အခန်း (၂၁၃)
Vol. 15 Ch. 213
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ချန်းပင်အန်းက ချက်ချင်း လှုပ်ရှားသွားခဲ့သည်။ ထိုအရာက မထင်ထားသော တုံ့ပြန်မှုတစ်ခုလည်း ဖြစ်၏။ စိမ်းပြာဝတ် ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့က ကျစ်ကွေးကို မြင်လိုက်ရသည့်အချိန်တွင် ခံစားခဲ့ရသော အမူအရာမျိုးလည်း ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ထိုကဲ့သို့ တုံ့ပြန်မှုမျိုးက ကျင့်စဉ်အဆင့် မည်မျှ အဆင့်မြင့်ခြင်းနှင့် သက်ဆိုင်နေခြင်း မရှိချေ။ ထိုအစား တစ်ဖက်လူ၏ လွှမ်းမိုးနိုင်သော အငွေ့အသက်များကြောင့်သာ ဖြစ်သည်။
‘သန့်စင်သော သိုင်းပညာရှင် တစ်ယောက်..’
ပြောရမည်ဆိုလျှင်တော့ ထိုအရာက သန့်စင်ခြင်းဟူသော စကားလုံး၏ အနှစ်သာရများသာ ဖြစ်နိုင်သည်။ ယခင်တုန်းက စုန့်ချန်ကျင့်က မြို့ငယ်လေးထဲတွင် ရှိနေသော ရုံးတော်ထဲ၌ ရပ်နေသည့်အချိန်တွင် မည်သည့်အရာမျှ မလုပ်ခဲ့ပေ။ သို့သော် အလွန်ထူးခြားသော ကျင့်စဉ်အဆင့် ရှိနေသည့် ဓားကျင့်ကြံသူ လျှိုပါ့ချောင်က သူ့ခန္ဓာကိုယ်တစ်ခုလုံး အပ်ကလေးများဖြင့် ထိုးစိုက်နေသလို ခံစားခဲ့ရသည်။ ထိုအရာက အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကဲ့သို့ ဖြစ်၏။
ချန်းပင်အန်းက မထင်မှတ်ထားသော အခြေအနေကို ကာကွယ်ရန်အတွက် သူ့ကိုယ်သူ ပြင်ဆင်လိုက်သည်။ သို့သော် သူ ဘာမှမလုပ်ရသေးခင် ချက်ချင်း နောက်သို့ လွင့်သွားခဲ့၏။ သူက ဝါးအဆောက်အဦး၏ နံရံနှင့် ပြင်းပြင်းထန်ထန် တိုက်မိသွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ လျှောတိုက်ကျသွားခဲ့၏။ သူက ခဏကြာ ရုန်းကန်နေရသော်လည်း နံရံကို နောက်ကျောနှင့်သာ မှီ၍ ထိုင်နိုင်ခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာနေပြီး မည်မျှကြိုးစားစေကာမူ မတ်တပ်မရပ်နိုင်ခြင်း မရှိချေ။
အဘိုးအိုက ချန်းပင်အန်း၏ ဗိုက်ကို ခြေထောက်နှင့် ကန်လိုက်ပြီးနောက် လက်ပိုက်နေခဲ့သည်။ သူက အလွန်ဆိုးရွားသော အခြေအနေရောက်နေသည့် လူငယ်လေးကို ငုံ့ကြည့်လိုက်၏။ သူက အေးစက်စွာ ပြောလိုက်သည်။
“မင်းက ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရတဲ့အချိန်မှာတောင် လျှောက်ပြီးတော့ တွေးနေရဲသေးတယ်။ မင်းက တကယ်သေချင်နေတာပဲ…”
ချန်းပင်အန်းက နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို လက်နှင့် သုတ်လိုက်သည်။ လေပူများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီးနောက် သူက နံရံရှေ့တွင် မတ်တပ်ရပ်လိုက်၏။ သူ့ပုံစံက အစွမ်းထက်သော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသလို ဖြစ်သွားခဲ့သည်။
“သိုင်းပညာရှင်က အဆင့် (၉)ဆင့်ပဲ ရှိတယ်လို့ လောကကြီးက ငါတို့ကို ပြောတယ်။ အဲဒီအဆင့် (၉)ဆင့်ရဲ့ အထက်မှာ အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းတွေ ရှိနေတယ် ဆိုတာကိုတော့ နားမလည်ခဲ့ကြဘူး…”
အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းက အခုမှ အဆင့်(၃) တံခါးဝကိုပဲ ရောက်သေးတယ်။ အမှန်အတိုင်း ပြောရရင်တော့ မင်းရဲ့သိုင်းပညာ အဆင့်(၂)အုတ်မြစ်က အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ တကယ်လို့ ငါသာ ပေါ်မလာခဲ့ရင် မင်းရဲ့ကျင့်ကြံမှုအရှိန်အရ အဆင့်(၃)ကို ရောက်သွားမယ်ဆိုရင် နောက်ပိုင်း အဆင့်(၉)ကို ရောက်ဖို့ မင်းရဲ့ အုတ်မြစ်က သေချာပေါက် ပျက်စီးသွားရလိမ့်မယ်…”
“သိုင်းပညာရှင်လမ်းကြောင်းက မတည်ငြိမ်တဲ့ အပေါ်ယံ အုတ်မြစ်တွေကို ဆက်ပြီး တိုးတက်ခွင့်မပြုဘူး။ မင်းက ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ မင်းက ပထမအဆင့် ချီဖြန့်ဝေမှုကို လုပ်ဆောင်တဲ့အချိန် အရည်အချင်း မမီသေးဘူး…”
ချန်းပင်အန်းက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့၏။ ထိုအရာက သူ၏ခန္ဓာကိုယ်ကို အားဖြည့်ခဲ့သည့်အချိန်တွင် သေချာကြိုးစားခဲ့သည့် ကျေးဇူးကြောင့်လည်း ဖြစ်သည်။ သူ၏အုတ်မြစ်က အလွန်ခိုင်မာပြီး 'အတော်လေး ကောင်းမွန်သည်' ဟူသော ဖော်ပြချက်က အဘိုးအိုဆီမှ အလွန်မြင့်မားသော ချီးကျူးမှုတစ်ခုလည်း ဖြစ်၏။
အကယ်၍ ကျူးဟယ်ကဲ့သို့ သာမန်သိုင်းပညာရှင်တစ်ယောက်ကသာ ထိုကဲ့သို့ ချီးကျူးမှုကို ရရှိမည်ဆိုလျှင် ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာနိုင်သည်။ သို့သော် ချန်းပင်အန်းကတော့ ထိုအရာများကို နားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက တုန်လှုပ်နေသော အသံနှင့် ပြန်ဖြေလိုက်၏။
“ဆရာကြီးရဲ့ သုံးသပ်မှုအတွက် ကျေးဇူးတင်ပါတယ်…”
အဘိုးအိုက ရှေ့သို့ လျှောက်လာသည့်အချိန်တွင် ရလဒ်အနေနှင့် ဝါးအဆောက်အဦးတစ်ခုလုံး အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ အစိမ်းရောင် ဝါးနံရံများပေါ်တွင် လီကျိရှန် ရေးသားထားခဲ့သော မမြင်ရသည့် စကားလုံးများကလည်း အနည်းငယ် ဝိုးတဝါး ပေါ်လာခဲ့၏။ ထိုစကားလုံးများဆီမှ သန့်စင်ပြီး အာရုံခံ၍ မရနိုင်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းများက စမ်းချောင်းထဲတွင် လပုလင်းလေးကို ထုတ်လွှတ်လိုက်သော အရာကဲ့သို့ ဖြစ်သည်။ ထိုအရာက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်၏။
အဘိုးအိုက ထိုအရာကို သတိထားမိခဲ့သည်။ သို့သော် ထိုကဲ့သို့သော ပြင်ပကိစ္စများကို အလေးမထားခဲ့ပေ။ ထိုအစား သူက ချန်းပင်အန်းကို သေချာစိုက်ကြည့်ပြီး ပြောလိုက်၏။
“ရွှံ့သန္ဓေသားနယ်ပယ်က သူတို့ရဲ့မွေးရာပါချီစွမ်းအားကို ရှာဖွေပြီး သူတို့ရဲ့ သိုင်းပညာလမ်းကြောင်းအတွက် အုတ်မြစ်တစ်ခု တည်ဆောက်ရတာ။ ဒီချီစွမ်းအားတွေက ထောက်တိုင်အဖြစ် လုပ်ဆောင်ပေးလိမ့်မယ်။ ဒီစွမ်းအားတွေက မြင့်မားတဲ့ နံရံကြီးတွေလို လုပ်ဆောင်ပေးလိမ့်မယ်။ ဒါပေမဲ့ ဒီချီစွမ်းအားကို ရှာပြီး မသုံးသေးခင် လူတစ်ယောက်က သူတို့ရဲ့လက်ရှိချီစွမ်းအားတွေကို သေချာဖြန့်ဝေပြီး မွေးရာပါ မသန့်စင်မှုတွေ၊ အညစ်အကြေးတွေအားလုံးကို ဖယ်ထုတ်ပစ်ရလိမ့်မယ်။ အမှန်အတိုင်း ပြောရရင် ဒီလောကကြီးထဲမှာရှိတဲ့ စွမ်းအားတွေကိုတောင် ဖယ်ရှားပစ်ဖို့ လိုအပ်တယ်…”
“သန့်စင်တဲ့ သိုင်းပညာရှင်တစ်ယောက်…
'သန့်စင်တယ်' ဆိုတဲ့ စကားလုံးက ဘယ်အရာအတွက် ရပ်တည်နေတာလဲ။ ဒီအရာက လောကကြီးကို စိန်ခေါ်ဖို့အတွက် ရည်ရွယ်နေတာ။ ခိုးကြောင်ခိုးဝှက် လုပ်တတ်ပြီး အားနည်းတဲ့ ချီကျင့်ကြံသူတွေလို မလုပ်နဲ့။ အဆုံးမှာတော့ သူတို့က သူတို့ဆရာရဲ့ ကရုဏာအောက်မှာပဲ အသက်ရှင်နိုင်တဲ့ နောက်လိုက်တွေဆိုတာထက် မပိုဘူး…”
ချန်းပင်အန်းက ထိုစကားလုံး တချို့တစ်ဝက်ကို နားလည်နေသည်။ ထို့ပြင် သူ့ရင်ထဲ၌ ထိုအဘိုးအို၏ သုံးသပ်ချက်များအားလုံးကိုတော့ သဘောမတူခဲ့ပေ။
အဘိုးအိုက အပြုံးနှင့် ခေါင်းညိတ်လိုက်၏။
“အဆင့်(၂)ဆိုတာကတော့ သစ်သားသန္ဓေသားနယ်ပယ်လို့ သတ်မှတ်နိုင်တယ်။ အဲဒီအရာကို တောင်ဖောက်နယ်ပယ်လို့ ခေါ်တာက ပိုပြီးကောင်းမယ်လို့ ငါ ခံစားမိတယ်။ တောင်ပေါ်က အင်မော်တယ်တွေအကြောင်း လူတွေက အမြဲတမ်း ပြောတတ်ကြတယ်။ ဒါကြောင့် သိုင်းပညာရှင်တွေက လက်သီးတစ်ချက်တည်းနှင့် အဲဒီတောင်မြင့်ကြီးတွေကို ထွင်းဖောက်ဖို့အတွက် ရည်ရွယ်သင့်တယ်။ ဒီအဆင့်ကတော့ လူတစ်ယောက်ရဲ့ ကြွက်သားတွေ၊ အရိုးတွေကို လေ့ကျင့်ဖို့ အာရုံစိုက်ရတယ်။ အုတ်မြစ်က ပိုပြီးတော့ ခိုင်မာလေလေ၊ နောက်ပိုင်း အောင်မြင်မှုက ပိုပြီးတော့ ကြီးမားလာလေလေပဲ…”
“တကယ်လို့ လူတစ်ယောက်ရဲ့ အုတ်မြစ်ကသာ လုံလောက်အောင် အစွမ်းထက်မယ်ဆိုရင် နောက်ပိုင်း သူတို့ရဲ့အောင်မြင်မှုတွေက ဗုဒ္ဓဂိုဏ်းတွေမှာ ဖျက်ဆီးလို့ မရနိုင်တဲ့ ခန္ဓာကိုယ်တွေ၊ ဒါမှမဟုတ် တာအိုဂိုဏ်းက သန့်စင်ဖန်သားခန္ဓာကိုယ်တွေထက် အားနည်းနေမှာ မဟုတ်ဘူး။ ငါတို့လို သိုင်းပညာရှင်တွေက ငါတို့ရဲ့ခန္ဓာကိုယ်ကို အမြင့်ဆုံး တည်ငြိမ်မှုရတဲ့အထိ ဖိအားပေးဖို့ လိုအပ်တယ်…”
“စစ်ကျောင်းကျင့်ကြံသူတွေကရော… သူတို့ကတော့ ဘယ်ထဲမှာမှ မပါဘူး။ သူတို့လျှောက်လှမ်းတဲ့ လမ်းကြောင်းက ထိခိုက်မှုရှိနိုင်တဲ့အပြင် ဖြတ်လမ်းနည်း တစ်ခုဆိုတာထက် မပိုဘူး။ သူတို့က လုံးဝဟာသတစ်ခုပဲ…”
စစ်ကျောင်းကျင့်ကြံသူများဆီတွင် အစွမ်းထက်သော ဖြတ်လမ်းနည်းတစ်ခု အမှန်တကယ်လည်း ရှိတတ်သည်။ သူတို့က နတ်ဘုရားများကို ဆင့်ခေါ်ပြီး နတ်ဘုရားများ ခန္ဓာကိုယ်ပိုင်ဆိုင်ခြင်းအပြင် သူတို့၏သွေးကြောမှတ်ထဲ၌ သူရဲကောင်းဝိညာဉ်တစ်ယောက်ကို အားဖြည့်နိုင်ကြသည်။ သူရဲကောင်းဝိညာဉ် ဟူသည်မှာ လူတစ်ယောက် သေဆုံးသွားပြီးနောက် ပျောက်ကွယ်သွားခြင်း မရှိသော အစွမ်းထက်ဝိညာဉ်အမျိုးအစား ဖြစ်သည်။
နောက်ဆုံးတွင်တော့ အဘိုးအို၏မောက်မာမှုက အတော်လေး အံ့ဩစရာ ကောင်းလွန်းလှ၏။ အဘိုးအိုက ချန်းပင်အန်းကို လက်ယပ်ခေါ်ပြီး ပြောလိုက်သည်။
“လာခဲ့၊ ဒီနေရာကို လာခဲ့။ ငါက ငါ့ရဲ့ကျင့်စဉ်အဆင့်ကို အဆင့်(၃)အထိ ဖိနှိပ်ထားမယ်။ မင်းက တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားပြီး ငါ့ကို တိုက်ခိုက်လို့ရတယ်။ တကယ်လို့ ငါက ခြေလှမ်းတစ်ဝက်လောက် နောက်ဆုတ်သွားမယ်ဆိုရင်တောင် မင်းက အနိုင်ရပြီ…”
ချန်းပင်အန်းက အနည်းငယ် တွေဝေနေခဲ့သည်။ သူကတော့ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး အလွန်ရှုပ်ထွေးနေသေး၏။ အဘိုးအိုက ဘယ်ကမှန်းမသိ လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာခဲ့ပြီး သူက ချွေးချန်း၏ အဘိုးအိုဟု ပြောခဲ့သည်။ ယခု သူက အကြောင်းပြချက်မရှိဘဲ သူ့ကို တိုက်ခိုက်ရန် ချန်းပင်အန်းကို တောင်းဆိုနေခဲ့ပြန်၏။
လူငယ်လေးက စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေသလို ခံစားခဲ့ရသည်။ ချွေးချန်း၏ လက်ရှိအစွမ်းနှင့် အဆင့်အတန်းအရ သူက နာမည်မရှိသေးသော ဆရာတစ်ယောက်၏ အကာအကွယ်ကို လိုအပ်ဦးမည်လော။ ထို့ပြင် အဘိုးအိုကတော့ သိုင်းပညာကျင့်ကြံမှုတွင် ဖြတ်လမ်းနည်းမရှိကြောင်း ပြောခဲ့သည်။
ချန်းပင်အန်း၏ ပါရမီက အလွန်နိမ့်ကျသည်ဟုလည်း ပြောခဲ့၏။ ထို့ကြောင့် ချန်းပင်အန်းက ချွေးချန်း၏ တစ်ဝက်ခန့် အောင်မြင်မှုမျိုး ရရှိရန်ပင် အိပ်မက်မမက်ရဲပေ။ ခေါင်းထဲတွင် ထိုအရာကို တွေးမိနေသည့်အတွက် အဘိုးအို၏ စကားလုံးများက အချင်းချင်း ရှုပ်ထွေးနေသည် မဟုတ်ပေလော။
အဘိုးအိုက မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်၏။
“မင်းရဲ့ စိတ်နေစိတ်ထားက တော်တော်လေး ပျင်းဖို့ကောင်းတယ်။ ငါ မင်းကို တိုက်ခိုက်ဖို့ ပြောတယ်။ ဒါကြောင့် တိုက်ခိုက်လိုက်။ ဒါဆိုရင် အဆင်ပြေပြီလား။ ဘာလဲ… မင်းက ငါ့ကို လာတိုက်ခိုက်ဖို့အတွက် ဒူးထောက် တောင်းပန်စေချင်သေးတာလား..”
အလွန်ခေါင်းမာသော ချန်းပင်အန်း၏ သဘာဝက နောက်တစ်ကြိမ် ပြန်ပေါ်လာပြန်သည်။ သူက ခုခံနေသည့် အမူအရာနှင့် မလှုပ်မယှက် ရပ်နေခဲ့၏။
အဘိုးအို၏ မျက်နှာအမူအရာက မည်းမှောင်လာပြီး မျက်လုံးထဲတွင် ဝေဝါးနေသော အမူအရာတစ်ခု ရှိနေခဲ့သည်။ သူက ပြောလိုက်၏။
“ဒါဆိုရင် ငါ မင်းကို မေးမယ်။ မင်းက အဆင့်(၃)ကို ရောက်ချင်လား။ ပြီးတော့ မင်းက ဒီလောကကြီးထဲမှာရှိတဲ့ အစွမ်းထက်ဆုံး အဆင့်(၃) သိုင်းပညာရှင်တွေထဲက တစ်ယောက် ဖြစ်ချင်လား…”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ဖြစ်ချင်ပါတယ်…”
အဘိုးအိုက အနည်းငယ် ခေါင်းခါလိုက်ပြီး လက်ညှိုးထိုးပြ၍ အလွန်မောက်မာသော အမူအရာနှင့် ပြောလိုက်၏။
“ဒါဆိုရင် ငါ့ရဲ့ဒီနေရာကို တိုက်ခိုက်လိုက်။ ငါက မင်းရဲ့သဘောထားနဲ့ စိတ်နေစိတ်ထားကို တော်တော်သဘောမကျဘူး။ ဒါပေမဲ့ ချန်းချန်းအတွက် ငါက မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးမယ်။ တကယ်လို့ မင်းရဲ့လက်သီးကသာ အရည်အချင်းရှိတယ်ဆိုရင် ငါ မင်းကို ကူညီပေးပြီး အစွမ်းထက်ဆုံး အဆင့်(၃) သိုင်းပညာရှင်တစ်ယောက်ရဲ့ အရည်အချင်းကို တွေ့ခွင့်ပေးမယ်..”
“ဒါဆိုရင် ကျွန်တော်က ဆရာကြီးကို လက်သီးနဲ့ ထိုးရမှာ မဟုတ်လား။ ကျွန်တော် ဘာမှထိန်ချန်ထားမှာ မဟုတ်ဘူး…”
ချန်းပင်အန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
အဘိုးအိုက ကျယ်လောင်စွာ ရယ်ပြီး ပြန်ဖြေလိုက်၏။
“အပိုတွေ တော်လောက်ပြီ ကောင်စုတ်လေး။ မင်းရဲ့မိဘတွေက မင်းလို ငကြောက်လေး တစ်ယောက်ကို ဘယ်လိုများ ပျိုးထောင်ခဲ့တာလဲ။ မင်းရဲ့ ပေါင်ကြားထဲမှာ တစ်ခုခုများ ပျောက်နေတာလား။ မင်းရဲ့မိဘတွေကလည်း သေချာပေါက် ငကြောက်တွေပဲ ဖြစ်ရမယ်…”
လူငယ်လေး၏ စိတ်ထဲတွင် ဒေါသများ ထွက်လာခဲ့သည်။ အလွန် သိမ်မွေ့ညင်သာသော လူများဆီတွင်ပင် သူတို့၏စိတ်ထဲ၌ သံတုံးသံခဲများပမာ မာကျောသော အရာတစ်ခု ရှိသည်။ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် သူတို့ဆီ၌ ရူးမိုက်သော ကရုဏာတရားများကို ခေါင်းမာမာနှင့် ကိုင်စွဲထားကြသေး၏။
ထိုအရာက ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးအတွက်လည်း အတူတူသာ ဖြစ်သည်။ သူက ကီလိုမီတာ သောင်းပေါင်းများစွာ ခရီးသွားလာခဲ့ပြီး လက်သီးသိုင်းကို နေ့ရောညပါ ပင်ပန်းနွမ်းနယ်မှုမရှိဘဲ လေ့ကျင့်ခဲ့သည်။
ချန်းပင်အန်းက ရှေ့ကို တစ်လှမ်းလျှောက်သွားပြီး အလွန်လျင်မြန်သော အရှိန်နှင့် အဘိုးအိုကို ချက်ချင်း တိုက်ခိုက်လိုက်၏။ တစ်ချိန်တည်းတွင် သူ၏ ညာဘက်လက်သီးကို ဆုပ်ပြီး အဘိုးအို၏ နဖူးကို လက်သီးနှင့် ထိုးလိုက်သည်။ ထိုအရာက လက်သီးတစ်ချက်တည်းကဲ့သို့ ထင်မှတ်ရသော်လည်း အသံနှစ်ခု ထွက်ပေါ်လာခဲ့၏။
တခဏအတွင်း ချန်းပင်အန်းက လက်နှစ်ဖက်ကို ဘေးတွင်ချပြီး နောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရသည်။ ထို့နောက် သူက အကြိမ်ကြိမ် နောက်ဆုတ်သွားခဲ့ရ၏။ ထိုလက်သီးချက်၏ အစွမ်းထက်သော သက်ရောက်မှုကြောင့် ချန်းပင်အန်း၏ ညာဘက်လက်တစ်ခုလုံး အလွန်ပြင်းထန်စွာ နာကျင်သွားခဲ့ရသည်။ သို့သော် သူက အလွန်ကြောက်စရာကောင်းသော သဘာဝကို ဆက်လက်ပြသနေပြီး ပို၍အစွမ်းထက်သော ဘယ်ဘက်လက်ကိုသုံး၍ အဘိုးအို၏ ခေါင်းကို လက်သီးနှင့် ထိုးလိုက်ပြန်၏။
သို့သော် လက်သီးချက်တစ်ချက်မှ အဘိုးအိုကို လှုပ်ရှားအောင် မလုပ်နိုင်သည်မှာ ရှက်စရာတော့ ကောင်းသည်။ အမှန်အတိုင်း ပြောရလျှင် အဘိုးအိုက ပျင်းရိနေသော အမူအရာနှင့် သမ်းဝေလိုက်သေး၏။
“ဒါက မင်းရဲ့အစွမ်းထက်ဆုံး လက်သီးချက်လား။ မင်းက ငါ့ကို ကလိထိုးဖို့ ကြိုးစားနေတာလား။ ငါက မင်းရဲ့ မိန်းမလား။ ဒါမှမဟုတ် မင်းက ငါ့ရဲ့ မိန်းမလား။ ဒါဆိုရင်တော့ ငါက မင်းကို အခြောက်လေးလို့ပဲ ခေါ်ရလိမ့်မယ်။ ကြည့်ရတာတော့ ငါထင်နေတာ မှန်တယ် ထင်တာပဲ။ ငါသာ မင်းရဲ့မိဘတွေဆိုရင် ဒေါသထွက်လို့ သေသွားလောက်တယ်…”
ချန်းပင်အန်း၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့သည်။
“ဘာလဲ။ မင်းမိဘတွေက သေသွားပြီလား…”
အဘိုးအိုကတော့ ရုတ်တရက် နားလည်သွားဟန်ဆောင်ပြီး ရေရွတ်လိုက်သည်။
“ဒါဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ သူတို့က ဒေါသထွက်ပြီး အသက်ပြန်ရှင်လာလောက်တယ်…”
အလွန်ပြင်းထန်သော နာကျင်မှုကို ကြုံခဲ့ရပြီးနောက် ချန်းပင်အန်း၏ လက်နှစ်ဖက်က လုံးဝကို ထုံကျင်လာခဲ့သည်။ သို့သော် သူက ရှေ့သို့ ပြေးသွားပြီး ခန္ဓာကိုယ်ကို လေထဲတွင် တစ်ပတ်လှည့်၍ အဘိုးအို၏ ခေါင်းကို ဘယ်ခြေထောက်နှင့် ပြင်းထန်စွာ ကန်လိုက်ပြန်၏။ သို့သော် ကျယ်လောင်သော အသံတစ်ခုအပြင် အဘိုးအိုကတော့ မလှုပ်မယှက်သာ ရှိနေသေးသည်။
ကန်ချက်၏ အရှိန်ကို အသုံးပြုပြီး ချန်းပင်အန်းက လေထဲတွင် လှုပ်ရှား၍ အဘိုးအို၏ ခေါင်းကို ညာဘက်ခြေထောက်နှင့် ကန်လိုက်ပြန်၏။ လူငယ်က ပြန်ဆင်းလာသည့် အချိန်တွင် သူ၏ခြေထောက်နှစ်ဖက်လုံးက အားနည်းပြီး အစွမ်းမရှိတော့ပေ။ သူ၏ ပုခုံးကပင် ညီညာမှုမရှိတော့ဘဲ သူက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေရန် နောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရသည်။
အဘိုးအိုကတော့ ငတုံးတစ်ယောက်ကို ကြည့်နေရသည့်အလား လူငယ်လေးကို စိုက်ကြည့်နေခဲ့သည်။
“မင်းရဲ့ဘယ်ဘက်ခြေထောက်က ပြင်းပြင်းထန်ထန် နာကျင်နေပြီဆိုမှတော့ ဘာလို့ မင်းက ညာဘက်ခြေထောက်ကိုသုံးပြီး တိုက်ခိုက်ဖို့ မရွေးခဲ့ရတာလဲ။ မင်းက နာကျင်မှုကို နားမလည်ဘူးလား…”
ချန်းပင်အန်းက ပြန်မဖြေခဲ့ပေ။ သူ့မျက်နှာက စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့ဖျော့ဖြစ်နေပြီး သူ၏ပုခုံးများကလည်း နိမ့်ချည်မြင့်ချည်ဖြစ်၍ မညီမညာ ဖြစ်နေသည်။ သူ၏ခြေထောက်များက ပြင်းထန်သော နာကျင်မှုကို ခံစားရနေသည်မှာ သိသာနေသည်။
အဘိုးအိုက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။
“ကြည့်ရတာတော့ ဒါက မင်းရဲ့ကန့်သတ်ချက်ပဲ။ တော်တော်လေး စိတ်ပျက်ဖို့ကောင်းတယ်…”
ချန်းပင်အန်းက တတိယတစ်ကြိမ် ရှေ့သို့ ပြေးထွက်လာပြီး ယောင်ရှန်သိုင်းကျမ်းဆီမှခြေလှမ်း(၆)သွယ် လမ်းလျှောက်ကျင့်စဉ်ကို အသုံးပြုခဲ့သည်။ သူ၏အရှိန်က မူလတိုက်ခိုက်မှုနှစ်ခုထက် အနည်းငယ် ပို၍နှေးကွေးသွားသော်လည်း သူ၏ အငွေ့အသက်များကတော့ အနည်းငယ်လေးပင် အားနည်းသွားခြင်း မရှိချေ။
အဘိုးအိုက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူက နေရာတွင် ရပ်နေပြီး လူငယ်၏ တိုက်ခိုက်မှု ရောက်လာသည့်အချိန်ကို တည်ငြိမ်စွာ စောင့်နေခဲ့သည်။ လမ်းလျှောက်ကျင့်စဉ်ကို အကြိမ်ပေါင်းမြောက်များစွာ လုပ်ဆောင်ခဲ့ပြီးနောက် ယောင်ရှန်သိုင်းကျမ်း၏ လက်သီးဆန္ဒများကချန်းပင်အန်း၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားပြီးသား ဖြစ်သည်။
သူ၏လက်နှင့် ခြေထောက်များက ဒဏ်ရာရနေသော်လည်း သူက လမ်းလျှောက်ကျင့်စဉ်ကို စတင်အသုံးပြုလိုက်သည့်အချိန်တွင် သူ၏ အငွေ့အသက်များက အလွန်ထူးခြားနေသေးသည်။
သူ၏မျက်နှာက ဖြူဖျော့ဖျော့ဖြစ်နေသော်လည်း အလွန်ပြတ်သားသော ချန်းပင်အန်းက လမ်းလျှောက်ကျင့်စဉ် လုပ်ဆောင်ပြီးခဲ့ပြီးနောက် သူ၏ခြေဖဝါးကို အသာအယာ အားထည့်လိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။ ထို့နောက်ခေါင်းမော့ပြီး အဘိုးအို၏ ခေါင်းကို လက်သီးနှင့် ကြောက်စရာကောင်းစွာ ထိုးလိုက်သည်။
ချန်းပင်အန်းက နောက်သို့ လန်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူက အသက်ကို အမောတကော ရှူနေရပြီး သူ၏မျက်လုံးထဲတွင် မသက်မသာ ခံစားမှုများ ပြည့်နှက်နေခဲ့၏။
“ဉာဏ်ကောင်းတဲ့သူတွေက အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အချိန် နောက်ဆုတ်ဖို့ လိုအပ်တယ်ဆိုတာ နားလည်တယ်။ ဒါပေမဲ့ မင်းကတော့ သူတို့ထက်တောင် ပိုပြီးတော့ နိမ့်သေးတယ်။ ဒါပေမဲ့ ဉာဏ်မကောင်းတာတော့ မှန်ပါတယ်။ တကယ်လို့ မင်းက သန့်စင်တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် အရမ်းဉာဏ်ကောင်းဖို့ မလိုဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဉာဏ်ကောင်းတဲ့ လူတစ်ယောက်က သူတို့ပြိုင်ဘက်ရဲ့ သားကောင်တွေ ဖြစ်သွားနိုင်တယ်..”
နောက်ဆုံးတွင်တော့ အဘိုးအို၏ မျက်နှာပေါ်တွင် အသိအမှတ်ပြုသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက အပြုံးနှင့် ရှေ့ကို လျှောက်လာပြီး ဆက်ပြောလိုက်၏။
“ငါ မင်းကို ကန်ချက်တစ်ချက် လက်ဆောင်ပေးမယ်…”
ထိုအချိန်တွင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ လျင်မြန်သော ကန်ချက်တစ်ခု ရောက်လာခဲ့သည်။ ထိုကန်ချက်က မြေပေါ်တွင် လဲကျနေသော လူငယ်လေး၏ ခေါင်းကို တိတိကျကျ ကန်မိခဲ့၏။ ချန်းပင်အန်းက ခန္ဓာကိုယ်ထဲတွင် ရှိနေသော စွမ်းအားများအားလုံးကို စုစည်းလိုက်ပြီး လက်တစ်ဖက်မြှောက်၍ ရက်စက်ကြမ်းကြုတ်သော ကန်ချက်ကို တားဆီးလိုက်သည်။
အဆုံးတွင်တော့ သူက နံရံနှင့် တိုက်မိသွားခဲ့ပြီး လက်ကတော့ သူ့ခေါင်းကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားခဲ့သည်။ သူက ထိုနေရာတွင် ခွေ၍ လဲကျနေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်မှုမရှိသည့် နေရာတစ်နေရာမျှ မရှိချေ။
အဘိုးအိုက နေရာတွင် ရပ်နေပြီး သနားစရာကောင်းသော လူငယ်လေးကို ငုံ့ကြည့်လိုက်သည်။
“ငါက မင်းရဲ့သိုင်းပညာအုတ်မြစ်ကို တော်တော်လေးတော့ နားလည်သွားပြီ။ ငါတို့က စမ်းသပ်ပြီးသွားပြီ။ အစမ်းသဘောကို ဖြတ်ကျော်ပြီးသွားပြီဆိုမှတော့ အမှန်တကယ် နာကျင်ရမယ့် လုပ်ငန်းက အခုမှအစပဲ ရှိသေးတယ်။ မင်းက အရင်ဆုံးထွက်ပြီး ဒဏ်ရာတွေကို ကုသလိုက်ဦး။ သူတို့ကို ရေဇလုံကြီးကြီးတစ်လုံးနှင့် ခန္ဓာကိုယ် ကုသပေးနိုင်တဲ့ အကောင်းဆုံး ဆေးအမယ်တွေ ပြင်ဆင်ထားဖို့ ပြောလိုက်ပါ။ သူတို့က ရွှေကိုက်ခဲဆေးရည်တွေ ပြင်ဆင်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ…”
“တကယ်လို့ သူတို့က အခေါင်းတစ်ခုပါ ပြင်ပေးမယ်ဆိုရင်တော့ ပိုပြီးတော့တောင် ကောင်းတာပေါ့။ မင်းက နာကျင်မှုဒဏ်ကို မခံနိုင်တော့ရင် ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမှာ စိုးရိမ်ရတယ်။ ဒါလည်း အရမ်းမဆိုးပါဘူး။ အနည်းဆုံးတော့ မင်းမိသားစုနဲ့ တမလွန်မှာ ပြန်ပြီးတော့ ပေါင်းစည်းနိုင်တာပေါ့…”
ချန်းပင်အန်းက (၁၅) မိနစ်ခန့် အနားယူပြီးနောက် မတ်တပ်ရပ်ဝြရံတာဆီသို့ ရောက်လာသည့်အချိန်တွင် စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့က အချင်းချင်း ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူတို့အပြင် ချန်းပင်အန်း၏ကံဆိုးမှုကို အနည်းငယ် ကျေနပ်နေပုံရသော အဖြူဝတ် တောင်တန်းနတ်ဘုရားလည်း ရှိနေသေး၏။ ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ရာရနေပုံရသော ချန်းပင်အန်းကို မြင်ရသည့်အခါ ဝေ့ပိုက မနေနိုင်တော့ဘဲ ပြုံးလိုက်မိသည်။
“ငါက မင်းအတွက် အရည်အသွေးအကောင်းဆုံး ဆေးရည်ဇလုံကြီးနှင့် ထိပ်တန်းအရည်အသွေးရှိတဲ့ လိမ်းဆေးတွေ၊ ဆေးလုံးတွေကို ချက်ချင်းပြင်ဆင်ပေးမယ်။ ဘာမှစိတ်မပူပါနဲ့။ ကျွဲချိုတောင်ရဲ့ အဝတ်ထုပ်ဆိုင်မှာ ငါတို့လိုအပ်တဲ့ အရာအားလုံး ရှိတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ငါ အရင်ဆုံး ပေးထားမယ်။ မင်းမှာ ငွေရှိလာတဲ့အချိန်ကျမှ ငါ့ကို ပြန်ပေးလို့ရတယ်။ အလျင်လိုစရာ မလိုပါဘူး။ ဒါပေမဲ့ မိတ်ဆွေက မိတ်ဆွေ၊ အလုပ်က အလုပ်ပဲ။ ငါက ဒီအတွက် အခကြေးငွေ နည်းနည်းလောက်တော့ ယူရဦးမယ်…”
ချန်းပင်အန်းက ခေါင်းညိတ်ပြပြီး ပြုံးလိုက်မိသည်။ လက်ရှိအချိန်တွင် သူ့အပြုံးကတော့ အတော်လေးကို ကြောက်စရာကောင်းနေပုံပေါ်၏။ ဝေ့ပို ထွက်သွားပြီးနောက် သူက ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး နံရံကို ကျောမှီ၍ အနားယူနေခဲ့သည်။
“ဆရာ…
လက်သီးသိုင်းလေ့ကျင့်တာက တော်တော်လေး နာတာလား…” စိမ်းပြာဝတ်ကောင်လေးက တိုးတိုးလေး မေးလိုက်သည်။
ကြမ်းပြင်ပေါ်တွင် ထိုင်နေရင်း ချန်းပင်အန်းက ခါးသီးသော အမူအရာနှင့် သူ့မေးခွန်းကို တုန်ယင်စွာ ပြန်ဖြေလိုက်၏။
“တော်တော်လေး နာကျင်ရတယ်…”
ချန်းပင်အန်းက လေလှိုင်းများ၊ နှင်းထုများကြားထဲတွင်ပင် လမ်းလျှောက်ကျင့်စဉ်နှင့် မတ်တပ်ကျင့်စဉ်ကို တစ်ချိန်လုံး လေ့ကျင့်နိုင်ကြောင်း စိမ်းပြာဝတ်ကောင်လေး ကိုယ်တိုင် မြင်ခဲ့ရသည်။ ထို့ကြောင့် အဆင့်(၂) သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် နာကျင်မှုနှင့် အခက်အခဲဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူ သိနေခဲ့၏။ ထိုအရာက အတော်လေးကို ဆိုးရွားလှသည်။
ထိုအရာက တစ်ချက်တည်းနှင့် သူတို့၏လက်မောင်းကို ချိုးလိုက်ပြီး နေရာတိုင်းတွင် သွေးထွက်သွားသည့် နာကျင်မှုမျိုး မဟုတ်ချေ။ ထိုအစား ထိုအရာက အသွားမရှိသော ဓားတစ်လက်နှင့် သူတို့၏အသားကို ဖြည်းညင်းစွာ ဖြတ်တောက်နေသလို နာကျင်မှုမျိုး ဖြစ်သည်။ လူတစ်ယောက်က ပြင်းထန်သော လေလှိုင်းများထဲတွင် ရပ်နေပြီး အသက်ရှူနေခြင်းက ဓားသွားပေါင်း မြောက်များစွာကို မျိုချနေရသလို ခံစားရသည့် နာကျင်မှုမျိုး ဖြစ်သည်။
အကယ်၍ ချန်းပင်အန်း၏ လက်ရှိလေ့ကျင့်မှုကသာ အလွန်နာကျင်ရမည်ဆိုလျှင်ပင် စိမ်းပြာဝတ်ကောင်လေးကတော့ အမှန်တကယ် နာကျင်ရသည့် ခံစားမှုကိုတော့ တွေးကြည့်နိုင်မည်ပင် မဟုတ်ချေ။ ပန်းရောင်ဝတ် ကလေးမလေးကတော့ တစ်ဖက်သို့လှည့်ပြီး တိတ်တဆိတ် ငိုရှိုက်နေခဲ့လေ၏။
Translated by Hein Htet.