← Chapters

အခန်း (၂၁၄)

Vol. 15 Ch. 214

အခန်း (၂၁၄)

Vol. 15 Ch. 214

တစ်နာရီနီးပါးခန့် ကြာပြီးနောက် အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုက မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်သောအသံနှင့် အမိန့်ပေးလိုက်သည်။

“ချန်းပင်အန်း …စပြီးလေ့ကျင့်ဖို့ အချိန်ရောက်ပြီ…”

ချန်းပင်အန်းက သက်ပြင်းချပြီး အတွင်းထဲကို လမ်းလျှောက်သွားခဲ့၏။

စိမ်းပြာဝတ်ကောင်လေးက ဝမ်းသာနေပြီး သူ့နောက်မှ တံခါးကို ပိတ်ရန်ပင် ကူညီပေးခဲ့သေးသည်။ သူက ဖရိုဖရဲအဘိုးအိုကို လှမ်းကြည့်ရဲခြင်းပင် မရှိချေ။ တံခါးကို ပိတ်လိုက်ပြီးနောက် စိမ်းပြာဝတ်ကောင်လေးက ဒုတိယထပ်တွင် ရှိနေသော လက်ရန်းပေါ်သို့ ခုန်တက်သွားခဲ့ပြီး စဉ်းစားနေသော အမူအရာနှင့် ထိုင်နေခဲ့သည်။

‘ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အတောအတွင်း တော်ဝင်မြစ်ထဲမှာ အစွမ်းထက်တဲ့ လူတစ်ယောက် ဖြစ်ခဲ့တယ်။ ငါက ခုံရုံးဝါတိုင်းပြည်တစ်ခုလုံးမှာလည်း အရမ်းကို နာမည်ကျော်ကြားခဲ့တယ်။ ငါက လေတွေ ၊ မိုးတွေကိုတောင် အမိန့်ပေးနိုင်ပြီး ငါ့ဆီမှာ နန်းတွင်းထဲက အထူးဧည့်သည်တွေ ၊ မိတ်ဆွေတွေလည်း အပြည့်ပဲ…’

‘ဒါဆိုရင် ဘာလို့ ငါက ဒီလုံချွမ်စီရင်စုငယ်လေးထဲမှာ အတားအဆီးတွေကို အမြဲတမ်း ရင်ဆိုင်နေရတာလဲ။ မကြာခင်အတောအတွင်း ငါ့ရဲ့ကံတရားက တော်တော်လေးကို ဆိုးရွားသွားခဲ့တာလား။ နောက်ပိုင်း ငါက အပြင်သွားတဲ့အချိန် နတ်ဘုရားတစ်ပါး မတော်တဆ တိုက်ခိုက်တာကိုတောင် ခံရနိုင်တာလား။ ပြီးရင် ငါက လက်သီး တစ်ချက်တည်းနဲ့ အသတ်ခံရမှာလား။ ဒါက ကျင့်ကြံမှုကမ္ဘာကြီးကို အုပ်စိုးခဲ့တဲ့ ငါ့ရဲ့ မျှော်လင့်ချက်တွေနဲ့ တော်တော်လေးလွဲနေတယ်…’

ထိုကောင်လေး၏ မျက်နှာပေါ်တွင် ဆူပုတ်ပုတ် မျက်နှာအမူအရာတစ်ခု ပေါ်လာပြီး လက်ရန်းကို အတင်းအကြပ် ရိုက်ချလိုက်သည်။ သူက အလွန်အမင်းကို စိတ်ပျက်နေမိခဲ့၏။

ထိုအချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးကတော့ တောင်တန်းနတ်ဘုရား ဝေ့ပိုကို မီးမွှေးရန် ကူညီပေးလိုက်ပြီး အဆောက်အဦး၏ ပထမထပ်တွင် ဆေးရေဇလုံ တည်ရန် ကူညီပေးနေခဲ့သည်။ ဆေးရနံ့များကလည်း သူမ၏နှာခေါင်းထဲသို့ တိုးဝင်လာနေခဲ့၏။ ထိုဆေးရည်များက အလွန်ဈေးကြီးနေခြင်း မရှိချေ။ ငွေကြေးအရ ပြောရမည်ဆိုလျှင်တော့ ဝေ့ပိုက ငွေစ (၈)သောင်းသာ ကုန်ကျခဲ့သည်။

ဆင်းရဲသားများက စာသင်သားများ ဖြစ်လာပြီး ချမ်းသာသူများကတော့ သိုင်းပညာ လေ့ကျင့်ကြသည်။ သူတို့၏ဘိုးဘေးများက လိမ်ညာနေကြခြင်း မဟုတ်ချေ။ သို့သော် ဤကမ္ဘာကြီးထဲတွင် ရှိနေသော သိုင်းပညာရှင်အများစုကတော့ ဝေ့ပိုကဲ့သို့ ငွေကို မဆင်မခြင် မသုံးကြပေ။ မဟုတ်လျှင် သူတို့က မည်မျှချမ်းသာကြွယ်ဝစေကာမူ ဆင်းရဲနွမ်းပါးသွားကြပါလိမ့်မည်။

အဆောက်အဦး၏ ဒုတိယထပ်တွင် ရှိနေသော အခန်းထဲတွင် အဘိုးအိုက စိတ်ပျက် စိတ်ပျက်နေပုံရသော ချန်းပင်အန်းကိုကြည့်ပြီး ပြောလိုက်၏။

“ငါက မင်းရဲ့ ချီစွမ်းအားတွေကို ဖြန့်ဝေဖို့ ကူညီပေးတာအပြင် တစ်ချိန်တည်းမှာပဲ မင်းရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို တစ်ပြိုင်နက်တည်း သန့်စင်ပေးဖို့ ကူညီပေးမယ်။ တကယ်လို့ မင်းသာ အဆုံးထိ ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ အဆင့်(၂)ကနေ အဆင့်(၃)ထိ တက်လှမ်းဖို့က အရမ်းကို ချောမွေ့ပြီး သဘာဝကျလိမ့်မယ်။ တကယ်လို့ မင်းသာ ကံကောင်းမယ်ဆိုရင် အဆင့်(၄)ကိုတောင် တက်လှမ်းနိုင်လောက်ဦးမယ်…”

“တကယ်လို့ မင်းသာ ကံကောင်းမယ်ဆိုရင်တော့…”

ထိုစကားကို ကြားလိုက်ရသည့်အခါ ထိုအရာက လုံးဝမဖြစ်နိုင်ကြောင်း ချန်းပင်အန်းက သေချာနေခဲ့သည်။

အဘိုးအိုက အပြုံးနှင့် ဆက်ပြောလိုက်၏။

“အစောပိုင်း ငါက မင်းကို တိုက်ခိုက်လိုက်တဲ့ အချိန်တိုင်း ငါ့ရဲ့အစွမ်းကို သေချာဂရုတစိုက် ထိန်းချုပ်ထားမယ်။ မင်းက အစပိုင်းမှာတော့ မခံမရပ်နိုင်အောင် ခံစားရမှာ မဟုတ်ဘူး။ ဒါပေမယ့် အဆုံးသတ်ကို ရောက်တဲ့အချိန်ကျရင်တော့ မင်းက အဲဒီအရာကို နားလည်လာလိမ့်မယ်…”

ထိုအရာနှင့်ပတ်သက်ပြီး ချန်းပင်အန်းက အလွန်ဆိုးရွားသော ခံစားမှုတစ်ခု ရခဲ့သည်။

အဘိုးအို၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး သူ၏ စိတ်အခြေအနေကတော့ ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။ သူက အရာအားလုံးကို စိတ်မဝင်စားတော့ပေ။ သူက ရိုးရှင်းပြီး ရှေးဟောင်းပုံစံဖြစ်သော လက်သီးသိုင်းကွက်ကို ဖြည်းညင်းစွာ ဖန်တီးလိုက်ပြီး ရှင်းပြလိုက်၏။

“ငါ ငယ်ငယ်တုန်းက ဘာလက်နက်မှမရှိဘဲ ခရီးသွားလာရတာကို သဘောကျတယ်။ ငါက ငါ့ရဲ့လက်သီးကိုပဲ အားကိုးပြီး တောင်ပေါ်မှာ ရှိတဲ့သူတွေ၊ တောင်အပြင်ဘက်မှာ ရှိတဲ့သူတွေကို တိုက်ခိုက်ခဲ့တယ်။ ကောင်းကင်သခင်တစ်ယောက်က နွေဦးကို ကြိုဆိုဖို့အတွက် ဗုံတွေ တီးနေတာကို ငါ မြင်ခဲ့ဖူးတယ်။ ရှေးတုန်းက မိုးကြိုးနတ်ဘုရားကလည်း သူ့ရဲ့မြင်းလှည်းကြီးကိုစီး ဗုံတွေကို တီးပြီး ဒီကမ္ဘာကြီးထဲမှာရှိတဲ့ မကောင်းဆိုးဝါးတွေအားလုံးကို ခြိမ်းခြောက်နိုင်တယ်လို့ ကြားဖူးတယ်…ဗုံသံက မကောင်းတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပြီး သန့်စင်အောင် လုပ်ပေးနိုင်တယ်…”

အဘိုးအို၏အမူအရာက အလွန်တည်ငြိမ်နေခဲ့သည်။ သူက ဆက်ပြောလိုက်၏။

“အဲဒီအရာကို မြင်လိုက်ရတဲ့အချိန်မှာ ငါက ဉာဏ်အလင်းပွင့်မှုရသွားပြီး ဒီသိုင်းကွက်ကို နတ်ဘုရားဗုံတီးခြင်းလက်သီးသိုင်းလို့ခေါ်တယ်…”

ချန်းပင်အန်းက အဘိုးအိုပြောသော စကားများကို သေချာနားထောင်နေခဲ့သည်။ စကားလုံးတစ်လုံးမျှ လွဲချော်သွားရဲခြင်း မရှိပေ။ ထိုအကြောင်းပြချက်ကလည်း အလွန်ရိုးရှင်း၏။ သူက အကြောင်းမဲ့ နာကျင်မှုများ ခံစားလိုခြင်း မရှိချေ။

“မတ်မတ်ရပ်ထား ကောင်လေး။ အရင်ဆုံး ငါ့ရဲ့လက်သီး(၁၀)ချက်ကို ခံစားကြည့်လိုက်…”

အဘိုးအိုက ခက်ထန်သည့်အမူအရာနှင့် အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် ဒုတိယထပ်၌ ရှိနေသော အခန်းထဲ၌ မီးရှူးမီးပန်းများ ပေါက်ကွဲသလို အသံများ ထွက်လာခဲ့သည်။ မဆင်မခြင် တိုက်ခိုက်လိုက်သော လက်သီးချက် (၁၀)ချက်က ချန်းပင်အန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော မတူညီသည့် နယ်မြေများပေါ်သို့ ကျရောက်လာခဲ့သည်။ ထိုလက်သီးချက်များ၏ အစွမ်းက သူ၏သွေးကြောမျှင်များထဲသို့ ရောက်ရှိသွားခဲ့ပြီး သူ၏အငွေ့အသက်များက ရပ်တန့်သွားခြင်းမရှိဘဲ လှုပ်ရှားလာခဲ့ရ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် တံမြက်စည်းတစ်ချောင်းနှင့် လှဲပြီး ဖုန်မှုန့်များကို ရှင်းထုတ်နေသလို ထင်ရသည်။

လက်သီးချက်(၁၀)ချက် တိုက်ခိုက်လိုက်ပြီးနောက် အဘိုးအို၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ချန်းပင်အန်းက အဆိုးဆုံးအခြေအနေကို ပြင်ဆင်ထားခဲ့သော်လည်း အစပိုင်းတွင် အဘိုးအို၏ လက်သီးချက်ထဲ၌ ရှိနေသော နူးညံ့သိမ်မွေ့သည့်သဘာဝကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည်။ သူက ထိုလက်သီးချက်များကို အလွယ်တကူ ခံနိုင်ရည်ရှိနေသည်။

သို့သော် တခဏအတွင်း လူငယ်၏ မျက်နှာပေါ်တွင် ရှိနေသော ကိုယ်တွင်းပေါက်များအားလုံးမှနေ၍ သွေးများ စီးကျလာခဲ့သည်။ သူက မြေပေါ်သို့ လဲကျသွားခဲ့ပြီး နာနာကျင်ကျင် လူးလှိမ့်နေခဲ့ရ၏။ သို့သော် ချန်းပင်အန်းက နှုတ်ခမ်းကို ကိုက်ထားခဲ့ပြီး နာနာကျင်ကျင် အော်ဟစ်ခဲ့ခြင်း မရှိချေ။

လက်သီးသိုင်းကို စတင်လေ့ကျင့်ခဲ့သည့် အချိန်မှစ၍ ချန်းပင်အန်းက ကျူးဟယ် ပြောသောစကားကို ကြားခဲ့ဖူးသည်။ သိုင်းပညာလမ်းကြောင်းကို လျှောက်လှမ်းနေသော သိုင်းပညာရှင်များက အရက်သောက်၍ မရနိုင်ပေ။ ထိုသို့လုပ်ဆောင်လိုက်မည်ဆိုလျှင် သူတို့၏ခန္ဓာကိုယ်ကို ထိခိုက်နိုင်၏။ တခြားသူများကတော့ စိတ်ကို လှုပ်ရှားခွင့်မပေးကြောင်း စသည့် အကြောင်းအရာမျိုးစုံကိုလည်း ကြားခဲ့ဖူးသည်။

ထိုစည်းမျဉ်းများကို ခက်ခက်ခဲခဲ သင်ယူခဲ့ပြီးနောက် ချန်းပင်အန်းက အမှားအယွင်းမရှိဘဲ သေချာလိုက် အလေးထား၍ လိုက်နာခဲ့သည်။ အိုက်လျန်၏ အရက်ထဲတွင် အလွန်ကြီးမားသော အခွင့်အရေးများ ပါဝင်နေသည်ဟု လင်းရှို့ယီ ပြောခဲ့သည့်အချိန်တွင်ပင် ချန်းပင်အန်းကတော့ သူ၏ဆုံးဖြတ်ချက်အတွက် အနည်းငယ်လေးပင် နောင်တရခဲ့ခြင်း မရှိခဲ့ပေ။

အဘိုးအိုက လူးလှိမ့်နေသော လူငယ်လေးကိုကြည့်ပြီး ပြောလိုက်၏။

“ဘယ်လိုလဲ တော်တော်ကောင်းတယ်လို့ ခံစားရတာလား။ ဒီလက်သီးသိုင်းရဲ့ အနှစ်သာရက လက်သီးချက် တစ်ချက်ချင်းဆီတိုင်းမှာ သူ့ရဲ့အစွမ်း ဘယ်လောက်ထိ ဆတိုး ပွားလာမလဲဆိုတဲ့အပေါ် မူတည်နေတယ်။ မင်းကသာ မြန်မြန်ဆန်ဆန်နဲ့ လက်သီးချက် လုံလုံလောက်လောက် တိုက်ခိုက်နိုင်မယ်ဆိုရင် အထွဋ်အထိပ်မှာ ရောက်နေတဲ့ ကောင်းကင်ရွှေအင်မော်တယ်တွေကိုတောင် သတ်ပစ်နိုင်တယ်..”

ထိုစကားကို ပြောလိုက်ပြီးနောက် အဘိုးအိုက အနည်းငယ် တွေးတောနေမိခဲ့သည်။ ယခင်တုန်းက သိုင်းပညာအထွဋ်အထိပ်တွင် ရပ်တန့်နေသည့်အချိန်၌ သူက အကြောင်းအရာတစ်ခုကို သိချင်နေခဲ့၏။ အကယ်၍ တာအိုဘိုးဘေး သို့မဟုတ် ဗုဒ္ဓကသာ ပြန်လည်တိုက်ခိုက်ခြင်းမရှိဘဲ ရပ်နေပြီး သူ့ကို ထိုလက်သီးသိုင်းနှင့် အလုံအလောက် တိုက်ခိုက်ခွင့်ပေးမည်ဆိုလျှင် သူတို့က လက်သီးချက်ပေါင်းမည်မျှ ခံနိုင်ရည်ရှိမည်နည်း။ သူက လက်သီးချက်ပေါင်းမည်မျှ အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်မည်နည်း။

သို့သော် အဘိုးအိုက ချက်ချင်းသတိပြန်ဝင်လာပြီး ရှင်းပြလိုက်၏။

“စိတ်မပူပါနဲ့။ ငါက လက်သီးချက်(၁၀)ချက်ကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ထူးခြားတဲ့နည်းလမ်းတစ်ခုကို သုံးခဲ့တယ်။ ဒါကြောင့် မင်းရဲ့ခန္ဓာကိုယ်ကို လုံးဝထိခိုက်မှာ မဟုတ်ဘူး။ ဒီလက်သီးချက်တွေက မင်းရဲ့ စိတ်ဝိညာဉ်ဆီကိုပဲ ရောက်လာလိမ့်မယ်။ ဒါကြောင့် မင်းက အံကြိတ်ထားလိုက်မယ်ဆိုရင် ဒီနာကျင်မှုကို ကျော်လွှားနိုင်လိမ့်မယ်…”

ချန်းပင်အန်းက ကြမ်းပြင်ပေါ်တွင် (၇)မိနစ် (၈)မိနစ်ခန့် လူးလှိမ့်နေခဲ့သည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး အဘိုးအိုကြီးယန် သင်ကြားပေးခဲ့သော အသက်ရှူလေ့ကျင့်ခန်းအတိုင်း အသက်မှန်မှန်ရှူရန် ကြိုးစားလိုက်၏။ တစ်ချိန်တည်းတွင် သူက အိုက်လျန် သင်ကြားပေးခဲ့သော ရပ်တန့်ခြင်း (၁၈)သွယ် ကျင့်စဉ်ကိုလည်း အသုံးပြုလိုက်သည်။

ထိုအရာကို လုပ်ဆောင်ပြီး (၁၅) မိနစ်ခန့် ကြာမှသာ သူလည်း ပြန်ကောင်းလာပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်နိုင်ခဲ့သည်။ သူ့ပုံစံက တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေပြီး ရေကူးရာမှ ထွက်လာသလို ဖြစ်နေခဲ့၏။

အဘိုးအိုက ခေါင်းညိတ်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ကြည့်ရတာတော့ လက်သီးချက်(၁၀)ချက်က မင်းရဲ့ကန့်သတ်ချက်ထဲမှာ ရှိနေသေးတယ် ထင်တယ်။ ဒါဆိုလည်း နောက်ထပ် လက်သီးချက် (၁၅) ချက် လက်ခံလိုက်..”

တခဏကြာပြီးနောက် ချန်းပင်အန်းက ကြမ်းပြင်ပေါ်တွင် နောက်တစ်ကြိမ် လူးလှိမ့်နေပြန်သည်။ သူက တစ်ကြိမ်တည်းတွင် နံရံနှင့် တိုက်မိသွားခဲ့၏။ သို့သော် သူ့ခေါင်းက နံရံနှင့် တိုက်မိသွားသည့်ကိုပင် သတိမထားမိသလို ဖြစ်နေခဲ့သည်။

ချန်းပင်အန်းက ကြမ်းပြင်ပေါ်တွင် နာရီဝက်နီးပါးခန့် လဲကျနေခဲ့သော်လည်း ပြန်ထိုင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူက မတ်တပ်ရပ်ပြီး အဘိုးအိုကို ကျိန်ဆဲနိုင်ခြင်းပင် မရှိခဲ့ပေ။

ဖရိုဖရဲအဘိုးအိုက ချန်းပင်အန်း၏ ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်း ပြောင်းလဲလာသော အငွေ့အသက်များကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။

“သိုင်းပညာတာအို၊ သိုင်းပညာတာအို…

ဒါက မဟာ မဟာတာအိုတွေထဲက တစ်ခုပဲ။ ချီကျင့်ကြံသူတွေက သိုင်းပညာရှင်တွေကို အမြဲတမ်း အထင်သေးကြတယ်။ ဒီလမ်းကြောင်းက ဒါက တာအိုအစား သိုင်းပညာကို ဦးတည်နေတဲ့ လမ်းကြောင်းလို့ပဲ သူတို့က သတ်မှတ်ကြတယ်။ သိုင်းပညာရှင်တွေက တာအိုအထွဋ်အထိပ်ကို လုံးဝမရောက်နိုင်ဘူးလို့ သူတို့က သတ်မှတ်ကြတယ်။ ဒါပေမယ့် ငါကတော့ ဒါကို လက်မခံနိုင်ဘူး…”

“ဒါကြောင့် ငါက အတွေးအခေါ်(၁၀၀)ကျောင်းက စာပေတွေအားလုံးကို လေ့လာခဲ့တယ်။ တစ်နေ့မှာတော့ ငါက အရမ်းလှတဲ့ မိန်းကလေးတစ်ယောက် ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်မိခဲ့တယ်။ စာထဲမှာ ပြောထားတာကတော့ သူက လူသားကမ္ဘာကြီးကို တော်တော်လေး ဂရုစိုက်တဲ့ မိုးနတ်ဘုရားမတစ်ယောက်လို့ ပြောကြတယ်။ သူက နတ်ဘုရားတွေရဲ့ စည်းမျဉ်းကို ဖောက်ဖျက်ပြီး လူသားတွေရဲ့ ဒုက္ခကို ကယ်တင်ပေးဖို့အတွက် မိုးရွာချပေးခဲ့တယ်…”

“အဲဒီနောက်မှာတော့ သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်က နတ်ဘုရားစင်မြင့်တစ်ခုမှာ ချုပ်နှောင်ခံထားရပြီး နေ့ရောညပါ အပြစ်ပေးမှုကို သည်းခံခဲ့ရတယ်။ ကောင်းကင်ဧကရာဇ်က ကောင်းကင်ဧကရာဇ်က ‘ကိုယ်လုပ်ခဲ့တဲ့ ပြစ်မှုကို ကိုယ်တိုင်ခံစားရမယ်’ ဆိုတဲ့ စကားလုံးတွေပါတဲ့ အမိန့်ပြန်တမ်းတစ်ခုကို ပို့ခဲ့တယ်..”

“အဲဒီစာကို ဖတ်ပြီးသွားတဲ့အချိန်မှာ ငါက စားပွဲခုံကို လက်နဲ့ရိုက်ပြီး မတ်တပ်ရပ်မိခဲ့တယ်။ ပြီးတော့ သူ့ကို ခွေးကောင်လို့ အော်ဟစ်ကြိမ်ဆဲခဲ့တယ်။ ဒါပေမယ့် ငါ့ရဲ့ဒေါသတွေက မပျောက်သေးဘူး။ ငါက အပြင်ဘက်ကို ထွက်လာခဲ့တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် မိုးရွာနေခဲ့တယ်…”

“ငါက လက်သီးတစ်ချက် ထိုးလိုက်တဲ့အချိန်မှာ မိုးတွေက ကောင်းကင်ကြီးပေါ် မီတာ (၃၀) ကျော်လောက် နောက်ပြန်ဆုတ်သွားခဲ့တယ်။ ဒါကြောင့် ငါက ဒီလက်သီးချက်ကိုတော့ မိုးရည်ငွေ့ပြန်သိုင်းကွက်လို့ နာမည်ပေးထားတယ်…”

အဘိုးအိုက လူငယ်၏ဘေးကို တိတ်တဆိတ် ရောက်လာပြီး သူ့ရင်ဘတ်ကို ခြေထောက်နှင့် နင်းလိုက်၏။

“တကယ်လို့ မင်းက မထနိုင်ဘူးဆိုရင်လည်း ဆက်ပြီးတော့ လှဲနေလိုက်တော့…”

သူက ခနဲ့သလို ပြောလိုက်၏။

“ငါကတော့ ဒီလက်သီးချက်ရဲ့ ထူးခြားတဲ့သဘာဝကို မင်း ခံစားရအောင် လုပ်ပေးဦးမှာပဲ…”

ချန်းပင်အန်း၏ ချီစွမ်းအားပင်လယ်ကြီးထဲတွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်လာခဲ့သည်။ သူက တုန်လှုပ်ခြောက်ခြားဖွယ် ပြောင်းလဲမှုကြီးတစ်ခုကို ကြုံလိုက်ရသလို ဖြစ်နေခဲ့၏။ သူက တစ်စုံတစ်ယောက်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည့်အလား ကြမ်းပြင်ပေါ်မှ လေထဲသို့ မြောက်တက်လာခဲ့သည်။ ထို့နောက် တခဏအတွင်း ကြမ်းပြင်ပေါ်သို့ ပြန်ကျသွားခဲ့၏။ ထိုဖြစ်စဉ်က ကြိမ်ဖန်များစွာ ဖြစ်ပေါ်နေခဲ့သည်။

ခဏကြာပြီးနောက် အဘိုးအိုက လူငယ်လေး၏ ပုံစံကို ကြည့်ပြီး စိတ်ပျက်လာပုံရသည်။ ထို့ကြောင့် သူက ဗိုက်ကို ဖနောင့်နှင့် ပေါက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ငြိမ်ငြိမ်နေစမ်း…”

ချန်းပင်အန်းက ကြမ်းပြင်ပေါ်တွင် ကပ်နေခဲ့သည်။ သူ၏ခြေလက်များက လှုပ်ရှား၍ မရဘဲ သူ၏ မျက်နှာအမူအရာကတော့ အတော်လေးကို ရှုပ်ထွေးနေခဲ့၏။ အမှန်အတိုင်း ပြောရလျှင်တော့ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ သွေးလုံးလေး မြောက်များစွာ ဖြည်းညင်းစွာ စိမ့်ထွက်လာနေခဲ့သည်။ တဖြည်းဖြည်းနှင့် သွေးအိုင်ကြီးတစ်ခုကဲ့သို့ စုစည်းလာနေခဲ့၏။

“ချန်းပင်အန်း … သေချာနားထောင်စမ်း…”

အဘိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်၏။

“မင်းက သိုင်းပညာကနဦးအဆင့်ရဲ့ချီစွမ်းအား အငွေ့အသက်ကို ရှာတွေ့သွားပြီ။ ဒါကြောင့် မင်းက အဲဒီအရာတွေအားလုံးကို ဘေးဖယ်ထားပြီး ဘာမှမလုပ်တော့ဘူးလား။ မင်းက မလုပ်နိုင်ဘူးဆိုတာနဲ့ ပြီးသွားပြီလား။ ဒီချီစွမ်းအားအငွေ့အသက်တွေကို လက်လွှတ်လိုက်လို့ မရဘူး…”

ချန်းပင်အန်းဆီတွင် သိစိတ်အနည်းငယ်လေးသာ ရှိနေ၏။ သူက အဘိုးအို၏ ဒေါသတကြီး အော်ဟစ်သံကို ကြားရုံလေးသာ ရှိသည်။ မသိစိတ်အရ သူ့ခေါင်းထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်ပြီး သူက ထူးဆန်းသော အမိန့်တစ်ခု ပေးလိုက်သည်။

ထိုအချိန်တွင် မီးနဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသော ထူးခြားဆန်းကြယ်သည့် အငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လွတ်လပ်စွာ လှည့်ပတ်သွားလာနေခဲ့သည်။

ချန်းပင်အန်းက သူ၏ခြေလက်များကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ အမှန်အတိုင်း ပြောရလျှင်တော့ လက်ရှိအချိန်တွင် သူက လက်ချောင်းလေး တစ်ချောင်းကိုပင် လှုပ်ရှားနိုင်ခြင်း မရှိချေ။

အဘိုးအိုက ငုံ့ကြည့်လိုက်ရာ အပ်ချည်မျှင်လေးတစ်ခုကဲ့သို့ သေးငယ်သော မီးနဂါးလေးတစ်ကောင်က ချန်းပင်အန်း၏ ရင်ဘတ်ထဲတွင် ရှိနေသော သွေးကြောမျှင်များထဲတွင် လှည့်ပတ်သွားလာနေကြောင်း မြင်ခဲ့ရသည်။ သူက အားရပါးရရယ်ပြီး ကောက်ချက်ချလိုက်၏။

“အရမ်းကောင်းတယ်…”

သူက ခြေထောက်ကို ရုပ်သိမ်းလိုက်ပြီး လက်တစ်ဖက်ကို နောက်ပစ်ထားခဲ့၏။ ထိုအချိန်တွင် သူက လက်ချောင်းလေးများကို ချိုးနေပြီး ချန်းပင်အန်းကို အခြားလက်တစ်ဖက်နှင့်ကိုင်၍ ပြောလိုက်၏။

“ငါက တောင်ထိပ်ပေါ်ကနေ တပ်ဖွဲ့နှစ်ဖွဲ့ရဲ့ တိုက်ပွဲကို ကြည့်ခဲ့ဖူးတယ်။ အဲဒါက တော်တော်လေးကို ထူးခြားဆန်းကြယ်တဲ့ မြင်ကွင်းတစ်ခုပဲ။ ငါက နဂါးတစ်ကောင်နဲ့ ဆင်တစ်ကောင်ရဲ့ တိုက်ပွဲကို ကြည့်နေရသလိုမျိုးပဲ။ နဂါးတွေက ရေထဲမှာ အစွမ်းထက်ဆုံး သတ္တဝါတွေပဲ။ ဆင်တွေကတော့ ကုန်းပေါ်မှာ အစွမ်းထက်ဆုံး သတ္တဝါတွေပဲ။ ဒီတော့ ဒီတိုက်ပွဲက နှစ်တစ်ထောင်မှာ တစ်ကြိမ်သာ တွေ့ခဲ့ရတဲ့ တိုက်ပွဲမျိုးပဲ။ အဲဒီတိုက်ပွဲကို ကြည့်ခဲ့ရတဲ့အတွက် ငါက ကောင်းကင်တပ်ဖွဲ့ ဝင်္ကပါဖျက်ဆီးခြင်းသိုင်းကွက်လို့ခေါ်တဲ့ လက်သီးသိုင်းတစ်ခုကို နားလည်ခဲ့တယ်..”

အဘိုးအိုက လက်ဖျောက်တီးလိုက်သည့်အချိန်၌ ချန်းပင်အန်း၏ နံရိုးတစ်ချောင်းက ထက်ပိုင်းကျိုးသွားခဲ့သည်။ ချန်းပင်အန်းက နာကျင်မှုကြောင့် အော်ဟစ်မိခဲ့သည်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်၏။ သို့သော် သူ လုပ်နိုင်သောအရာ မရှိပေ။ တိုက်ခိုက်မှုကြောင့် သူက နာကျင်နေရသည့်အပြင် သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် စိတ်ဝိညာဉ်ကလည်း ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရသည်။

ထိုအသံကိုကြားသည့်အခါ စိမ်းပြာဝတ်ကောင်လေးက ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားခဲ့၏။ သူ ထိုင်နေသော လက်ရန်းပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးကတော့ အသံကြောင့် ပထမထပ်တွင် အတော်လေး စိတ်ဓာတ်ကျနေခဲ့သည်။ သူမက ချက်ချင်းထိုင်ချလိုက်ပြီး ခေါင်းကို လက်တစ်ဖက်နှင့် အုပ်ထားခဲ့၏။ သူမက သူ့ဆရာ၏ နာနာကျင်ကျင် အော်ဟစ်သံများကို နားထောင်ရဲခြင်းမရှိချေ။

အဆုံးတွင်တော့ ဖရိုဖရဲအဘိုးအိုက သတိလစ်သွားသော လူငယ်လေးကိုကြည့်ပြီး တံခါးဆီသို့ ခံစားချက်ကင်းမဲ့စွာ လျှောက်သွားခဲ့၏။ တံခါးကို ဖွင့်လိုက်ပြီးနောက် သူက တုန်ယင်နေသော စိမ်းပြာဝတ်ကောင်လေးကို လှည့်ကြည့်ပြီး အမိန့်ပေးလိုက်၏။

“သူ့ကို အောက်ထပ် သယ်သွားပြီး ဆေးရည်ဇလုံထဲ ပစ်ထည့်လိုက်။ သူ့ရဲ့အဝတ်တွေ ဖိနပ်တွေကို ချွတ်ဖို့မလိုဘူး။ အဲဒီအရာတွေထိ လျှောက်မတွေးနဲ့။ ချန်းပင်အန်းက သူ့ရဲ့ကျင့်စဉ်အဆင့်ကို တည်ငြိမ်ချင်တယ်ဆိုရင် ဒါက အရေးအကြီးဆုံးပဲ။ အဝတ်တွေ ချွတ်လို့မရဘူး။ ပြီးတော့ အဲဒီတောင်တန်းနတ်ဘုရားကိုလည်း အပျင်းကြီးမနေနဲ့လို့ ပြောလိုက်။ ဆေးရည်ဇလုံထဲ နောက်ထပ်ဆေးရည်တွေ ထပ်ထည့်ခိုင်းလိုက်။ မဟုတ်ရင် ဒီကောင်လေး ဒီနေ့ခံစားခဲ့ရတာတွေအားလုံးက အလကားဖြစ်သွားလိမ့်မယ်…”

အဘိုးအိုကို မြင်ပြီး သူ့အမိန့်ကို ကြားလိုက်ရသည့်အခါ စိမ်းပြာဝတ်ကောင်လေးက အလွန်ကြောက်လန့်သွားသည့်အတွက် အောက်ကို လှေကားပေါ်မှပင် ဆင်းမသွားနိုင်ခဲ့ပေ။ ထိုအစား သူက လက်ရန်းပေါ်မှ တိုက်ရိုက် ခုန်ချလိုက်ပြီး ချန်းပင်အန်းကို သွားသယ်ရန် ပန်းရောင်ဝတ် ကလေးမလေးကို ပြောလိုက်သည်။ သူကတော့ အဘိုးအို၏ ရှေ့တွင် လမ်းပင် ဖြတ်မလျှောက်ရဲပေ။ သို့သော် သူက သူ သူက ပထမထပ်သို့ ရောက်လာပြီးနောက် ဝေ့ပိုကို ဆေးရည်ဇလုံထဲသို့ ဆေးများ ထပ်ထည့်ပေးရန်တော့ သတိပေးခဲ့သေးသည်။

ထိုအရာ လုပ်ဆောင်ပြီးနောက် သူက အဆောက်အဦးအပြင်ဘက်တွင် ရပ်နေသော ပန်းရောင်ဝတ် ကလေးမလေးဆီသို့ ပြေးသွားခဲ့သည်။ သူက အံကြိတ်ပြီး နောက်တစ်ကြိမ် ခုန်လိုက်ရာ ဒုတိယထပ်သို့ လှပစွာ ပြန်ရောက်လာခဲ့၏။ ပန်းရောင်ဝတ် ကလေးမလေး ရောက်မလာသေးခင် သူက အားတင်းပြီး အခန်းထဲသို့ ဝင်၍ ချန်းပင်အန်း၏ခန္ဓာကိုယ်ကို နောက်ကျောပေါ်သို့ သယ်လိုက်သည်။ သူ့ဆရာကို အောက်ထပ်သို့ သယ်လာပြီးနောက် သူက ရေဇလုံထဲတွင် သေချာဂရုတစိုက် ချလိုက်၏။

ပန်းရောင်ဝတ် ကလေးမလေး၏ မျက်နှာကတော့ မျက်ရည်များ ပြည့်လျှံနေခဲ့သည်။ သူမက တိတ်တဆိတ် မေးလိုက်၏။

“တောင်တန်းနတ်ဘုရားဝေ့…

ဆရာ အဆင်ပြေရဲ့လား…”

ဝေ့ပိုက သတိလစ်နေသော ချန်းပင်အန်းကို ကြည့်ပြီး ပြန်ဖြေလိုက်၏။

“တကယ်လို့ သူသာ အဆုံးထိခံနိုင်ရည်ရှိမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူသာ လမ်းတစ်ဝက်မှာ လက်လျှော့လိုက်မယ်ဆိုရင်တော့ နောက်ဆုံးအတားအဆီးကနေ ပြုတ်ကျသွားတာထက်တောင် ပိုပြီးတော့ ဆိုးလိမ့်မယ်။ သူ့ဆီမှာ မကောင်းတဲ့ သက်ရောက်မှုတွေလည်း ခံစားရလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရရင် သူက ဘဝတစ်လျှောက်လုံး အဆင့်(၂)နဲ့ အဆင့်(၃)မှာ ပိတ်မိနေတာမျိုးပေါ့။ သူ့ရဲ့အုတ်မြစ်က အရမ်းကို ခိုင်မာလွန်းနေတဲ့အတွက် ပိုပြီးမြင့်မားတဲ့အဆင့်ကို တက်လှမ်းဖို့ ကြိုးစားလိုက်မယ်ဆိုရင် ကျောက်တုံးကြီးတစ်တုံးကို မဖို့ကြိုးစားနေတဲ့ ကလေးတစ်ယောက်လို ဖြစ်လိမ့်မယ်။ ဒါက လုံးဝမဖြစ်နိုင်ဘူး…”

ပန်းရောင်ဝတ် ကလေးမလေးက အနည်းငယ် အံ့ဩသွားခဲ့သည်။

စိမ်းပြာဝတ်ကောင်လေးကတော့ အခန်းထဲမှ ထွက်လာပြီး ဝါးထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ သူက ပါးကို လက်နှစ်ဖက်နှင့် ထောက်ထားပြီး အဝေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိခဲ့လေ၏။

Translated by Hein Htet.

All Chapters