← Chapters

အခန်း (၂၁၂)

Vol. 15 Ch. 212

အခန်း (၂၁၂)

Vol. 15 Ch. 212

လူငယ်လေး၏ လက်ဖဝါးပေါ်တွင် ရှိနေသော မြစိမ်းရောင်ဓားလေးကို ဆယ့်ငါး ဟု ခေါ်သည်။ ထိုဓားကို နာမည်ပေးခဲ့သည့်သူက သူ့ထက်ပင် ပို၍ ဆိုးရွားနေသည်ဟု ချန်းပင်အန်းက ခံစားမိခဲ့၏။

ယခု သူ၏အရေပြားထဲသို့ အနည်းငယ် စိမ့်ဝင်လာသော အငွေ့အသက်တစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ သို့သော် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီးနောက် ထိုအငွေ့အသက်က ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသွားစေနိုင်သော အနွေးဓာတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

အဆုံးတွင်တော့ ထိုအရာက ရပ်တန့်သွားခဲ့ပြီး မူလတုန်းက ဓားချီစွန်းအင်အမျှင်လေးတစ်ခု နေထိုင်ခဲ့သော သွေးကြောမှတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ဓားပျံလေးက အလွန်ကျယ်ဝန်းသော စံအိမ်ထဲတွင် လှည့်ပတ်ပျံသန်းနေခဲ့၏။ သူက ငွေရောင်ဓားငယ်လေး နေထိုင်သော သွေးကြောမှတ်ကဲ့ နေရာတစ်ခုကို ယူဆောင်ထားခြင်း ဖြစ်သည်။

အဘိုးကြီးယန်က မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီး ခေါင်းညိတ်၍ ပြောလိုက်၏။

“ဒါတော့ ငါလည်း မထင်ထားဘူး။ ကြည့်ရတာတော့ ဒီဓားက မင်းနဲ့ရေစက်ရှိတယ်ထင်တယ်။ ပုံမှန်ဆိုရင် ကိစ္စတွေက ဒီလောက်ထိ ချောချောမွေ့မွေ့ မဖြစ်သင့်ဘူးလေ။ နဂိုတုန်းကတော့ ငါက မင်းအတွက် ဒီဓားလေးကို ဖိနှိပ်ပေးဖို့ အစီအစဉ်ရှိတယ်။ ဒီဓားကို မင်းရဲ့သွေးကြောမှတ်ထဲ အတင်းအကျပ် ထည့်ပြီးသွားရင် မင်းက ဒီဓားကို သိမ်းသွင်းနိုင်စွမ်း ရှိမရှိဆိုတာကတော့ မင်းရဲ့ ဇွဲလုံ့လအပေါ်ပဲ မူတည်လိမ့်မယ်…”

အဘိုးအိုက အလွန်လျှို့ဝှက်ဆန်းကြယ်သော သူ၏အစွမ်းကို အသုံးပြုပြီး ချန်းပင်အန်း၏ သွေးကြောမှတ်ထဲတွင် ရှိနေသော ဓားပျံလေးကို စောင့်ကြည့်နေခဲ့သည်။

ခဏကြာ တွေဝေနေပြီးနောက် သူက မေးလိုက်၏။

“ငါစိတ်ဝင်စားနေတဲ့ အရာတစ်ခု ရှိတယ်။ ဒါ့ကြောင့် ငါ မင်းကို မေးခွန်းနှစ်ခု မေးချင်တယ်။ တကယ်လို့ မင်းက မဖြေချင်ဘူးဆိုရင် အဲဒီမေးခွန်းတွေကို ဖြေစရာမလိုဘူး…”

“ချန်းပင်အန်း…

မင်းက လက်သီးသိုင်းကို လေ့ကျင့်နေတာ အရမ်းကြာပြီ။ ဒါပေမဲ့ အခုမှ သိုင်းပညာ အဆင့်(၃)ကိုပဲ ရောက်သေးတယ်။ မင်းက စိုးရိမ်နေလား။ ပြီးတော့ မင်းက လက်သီးသိုင်းကို လေ့ကျင့်တဲ့အချိန်မှာ ဒီနေ့ထိ ဆက်ပြီး လေ့ကျင့်နိုင်အောင် ဘယ်အရာက မင်းကို တွန်းအားပေးထားတာလဲ…”

“တစ်ခါတစ်လေတော့ ကျွန်တော်လည်း စိုးရိမ်မိတယ်။ ဒါပေမဲ့ စိုးရိမ်နေတာက အခြေအနေကို တိုးတက်အောင် မလုပ်ပေးနိုင်ဘူးဆိုတာလည်း ကျွန်တော် သိတယ်..”

ချန်းပင်အန်းက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“ဒါက ကြွေထည်လုပ်တဲ့ပုံစံနဲ့ အတူတူပဲ။ ပိုပြီးတော့ စိုးရိမ်လေလေ၊ ပိုပြီးတော့ အလျင်လိုလေလေ အမှားလုပ်မိဖို့ ပိုပြီးလွယ်လေလေပဲ။ ဒါ့ကြောင့် ကျွန်တော်က ဒီအခြေအနေကို မစဉ်းစားမိအောင် ကြိုးစားတယ်။ ဒါပေမဲ့ တစ်ခါတလေတော့ အဲဒီအတွေးတွေကို တားဆီးဖို့ လုံးဝမဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ကျွန်တော်က စိတ်ကို လုံးဝရှင်းထားပြီး မသိစိတ်အတိုင်းပဲ လမ်းလျှောက်ကျင့်စဉ်ကို လေ့ကျင့်တယ်။ ဒါမှမဟုတ် ကျွန်တော်က ကွင်းပြင်ကြီးတစ်ခုကို သွားပြီး မတ်တပ်ကျင့်စဉ်ကို လေ့ကျင့်တယ်။ တကယ်လို့ အဲဒီနည်းလမ်းတွေတစ်ခုမှ အလုပ်မဖြစ်ဘူးဆိုရင် ကျွန်တော်က စာဖတ်တာတွေ၊ စာရေးလေ့ကျင့်တာတွေ လုပ်တယ်။ တကယ်လို့ အဲဒါတောင် အဆင်မပြေသေးဘူးဆိုရင်တော့ ကျွန်တော်က စိတ်ကို ဒီအတိုင်းပဲ လွှတ်ထားပေးလိုက်တယ်။ ဥပမာအနေနဲ့ ပြောရရင် လက်ရှိ ကျွန်တော့်ဆီမှာ ငွေဘယ်လောက်ရှိလဲ ဆိုတဲ့အရာကို စဉ်းစားသလိုမျိုးပေါ့…”

ချန်းပင်အန်း၏အသံက တိုးသွားခဲ့ပြီး သူက အနည်းငယ် ရှက်ရွံ့သွားမိခဲ့သည်။

အဘိုးကြီးယန်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ပြောလိုက်၏။

“မင်းက ဒုတိယမေးခွန်းကို ဆက်ပြီးတော့ ဖြေလို့ရတယ်…”

ချန်းပင်အန်းက ခါးကို မတ်မတ်ထားလိုက်ပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် ကြိုးစားခဲ့ခြင်း မရှိချေ။ အမှန်အတိုင်း ပြောရလျှင် သူက မည်သည့်အရာကိုမျှ ဖုံးကွယ်ထားလိုခြင်းလည်းမရှိချေ။ သူက အိမ်တွင် တန်ဖိုးအရှိဆုံး ရတနာတစ်ခုကို ကြွားနေသည့် သူဆင်းရဲတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူ့ဆီတွင် ကျိုးကြောင်း ဆီလျော်မှုမရှိသော ယုံကြည်ချက်များ ပြည့်နှက်နေခဲ့၏။

သူက ဆက်ပြောလိုက်သည်။

“ကျွန်တော်က ပန်းထိုးမြစ်ပေါ်မှာ လူတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ပြီး ကိစ္စတစ်ခုကိုတော့ တော်တော်လေး ယုံကြည်ချက်ရှိလာတယ်။ အဲဒါကတော့ ကျွန်တော် မှန်တယ်လို့ ခံစားမိတဲ့အချိန်မှာ ကျွန်တော့်ရဲ့လက်သီးချက်တွေက ဘယ်သူရန်သူမျိုးကို ရင်ဆိုင်ရတဲ့အချိန်ပဲဖြစ်ဖြစ် တော်တော်လေး မြန်လာနိုင်တယ်။ နောက်ပိုင်း လက်သီးချက်တွေက အရမ်းမြန်လာလိမ့်မယ်…”

“အရမ်းကို မြန်သွားမှာလား…”

အဘိုးကြီးယန်က မေးလိုက်သည်။

“တကယ်လို့ ငါက မင်းကို အကြိမ်(၁)သောင်း ဒါမှမဟုတ် အကြိမ်(၁)သိန်းလောက် လက်သီးနဲ့ ထိုးခွင့်ပေးမယ်ဆိုရင်တောင် မင်းက ငါ့အင်္ကျီစကို ထိအောင် လုပ်နိုင်မှာလား…”

ချန်းပင်အန်းက စိတ်ပျက်သွားခြင်းမရှိဘဲ သူ့စိတ်ထဲကအတိုင်း ပြန်ဖြေလိုက်သည်။

“ကျွန်တော်က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ပဲ ယှဉ်ပြိုင်မယ်။ ကျွန်တော်က ကိုယ့်ရဲ့အစွမ်းကို ကျေနပ်သွားမှပဲ တခြားသူတွေနဲ့ ယှဉ်ပြိုင်မယ်…”

“အင်း ဒီစိတ်ထားကလည်း မင်းအတွက် မမှားပါဘူး…”

အဘိုးကြီးယန်က မှတ်ချက်ပေးလိုက်သည်။

မာခူရွှမ်က မြို့ငယ်လေးထဲမှာ လူငယ်လေးတစ်ယောက်ဖြစ်သည်။ သို့သော် သူ၏လမ်းကြောင်းကတော့ အစွန်းရောက်ခြင်းကို ဦးတည်နေခဲ့၏။ သူ လျှောက်လှမ်းနေသည့် အရာကတော့ အကြွင်းမဲ့ လွှမ်းမိုးမှုနှင့် အဆင့်အတန်းတစ်ခု ဖြစ်သည်။ သူက သူတို့မျိုးဆက်၏ ခေါင်းဆောင်တစ်ယောက်ဟူသော နေရာကို လိုချင်နေခြင်း ဖြစ်သည်။

ထိုအရာကလည်း သူက အလွန်မောက်မာနေခြင်းကြောင့် မဟုတ်ချေ။ ထိုအစား သူ၏ပါရမီနှင့် အရည်အချင်းက အလွန်မြင့်မားနေခြင်းကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ထိုအရာက သူ၏မြင့်မားလွန်းလှသော ပါရမီကို ဖော်ပြနေသည်ဟု တွေးနေစရာ မလိုတော့ပေ။ ထိုအရာက ကောင်းကင်ပေါ်မှ ပေးအပ်သော ကံကောင်းမှုတစ်ခုဖြစ်ပြီး အကယ်၍ သူကသာ ထိုအရာကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ခြင်း မရှိလျှင် ဆိုးကျိုးများသာ ခံစားရပါလိမ့်မည်။

အစောပိုင်းလေးတွင်မှ သူ၏ကျောက်စိမ်းဆံထိုးကို ဖြုတ်ပေးခဲ့သော ဆင်းရဲနွမ်းပါးသည့် လူငယ်လေးကတော့ စလာကတည်းက လုံးဝမတူညီသော လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနေခြင်းဖြစ်သည်။ သူ့ကို ကြည့်လိုက်သည့်အချိန်တွင် ထူးခြားမှုများ မရှိပေ။ သူ့ကို အကြိမ်ပေါင်းမည်မျှကြည့်စေကာမူ ထူးခြားသည့်လက္ခဏာမျိုး လုံးဝမရှိဘဲ သာမန်အရည်အချင်းသာရှိသည်ဟု အဆုံးသတ်သွားပါလိမ့်မည် မည်သို့ဖြစ်စေကာမူ ထိုလမ်းကြောင်းက အလွန်ရူးမိုက်ပြီး သနားစရာကောင်းသည်ဟု ခံစားမိကြပါလိမ့်မည်။ ထိုအရာကလည်း ကောင်းသော အရာတစ်ခုကို ယူဆောင်ပေးနိုင်၏။ အဆုံးတွင်တော့ လူအများက သူ့ကို အလေးမထားတော့ပေ။

အဘိုးကြီးယန်က အလွန်လေးနက်သော အမူအရာနှင့် ပြောလိုက်သည်။

“ငါက ဆယ့်ငါး ကို ထိန်းချုပ်ဖို့အတွက် မန္တန်နှစ်ခု သင်ပေးမယ်။ မန္တန်တစ်ခုကတော့ သူ့ရဲ့ ဓားအဆီအနှစ်တွေကို အားဖြည့်ဖို့အတွက် သုံးလို့ရတယ်။ မန္တန်တစ်ခုကတော့ သူ့ရဲ့အိတ်ဆောင်ရတနာကို အဖွင့်အပိတ်လုပ်ဖို့ သုံးလို့ရတယ်…”

“တကယ်လို့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲမှာဓားပျံနှစ်လက်ကို တပြိုင်နက်တည်း အားဖြည့်လိုက်မယ်ဆိုရင် သူတို့က အချင်းချင်း မတိုက်ခိုက်နိုင်ကြဘူးလား..”

ချန်းပင်အန်းက အရင်ဆုံး မေးလိုက်သည်။

အဘိုးကြီးယန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“ရွမ်ချုံလည်း အသက်ဓားပျံနှစ်ချောင်း ပိုင်ဆိုင်ထားတယ် မဟုတ်ဘူးလား။ အမှန်အတိုင်း ပြောရရင် သူက နှစ်ချောင်းပဲ ပိုင်ဆိုင်ထားတယ်ဆိုတာ အဲဒီအရာတွေက ဓားဖန်တီးဖို့နဲ့ တာအိုလမ်းကြောင်းကို လျှောက်လှမ်းဖို့အတွက် လိုအပ်လို့ပဲ။ သူ့ဆီမှာ အရမ်းရှားပါးတဲ့ ပစ္စည်းတွေလည်း အများကြီး လိုအပ်နေသေးတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကလည်း တစ်စိတ်တစ်ပိုင်းပဲပေါ့။ မဟုတ်ရင် သူ့ရဲ့ပါရမီနဲ့ ကြွယ်ဝချမ်းသာမှုအရ နောက်ထပ် အသက်ဓားပျံနှစ်ခုကိုတောင် အလွယ်တကူ အားဖြည့်နိုင်တယ်…”

“အသက်ဓားပျံတွေနဲ့ ပတ်သက်လာတဲ့အချိန်မှာ အရေးကြီးဆုံးအရာကတော့ ရေစက်ပဲ။ တကယ်လို့ အချိန်မကျသေးဘူးဆိုရင်တော့ လူတစ်ယောက်က နှစ်ပေါင်း(၁၀၀)လောက် ကြိုးစားအားထုတ်မယ်ဆိုရင်တောင် ဓားပျံတစ်လက်ရဖို့ မဖြစ်နိုင်ဘူး။ တကယ်လို့ အချိန်ကျလာပြီဆိုရင်တော့ ဘယ်လောက်ပဲ တားဆီးနေစေကာမူ ဓားပျံတစ်လက် ရလာမှာပဲ…”

“ဓားပျံတွေက သာမန်လက်နက်တွေလို မဟုတ်ဘူး။ ပိုပြီးတော့များများရှိလေလေ ပိုပြီးတော့ဆိုးကျိုးများလေလေပဲ။ ဓားကျင့်ကြံသူတွေရဲ့ အဆုံးစွန်သော အခြေအနေကတော့ ဓားတစ်လက်တည်းနဲ့ ကျင့်စဉ်တွေအားလုံးကို ဖျက်ဆီးပစ်ဖို့ပဲ။ ဘာလို့ ဓား(၂)လက် ဓား(၃)လက် လိုအပ်မှာလဲ။ ဒါကြောင့်လည်း ထိပ်ပိုင်းကို ရောက်သွားတဲ့ ဓားကျင့်ကြံသူတွေက သူတို့နဲ့ ဆက်သွယ်ထားတဲ့ အသက်ဓားပျံတစ်လက်ရှိရင် လုံလောက်ပြီ။ ပိုပြီးတော့ များများရှိတာက သူတို့အတွက် အတားအဆီးတစ်ခုပဲ ဖြစ်လာနိုင်တယ်…”

“ဒါပေမဲ့ မင်းကတော့ လက်သီးသိုင်းကို လေ့ကျင့်နေတယ်ဆိုတာ အသက်ရှင်ခွင့်ရဖို့ပဲ။ ဒါပေမဲ့ မင်းက ဘာ့ကြောင့် ဓားသိုင်းလေ့ကျင့်ဖို့ လိုအပ်တာလဲ။ ငါကတော့ အဲဒီအရာတွေကို စဉ်းစားမနေတော့ဘူး။ တောင်တန်းတွေ ၊ အင်မော်တယ်ရတနာတွေနဲ့ တခြားပစ္စည်းတွေလိုပဲ မင်းကသူတို့ကို ကြေးပြားတွေလို တန်းတူ သတ်မှတ်လို့ရတယ်။ ဘယ်သူကရော ငွေတွေအများကြီးရှိနေလို့ဆိုပြီး စဉ်းစားနေကြလို့လဲ…”

ချန်းပင်အန်းက အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သူက ခေါင်းငုံ့ပြီး မေးလိုက်၏။

“ဆယ့်ငါး ရဲ့ အတွင်းထဲမှာရှိတဲ့ နေရာက ဘယ်လောက်ကြီးလဲ။ ကျွန်တော်က အတွင်းထဲမှာ ပစ္စည်းဘယ်လောက်များများ ထည့်လို့ရလဲ…”

အဘိုးကြီးယန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“အဲဒီလေဟာနယ်ရဲ့ အရှည် ၊ အကျယ်နဲ့ အမြင့်က မင်းရဲ့ သစ်သားဓား အရှည်နဲ့ အတူတူပဲ။ အရမ်းမသေးဘူး။ ဒါက သာမန်အိတ်ဆောင်ရတနာအများစုထက်တော့ နည်းနည်းလေး ပိုပြီးတော့သာတယ်။ မင်းက အတွင်းထဲမှာ ရွှေတွေ ၊ ငွေတွေ တောင်ပုံ ယာပုံတော့ ထည့်လို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ မင်းက ခရီးသွားတဲ့အချိန် ဝါးခြင်းတောင်းကြီးတစ်ခုထဲမှာ သယ်ဆောင်ဖို့ လိုအပ်တဲ့ ပမာဏတော့ ထည့်လို့ရတယ်…”

“ဒါပေမဲ့ တစ်ခုတော့ သေချာမှတ်ထားပါ။ ဒီအိတ်ဆောင်ရတနာထဲကို သက်ရှိပစ္စည်းတွေ ထည့်လို့မရဘူး။ ဥပမာအနေနဲ့ ပြောရရင် မင်းရဲ့ပထမ ဆိုတဲ့ ဓားငယ်လေးပဲ။ တကယ်လို့ မင်းကသာအဲဒီအရာကို အတင်းအကျပ် ထည့်လိုက်မယ်ဆိုရင် သူက သုခဘုံတွေ ၊ ကမ္ဘာငယ်လေးတွေ ထိန်းသိမ်းထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သလိုဖြစ်ပြီး ဓားပျံ(၂)လက်လုံး ပျက်ဆီးသွားရလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းကိုယ်တိုင်ပဲ ထိခိုက်ရလိမ့်မယ်…”

ထို့နောက် အဘိုးကြီးယန်က ချန်းပင်အန်းကို မန္တန်နှစ်ခု သင်ပေးခဲ့ပြီး နှစ်ကြိမ်တိတိ ထပ်မံ ပြောပြခဲ့သည်။ ချန်းပင်အန်း မှတ်မိသွားပြီးနောက် အဘိုးကြီးယန်က ဆေးတံကြီးကို ဆက်၍ သောက်နေပြီး မီးခိုးငွေ့များ မှုတ်ထုတ်နေခဲ့သည်။ ထိုအရာက ပြောပြ၍ မရနိုင်သော ခံစားမှုတစ်ခုဖြစ်၏။

ချန်းပင်အန်းနှင့် သူ၏ သွေးကြောမှတ်ထဲတွင် ရှိနေသော မြစိမ်းရောင်ဓားပျံလေး၏ ကြားထဲတွင် တံတားငယ်လေးတစ်ခု ဖန်တီးလိုက်သလို ဖြစ်နေခဲ့သည်။ ယခု သူက ထိုအရာနှင့် ဆက်သွယ်နိုင်ပြီး အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုတစ်ခုလည်း ဖြစ်သည်။

အတွေးတစ်ခုတည်းနှင့် ချန်းပင်အန်း၏ စိတ်ဝိညာဉ်က အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ဆယ့်ငါး ကို သူ၏ခန္ဓာကိုယ်ထဲမှ အတားအဆီးမရှိ ထွက်လာခွင့်ပေးခဲ့သည်။ သို့သော် သူက ထိုအရာကို ရပ်တန့်နိုင်ခြင်း မရှိသည့်အတွက် ဓားပျံက အဘိုးကြီးယန်ဆီကို ရောက်သွားခဲ့၏။

အဘိုးအိုကတော့ မျက်တောင်ခတ်ခြင်းပင် မရှိခဲ့ပေ။ ခဏကြာပြီးနောက် မြစိမ်းရောင်ဓားပျံလေးက နံရံတစ်ခုကို တိုက်မိသွားသလို ဖြစ်သွားခဲ့၏။ သူက ချန်းပင်အန်းဆီသို့ ပြန်လာခဲ့ပြီး သူ၏သွေးကြောမှတ်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ဒေါသထွက်နေသော ကလေးတစ်ယောက်ကဲ့သို့ ထိုအရာက ချန်းပင်အန်း၏ နောက်ထပ် ဆင့်ခေါ်မှုများကို ငြင်းဆိုနေခဲ့၏။ ချန်းပင်အန်းက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

ထိုအရာက ရယ်စရာကောင်းသည်ဟု တွေ့ခဲ့ရသည့်အတွက် အဘိုးကြီးယန်က ပြောလိုက်၏။

“ဆယ့်ငါးရဲ့ အရင်ပိုင်ရှင်တွေအားလုံးက နာမည်ကျော်ကြားပြီး အစွမ်းထက်တဲ့သူတွေချည်းပဲ။ သူက မင်းလို ဓားထိန်းချုပ်မှုစွမ်းရည်မရှိတဲ့ ပိုင်ရှင်တစ်ယောက်ကို လုံးဝမကြုံဖူးဘူး။ ဒါ့ကြောင့် သူက ရှက်ပြီး ထွက်မလာချင်တော့တာ။ ဒါပေမဲ့ မင်းက ဘာမှစိုးရိမ်မနေပါနဲ့။ မင်းသာ ကြိုးစားအားထုတ်ပြီး သေချာ လေ့ကျင့်မယ်ဆိုရင် မင်းနဲ့ဓားပျံရဲ့ဆက်သွယ်မှုက တဖြည်းဖြည်း ခိုင်မာလာလိမ့်မယ်။ သူက မင်းကို အသိအမှတ်ပြုတဲ့အချိန်ကျရင် မင်းက သူ့ကို ပိုပြီးတော့ကောင်းကောင်း ထိန်းချုပ်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ သူ့ကိုယ်သူ ဖျက်ဆီးဖို့ အမိန့်ပေးလိုက်မယ် ဆိုရင်တောင် ဘာမှခက်ခဲနေမှာ မဟုတ်ဘူး…”

ချန်းပင်အန်းက နားလည်စွာ ခေါင်းညိတ်ပြလိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူကသာ ကြိုးစားအားထုတ်၍ အခြေအနေက တိုးတက်လာနိုင်မည်ဆိုလျှင် မည်သည့်အရာကိုမျှ မကြောက်ပေ။ သူ အကြောက်ဆုံး အခြေအနေကတော့ သူ မည်မျှ ကြိုးစားအားထုတ်စေကာမူ မတိုးတက်လာမည့် အခြေအနေမျိုးဖြစ်သည်။ ဥပမာအနေနှင့် ပြောရလျှင် ကြွေထည်မီးဖုတ်ခြင်းမျိုး ဖြစ်၏။

“မင်းရဲ့ပါရမီက နိမ့်ကျပေမဲ့ ဘာလို့ ဆယ့်ငါး က မင်းနဲ့ အေးတူ ပူအမျှ နေထိုင်ဖို့ လက်ခံလိုက်လဲဆိုတာ သိလား…”

အဘိုးကြီးယန်က ရုတ်တရက် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းကလျင်မြန်မှုဆိုတဲ့ စကားလုံးရဲ့ အရေးပါမှုကို သိသွားလို့ပဲ။ အဲဒီအရာက ဆယ့်ငါးရဲ့ အခြေခံဓားဆန္ဒနဲ့ ကိုက်ညီနေတယ်။ ဆယ့်ငါး ရဲ့ ထူးခြားတဲ့သဘာဝက သူ့ရဲ့အရှိန်ပဲ။ ပြိုင်ဘက်က အချိန်မီ မတုံ့ပြန်နိုင်လောက်တဲ့ အထိ သူက မြန်ချင်နေတယ်။ သူက ပထမဆုံးတိုက်ခိုက်ချင်နေပြီး ဒီနယ်ပယ်မှာ ပြိုင်ဘက်ကင်း ဖြစ်ချင်တယ်…”

ချန်းပင်အန်း၏ မျက်နှာပေါ်တွင် နားလည်သွားသော အမူအရာတစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းတွင် သူက မြို့တော်ငယ်ဟု ခေါ်သော ငွေရောင်ဓားငယ်လေးကို တွေးမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကတော့ သူ့ကို ဒုက္ခများသာ ပေးနေပုံရ၏။ အဘယ်ကြောင့်ဆိုသော် သူက ထိုဓားငယ်လေး၏ ဓားဆန္ဒများကို ယခုချိန်ထိ နားမလည်ခြင်းကြောင့် ဖြစ်သည်။

အဘိုးကြီးယန်က လက်ကာပြပြီး ပြောလိုက်၏။

“မင်းက ဒီအတောအတွင်း ဘယ်မှလျှောက်ပြီး မသွားနဲ့ဦး။ ရွမ်ချုံရဲ့သတင်းကိုပဲ အေးအေးဆေးဆေး စောင့်နေပါ…”

ချန်းပင်အန်းက တစ်စုံတစ်ခု ပြောချင်နေသော်လည်း တွေဝေနေခဲ့သည်။

“နှစ်သစ်ကူး လက်ဆောင်လား…”

အဘိုးအိုက ပြောလိုက်သည်။

“ငါက ငါ့ရဲ့စည်းမျဉ်းကို ဆန့်ကျင်ပြီး အဲဒီအရာကို လက်ခံဖို့မပြောနဲ့ ။ ငါ စိတ်ဝင်စားတဲ့ အရာဆိုရင်တောင် မင်းက ငါ့ကို တကယ်ပဲ ပေးနိုင်မှာလား။ သေချာ ပြန်စဉ်းစားကြည့်လိုက်စမ်း။ မင်းဆီမှာ အမှန်တကယ် ငါ စိတ်ဝင်စားတဲ့အရာတစ်ခု ရှိမယ်ဆိုရင် မင်း ငါ့ကို တကယ်ပဲ ပေးနိုင်မှာလား…”

“သွားတော့ သွားတော့။ ငါတို့ကိစ္စတွေကို ဆွေးနွေးပြီးသွားပြီ။ ဒီတော့ လော်ပိုတောင်ကို မြန်မြန်ပြန်ပြီး ရွမ်ချုံရဲ့သတင်းကိုပဲ စောင့်နေလိုက်။ ပန်းပဲဆိုင်မှာ ကျန်နေတဲ့ မင်းရဲ့ပစ္စည်းတွေကိုတော့ ငါ လူလွှတ်ပြီး မင်းဆီကို ပို့ခိုင်းလိုက်မယ်။ မင်းက အခုချိန် ပန်းပဲဆိုင်ရဲ့အနားမှာ ပေါ်လာတာက တော်တော်လေးကို မျက်စိစပါးမွေး ဆူးစရာဖြစ်လိမ့်မယ်။ အဲဒါက မသင့်တော်ဘူး…”

ချန်းပင်အန်းက အဘိုးအို၏ စိတ်နေစိတ်ထားကို နားလည်နေသည်။ ထို့ကြောင့် သူက ချက်ချင်းမတ်တပ်ရပ်ပြီး ယန်မိသားစု ဆေးဆိုင်ထဲမှ ထွက်လာခဲ့၏။ သို့သော် ဆေးဆိုင်၏ ရှေ့တံခါးမှ ထွက်လာပြီးနောက် ချန်းပင်အန်းက ပြန်လှည့်ကြည့်ခဲ့မိပြီး ဘေးဘက်အဆောက်အဦးကို ဖြတ်ကျော်သွားခဲ့သည်။

အဘိုးကြီးယန်က ထိုနေရာတွင် ထိုင်ပြီး ဆေးတံသောက်နေသေးကြောင်း မြင်လိုက်ရသည့် အချိန်တွင် သူက ကျေးဇူးတင်သည့် အမူအရာနှင့် အဘိုးအိုကိုဦးညွှတ်လိုက်၏။ အဘိုးအိုက သူ၏ဦးညွှတ်မှုကို တည်ငြိမ်စွာ လက်ခံခဲ့သည်။

ချန်းပင်အန်း နောက်တစ်ကြိမ် ထွက်သွားသည့်အချိန်တွင် အဘိုးအိုက စဉ်းစားနေသည့်အမူအရာနှင့် သူ၏အဝါရောင် ဝါးဆေးတံကြီးကို ပုတ်နေခဲ့သည်။ နှစ်ပေါင်းများစွာ အတောအတွင်း အဘိုးကြီးယန်က များပြားလွန်းလှသော အပေးအယူများစွာကို တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်။ ယနေ့ထိတိုင်အောင် သူက ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မရှိခဲ့ချေ။

တချို့သူများဆီတွင် အလွန်ကောင်းမွန်သော ကံတရားများ ရှိနေပြီး သူတို့က ကောင်းကင်ဘုံမှ အကန့်အသတ်မဲ့ ကံကောင်းမှုများကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။ သူတို့က ဘဝတစ်လျှောက်လုံး ကံကောင်းမှုများကို ရရှိနိုင်ကြ၏။ သူတို့က ရုတ်တရက် ပထမဆုံးအကြိမ် ကံဆိုးမှု ကြုံရသည့်အချိန်ထိ ကံကောင်းမှုများ ရရှိတတ်သည်။ ထိုအရာကတော့ အလွန်ဆိုးရွားသော အခြေအနေတစ်ရပ် ဖြစ်၏။ ထိုလူများ၏ ဘဝကလည်း မဆိုးရွားသေးခင်အချိန်ထိ ပျော်ရွှင်နေရတတ်သည်။

သို့သော် ခက်ခဲကြမ်းတမ်းသော ဘဝတစ်ခုကတော့ လွယ်ကူနေလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော လူတစ်ယောက်၏ဘဝက အနိမ့်အမြင့် အတက်အကျများ ပြည့်နှက်နေပြီး ဝမ်းနည်းမှုများ၊ ပျော်ရွှင်မှုမျိုးစုံ ကြုံတွေ့ရတတ်သည်။ ထို့ကြောင့် သူတို့က အလွန်မြင့်မားသော အဆင့်တစ်ခုကို ရောက်ရှိရန် အတော်လေး ခက်ခဲပါလိမ့်မည်။

ပါရမီရှင်များနှင့် သူတို့၏ကွာဟမှုက အတော်လေးကို ကွာခြားသွားနိုင်၏။ အဆုံးတွင်တော့ ထိုလူများက နောက်တွင် ကျန်နေခဲ့နိုင်သည်။ ပြောရမည်ဆိုလျှင် ချန်းပင်အန်းက အဘိုးအို၏ အောက်တွင် ရှိနေသော လယ်ကွင်းဘေးမှ မြက်ရိုင်းပင် တစ်ပင်ကဲ့သို့ ဖြစ်သည်။

လေနှင့် မိုးများက သူ့ကို အကြိမ်ကြိမ် တိုက်စားသွားခဲ့သော်လည်း သူကတော့ ယခုအချိန်ထိ ကြံ့ကြံ့ခံပြီး အသက်ရှင်နေသေးသည်။ ခွေးတစ်ကောင်ကပင် သူ့အနားတွင် မနေချင်သော်လည်း လေပြေလေညင်းလေးတစ်ခု တိုက်ခတ်လာပြီးနောက် သူက အသစ်တစ်ဖန် မွေးဖွားလာခဲ့ရသည်။

ထို့ကြောင့် အဘိုးကြီးယန်က အခြေအနေနှင့် လိုက်လျောညီထွေ ဆက်ဆံပြီး သူ့အပေါ် လောင်းကြေးတစ်ခုကို ထပ်ခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ သူက ယုံကြည်ချက်တစ်ခု ရှိလာခဲ့၏။ အသေးအဖွဲ့ လောင်းကစားများက ပျော်ဖြေရေးသက်သက်သာ ဖြစ်ပြီး ထိုလောင်းကြေးကို ရှုံးနိမ့်သွားမည်ဆိုလျှင်လည်း သူ့အတွက် ကြီးကြီးမားမား ထိခိုက်မှု မရှိချေ။ သို့သော် အနိုင်ရမည်ဆိုလျှင်တော့ မထင်ထားသော အရာများ ဖြစ်လာနိုင်သည်။

အကယ်၍ လူတစ်ယောက်ဆီတွင် ကောင်းမွန်သော ဘဝတစ်ခုရှိလျှင် တစ်ကြိမ်တည်းနှင့် ထိပ်ဆုံးကို ရောက်ရန် အနည်းငယ်သာ ကြိုးစားအားထုတ်ရန် လိုအပ်သည်။ အကယ်၍ ခက်ခဲကြမ်းတမ်းသော ဘဝတစ်ခုကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တော့ သူတို့က ထိပ်ဆုံးကို ရောက်ရှိရန်အတွက် သက်လုံကောင်းရန် လိုအပ်သည်။

သို့သော် ဤကမ္ဘာကြီးက ဖရိုဖရဲအခြေအနေကို ဦးတည်နေကြောင်း အဘိုးကြီးယန်က သိနေခဲ့၏။ အတွေးအခေါ်(၁၀၀)ကျောင်းများက အချင်းချင်း ယှဉ်ပြိုင်နေကြပြီး သူရဲကောင်းများကလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာနေကြသည်။ ထိုအရာက နှစ်ပေါင်းတစ်ထောင်တွင် တစ်ကြိမ်သာ ကြုံရသည့် ပါရမီရှင် အမြောက်အများ ထွက်ပေါ်လာနေသော အခြေအနေတစ်ရပ်လည်း ဖြစ်သည်။

ကျင့်ကြံမှုလမ်းကြောင်းတွင် အစောပိုင်း နောက်ကျကျန်နေခဲ့ခြင်းက ထာဝရ နောက်ကျကျန်နေခဲ့နိုင်သည်။ ချန်းပင်အန်းက သူတို့ကို အမီလိုက်ရန် အတော်လေး ခက်ခဲနိုင်၏။

ချန်းပင်အန်းက ကျဉ်းမြောင်းသော လမ်းလေးအတိုင်း လျှောက်သွားပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“ငါ တောင်းပန်ပါတယ် ဆယ့်ငါး။ ငါက မင်းကို အရှက်ရအောင် လုပ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ငါက နောက်ပိုင်း ဓားထိန်းချုပ်မန္တန်ကို သေချာပေါက် ကြိုးကြိုးစားစား လေ့ကျင့်မယ်။ ပြီးတော့ မင်းကို ဒီနေ့လို နောက်ထပ်အရှက်မရအောင် အကောင်းဆုံးကြိုးစားမယ်…”

ချန်းပင်အန်းက အမှန်တကယ် အပြစ်ရှိသလို ခံစားနေရသည်။ တခြားသူများက သူ့အပေါ် သနားကြင်နာသည့်အချိန်တွင် ချန်းပင်အန်းက သူတို့အတွက် တစ်စုံတစ်ခု ပြန်မလုပ်ပေးနိုင်လျှင် မသက်မသာ ခံစားရပါလိမ့်မည်။

သူ၏သွေးကြောမှတ်ထဲတွင် ရှိနေသော မြစိမ်းရောင် ဓားပျံလေးက အနည်းငယ် လှုပ်ရှားနေ၏။ သူက ခံစားချက်ကောင်းသွားပုံရပြီး အစောပိုင်းတွင် ဓားကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော လူငယ်လေးကို ခွင့်လွှတ်ပေးခဲ့သည်။

ချန်းပင်အန်းက ပြုံးမိခဲ့၏။ သူ့ဆီတွင် ဓားပျံနှစ်လက်ရှိနေပြီး ဆယ့်ငါးက ဒေါသကြီးသော ပထမ ထက် ပို၍ သိမ်မွေ့ငြိမ်သက်သည်။ ချန်းပင်အန်း၏ စိတ်ထဲတွင် ထိုအတွေးပေါ်လာသည်နှင့် ပထမ က သူ၏သွေးကြောမှတ်ထဲမှ ချက်ချင်း ထွက်လာပြီး နောက်တစ်ကြိမ် ဒုက္ခပေးပြန်၏။

ချန်းပင်အန်းက နာကျင်မှုကြောင့် ခါးကုန်းလိုက်မိပြီး သူက နောက်ထပ် ခြေတစ်လှမ်းပင် မလျှောက်နိုင်တော့ပေ။ ဆယ့်ငါး က ရုတ်တရက်ပြောင်းလဲမှုကို သတိထားမိခဲ့ပြီး သူ၏သွေးကြောမှတ်ထဲမှ ထွက်၍ တဖြည်းဖြည်း ပထမ ၏ နေအိမ်ရှေ့ကို ရောက်လာခဲ့သည်။ သူက လေထဲတွင် စက်ဝိုင်းပုံသဏ္ဌာန် ပျံသန်းနေခဲ့၏။ သူက ပထမဆီသို့ သွားသင့် မသင့် စဉ်းစားတွေးဝေနေပုံရသည်။

ချန်းပင်အန်းက ပုံမှန်အတိုင်း လမ်းလျှောက်နိုင်ခြင်း မရှိချေ။ ထို့ကြောင့် သူက လမ်း၏ ဘေးတစ်ဖက်သို့ ခက်ခက်ခဲခဲ လျှောက်သွားပြီး လှေကားထစ်တစ်ခုတွင် ထိုင်ချလိုက်သည်။ နောက်ဆုံးတွင်တော့ ပထမက လူငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် ပြဿနာရှာနေခြင်းကို ရပ်တန့်လိုက်သည်။ ကြည့်ရသည်မှာ သူက ဆယ့်ငါး ကို စိတ်ဝင်စားသွားပုံရ၏။

အသက်ဓားပျံ နှစ်ချောင်းက ပိုင်ရှင်အသစ်၏ သွေးကြောမှတ်ရှေ့တွင် ပျံဝဲနေကြသည်။ တစ်ခုက အတွင်းထဲတွင် ပျံဝဲနေပြီး တစ်ခုက အပြင်ဘက်တွင် ပျံဝဲနေကြသည်။ သူတို့က အချင်းချင်း ရန်လိုနေကြသလို ဖြစ်နေခဲ့၏။ သို့သော် သူတို့က မထင်ထားသော တွေ့ဆုံမှုတစ်ခုလည်း ဖြစ်သည်။

ချန်းပင်အန်းက ထိုအခွင့်အရေးကို အရယူပြီး အသက်ကို ခက်ခက်ခဲခဲရှုခဲ့ရသည်။ ထို့နောက် သူက နဂါးစီးလမ်းကြားဆီသို့ ပြေးသွားခဲ့ပြီး စိမ်းပြာရောင်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့ကို ခေါ်၍ လော်ပိုတောင်သို့ ထွက်လာခဲ့၏။

ပထမက ဆယ့်ငါးနှင့် တွေ့ဆုံလိုခြင်း မရှိချေ။ သူတို့နှစ်ယောက်က မပျော်မရွှင် အမူအရာနှင့် ခွဲခွာသွားခဲ့ကြ၏။ သူတို့က ကျန့်ကျူးတောင်အနားသို့ ရောက်လာသည့်အချိန်တွင် ပထမက ချန်းပင်အန်းကို နောက်တစ်ကြိမ် ပြဿနာရှာခဲ့ပြန်သည်။

လူငယ်လေးက အလွန်နာကျင်ခဲ့သည့်အတွက် မြေပေါ်သို့ လဲကျပြီး လူးလှိမ့်မိမတတ် ဖြစ်သွားခဲ့၏။ ထို့ကြောင့် သူလည်း ထိုင်ချလိုက်ရပြီး အံကြိတ်ထားခဲ့ရသည်။ သူ့ခန္ဓာကိုယ်က တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေပြီး သူက အသိစိတ်လွတ်တော့မည့် အခြေအနေ ဖြစ်နေခဲ့၏။

အဆုံးတွင်တော့ ချန်းပင်အန်းက ရပ်တန့်ခြင်း (၁၈)သွယ်ကျင့်စဉ်ကို လေ့ကျင့်ခဲ့ရသည်။ ထို့ပြင် သူက ယခု နံပါတ် (၆) နှင့် နံပါတ် (၇) ရပ်တန့်ခြင်း ကြားထဲတွင် ရှိနေသော အတားအဆီးကို ချိုးဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ ချန်းပင်အန်းက သိစိတ်ကို ထိန်းသိမ်းထားနိုင်ပြီး ဓားငယ်လေးနှင့် တိုက်ပွဲတစ်ခုကို ရင်ဆိုင်နေရသည်။ သို့သော် နာကျင်မှုကြောင့် သူ၏ စိတ်ဝိညာဉ်ကပင် လှုပ်ရှားနေခဲ့ရသည်။ အလွန်ပြင်းထန်သော နာကျင်မှုက ခန္ဓာကိုယ်ကို ဓားနှင့် အကြိမ်ပေါင်း (၁)ထောင်ခန့် ဖြတ်တောက်လှသည်လို ဖြစ်နေခဲ့၏။

ဆယ့်ငါး က ထိုအရာနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု လုပ်ချင်နေပုံရသည်။ သို့သော် သူက သွေးကြောမှတ်ထဲတွင်သာ ဆက်နေခဲ့၏။ သူက အခြေအနေကို အဝေးမှ စောင့်ကြည့်ပြီးမှသာ ဆုံးဖြတ်ချက်ချမည့်ပုံပေါ်သည်။

ပထမက ကျေနပ်သွားသည့်အချိန်တွင် နောက်တစ်ကြိမ် တည်ငြိမ်သွားခဲ့၏။ ထိုအချိန်တွင် ချန်းပင်အန်းကတော့ ရေထဲမှ ကုန်းပေါ်တက်လာသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူက ရှေ့ကို ဆက်၍ လျှောက်သွားပြီး သူ၏ လမ်းလျှောက်ကျင့်စဉ်ကပင် ဒယိမ်းဒယိုင်နှင့် မတည်ငြိမ်နိုင်ပေ။ သို့သော် ချန်းပင်အန်း သတိမထားမိခဲ့သည်မှာ အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသော လက်သီးဆန္ဒများက တဖြည်းဖြည်း ပို၍ အစွမ်းထက်လာနေခဲ့၏။

တောင်တန်းကြီးများထဲတွင် ခြေဗလာနှင့် ဖရိုဖရဲဖြစ်နေသော အဘိုးအိုတစ်ယောက်က ခေါင်းမရှိသော ကြက်တစ်ကောင်ကဲ့သို့ လှည့်ပတ်ပြေးလွှားနေခဲ့သည်။ သူ၏ မျက်လုံးများက ဝေဝါးနေပြီး သူက ဆက်၍ ရေရွတ်နေခဲ့၏။

“ချွေးချန်းရဲ့ဆရာက ဘယ်မှာလဲ။ ငါ့ချွေးချန်းရဲ့ဆရာက ဘယ်နေရာမှာလဲ…”

မှုန်မှိုင်းနေသော အဘိုးအို၏ မျက်လုံးများက ရုတ်တရက် အနည်းငယ် ကြည်လင်လာခဲ့သည်။ သူက ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် လေထဲသို့ ခုန်တက်သွားခဲ့ခြင်း မရှိချေ။ ထိုအစား သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးမှိတ်လိုက်၏။

သူက တောင်တန်းကြီးများ၏ မြေမျက်နှာသွင်ပြင် အခြေအနေကို သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး တစ်ချက်တည်းနှင့် လူ(၃)ယောက်၏ ရှေ့ကို ရောက်လာခဲ့၏။ ဖရိုဖရဲဖြစ်နေသော အဘိုးအိုက တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေသည့် လူငယ်လေးကို ကြည့်ပြီး မေးလိုက်သည်။

“မင်းက ချန်းပင်အန်းလား…”

ချန်းပင်အန်းက တစ်ကိုယ်လုံး တင်းမာသွားခဲ့ပြီး ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် ကျွန်တော်ပါပဲ။ ဆရာကြီးက ကိစ္စရှိလို့လား…”

စိမ်းပြာဝတ်ကောင်လေး၏ မျက်လုံးများက အနည်းငယ် နီရဲသွားသည်။ သူက ကြောက်လန့်သွားခဲ့၏။ မြို့ငယ်လေးထဲမှ ထွက်လာပြီးနောက် သူက လုပ်ချင်သလို လုပ်ခွင့်ရပြီဟု တွေးမိခဲ့သည်။ သို့သော် သေးငယ်ပြီး တိတ်ဆိတ်ခြောက်ကပ်သော တောင်တက်လမ်းမပေါ်၌ လမ်းလျှောက်နေသည့်အချိန်တွင်ပင် သူ့ကို လက်သီးတစ်ချက်တည်းနှင့် သတ်နိုင်သော အင်မော်တယ်တစ်ယောက်ကို တွေ့ရခြင်းပေလော။

အဘိုးအို၏ မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အမူအရာတစ်ခု ပေါ်လာပြီး အလျင်အမြန် မေးလိုက်သည်။

“ငါက ချန်းချန်း …. မဟုတ်သေးဘူး။ ငါက ချွေးချန်းရဲ့အဘိုးပဲ။ မင်းက သူ့ရဲ့လက်ရှိဆရာလား…”

ချန်းပင်အန်းက ခဏကြာ လှုပ်ရှားသွားခဲ့ပြီး သတိထား၍ ပြန်ဖြေလိုက်သည်။

“အဲဒီလို ပြောလို့ရပါတယ်…”

ဖရိုဖရဲဖြစ်နေသော အဘိုးအိုက အလွန်လျင်မြန်စွာ စကားပြောပြီး မေးလိုက်သည်။

“အခု သူအဆင်ပြေရဲ့လား။ သူ့ကို တခြားလူတွေ အနိုင်ကျင့်သေးလား…”

ချန်းပင်အန်းက ထိုအရာကို ခဏကြာ စဉ်းစားကြည့်လိုက်သည်။ သို့သော် ထိုမေးခွန်းက ပြန်ဖြေရန် အလွန်ခက်ခဲနေ၏။ အဘယ်ကြောင့်ဆိုသော် ချွေးတုံရှန်းဟု နာမည်ခေါ်သော ချွေးချန်းက ချောက်ကမ်းပါးကျောင်းတော်ကို ဦးတည်သွားနေခြင်း ဖြစ်သည်။ တာ့ဆွေတိုင်းပြည်သို့ သွားခဲ့သော သူတို့၏ခရီးလမ်းကတော့ ခက်ခဲကြမ်းတမ်းမှုများ ပြည့်နေခဲ့၏။ချန်းပင်အန်းက ချွေးချန်း၏အဘိုးဟု ခေါ်သော ထိုအဘိုးအိုကို မလိမ်ချင်သလို အမှန်အတိုင်းလည်း မပြောရဲချေ။

သူ၏မသိစိတ်ထဲတွင် သူ့ရှေ့၌ ရှိနေသော အဘိုးအိုက ကျန့်ယန်တောင်မှ တောင်ရွေ့လူဝံကြီးနှင့် တူညီသော အငွေ့အသက်တစ်ခုကို ခံစားမိခဲ့သည်။ အမှန်အတိုင်းပြောရလျှင်တော့ သူတို့၏တစ်ခုတည်းသော ကွာဟမှုက ကျင့်စဉ်အဆင့်သာ ဖြစ်သည်။ တောင်ရွေ့လူဝံကြီးက ပို၍အစွမ်းထက်ခြင်းလော ၊အဘိုးအိုက ပို၍အစွမ်းထက်ခြင်းလော ဟူသည်ကိုတော့ ချန်းပင်အန်းလည်း သေချာမပြောနိုင်ချေ။

အဘိုးအိုက မျက်မှောင်ကြုတ်လိုက်ရာ ချန်းပင်အန်းနှင့် ကလေး(၂)ယောက်က ချက်ချင်းရောက်လာသော ဖိအားများကို ခံစားမိလိုက်ကြသည်။ အဘိုးအိုက နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

“မင်းက ငါ့မြေးရဲ့ဆရာဆိုတော့ ငါက မင်းအပေါ်လေးစားပေးရမှာ ဆိုပေမဲ့ မင်းက အဆင့်(၃)ကိုတောင် မရောက်သေးတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ။ မင်းက ငါ့မြေးရဲ့ဆရာဖြစ်ဖို့ အခွင့်အရေးရှိလို့လား။ တကယ်လို့ နောက်ပိုင်း ငါ့မြေးက ပြဿနာတစ်ခုခု ကြုံလာရမယ်ဆိုရင် ဆရာဖြစ်တဲ့မင်းက ဘာမှမကူညီနိုင်ဘဲ ဘေးကနေ မတတ်မသာ ရပ်ကြည့်နေမှာလား။ မဟုတ်ဘူး။ ဒါကို လုံး၀ လက်မခံနိုင်ဘူး…”

ဖရိုဖရဲအဘိုးအို၏မျက်လုံးက ဓားသွားတစ်လက်ကဲ့သို့ ဖြစ်သည်။ သူက ချန်းပင်အန်းကို စူးစူးနင့်နင့် စိုက်ကြည့်ပြီး ပြောလိုက်၏။

“မင်းအတွက် လုံခြုံတယ်လို့ ထင်တဲ့နေရာဆီ ငါ့ကို ခေါ်သွားပါ။ ငါက မင်းကို နည်းနည်းတော့ ကူညီပေးနိုင်တယ်…”

ချန်းပင်အန်းက ခေါင်းညိတ်ခေါင်းခါပင် မလုပ်ရသေးခင် အဘိုးအိုက သူ့အနားကို ရောက်လာပြီး သူ၏ပုခုံးတစ်ဖက်ကို ချုပ်ကိုင်လိုက်သည်။

“မြန်မြန်လုပ် .. အချိန်က ငါတို့ကို စောင့်မနေဘူး။ ငါက အများဆုံး သိစိတ်ကို ၁၅ မိနစ်လောက်ပဲ ထိန်းထားနိုင်တယ်။ အချိန်မဖြုန်းနဲ့…”

မည်သည့်အရာများ ဖြစ်နေကြောင်း ချန်းပင်အန်းကတော့ လုံးဝကို နားမလည်တော့ချေ။

သို့သော် အဘိုးအို၏ချုပ်ကိုင်မှုက သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ထဲထိပင် နာကျင်မှု ခံစားနေရသည်။ အမှန်အတိုင်း ပြောရလျှင် သူ၏ဓားပျံနှစ်လက်ဖြစ်သော ပထမနှင့် ဆယ့်ငါးတို့ကပင် ဝမ်းနည်းမှုကို ပြသနေကြ၏။ မည်သို့ဖြစ်စေကာမူ သူတို့သုံးနိုင်သော အစွမ်းက ချန်းပင်အန်း၏ ကျင့်စဉ်အဆင့်နှင့် တိုက်ရိုက်ဆက်သွယ်ထားသည်။ ထို့ကြောင့် သူတို့ကလည်း အလွန်ရိုင်းစိုင်းသော အဘိုးအို၏အပြုအမူအပေါ် မတတ်မသာ ကြည့်နေကြရ၏။

ထိုအချိန်တွင် စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့ကတော့ လုံးဝမလှုပ်ရဲကြချေ။ သူတို့က မလှုပ်ရှားချင်၍ မဟုတ်ဘဲ မလှုပ်နိုင်ခြင်း ဖြစ်သည်။

ကျင့်ကြံမှုအထွဋ်အထိပ်ကို ရောက်နေသော သိုင်းပညာရှင်များ ဥပမာ အဆင့်(၉) သိုင်းပညာရှင်များက ဓားချီစွမ်းအင်များကဲ့သို့ သူတို့၏အငွေ့အသက်ကို ထုတ်လွှတ်နိုင်ကြသည်။ သူတို့က တစ်ကြိမ်အော်လိုက်ရုံနှင့် သူတို့ပြိုင်ဘက်၏ သတ္တိများကို ပျောက်ကွယ်သွားစေနိုင်သည်။ ထိုအရာက တိုက်ပွဲများထဲတွင် ရှားပါးသော မြင်ကွင်းမျိုးတော့ မဟုတ်ချေ။

“မြန်မြန်ပြော။ တကယ်လို့ မင်းက ဆက်ပြီးတွေဝေနေမယ်ဆိုရင် ငါက လက်သီးတစ်ချက်တည်းနဲ့ မင်းရဲ့လက်တွေ ခြေထောက်တွေကို ချိုးပစ်မယ်။ မင်းက ငါ့မြေးရဲ့ ဆရာဟုတ်ဟုတ် မဟုတ်ဟုတ် ငါဂရုမစိုက်ဘူး…”

ချန်ူပင်အန်း၏ အမူအရာက အလွန်ပြတ်သားသည်။ သူက အံကြိတ်ပြီး သူ၏ချီစွမ်းအားများကို လှည့်ပတ်လိုက်၏။ သူက အသက်ရှင်ခွင့်ရရန်အတွက် နောက်ဆုံးအကြိမ် ကြိုးစားအားထုတ်လိုက်သည်။

အဘိုးအိုက ချန်းပင်အန်း၏မျက်လုံးထဲကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် အားရပါးရ ရယ်လိုက်သည်။ သူက လူငယ်၏ပုခုံးကို လွှတ်ပေးလိုက်ပြီး နောက်တစ်လှမ်းဆုတ်၍ ရယ်ကာမောကာနှင့် ပြောလိုက်၏။

“ကောင်လေး…

မင်းက လမ်းကြောင်းမှန်ပေါ်ကို ရောက်နေတာပဲ။ မင်းက ကြိုးစားအားထုတ်တဲ့ ပါရမီပါတယ်။ တကယ်လို့ မင်းသာ အသုံးမကျတဲ့ တခြားသိုင်းပညာရှင်တစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားမယ်ဆိုရင် မင်းက ဘယ်လောက်ပဲ ကြိုးစားကြိုးစား အောင်မြင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါကတော့ မတူဘူး..”

တောင်တက်လမ်းပေါ်တွင် ဝေ့ပို၏ပုံရိပ်က လှပစွာ ပေါ်လာခဲ့သည်။ ခဏကြာတိတ်ဆိတ်နေပြီးနောက် ဝေ့ပိုက ချန်းပင်အန်းကို ပြောလိုက်သည်။

“ဒီဆရာကြီးကို ဝါးအဆောက်အဦးဆီ အရင်ဆုံးခေါ်သွားရင်လည်း ဘာမှမထိခိုက်ပါဘူး။ တကယ်လို့ မင်းသဘောတူရင် ငါ ကူညီပေးမယ်…”

အဘိုးအိုက ဝေ့ပိုကိုကြည့်ပြီး မှတ်ချက်ချလိုက်သည်။

“အိုးး.. ငါက ဒီလိုနောက်လိုက်တောင်ထိပ်သခင် တစ်ယောက်ကို မတွေ့ရတာတောင် တော်တော်ကြာခဲ့ပြီပဲ။ ငါ့ရဲ့စွမ်းအားတွေ နည်းနည်းလောက်ပြန်ရရင် မင်းနဲ့ လက်ရည်စမ်းဖို့ လာရှာမယ်…”

ဝေ့ပိုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“ဆရာကြီး…

လက်ရည်စမ်းဖို့ ကျွန်တော့်ကို ရှာစရာမလိုပါဘူး။ ဆရာကြီးက ဆရာကြီးမြေးရဲ့ဆရာ ဖြစ်သူ ချန်းပင်အန်းရဲ့သိုင်းပညာကို မြှင့်တင်ပေးဖို့ အလုပ်များနေတာနဲ့တင် အချိန်မလောက်နိုင်ဘူး…”

အဘိုးအို၏မျက်မှာပေါ်တွင် လှောင်ပြောင်လိုသည့်အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

“အပိုတွေ ပြောတာ တော်တော့။ ငါ့ကို ချန်းပင်အန်းရဲ့ ပိုင်နက်ထဲ ခေါ်သွားပေး။ လော်ပိုတောင်လား ဘာလား ငါမသိဘူး။ အဲဒါက လေ့ကျင့်မှုအတွက် နေရာကောင်းတစ်ခုဆိုတာတော့ ငါသိတယ်။ အခုချက်ချင်း လမ်းပြပါ…”

အဘိုးအို၏ ရိုင်းစိုင်းမှုကြောင့် ဝေ့ပိုက ဒေါသထွက်နေခြင်း မရှိချေ။ သူက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်ပြီး လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရာ ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်။ သူတို့(၅)ယောက်က လော်ပိုတောင်ပေါ်တွင် ရှိနေသော ဝါးအဆောက်အဦးရှေ့တွင် ချက်ချင်းပေါ်လာခဲ့၏။

ချန်းပင်အန်းက ဝေ့ပိုကို ကြည့်လိုက်ရာ သူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

ဖရိုဖရဲအဘိုးအိုက ချန်းပင်အန်း၏ ပုခုံးကို ကိုင်ပြီး ဝါးအဆောက်အဦး၏ ဒုတိယထပ်ကို တစ်ချက်တည်း ခုန်တက်သွားခဲ့၏။ သူက တံခါးကို ဖွင့်ပြီး ချန်းပင်အန်းကို အတွင်းထဲသို့ ခေါ်လာခဲ့သည်။

အဘိုးအိုက မျက်ခုံးပင့်၍ ဝမ်းသာနေသော အမူအရာနှင့် ပြောလိုက်သည်။

“တော်တော်ကောင်းတဲ့ နေရာပဲ။ တော်တော်လေးကို ကောင်းလွန်းတယ်။ ငါက အနည်းဆုံးတော့ တစ်နေ့ကို နာရီအနည်းငယ်လောက် စိတ်ကို ထိန်းထားနိုင်ပြီ။ ဒီနေရာက သုခဘုံတစ်ခုထက်တော့ သေချာပေါက် မနိမ့်ဘူး။ နောက်ဆုံးတော့ မင်းက ချန်းချန်းရဲ့ ဆရာဆိုတဲ့ အနေအထားတချို့ကိုတော့ ပြနိုင်ပြီပဲ…”

အဘိုးအိုက နောက်ကို ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်သွားပြီး မေးလိုက်သည်။

“ချန်းပင်အန်း …

မင်းက နာကျင်မှုတွေ အခက်အခဲတွေကို ခံနိုင်ရည်ရှိလား…”

စလာသည့်အချိန်မှစ၍ အဆုံးသတ်သည့်တိုင်အောင် ရှုပ်ထွေးနေသော ချန်းပင်အန်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“ကျွန်တော် ခံနိုင်ရည်ရှိပါတယ်…”

“ဒါဆိုရင် မင်းက အလွန်ပြင်းထန်တဲ့ နာကျင်မှုတွေ ၊ အခက်အခဲတွေကိုရော ခံနိုင်ရည်ရှိလား…”

အဘိုးအိုက ဆက်၍ မေးလိုက်သည်။

ချန်းပင်အန်းက ထိုမေးခွန်းကိုတော့ မဖြေရဲပေ။

အဘိုးအိုက အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး ပြစ်တင်ကြိမ်းမောင်းလိုက်၏။

“ဘာလို့ မင်းက မိန်းကလေးတစ်ယောက်လို လုပ်နေရတာလဲ။ မင်းက ခံနိုင်ရည်ရှိရင် ခံနိုင်ရည်ရှိတယ် ပြောလိုက်။ ခံနိုင်ရည်မရှိဘူးဆိုလည်း မရှိဘူးလို့ ပြောလိုက်။ အဲဒါအရမ်းခက်နေလို့လား။ မင်းက အရမ်းတွေဝေလွန်းတယ်။ တကယ်လို့ တခြားတစ်ယောက်သာဆိုရင် ငါက အကူအညီပေးမှာ မဟုတ်ဘူး…”

သူ့ရှေ့တွင် ရှိနေသော အဘိုးအိုက စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ချန်းပင်အန်းက သူ့ကိုယ်သူ ပြောနေခဲ့သည်။ ထို့ကြောင့် သူက ထိုအဘိုးအို၏ စကားလုံးတိုင်းကို အလေးထားရန် မလိုအပ်ပေ။ သူက အဘိုးအိုကို စိတ်ကြိုက်ပြောဆိုခွင့် ပေးထားခဲ့၏။

ဖရိုဖရဲအဘိုးအိုက ရှေ့ကို တက်လာပြီး လက်သီးတစ်ဖက် ထိုးလိုက်သည်။ ထို့နောက် သူက လက်သီးတစ်ဖက်ကို ရင်ဘတ်ပေါ်သို့ ဖိနှိပ်တင်ထားခဲ့၏။ ထိုအရာက ရိုးရှင်းသော သိုင်းကွက်တစ်ခု ဖြစ်သော်လည်း သူ၏ အငွေ့အသက်များက အတော်လေး အံ့ဩစရာကောင်းသည်။

“အခက်ခဲဆုံး ပင်ပန်းဆင်းရဲမှုကို ခံနိုင်ရည်ရှိတဲ့သူတွေကပဲ အထူးခြားဆုံးလူတွေအဖြစ် တိုးတက်လာနိုင်တယ်။ သိုင်းပညာရှင်တစ်ယောက်က ထိပ်ဆုံးကို တက်လှမ်းချင်တယ်ဆိုရင် အထွဋ်အထိပ်ကို မရောက်ခင် သူတို့က လမ်းဘေးမှာ စားစရာ ရှာနေရတဲ့ ခွေးလေခွေးလွင့်တွေလို ခံစားရမှာပဲ…”

“သူတို့က ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ ရှင်သန်ချင်တယ်ဆိုရင် ကောင်းကင်ဘုံရဲ့ မဟာတာအိုကို စိန်ခေါ်ရလိမ့်မယ်။ သူတို့က အင်မော်တယ်တွေကိုလည်း စိန်ခေါ်ဖို့ လိုအပ်တယ်။ သိုင်းပညာရှင်တွေကိုလည်း စိန်ခေါ်ဖို့ လိုအပ်တယ်။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ဖို့ လိုအပ်သလို အငွေ့အသက်တစ်ခုတည်းအတွက် တိုက်ခိုက်ဖို့ လိုအပ်တယ်..”

“အဲဒီ အငွေ့အသက်ကို ရှူရှိုက်ပြီးသွားရင် ကမ္ဘာမြေကြီးကတောင် အရောင်ပြောင်းလာရလိမ့်မယ်။ အင်မော်တယ်တွေက ဒူးထောက်အရိုအသေပေးရပြီး မင်းက အထွဋ်အထိပ်ဆိုတာကို ဒီလောကကြီးထဲမှာရှိတဲ့ သိုင်းပညာရှင်တွေ အားလုံးကလည်း ခံစားလာရလိမ့်မယ်..”

သူတောင်းစားတစ်ယောက်ကဲ့သို့ ဖြစ်နေသော ဆံဖြူအဘိုးအိုဆီမှ ပြိုင်ဘက်ကင်း အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအဘိုးအိုက လူငယ်လေးကို အကြောင်းအရာတစ်ခု ရှင်းရှင်းလင်းလင်း ပြောပြနေခဲ့၏။ သူက ပြိုင်ဘက်ကင်းဖြစ်သည်။

Translated by Hein Htet.

All Chapters