခဲ့တာ။ မိန်းကလေးတွေက ပြဿနာတွေပဲ ယူပေးနိုင်တယ်လေ…”
“ပြောရမယ်ဆိုရင်တော့ ဆရာက တော်တော်လေး ကံကောင်းတဲ့ လူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ ဆရာက မိန်းကလေးတွေနဲ့ ကံဇာတာ မရှိဘူး။ ဒီတော့ အဲဒီကိစ္စတွေကို စိုးရိမ်နေဖို့မလိုဘူး…”
ပန်းရောင်ဝတ် ကလေးမလေးက အလျင်အမြန် ပြန်ပြောလိုက်၏။
“ဒါလည်း မဟုတ်သေးဘူး။ အစ်မကြီးရွမ်က ဆရာ့ကို သဘောကျတယ်လေ…”
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။
“ရွမ်ရှို့က မိန်းမကောင်းလေးတစ်ယောက်ပါပဲ။ သူက ငါ့ကို သဘောကျဖို့ မဖြစ်နိုင်ဘူး။ ဒီလိုအရာမျိုးကို မဆင်မခြင်မပြောနဲ့။ မဟုတ်လို့ အစ်မကြီးရွမ် ဒေါသထွက်သွားရင် ငါတောင် မင်းတို့ကို ကူညီပေးနိုင်မှာမဟုတ်ဘူး…”
ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ချန်းပင်အန်းက အနည်းငယ် ထိတ်လန့်သွားသလို ခံစားခဲ့ရသည်။ ဓားအားဖြည့် ဘူးသီးခြောက်က ထိုမျှ ဈေးကြီးနေခဲ့၏။ ထိုသို့ဆိုမှတော့ သူ တောင်တန်းထဲမှ ထွက်သွားသည့်အချိန်တွင် ဆက်သွယ်ရေးစခန်းသို့ ချက်ချင်းသွားပြီး လီပေါင်ဖျင်ကို စာတစ်စောင် ပို့ရမည်ဖြစ်သည်။
သူမ၏ငွေရောင် ဓားအားဖြည့် ဘူးသီးခြောက်ကို သေချာစောင့်ရှောက်ပြီး မပျက်စီးအောင် တန်ဖိုးထားရန် သူမကို ပြောရဦးမည်ဖြစ်သည်။ သူက ထိုကလေးမလေး၏ ပျော်ပျော်နေတတ်သော သဘာဝကို ကောင်းကောင်းကြီး နားလည်ထားသည်။ ထို့ကြောင့် သူမက တစ်နေ့နေ့ တောင်တန်းများပေါ်၌ ပြေးလွှားနေသည့်အချိန်တွင် ဘူးသီးခြောက်လေးကို ဝှေ့ယမ်းပြီး လျှောက်သွားနေရင်း မတော်တဆ လက်ထဲမှလွှတ်ပြီး အဝေးကို ရောက်သွားနိုင်သည်။
ကလေး(၂)ယောက်က အချင်းချင်း ကြည့်လိုက်မိကြပြီး အတတ်နိုင်ဆုံး ပါးစပ်ကို ထိန်းထားရန် ကြိုးစားနေကြ၏။
ချန်းပင်အန်းက ထိုအကြောင်းကို ခဏကြာ စဉ်းစားနေခဲ့ပြီး ထပ်ဖြည့်ပြောလိုက်သည်။
“ရွမ်ရှို့က သာမန်လူတွေနဲ့မတူဘူး။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာတော့ ငါလည်း သေချာမပြောနိုင်ဘူး။ တကယ်လို့ သူက ငါ့ကို သဘောကျတယ်လို့ ပြောရမယ်ဆိုရင် ငါလည်း သူ့ကို သဘောကျတာပဲလေ။ ဒါပေမဲ့ ဒီလိုသဘောကျတယ်ဆိုတာက မင်းတို့နှစ်ယောက် တွေးနေတာနဲ့ မတူဘူး…”
စိမ်းပြာဝတ်ကောင်လေးက အတော်လေးကို စိတ်သက်သာရာရသွားသလို ခံစားခဲ့ရသည်။ မဟုတ်လျှင် စကားများများ မပြောတတ်သော သက်လတ်ပိုင်းအရွယ် လူကြီးက ဒေါသထွက်ပြီး လော်ပိုတောင်ကို ရောက်လာကာ လက်သီးတစ်ချက်တည်းနှင့် ချန်းပင်အန်းကို သတ်ပစ်လိုက်မှာ သူလည်း စိုးရိမ်နေခဲ့သည်။
ထိုအချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးကတော့ အနည်းငယ် စိတ်ပျက်သွားသလို ခံစားခဲ့ရ၏။ သူမက သူမ၏ဆရာကို သဘောကျသည်။ အစ်မကြီးရွမ်ကိုလည်း သဘောကျ၏။ အကယ်၍ သူမ သဘောကျသော လူနှစ်ယောက်ကသာ အချင်းချင်း သဘောကျနိုင်မည်ဆိုလျှင် အလွန်အံ့ဩစရာကောင်းနိုင်သည် မဟုတ်ပေလော။ ထိုသို့ဆိုလျှင် သူမ၏ဆရာက မည်သူဖြစ်လာမည်နည်း။
သူမ၏ဆရာက တခြားမိန်းကလေးတစ်ယောက်ကို တိတ်တဆိတ် သဘောကျနေကြောင်း ပန်းရောင်ဝတ် ကလေးမလေးက သိနေသည်။ ဥပမာအနေနှင့် ပြောရလျှင် သူမက ယခု သူ့ကို ခိုးကြည့်နေပြီး သူ့မျက်လုံးထဲကို စိုက်ကြည့်လိုက်သည့်အချိန်တွင် သူက ထိုမိန်းကလေးအကြောင်းကို စဉ်းစားနေကြောင်း သေချာပြောနိုင်၏။
ချန်းပင်အန်း၏စိတ်က ကီလိုမီတာသောင်းပေါင်းများစွာ အဝေးတွင် ရှိနေသော နေရာတချို့ကို လှည့်ပတ်စဉ်းစားနေမိခဲ့သည်။ ထိုအရာက တောင်တန်းများကဲ့သို့ မျက်ခုံးရှိနေသော မိန်းကလေးတစ်ယောက်၊ အလွန်လှပပြီး ကောင်းမွန်သော မိန်းကလေးတစ်ယောက်လည်း ဖြစ်၏။
သူမက ရွှံ့ပုလင်းလမ်းကြားထဲရှိ ပျက်စီးနေသော အိမ်ငယ်လေးထဲ၌ တိတ်တဆိတ် ထိုင်နေသည့်အချိန်တွင်ပင် လူငယ်လေးကို အနာဂတ်အတွက် မျှော်လင့်ချက်များ ပေးနိုင်ခဲ့သည်။ သို့သော် ထိုမိန်းကလေးကို သဘောကျခြင်း မကျခြင်းက သူ့ကိစ္စသာဖြစ်ပြီး သူမက သူ့ကို ပြန်၍သဘောကျခြင်းမကျခြင်းက သူမ၏ကိစ္စသာ ဖြစ်သည်။
မည်သို့ဖြစ်စေကာမူ ချန်းပင်အန်းကတော့ သူ၏ခံစားမှုများကို သူမ သိအောင် ပြောသင့်သည်ဟု ခံစားမိခဲ့၏။ သူမက ထွက်သွားပြီးသော်လည်း သူ့ကို ပြန်လာနှုတ်ဆက်ရန် လိုအပ်သည်ဟု ရုတ်တရက် ခံစားခဲ့ရသလိုမျိုး ဖြစ်သည်။ သူမက ဓားနှင့်အတူ ပြန်လာခဲ့ပြီး သူ့ကို ကိုယ်တိုင် နှုတ်ဆက်ခဲ့သည်။
သူက ဘဝတစ်လျှောက်လုံး မိန်းကလေးတစ်ယောက်တည်းကိုသာ သဘောကျမည်ဟု ချန်းပင်အန်းက မပြောရဲပေ။ သို့သော် တစ်ချိန်တည်းတွင်တော့ မိန်းကလေး(၂)ယောက်ကို သေချာပေါက် သဘောမကျနိုင်ပေ။ ထို့ကြောင့် သူက တစ်ယောက်တည်း အဝေးကို ခရီးသွားချင်နေခဲ့၏။ ထိုအရာက သူတစ်ယောက်တည်း တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြင်းပြသလို ခံစားနေရခြင်းလည်းဖြစ်သည်။
…………
နောက်တစ်နေ့ လေ့ကျင့်မှုမစခင် ဓားသိုင်းလေ့ကျင့်ရန် ကောင်းမွန်သော ဓားကျင့်စဉ်တစ်ခု ရှာဖွေ၍ရမရ ချန်းပင်အန်းက မေးမြန်းခဲ့သည်။ ထိုစကားကို ကြားသည့်အခါ အဘိုးအိုက ဒေါသထွက်သွားခဲ့၏။ ပထမတွင် သူက ချန်းပင်အန်း၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရန် စဉ်းစားထားရာမှ စိတ်ဝိညာဉ်ကိုသာ လေ့ကျင့်ပေးရန် ပြောင်းလဲစီစဉ်ခဲ့သည်။
လေ့ကျင့်မှုမစခင် သူက ချန်းပင်အန်း၏ လေ့ကျင့်မှုရလဒ်ကို စမ်းသပ်မည်ဟူသော ဆင်ခြေပေး၍ ထိုလူငယ်လေးနှင့် လက်ရည်စမ်း၍ တိုက်ခိုက်ခဲ့သေးသည်။ နတ်ဘုရားဗုံတီးခြင်းကျင့်စဉ်ကိုသုံးပြီး သူက လက်သီးချက်(၂၅)ချက် ထိုးခဲ့သည့်အတွက် ချန်းပင်အန်းက ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေခဲ့ပြီး အော်ဟစ်ငိုကြွေးလုမတတ် ဖြစ်ခဲ့ရ၏။
ချန်းပင်အန်းက ဝါးကြမ်းခင်းပေါ်တွင် မသေမရှင်ပုံစံနှင့် လှဲနေခဲ့ရ၏။ သူက ဆိုးဆိုးဝါးဝါး သေသွားရတော့မည်ဟု တွေးမိခဲ့သော အကြိမ်ပေါင်းများစွာပင် ရှိနေခဲ့သည်။
အဘိုးအိုက သူ့ကိုငုံ့ကြည့်ပြီး ခနဲ့သလို ပြောလိုက်၏။
“လူတစ်ယောက်ရဲ့လောဘက ဆင်တစ်ကောင်ကို ဝါးမျိုဖို့ ကြိုးစားနေတဲ့ မြွေတစ်ကောင်လိုပဲ။ မင်းက အခုချိန်ထိ လက်သီးသိုင်းကို မကျွမ်းကျင်သေးဘူး။ ဒါတောင် မင်းက ဓားသိုင်းကို အာရုံစိုက်ချင်နေသေးတာလား…”
ချန်းပင်အန်း၏ မျက်နှာပေါ်တွင် သွေးများပြည့်နှက်နေသည့်အတွက် မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူ့ဆီတွင် ဝမ်းနည်းနေသည့် ခံစားချက်များ ပြည့်နှက်နေပြီး ချောင်းဆိုး၍ အက်ရှရှလေသံနှင့် ပြောလိုက်၏။ “ကျွန်တော်လက်သီးသိုင်းကို ကျွမ်းကျင်သွားမှပဲ ဓားသိုင်းကို ဘယ်လိုလေ့ကျင့်သင့်လဲဆိုတာ မေးချင်တာပါ…”
ထိုစကားကို ကြားသည့်အခါ အဘိုးအိုက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ လူငယ်၏ မျက်လုံးထဲတွင် ဒေါသအငွေ့အသက်များကို မြင်လိုက်ရသည့်အခါ သူက အိုးတိုးအမ်းတမ်း ပြုံးလိုက်ပြီး ခြေထောက်နှင့် တစ်ချက်တည်းကန်၍ သတိလစ်သွားအောင် လုပ်ဆောင်လိုက်သည်။
လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖိနှိပ်သည့်အချိန်တွင် သတိလစ်ခြင်း၊ မလစ်ခြင်းက ကိစ္စမရှိပေ။ ထိုညတွင်တော့ ဆေးရည်ဇလုံထဲမှ ထွက်လာပြီး အင်္ကျီလဲပြီးသွားသည့် အချိန်တွင် ချန်းပင်အန်းက ပထမထပ်တွင် ရပ်၍ ဒုတိယထပ်တွင် ရှိနေသော အဘိုးအိုကို ကျိန်ဆဲနေခဲ့သည်။
သူ၏မျက်နှာအမူအရာက အလွန်သိသာနေပြီး သူက ဒေါသထွက်နေသည့် ပုံစံနှင့် အံကြိတ်ထားခဲ့၏။ ထို့ပြင် သူက ကျိန်ဆဲမှုများကို ထိန်းချုပ်ထားခဲ့ခြင်း မရှိချေ။ ထိုအရာက ရွှံ့ပုလင်းလမ်းကြားထဲတွင် ကြီးပြင်းလာခဲ့သော ဆင်းရဲနွမ်းပါးသည့် လူငယ်လေးဆီမှ မျှော်လင့်ထားနိုင်သည့် အရာတစ်ခုလည်း ဖြစ်၏။
စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ်ကလေးမလေးတို့ကတော့ သူ့ဘေးတွင် ထိုင်နေကြပြီး နေကြာစေ့စားနေကြ၏။ အမှန်အတိုင်းပြောရလျှင် ယခု စိမ်းပြာဝတ်ကောင်လေးကပင် သူ့ဆရာကို စတင်လေးစားလာခဲ့ရ၏။ တခြားအရာများကို မပြောနှင့် ။ သိပ်မကြာခင် အတောအတွင်း အဘိုးအိုနှင့် လေ့ကျင့်ခဲ့သော အရာများကြောင့် သူ့ဆရာ၏သတ္တိနှင့် အငွေ့အသက်များက အမှန်တကယ်ကို တိုးတက်လာခဲ့ရသည်။
ထို့နောက် ချန်းပင်အန်းက ဝါးထိုင်ခုံတစ်ခုတွင် ထိုင်ပြီး အရက်သောက်နေခဲ့၏။ သူက ကျန်ရှိနေသော အရက်အိုးတစ်ဝက်ကို မော့သောက်ပစ်လိုက်လေသည်။
Translated by Hein Htet.