← Chapters

အခန်း (၂၁၅)

Vol. 15 Ch. 215

အခန်း (၂၁၅)

Vol. 15 Ch. 215

အမှောင်ထုက ကျရောက်လာသော်လည်း ချန်းပင်အန်းကတော့ ဆေးရည်ဇလုံထဲတွင် လှဲနေရင်း အိမ်မက်ဆိုးမှ နိုးမလာသေးသော သနားစရာလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။သူက လျင်မြန်စွာ အိပ်ပျော်သွားခဲ့သော်လည်း သူ၏အငွေ့အသက်များက အလွန်အမင်းကို ရှုပ်ထွေးနေသေးသည်။ အချိန်အနည်းငယ်ကြာပြီးမှသာ တည်ငြိမ်သွားခဲ့၏။

ပန်းရောင်ဝတ် ကလေးမလေးက ခြေဖျားထောက်ပြီး ရေဇလုံကြီးကို မှီထားခဲ့သည်။ သူမ၏နဖူးပေါ်တွင်လည်း ချွေးများစိုရွှဲနေ၏။ သူမ၏ဆရာက နာကျင်မှုကြောင့် သေသွားမှာ၊ ရေနစ်ပြီး သေသွားမှာ၊ အိပ်ပျော်နေရာမှ ပြန်ပြီး နိုးမလာမှာကို ကြောက်ရွံ့နေခဲ့၏။ သူမက သူ့ကို မျက်လုံးပြူး၍ စိုက်ကြည့်နေခဲ့သည်။ သို့သော် အမှန်တကယ်ပြောရလျှင်တော့ သူမ လုပ်နိုင်သောအရာလည်း မရှိချေ။

ညအချိန်ရောက်လာမှသာ ပန်းရောင်ဝတ် ကလေးမလေးက အနည်းငယ် စိတ်အေးသွားပြီး ဝါးအဆောက်အဦး၏ ပထမထပ်မှ အပြင်ဘက်ကို ထွက်လာနိုင်ခဲ့သည်။ သူမက စိမ်းပြာဝတ်ကောင်လေး၏ ဘေးတွင် ရှိနေသော ဝါးထိုင်ခုံတွင် ထိုင်ချလိုက်၏။သူတို့နှစ်ယောက်က အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့ကြသည်။

စိမ်းပြာဝတ်ကောင်လေးက ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွဲပြီး ပြောလိုက်သည်။

“အရူးမလေး…

ငါ ဆုံးဖြတ်ချက်ချလိုက်ပြီ။ အခုကစပြီး ငါ သေသေချာချာ အာရုံစိုက်ပြီး လေ့ကျင့်တော့မယ်…”

ပန်းရောင်ဝတ် ကလေးမလေးကတော့ စိတ်ဓာတ်ကျနေပုံရသည်။ သူမက အားမရှိသောအသံနှင့် ပြန်မေးလိုက်၏။

“ဘာလို့လဲ…။ ငါတို့ရဲ့ ကျင့်ကြံမှုက ငါတို့ရဲ့ပါရမီအပေါ် မူတည်နေတာ မဟုတ်ဘူးလား..။ တကယ်လို့ နင်က အိပ်နေပြီး ဘာမှမလုပ်ရင်တောင် နင့်ရဲ့ကျင့်ကြံမှုအဆင့်က တဟုန်ထိုး တက်လာနိုင်တယ်လို့ နင်ကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလား…”

စိမ်းပြာဝတ်ကောင်လေးက ကောင်းကင်ကြီးပေါ်သို့ ငေးကြည့်နေရင်း ပြောလိုက်သည်။

“ငါက တောင်တန်းတွေထဲကို ဝင်တဲ့အချိန်ပဲဖြစ်ဖြစ် ထွက်တဲ့အချိန်ပဲဖြစ်ဖြစ် ငါ့ကို လက်သီးနဲ့ တစ်ချက်တည်း သတ်နိုင်တဲ့ လူတွေကို မတွေ့ချင်ဘူး…”

ထိုအရာက အလွန်ခက်ခဲမည်ဟု ပန်းရောင်ဝတ် ကလေးမလေးက ခံစားမိခဲ့သည်။ သို့သော် ယနေ့ သူမ၏ဆရာက ထိုကဲ့သို့ သနားစရာ အခြေအနေမျိုး ရောက်ခဲ့ရသည်။ ထို့ကြောင့် သူမက ထိုကောင်လေး၏အနားတွင် စိတ်ပျက်မနေချင်တော့ချေ။ မည်သို့ဖြစ်စေကာမူ ယခုမှ နှစ်သစ်ကူး ပထမလသာ ရှိသေး၏။

စိမ်းပြာဝတ်ကောင်လေးက ခေါင်းကိုမော့ လက်သီးကို လေထဲတွင် မြှောက်ပြီး ကြုံးဝါးလိုက်သည်။

“ငါ အစွမ်းထက်လာအောင် ကြိုးစားမယ်။ ဒါဆိုရင် အဲဒီလူတွေက ငါ့ကိုသတ်ဖို့ လက်သီး(၂)ချက်လောက်တော့ သုံးရမှာပေါ့…”

ပန်းရောင်ဝတ် ကလေးမလေးကတော့ တစ်ခုခု လိုအပ်နေသလို ခံစားခဲ့ရသည်။ ထိုအရာက အိုးတိုးအမ်းတမ်း ခံစားမှုတစ်ခုလည်း ဖြစ်၏။

‘ရည်မှန်းချက်ကြီးတာလား… အဲဒီလိုလည်း မဟုတ်သေးဘူး..ရေတိုရည်မှန်းချက်လား… အဲဒါလည်း မမှန်ပြန်ဘူး…’

စိမ်းပြာဝတ်ကောင်လေးက သူ့ကိုယ်သူ မြှောက်ပင့်ပြီး ပြောလိုက်၏။

“သိုင်းလောက ကျင့်ဝတ်တွေနဲ့ တရားမျှတမှုကို ဂရုစိုက်တတ်တဲ့ ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ယောက် ဖြစ်နေမှတော့ ငါက အဲဒီလူတွေနဲ့ တွေ့ရတဲ့အချိန်တိုင်း ချန်းပင်အန်းရဲ့နောက်မှာ ပုန်းမနေချင်ဘူး။ အဲဒါက တော်ဝင်မြစ်က သူရဲကောင်းလေးဆိုတဲ့နာမည်အတွက် အရမ်းရှက်ဖို့ကောင်းတယ်။ ငါက သစ္စာရှိပြီး ယုံကြည်လို့ရတယ်ဆိုတာ ချန်းပင်အန်း သိအောင် လုပ်ပေးမယ်။ ငါ့ရဲ့စကားတွေက အပိုတွေ မဟုတ်ဘူးဆိုတာ သူသိအောင် လုပ်ပေးမယ်…”

ယခုတစ်ကြိမ်တော့ ပန်းရောင်ဝတ်ကလေးမလေးက လက်သီးလေးကို မြှောက်ပြီး ဝှေ့ယမ်း၍ ပြောလိုက်သည်။

“နင် လုပ်နိုင်ပါတယ်…”

ထိုအချိန်တွင် မီးစပါးအုံးမြွေလေးကို အထင်သေးခဲ့သော စိမ်းပြာဝတ်ကောင်လေး၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့ရသည်။ ထိုကလေးမလေးက အနည်းငယ် ဉာဏ်တုံးသော်လည်း အတော်လေး ချစ်စရာကောင်း၍ သဘောကျစရာကောင်းနေသည်မှာ အမှန်ပင် ဖြစ်သည်။

သူက ချက်ချင်း မူလပုံစံသို့ ပြန်ပြောင်းသွားခဲ့ပြီး မျက်နှာပေါ်တွင် ပြောင်ချော်ချော်အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက အပြုံးနှင့် မေးလိုက်သည်။

“အရူးမလေး…

နင် ငါ တောင်းဆိုတာကို နောက်ထပ်မစဉ်းစားတော့ဘူးလား..။ နင် ငါ့မိန်းမ မဖြစ်ချင်ဘူးလား…။ ငါတို့အားတဲ့အချိန်ဆို အိမ်ယာထဲမှာ ပျော်ပါးလို့ရတယ်လေ။ အခု ငါ နင့်ကိုမကြိုက်ပေမဲ့ သာမန်လူတွေဆိုရင်တောင် မမွေးခင်ကတည်းက အောင်သွယ်တွေရဲ့စကားကြောင့် လက်ထပ်ဖို့ စီစဉ်ထားတတ်ကြတာပဲ..”

“ခံစားချက်တွေကတော့ ပျိုးထောင်လို့ရတယ်လေ။ နင်သာ ငါ့ကိုသဘောကျရင် အကုန်အဆင်ပြေတယ်။ တကယ်လို့ နင်သာ ဆန္ဒရှိရင် တောင်တန်းတွေကိုတောင် ရွှေ့ပစ်နိုင်တယ်လေ။ ဒါကြောင့် တစ်နေ့နေ့မှာ နင် ငါ့ကို သဘောကျသလောက် ငါလည်းပြန်ပြီး သဘောကျလာမဲ့နေ့ ရှိလာမှာပဲ…။ အဲဒါကို တွေးကြည့်လိုက်ရုံနဲ့ နင် ဝမ်းသာတယ်မဟုတ်လား…”

ပန်းရောင်ဝတ်ကလေးမလေးက ငိုတော့မည့် အခြေအနေဖြစ်လာပြီး ရေရွတ်လိုက်သည်။

“နင် တော်တော်အရှက်မရှိတာပဲ..။ ငါ ဆရာနဲ့သွားတိုင်မယ်…”

“ဆရာ အိပ်နေတယ်။ ပြီးတော့ သူ့မှာ နင့်ကိုဖြေရှင်းပေးဖို့ အချိန်မရှိသေးဘူး..”

စိမ်းပြာဝတ်ကောင်လေးက အပြုံးနှင့် ဆက်ပြောလိုက်သည်။

“အခွင့်အရေးကြီးတစ်ခု ရပေမဲ့ နင်ကတော့ လက်နှစ်ဖက်နဲ့ မယူနိုင်ခဲ့ဘူး။ ထားလိုက်ပါလေ..။ နင်က အရူးမလေးပဲ..။ ချန်းပင်အန်းကသာ နင့်ကို ရတနာတစ်ခုလို တန်ဖိုးထားနေတာ။ ဘာလို့လဲဆိုတော့ သူက လောကကြီးကို သေချာမမြင်ဖူးသေးလို့ပဲ။ တကယ်လို့ ငါသာဆိုရင် နင့်ကို အများဆုံး အရည်အသွေးမြင့် မြွေကျောက်တုံးတစ်တုံးပဲ ပေးမှာ…”

ပန်းရောင်ဝတ် မိန်းကလေးက ပါးနှစ်ဖက်ကို ဖောင်းပြီး လေပူများကို မှုတ်ထုတ်လိုက်သည်။

“ကျေးဇူးပြုပြီး သူ့ကို ဆရာလို့ပဲ ခေါ်ပါ…”

စိမ်းပြာဝတ်ကောင်လေးက တိတ်ဆိတ်သွားပြီး လက်နှစ်ဖက်ကို ခေါင်းနောက်တွင် တင်၍ အဝေးကို ငေးကြည့်နေခဲ့သည်။

“ဟုတ်တယ်…။ ချန်းပင်အန်းက ငါတို့ဆရာပဲ…”

သူက တိုးတိုးလေး ပြောလိုက်၏။

ချန်းပင်အန်းက ညလယ်ပိုင်းတွင် နိုးလာခဲ့သည်။ သူက လွတ်လပ်စွာ လှုပ်ရှားနိုင်၊ လမ်းလျှောက်နိုင်သော်လည်း သူ့အခြေအနေက ဆိုးဝါးလှ၏။ ကျိုးသွားသော နံရိုးများက ပြန်ကောင်းနေသော်လည်း ပြည့်ပြည့်၀၀ ပြန်ကောင်းခြင်း မရှိသေးချေ။ သို့သော် ဝေ့ပိုက ငွေစ (၈)သောင်းကို အပိုဖြုန်းတီးပစ်ခြင်း မဟုတ်ကြောင်း ပြသနေသည်။ အကယ်၍ တခြားတစ်ယောက်ယောက်ကသာ အဝတ်ထုတ်ဆိုင်ကိုသွားပြီး ထိုဆေးအမယ်များကို ဝယ်မည်ဆိုလျှင် ငွေစ (၁၆၀၀၀၀)ပင် လောက်မည် မဟုတ်ချေ။ ထိုအရာက မြောက်ပိုင်းတောင်မှ တရားဝင်တောင်တန်းနတ်ဘုရား၏ တန်ဖိုး ဖြစ်၏။

ချန်းပင်အန်းက ဝတ်စုံအသစ် လဲလိုက်သည်။ သို့သော် သူက ဝါးအဆောက်အဦးမှ ထွက်သွားရဲခြင်း မရှိချေ။ ပန်းရောင်ဝတ် ကလေးမလေးက ဝါးထိုင်ခုံငယ်လေးတစ်ခု ယူလာပေးသည့်အခါ သူလည်း တံခါးနားတွင် တိတ်တဆိတ် ထိုင်ချလိုက်၏။

သူက စကားတစ်ခွန်းမျှ မပြောဘဲ အဝေးမိုးကုတ်စက်ဝိုင်းမှ နေလုံးကြီး ထွက်လာသည့်အချိန်ထိ ထိုင်နေခဲ့သည်။ မတ်တပ်ကျင့်စဉ် ခဏကြာလေ့ကျင့်လိုက်ပြီးနောက် သူက မတ်တပ်ရပ်လိုက်ပြီး ပထမထပ်တွင် ရှိနေသော အခန်းတစ်ခုထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် သူလည်း ခုတင်ပေါ်တွင် လှဲ၍ အိပ်ပျော်သွားခဲ့၏။

ထိုနေ့ နေ့လယ်ပိုင်းတွင် အဘိုးအိုက မျက်လုံးဖွင့်ပြီး မတ်တပ်ရပ်လိုက်သည်။

“စပြီး လေ့ကျင့်ဖို့ အချိန်ကျပြီ။ ဒီနေ့တော့ မင်းရဲ့စိတ်ဝိညာဉ်ကိုပဲ လေ့ကျင့်ရမယ်။ ဒါကလည်း မသန့်စင်တဲ့အရာတွေကို ဖယ်ထုတ်ရတဲ့ အလုပ်တစ်ခုပဲ..”

သူက တည်ငြိမ်စွာ ပြောလိုက်၏။

ချန်းပင်အန်းက နိုးလာပြီး မျက်လုံးဖွင့်လိုက်သည်။ သူက တိုးတိုးလေး သက်ပြင်းချလိုက်ပြီး ဒုတိယထပ်တွင် ရှိနေသော အခန်းထဲသို့ ဝင်သွားခဲ့၏။

ထို့နောက် သူ့ကို စိမ်းပြာဝတ်ကောင်လေးက နောက်တစ်ကြိမ် အခန်းထဲမှ သယ်ထုတ်လာရပြန်သည်။ ယမန်နေ့ကကဲ့သို့ သူက ညလယ်မှသာ နိုးလာခဲ့၏။ သူက စားစရာအနည်းငယ် စားခဲ့သည်။ သူက စားချင်စိတ်မရှိသော်လည်း ကြိတ်မှိတ်ပြီး မြိုချခဲ့ရ၏။

တူကိုင်ထားသော ချန်းပင်အန်း၏လက်က တုန်ယင်နေပြီး စားစရာများ ခဏခဏ ပြုတ်ကျနေသည်ကို မြင်သည့်အခါ ပန်းရောင်ဝတ် ကလေးမလေးက ချက်ချင်း ငိုချလိုက်မိသည်။ စိမ်းပြာဝတ်ကောင်လေးကတော့ ခေါင်းငုံ့ပြီးသာ စားနေခဲ့၏။

ယခုတစ်ကြိမ်တော့ ချန်းပင်အန်းက ခဏအနားယူပြီး တံခါးဘေးတွင် ထိုင်၍ တုန်ယင်နေသော လက်နှစ်ဖက်နှင့် မတ်တပ်ကျင့်စဉ်ကို လေ့ကျင့်နေခဲ့သည်။ အနည်းငယ် လေ့ကျင့်ပြီးနောက် သူက လျင်မြန်စွာ မတ်တပ်ရပ်ပြီး အိပ်ရာဝင်သွားခဲ့သည်။

(၁၀)ရက်တိတိ ကုန်ဆုံးသွားခဲ့၏။ ထိုအချိန်အတောအတွင်း သူ၏စိတ်ဝိညာဉ်ကို (၃)ကြိမ် ဖိနှိပ်ခဲ့ရပြီး ခန္ဓာကိုယ်ကို တစ်ကြိမ် ဖိနှိပ်နိုင်ခဲ့သည်။

အဘိုးအိုက တစ်ကြိမ်ဆီတိုင်းတွင် သင့်တင့်သောပမာဏနှင့် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းလေ့ကျင့်မှုတွင် ချန်းပင်အန်းက ပို၍ခံရအောင် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် နာကျင်မှုကို အသားကျသွားသည့် ခံစားမှုမျိုး မရှိတော့ချေ။

ချန်းပင်အန်း၏ နာကျင်မှုက တဖြည်းဖြည်းပို၍ ဆိုးဝါးလာပြီး တစ်ရက်လုံး စကားတစ်လုံးမျှ မပြောသည့်နေ့များပင် များလာခဲ့သည်။

ပန်းရောင်ဝတ်ကလေးမလေးက သူ့ကို တစ်စုံတစ်ခု မေးသည့်အချိန်မျိုးတွင်ဖြစ်စေ ၊ သူ့ကို ချီးကျူးသည့်အချိန်မျိုးတွင် ဖြစ်စေ ချန်းပင်အန်းက ပြုံးပြရုံ ခေါင်းခါရုံသာ တတ်နိုင်တော့သည်။ တစ်ခါတလေတော့ မျက်မှောင်ကြုတ်၍ တုံ့ပြန်တတ်၏။ နောက်ဆုံးတစ်ကြိမ်တွင်တော့ သူ၏မျက်နှာပေါ်တွင် ဒေါသတချို့ ရှိနေခဲ့သည်။ ချန်းပင်အန်းက သူ၏မျက်နှာပေါ်ရှိ ဒေါသအမူအရာကို အတင်းအကြပ် ဖိနှိပ်ထားသော်လည်း ထိုအရာကြောင့် စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့က အလွန်ကြောက်လန့်သွားကြသေး၏။

ထိုအချိန်တွင် ချန်းပင်အန်းက တစ်စုံတစ်ခု ပြောချင်သော်လည်း တွေဝေနေခဲ့သည်။ သူ့နှုတ်ခမ်းက အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း အဆုံးတွင်တော့ သူ ဘာမျှမပြောခဲ့ချေ။ နောက်ဆုံးတော့ အိပ်ယာထဲတွင် သွားအိပ်ခဲ့၏။ သူ့မျက်လုံးကို မှိတ်ထားသည့်အချိန်တွင် သူ နိုးနေလား ၊ အိပ်ပျော်နေလား ပြောပြရန် ခက်ခဲသည်။ သူ အသက်သေနေလား ၊ အသက်ရှင်နေလား ပြောပြရန်ပင် ခက်ခဲ၏။

တစ်ကြိမ်တွင်တော့ ချန်းပင်အန်းက အဘိုးအို၏ရိုက်နှက်မှုများကို ခံစားနေရသည့်အချိန်တွင် မည်မျှနာကျင်ရလဲဟု စိမ်းပြာဝတ်ကောင်လေးက ဝေ့ပိုကို မေးခဲ့သည်။

ခဏကြာစဉ်းစားပြီးနောက် ဝေ့ပိုက ပြန်ဖြေခဲ့သည်။ ပထမနေ့တွင် ချန်းပင်အန်း ခံစားခဲ့ရသည့် နာကျင်မှုက သာမန်လူတစ်ယောက်၏ လက်ချောင်းများကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်လိုက်သလို ခံစားရသည်။ အရိုးနှင့် အသားများက လုံးဝကို ပျက်စီးသွားခဲ့ပြီး တစ်ချိန်လုံး သတိရှိနေသေးသည်။ ထို့နောက် အပြစ်ပေးမှုက တစ်နေ့ထက်တစ်နေ့ ပို၍ဆိုးလာခဲ့၏။

ထိုအရာက ပထမဆုံးနေ့၏ နာကျင်ခံစားရမှုများသာ ဖြစ်သည်။ ထို့နောက် စိမ်းပြာဝတ်ကောင်လေးက ဝေ့ပိုကို ထိုကဲ့သို့ မေးခွန်းမျိုး ထပ်မမေးတော့ချေ။

သူက စတင်လေ့ကျင့်ခဲ့သည်။ သူက ပန်းရောင်ဝတ် ကလေးမလေးထက်ပင် ပို၍ စိတ်လိုလက်ရ လေ့ကျင့်နေခဲ့၏။

တစ်ညတွင်တော့ ချန်းပင်အန်းက ဝါးထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေခဲ့သည်။ ဝေ့ပိုက ဖြည်းညင်းစွာ လျှောက်လာပြီး သူ့ဘေးတွင် ရပ်၍ ကောင်းကင်ပေါ်ရှိ လမင်းကြီးကို အတူတူ ငေးကြည့်နေခဲ့ကြသည်။

“ဝေ့ပို…

ဆရာရွမ်ကို ဓားပြီးမပြီး သွားမေးပေးလို့ ရမလား…”

ချန်းပင်အန်းက အက်ရှရှ လေသံနှင့် ပြောလိုက်သည်။

ဝေ့ပိုက ယခုတစ်ကြိမ်တော့ မပြုံးနိုင်တော့ချေ။ သူက သက်ပြင်းချပြီး ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီလေ..ငါ သွားမေးပေးမယ်။ ဒါပေမဲ့ တစ်ခုတော့ အရင်ပြောပြမယ်။ ဒီတစ်ကြိမ်က ရွမ်ချုံ ဖုန်းရွှယ်ကျောင်းဆောင်ကနေ ထွက်လာပြီး ဓားတစ်လက် ဖန်တီးတာ ပထမဆုံးပဲ။ ဒါကြောင့် သူက သေချာပေါက် အလေးထားလိမ့်မယ်။ အဲဒါကြောင့်ပဲ သူက အာရုံပျံံ့လို့မရဘူး။ ပြောရရင် သူ ငါ့ကို ပြန်ဖြေနိုင်မှာ မဟုတ်ဘူး..”

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။ သူက ငွေကြေးအမြောက်အမြား သုံးနေရသည့်အချက်ကိုလည်း ဂရုမစိုက်နိုင်တော့ချေ။ ပထမဆုံး ရက်အနည်းငယ် အတောအတွင်း သူက ကုန်ကျငွေကို စိတ်ထဲတွင် တွက်ချက်နေခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင်တော့ ထိုသို့လုပ်ရန် အာရုံမလာတော့ချေ။

လွန်ခဲ့သော ရက်အနည်းငယ်အတောအတွင်း စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့က မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ ရှောင်နေကြသည်။ သူတို့က သူ့ကို အနှောင့်အယှက်မပေးကြဘဲ တစ်ယောက်တည်း အနားယူခွင့်ပေးထားကြ၏။

ချန်းပင်အန်း မတ်တပ်ရပ်လိုက်သည့်အချိန်တွင် သူက ဝေ့ပိုကို တိတ်တဆိတ် ပြောလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ်လို့ သူတို့ကို ပြောပေးပါ။ ကျွန်တော် တမင်ရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘူး။ တစ်ခါတလေ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘူး…”

“ဘာလို့ မင်းကိုယ်တိုင် သူတို့ကို မပြောတာလဲ…”

ဝေ့ပိုက မေးလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းလည်း အနည်းငယ်လှုပ်ရှားသွားခဲ့သည်။ သို့သော် သူက မချိပြုံးပြုံးပြီး ရှင်းပြလိုက်၏။

“ဘာလို့လဲဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော် ဒီကိစ္စကို တွေးလိုက်တိုင်း အရမ်းပင်ပန်းလာသလို ခံစားရတယ်။ တကယ်လို့ ကျွန်တော် အဲဒီစကားကို ကိုယ်တိုင်သွားပြောလိုက်ရင် မနက်ဖြန် လေ့ကျင့်မှုကို ဆက်ပြီး ခံနိုင်ရည် မရှိတော့မှာ စိုးရတယ်…”

ဝေ့ပိုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဒါက မရေရာတဲ့ ဖြေရှင်းချက်မျိုးပဲ။ ဒါပေမဲ့ ငါလည်း မင်းရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်ပါတယ်။ ငါက မင်းပြောချင်တဲ့စကားကို ပြောပေးမယ်။ ငါလည်း မင်းရဲ့အခက်အခဲကို တော်တော်လေး နားလည်ပါတယ်…”

သိုင်းပညာရှင်များက ထိုကဲ့သို့ မတူညီသော လေ့ကျင့်ရေးအချိန်များအတွင်း အလွန်အကျပ်ရိုက်သော အခြေအနေများကို ကြုံတွေ့ကြရသည်။ သို့သော် လူအနည်းငယ်ကသာ ယခုကဲ့သို့ အနားမရဘဲ နေ့စဉ်ရက်ဆက် နာကျင်ရသော လေ့ကျင့်မှုများကို ကြုံတွေ့ရခြင်း ဖြစ်၏။

အဘိုးအိုက ဒုတိယထပ်၏ လေသာဆောင်ကို တိတ်တဆိတ် ရောက်လာခဲ့သည်။ သူတို့၏စကားကို ကြားသည့်အခါ သူက ပြုံးလိုက်ပြီး သူ ထိုင်နေသော အခန်းထဲသို့ လှည့်ပြန်သွားခဲ့၏။

ဝေ့ပိုက ချန်းပင်အန်း၏ ခံစားချက်ကို ပြည့်ပြည့်၀၀ နားမလည်နိုင်သည်မှာ သဘာဝသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဘိုးအို၏ လေ့ကျင့်မှုများက နတ်ဘုရားဗုံတီးခြင်း ကျင့်စဉ်ကို စုဆောင်းထားခြင်း ပုံစံမျိုးဖြစ်သည်။ ပြောရမည်ဆိုလျှင် ထိုလေ့ကျင့်မှုများက လူတစ်ယောက်၏ စိတ်နှင့် နှလုံးသားကို အနက်ရှိုင်းဆုံးထိ ဖိနှိပ်ပေးနိုင်၏။

လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖိနှိပ်ခြင်း ၊ သွေးကြောများကို ဆေးကြောခြင်းနှင့် အရိုးများကို မာကျောအောင် လုပ်ဆောင်ခြင်းက ပထမခြေလှမ်းဖြစ်သည်။ ထိုအချိန်တွင် လူတစ်ယောက်၏သတ္တိကို တည်ဆောက်ခြင်းနှင့် စိတ်ဝိညာဉ်ကို မာကျောအောင် လုပ်ဆောင်ပေးခြင်းက ဒုတိယခြေလှမ်းဖြစ်သည်။ သို့သော် အစစ်အမှန် စမ်းသပ်မှုက နောက်မှ ရောက်လာမည့် လူတစ်ယောက်၏ နှလုံးသားကို ထိုးဖောက်ခြင်း ဖြစ်သည်။

အဘိုးအိုက လူငယ်လေး၏နှလုံးသားကို လက်သည်းဆူးချွန်နှင့် အကြိမ်ကြိမ် ထိုးစိုက်နေသလို ဖြစ်သည်။ ထိုအရာက မည်မျှနာကျင်ရလဲဟူသည်ကို တွေးကြည့်၍ပင် ရနိုင်သည်။

အမှန်အတိုင်းပြောရလျှင် လူငယ်လေးက ယခုချိန်ထိ ရူးမသွားသေးသည့်အတွက်ကိုပင် အဘိုးအိုလည်း အလွန်အံ့သြနေခဲ့သည်။ သူက အံကြိတ်ပြီး သည်းခံနေသည့်အပြင် ထိုလေ့ကျင့်မှုကိုလည်း လက်လျော့ခဲ့ခြင်း မရှိချေ။ ထို့ပြင် ဝါးအဆောက်အဦး၏ ထူးခြားဆန်းကြယ်သော သဘာဝက အမှန်တကယ်ကို အံ့သြစရာ ကောင်းလွန်းလှပြီး ပြောပြ၍ မရနိုင်ချေ။

ချန်းပင်အန်းက အိပ်ယာထဲတွင် လဲှနေပြီး စောင်ခြုံထားခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကွေးထားပြီး နံရံကို မျက်နှာမူကာ ပါးစပ်ကို လက်နှင့် အတင်းအကြပ် ပိတ်ထားခဲ့၏။သူ၏ လက်ချောင်းလေးများ ကြားထဲမှနေ၍ အသံတိုးတိုး ထွက်လာနေခဲ့သည်။

နောက်ထပ် (၁၀)ရက် ကုန်ဆုံးသွားခဲ့၏။ ထို(၁၀)ရက်အတောအတွင်း သူကြုံတွေ့ခဲ့ရသော နာကျင်မှုများက တစ်နေ့ထက်တစ်နေ့ ပို၍ ရက်စက်ကြမ်းကြုတ်ပြီး အညှာအတာ ကင်းမဲ့လာခဲ့သည်။

ထို ခံစားမှုများအတောအတွင်း ချန်းပင်အန်း၏ အရေပြားကို ဆွဲလှန်ပြီး အကြောများကို ကိုယ်တိုင်ဆွဲထုတ်ရန်ပင် အဘိုးအိုက တောင်းဆိုခဲ့သေးသည်။ တစ်ညတွင်တော့ မံမီတစ်ကောင်ကဲ့သု့ိ တကိုယ်လုံး ပတ်တီးစည်းထားသော လူငယ်လေးက သူထိုင်နေသော ထိုင်ခုံမှ ရုတ်တရက် ထလာခဲ့သည်။ ယိမ်းထိုးနေသော ခန္ဓာကိုယ်နှင့် သူက ဝါးအဆောက်အဦး၏ရှေ့တွင် ရှိနေသော ကမ်းပါးဆီသို့ ထော့နင်းထော့နင်းနှင့် လျှောက်သွားခဲ့သည်။

ကြည့်ရသည်မှာ သူက ရက်ပေါင်းများစွာ မလေ့ကျင့်ရသေးသော လမ်းလျှောက်ကျင့်စဉ်ကို လေ့ကျင့်ချင်နေပုံရသည်။ သို့သော် တစ်ကြိမ် လုပ်ခဲ့ပြီးနောက် သူလည်း ရွေးချယ်စရာမရှိဘဲ ရပ်ပြီး လက်လျော့ခဲ့လိုက်ရသည်။

ချန်းပင်အန်းက ငေးငိုင်စွာ ပြန်လှည့်လာပြီး မြို့ငယ်လေးကို လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများက တုန်ယင်နေပြီး ငိုချင်နေပုံရသည်။ သို့သော် မျက်ရည် ကျမလာခဲ့ချေ။

“ဝေ့ပို…

ခင်ဗျား အနားမှာရှိနေတာ ကျွန်တော်သိတယ်။ ကျွန်တော့်ကို အရက်တစ်အိုးလောက် ယူပေးလို့ရမလား…”

သူက ရုတ်တရက် တောင်းဆိုလိုက်သည်။

ဝေ့ပိုက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

“ငါ့ဆီမှာ တစ်အိုးရှိတယ်…”

အဖုံးဖွင့်ထားသော အရက်တစ်အိုးက ကောင်းကင်ပေါ်မှ ဖြည်းညင်းစွာ ကျလာပြီး ချန်းပင်အန်း၏ရှေ့တွင် ပျံဝဲနေခဲ့သည်။ လူငယ်လေးက အရက်အိုးကို ယူပြီး ဝါးအဆောက်အဦးဆီသို့ လှည့်၍ မေးလိုက်သည်။

“ကျွန်တော် သောက်လို့ရလား…”

ဝါးအဆောက်အဦး၏ ဒုတိယထပ်မှ နှာခေါင်းရှုံ့သည့်အသံတစ်ခု ထွက်ပေါ်လာပြီး အဘိုးအိုက ပြန်ဖြေလိုက်သည်။

“အရက်သောက်တာ ဘာမှားလို့လဲ။ တကယ်လို့ မင်းမှာ အရည်အချင်းရှိရင် နောက်ပိုင်း တာအိုဘိုးဘေးနဲ့ ဗုဒ္ဓကိုတောင် စိန်ခေါ်လို့ရတယ်။ အခုကတော့ အရက်သောက်တယ်ဆိုတာ သတ္တိရှိပြီး အံ့သြစရာကောင်းတာပဲ…”

ချန်းပင်အန်းက ပြန်လှည့်လာသည်။ လမင်းကြီးက တောက်ပနေပြီး ကြယ်များက အနည်းငယ်လေးသာ ရှိသည်။ သူက တောင်ဘက်တွင် ရှိနေသော တောင်တန်းများနှင့် မြစ်ချောင်းများကို ငေးကြည့်နေမိ၏။ ထို့နောက် ခေါင်းငုံ့ပြီး အရက်ကို အနံ့ခံကြည့်လိုက်သည်။

တစ်ချိန်တုန်းကတော့ သူက အရက်မူးနေသော စာသင်သားအိုကြီးကို နောက်ကျောတွင် သယ်လာခဲ့ရသည်။ စာသင်သားအိုကြီးက သူ့ခေါင်းကို အားနှင့် ရိုက်ပြီး ပြောခဲ့၏။

“အရမ်းထိန်းချုပ်ထားတာက မင်းရဲ့ငယ်ရွယ်မှုအများစုကို ဆုံးရှုံးသွားရနိုင်တယ်။ မင်းက သေချာပေါက် အရက်သောက်ရမယ်…”

ခံစားချက်ကင်းမဲ့သော ချန်းပင်အန်း၏မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူက ခေါင်းကို အနည်းငယ်စောင်းပြီး အရက်အိုးကို မော့သောက်လိုက်သည်။ သို့သော် မရပ်မနား ချောင်းဆိုးသွားခဲ့၏။ ထိုသို့ဆိုရာတွင် သူကတော့ မရပ်ခဲ့ဘဲ အရက်အိုးကိုမြှောက်၍ အသံကုန်အော်ဟစ်လိုက်သည်။

“ငါ အရက်သောက်ဖို့ ဆုံးဖြတ်လိုက်ရင် ငါ အရက်သောက်မှာပဲ။ လက်သီးသိုင်းလေ့ကျင့်ဖို့ ဆုံးဖြတ်ပြီးသွားရင်လည်း လက်သီးသိုင်း လေ့ကျင့်မှာပဲ…”

အချိန်တော်တော်ကြာ ထိန်းထားပြီးနောက် ချန်းပင်အန်းက အရက်သီးသွားပြီး မျက်ရည်များ စီးကျလာခဲ့သည်။

“အရက်ရဲ့အရသာက တော်တော်ဆိုးတာပဲ…”

သို့သော် သူက နောက်ထပ်တစ်ငုံသောက်လိုက်ပြီး ချောင်းဆိုးနေရင်း အော်ပြောလိုက်ပြန်သည်။

“မိန်းမလှလေးတစ်ယောက်က ရွှေဓားကြေးပြားတစ်ပြား လက်ဆောင်ပေးရင် ငါက ကျောက်စိမ်းတစ်ပြား ပြန်ပေးသင့်တယ်လို့ စာအုပ်ထဲမှာ ပြောထားတယ်။ အရက်က အရသာဆိုးပေမဲ့ ဒီစာသားကတော့ တကာယ်လှတယ်…”

အဆုံးတွင်တော့ ချန်းပင်အန်း၏မျက်နှာက အနည်းငယ် နီရဲလာခဲ့၏။ ထိုအရာက အရက်ကြောင့်လော…။ ရှက်ရွံ့မှုကြောင့်လော ဟူသည်ကိုတော့ ပြောပြရန် ခက်ခဲ့လေသည်။

သူက သဘောကျနေသော မိန်းကလေးကို မေးနေသည့်အလား အဝေးကိုကြည့်၍ တိုးတိုးလေးပြောလိုက်သည်။

“နင် ငါပြောတာကို ကြားရဲ့လား…”

Translated by Hein Htet.

All Chapters