← Chapters

အခန်း (၂၁၆)

Vol. 15 Ch. 216

အခန်း (၂၁၆)

Vol. 15 Ch. 216

သူတော်စင်တစ်ပါးက ပြောခဲ့ဖူးသည်။

‘ကောင်းကင်ဘုံက ကြီးမြတ်တဲ့ လူတစ်ယောက်အပေါ် တာဝန်ကြီးကြီးမားမားပေးတော့မယ်ဆိုရင် သူတို့တွေရဲ့ဝိညာဉ်နဲ့ စိတ်ဓာတ်ကို အရင်ဆုံး လှုပ်ရှားသွားအောင် လုပ်တတ်တယ်။ ပြီးတော့ သူတို့ရဲ့ ကြွက်သားတွေ၊ အရိုးတွေ အားလျော့သွားအောင်လည်း လုပ်တတ်ကြတယ်..’

ဝေ့ပိုက နေ့စဉ်နေ့တိုင်း လော်ပိုတောင်သို့ ရောက်လာခဲ့ပြီး အဝတ်ထုတ်ဆိုင်မှနေ၍ ချန်းပင်အန်းအတွက် အလွန်အမင်းကို တန်ဖိုးရှိသော ဆေးအမယ်များကို ယူလာပေးခဲ့သည်။ ထိုရက်ပေါင်း (၂၀) အတောအတွင်း ဝေ့ပိုက ချန်းပင်အန်း၏ ခံစားမှုများကို သေချာအလေးထား၍ ပြောနေခဲ့ခြင်း မရှိသော်လည်း ချန်းပင်အန်း၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ဖရိုဖရဲအဘိုးအို၏ ရက်စက်ကြမ်းကြုတ်မှုများကို အမှန်တကယ် အံ့ဩမိနေခဲ့သည်။

ကောင်းကင်ဘုံက ချန်းပင်အန်းအပေါ် မည်ကဲ့သို့သော တာဝန်တစ်ခု ပေးအပ်ချင်နေသည့်အတွက် ထိုကဲ့သို့ လူမဆန်သော အပြစ်ပေးမှုများကို ခံစားခိုင်းနေရသနည်း။ လောကတစ်ခွင်လုံး ဖရိုဖရဲဖြစ်နေပြီး ကျောက်စက်ပန်းဆွဲတောင်မှ သတင်းဆိုးများ ရောက်လာနေသည့်အချိန်တွင် သူတို့က ချန်းပင်အန်းဆီမှ သေချာပေါက် တောင်းဆိုနိုင်လိမ့်မည် မဟုတ်ချေ။ ထိုလူငယ်လေးက ဓားတစ်ချောင်းတည်းနှင့် ရန်သူသန်းပေါင်းများစွာဆီကို ပြေးဝင်သွားပြီး တားဆီးနိုင်ခြင်းပေလော။

ဝေ့ပို၏စိတ်ထဲတွင် ထိုအတွေးပေါ်လာသည့်အချိန်တိုင်း ထိုအရာက မဖြစ်နိုင်ကြောင်း သူကိုယ်တိုင်ပင် တွေးမိခဲ့သည်။ ကောင်းကင်ကြီးက မည်မျှကျယ်ပြန့်နေသနည်း။ လောကကြီးကရော အဆုံးမရှိ မဟုတ်ပေလော။ အရှေ့ပိုင်းကုန်းမြေကြီး ဟူသည်မှာ လူသားကမ္ဘာကြီးထဲတွင် ရှိနေသော ကုန်းမြေကြီး (၉)ခုထဲတွင် အသေးဆုံးသာ ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် ကျောက်စက်ပန်းဆွဲတောင်နှင့် အနီးဆုံးဖြစ်သော ကုန်းမြေကြီးတစ်ခုကတော့ ပါရမီရှင်များ၊ အစွမ်းထက်ပညာရှင်များ ပြည့်နှက်နေသည့် တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးသာ ဖြစ်သည်။

ထိုနေရာတွင် အလွန်ပါရမီရှိသော ချောင်ကျိ ရှိနေပြီး သူက အလွန်အစွမ်းထက်သော မြေပြင်ဓားအင်မော်တယ်တစ်ယောက်လည်း ဖြစ်သည်။ ထိုသို့ဆိုရာတွင် သူက တောင်ပိုင်းဝဲကတော့ကုန်းမြေကြီးထဲ၌ အစွမ်းထက်ဆုံး ကျင့်ကြံသူများထဲမှာ တစ်ယောက်ဟု သတ်မှတ်နိုင်ခြင်း မရှိသေးပေ။ ထိုကုန်းမြေကြီး၏ အထွဋ်အထိပ်တွင် ရပ်တည်နေသူများက ယင်းရင် ချန်းကလန်၏ ဘိုးဘေးအိုကြီးကဲ့သို့ ပညာရှင်များ ဖြစ်ကြသည်။

လွန်ခဲ့သော ရက် (၂၀) အတောအတွင်း လော်ပိုတောင်၏ တောင်တန်းနတ်ဘုရား စုန့်ယုကျန်းကလည်း လာရောက်လည်ပတ်ပြီး ဝေ့ပိုကို မေးမြန်းခဲ့သည်။ သို့သော် ဝေ့ပိုကတော့ သူနှင့် ခဏတာလေးသာ စကားပြောဆိုခဲ့၏။ ပထမဆုံးအကြိမ်နှင့် ယှဉ်လျှင် သူ့ပုံစံက လုံးဝရင်းနှီးဖော်ရွေမှု မရှိသလို ကြိုဆိုနေခြင်းလည်း မရှိချေ။ နှစ်ဖက်စလုံးက နောက်ကွယ်ရှိ အကြောင်းပြချက်ကို ကောင်းမွန်စွာ သိနေကြ၏။

စုန့်ယုကျန်းက သစ္စာရှိသော အရာရှိတစ်ယောက် ဖြစ်ချင်နေပြီး တာ့လီအင်ပါယာ၏ ကိစ္စရပ်များကိုသာ ရူးမိုက်စွာ အလေးထားနေလေူတစ်ယောက် ဖြစ်သည်။ လော်ပိုတောင်၏ တောင်ထိပ်တွင် ရှိနေသော တောင်တန်းနတ်ဘုရား ကျောင်းဆောင်ထဲတွင် သူတို့၏ပထမဆုံး တွေ့ဆုံမှုအတောအတွင်း ဝေ့ပိုက သူ၏ အစစ်အမှန် အတွေးများကို သိခွင့်ရခဲ့သည်။

သို့သော် ဝေ့ပိုက ဒေါသမရှိသော ဗုဒ္ဓတစ်ပါး မဟုတ်ချေ။ ထို့ကြောင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးက တဖြည်းဖြည်း ဝေးကွာသွားသည်ဟု ဆိုနိုင်သည်။

ယနေ့ ဝေ့ပိုက လက်ထဲတွင် ဆေးအမယ် အထုပ်တစ်ထုပ်ကို ကိုင်ထားပြီး တောင်ပေါ်သို့ အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့၏။ ဝါးအဆောက်အဦးသို့ ရောက်လာပြီးနောက် ချန်းပင်အန်းက လက်ရန်းအနားတွင် ရပ်နေပြီး မတ်တပ်ကျင့်စဉ်ကို လေ့ကျင့်ပြီးသွားကြောင်း တွေ့လိုက်ရသည်။

ချန်းပင်အန်းက ယနေ့လေ့ကျင့်မှု ပြီးဆုံးခြင်း မရှိသေးချေ။ သူက ဝေ့ပိုကို မြင်သည့်အချိန်တွင် အံ့အားသင့်ဖွယ် လက်ပြနှုတ်ဆက်ခဲ့၏။

ဝေ့ပိုက ငွေစ(၁)သိန်း တန်ကြေးရှိသော ဆေးအမယ်အထုပ်ကို ပန်းရောင်ဝတ် ကလေးမလေးဆီသို့ ပေါ့ပေါ့ပါးပါးလေး ပစ်ပေးလိုက်သည်။

ထို့နောက် ချန်းပင်အန်းက ကမ်းပါးအစပ်တွင် တင်ပျဉ်ခွေထိုင်နေသော စိမ်းပြာဝတ်ကောင်လေးကို လှည့်ကြည့်လိုက်ပြီး ဒုတိယထပ်သို့ ပြေးတက်သွားခဲ့၏။ သူ၏ခြေထောက်က ဝါးလှေကားထစ်များပေါ်တွင် အသံမြည်သွားခဲ့ပြီး မြောက်ပိုင်းတောင်၏ တောင်တန်းနတ်ဘုရားကပင် သူနှင့်တွေ့ဆုံ၍ မရနိုင်သေးသလို ထင်မှတ်ရသည်။ ထိုအစား သူကတော့ နေရာတိုင်းတွင် ပြေးလွှားသွားလာနေသော စာရေးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။

ချန်းပင်အန်းက နှိပ်စက်သည့်အခန်းထဲသို့ ဝင်ရတော့မည်ဖြစ်သော်လည်း အပြုံးနှင့် ပြောလိုက်သေး၏။

“ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အင်မော်တယ်ဝေ့…”

“ဒါတွေက ဘာမှခက်ခဲတာမှ မဟုတ်တာ။ ခြေလှမ်းနည်းနည်းလောက် လမ်းလျှောက်လိုက်ရုံပဲလေ။ ပြီးတော့ ငါက ရှုခင်းတွေ လိုက်ကြည့်လို့ရသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက တောင်တန်းနတ်ဘုရားတစ်ပါးပဲ။ ဒီတော့ ဒီတောင်တန်းတွေကို စောင့်ကြပ်ရတာ ငါ့ရဲ့တာဝန်တစ်ခုပဲလေ..”

ဝေ့ပိုက လက်ရန်းပေါ်သို့ လက်နှစ်ဖက် တင်လိုက်ပြီး လူငယ်လေးကို လှည့်ကြည့်၍ မေးလိုက်သည်။

“မင်း အရက်အိုးတစ်ဝက် သောက်လိုက်တာ အသုံးဝင်တာလား…”

“အဲဒါတော့ ကျွန်တော်လည်း သေချာမသိဘူး…”

ချန်းပင်အန်းက ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

“အရက်နည်းနည်း သောက်ပြီးသွားတော့ ကျွန်တော့်ရဲ့ခံစားချက်တွေကတော့ လုံးဝပြောင်းသွားတယ်…”

ဝေ့ပိုက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ဒါကကောင်းတဲ့အရာတစ်ခုပဲလေ…”

ဒုတိယထပ်တွင် ရှိနေသော အခန်းထဲမှနေ၍ အဘိုးအို၏ တည်ငြိမ်လေးနက်သော အသံတစ်ခု ထွက်လာခဲ့သည်။

“ဝင်လာပြီးတော့ ခံစားကြည့်လိုက်ဦး…”

ချန်းပင်အန်း၏ မျက်နှာပေါ်တွင် မသက်မသာ အပြုံးတစ်ခုပေါ်လာပြီး ဝေ့ပိုကို လက်ပြနှုတ်ဆက်လိုက်သည်။

ထိုအချိန်တွင် ဝေ့ပိုကတော့ ပြုံးရုံလေး ပြုံးလိုက်မိ၏။

“ခံစားကြည့်ရမှာလား…”

အဘိုးအိုက ထိုစကားကို အမှန်တကယ် ပြောထွက်ခဲ့သည်။

ချပ်ဝတ်အင်္ကျီကို ဖယ်ရှားလိုက်ပြီး အလွန်အပြစ်ကင်းစင်နေသလို ပြောနေခြင်း မဟုတ်ပေလော။ သို့သော် ထိုအရာက အစစ်အမှန်ဖြစ်မည်လော။

အဘိုးအိုက ချန်းပင်အန်း၏အရေပြားကို ဆွဲခွာပြီး သူ၏လက်သည်းများကိုပင် ဖယ်ရှားရန် တောင်းဆိုခဲ့သည်။ ထိုအရာက ပိုးသားမျှင်များ ဆွဲထုတ်လိုက်ခြင်းကဲ့သို့ မဟုတ်ပေလော။ ချန်းပင်အန်းက သူ၏ကြွက်သားများနှင့် သွေးကြောများကိုပင် ဆွဲထုတ်ရန် ပြောခဲ့သေးသည်။ ထိုအရာက ချန်းပင်အန်း၏ စိတ်စွမ်းအားကို စမ်းသပ်နေသော ရက်စက်ကြမ်းကြုတ်သည့် အပြစ်ပေးမှုများ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအရာကို သူကိုယ်တိုင်လုပ်ဆောင်ရန် လိုအပ်ခြင်းကြောင့်ဖြစ်၏။ ထိုအရာတွင်သာမက သူက မျက်လုံးဖွင့်ထားရန် လိုအပ်ပြီး အလွန်လျင်မြန်စွာ လုပ်ဆောင်၍လည်း မရနိုင်ပေ။ သူက လူမဆန်သော နည်းလမ်းများကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ဖြည်းညင်းစွာ နှိပ်စက်နေရ၏။

ဝေ့ပိုကတော့ ထိတ်လန့်မှုကြောင့် တစ်ကိုယ်လုံး ထုံကျင်နေသလို ခံစားခဲ့ရသည်။ သို့သော် တစ်ချိန်တည်းတွင်လည်း ချန်းပင်အန်း၏ သိုင်းပညာကျင့်စဉ်အဆင့်နှင့် ပတ်သက်ပြီး ပို၍မျှော်လင့်ချက်များ ပြည့်နှက်လာခဲ့ရသည်။ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် လေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ပြီးနောက် သူ၏အဆင့် (၃) ကျင့်ကြံမှုက မည်မျှခိုင်မာပြီး အစွမ်းထက်လာမည်နည်း။ နောက်ပိုင်း ရန်သူနှင့် တိုက်ခိုက်သည့်အချိန်တွင် သူ၏တိုက်ခိုက်စွမ်းရည်က မည်မျှအံ့ဩစရာ ကောင်းလာမည်နည်း။

ချန်းပင်အန်းက သူ၏မြက်ဖိနပ်လေးကို ချွတ်လိုက်ပြီး ဒုတိယထပ်တွင် ရှိနေသော အခန်းလွတ်ထဲသို့ လျှောက်သွားခဲ့သည်။ တံခါးပိတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုကို မြင်လိုက်ရ၏။ သူက ယောင်ရှန်သိုင်းကျမ်းကို လှန်ကြည့်နေခဲ့သည်။ သူက အတော်လေးကို မျက်မှောင်ကြုတ်နေမိ၏။

ချန်းပင်အန်းက ယနေ့သိုင်းကွက် လေ့ကျင့်နေသည်ကို မြင်သည့်အချိန်တွင် အဘိုးအိုက မတ်တပ်ကျင့်စဉ်မှ ဆင်းသက်လာသော လက်သီးလမ်းညွှန်ကို စစ်ဆေးကြည့်ရန် အကြံတစ်ခု ရခဲ့သည်။

ထိုတောင်းဆိုမှုကို ကြားသည့်အခါ ချန်းပင်အန်းကလည်း နင်ယောင်ကို ပြောခဲ့သည့်အတိုင်း တူညီသော ရှင်းပြမှုကိုသာ ပြောခဲ့၏။ ယောင်ရှန်လက်သီးသိုင်းကို တခြားလူတစ်ယောက်အတွက် စောင့်ရှောက်ပေးထားခြင်းသာဖြစ်ပြီး ယောင်ရှန်သိုင်းကျမ်းက သူ၏ကိုယ်ပိုင်ပစ္စည်း မဟုတ်ချေ။ ထို့ကြောင့် သိုင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသော လက်သီးသိုင်းကွက်များနှင့် ရုပ်ပုံများကို တခြားလူများနှင့် ဝေမျှ၍ မရနိုင်ပေ။

အဘိုးအိုက အလွန်စိတ်ရှုပ်သွားသည့်အတွက် ထိုလူငယ်လေးကို နေရာတွင် သင်ခန်းစာပေးမည့် အခြေအနေမျိုး ဖြစ်သွားခဲ့၏။

“ဒါက အဲဒီယောင်ရှန်သိုင်းကျမ်းလား…”

အဘိုးအိုက လက်သီးသိုင်းကျမ်းကို လူငယ်လေးဆီသို့ ပစ်ပေးလိုက်သည်။ သူ့မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်၏။

“ငါ့ရဲ့မွေးရပ်မြေမှာ ပိဖုလို့ခေါ်တဲ့ ပိုးကောင်လေး တစ်ကောင်ရှိတယ်။ ပိဖုဆိုတာကတော့ ပုရွက်ဆိတ်ကြီး အမျိုးအစားပဲ။ တခြားအမျိုးအစားတွေနဲ့ မတူတာကတော့ သူက ဘာမှမလုပ်ဘဲ ဘဝတစ်လျှောက်လုံး ရေထဲမှာရှိတဲ့ ကျောက်တုံးကြီးတွေကို သယ်ပေးတယ်…”

“ဟား .. ဟား… ဟား… ဒါက ပြည့်စုံကျူပင်ကုန်းမြေကြီးရဲ့ အရှေ့တောင်ပိုင်းမှာ နေထိုင်တဲ့ သိုင်းပညာရှင်တစ်ယောက် ရေးထားတဲ့ စာသားတွေပဲ။ အဲဒီလို ရိုးရှင်းတဲ့ စိတ်နေစိတ်ထားနဲ့ အပြောမျိုးပဲရှိတယ်။ ဒီလက်သီးသိုင်းရဲ့ ရေးသားသူက ဘယ်လောက်အစွမ်းထက်မှာလဲ။ ကံကောင်းသွားတာကတော့ အဲဒီလူက ဒီစကားလုံးကိုလည်း သေချာထည့်ပြီးတော့ ရေးခဲ့သေးတယ်…”

“လက်ရှိခေတ်မှာ အစွမ်းထက်ဆုံး လက်သီးသိုင်းတွေနဲ့ လုံးဝမယှဉ်နိုင်ပေမဲ့ ငါကတော့ သူ့ကို အပြစ်တင်ခဲ့တဲ့အပြင် သူ့ကို အရှက်မရှိဘူးလို့ ခေါ်ခဲ့တယ်..”

“သူ ရေးထားတာက ငါ့ရဲ့လက်သီးသိုင်းက အနိုင်အရှုံးကို မဆုံးဖြတ်နိုင်ဘူး။ သေခြင်းရှင်ခြင်းတရားကိုပဲ ဆုံးဖြတ်ပေးနိုင်တယ်။ ဒီအရာက သိုင်းကွက်တွေကို အလေးမထားဘဲ ဆန္ဒတွေကိုပဲ အလေးထားတယ်။ ဟား.. ဟား .. ဟား .. ဟား ဒီစာသားတွေက လောကကြီးကို ဝါးမြိုဖို့ ကြိုးစားနေတဲ့ ဖားတစ်ကောင်လိုပဲ။ ချန်းပင်အန်း … အဲဒီစာရေးသူက သူ့ရဲ့လက်သီးသိုင်းကို ဘယ်လို ဘယ်လိုဖော်ပြထားလဲဆိုတာ မင်းသိလား…”

“အဖြေက အရမ်းရိုးရှင်းပါတယ်။ တကယ်လို့ သူက အနိုင်အရှုံးကိုပဲ အလေးထားမယ်ဆိုရင် ဒီလက်သီးသိုင်းက အနိုင်ရဖို့ထက် ရှုံးဖို့က ပိုပြီးတော့များတယ်။ ဒါကြောင့် စာရေးသူက အဲဒီအစား သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးတာလိုပဲ အလေးထားပြီး ရေးခဲ့တယ်…။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်က တစ်ကြိမ်ပဲ သေနိုင်တယ်လေ…”

“တကယ်လို့ လက်သီးသိုင်းက ဒီလောက်ဆိုးနေတယ်ဆိုရင်လည်း ဘာလို့ အဲဒါကို သေချာဖတ်ပြီး အသေးစိတ် မှတ်ထားရသေးတာလဲ…”

ချန်းပင်အန်းက ပြန်မေးလိုက်သည်။

အဘိုးအိုက အားရပါးရ ရယ်ပြီး ပြောလိုက်၏။

“သိုင်းကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ လက်သီးသိုင်းက အပေါ်ယံပဲ။ ဒါပေမဲ့ ဒီလက်သီးသိုင်းကို ရေးတဲ့သူကတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ငါက အဲဒီလက်သီးသိုင်းကို ဖတ်လိုက်တဲ့အချိန်မှာ တော်တော်လေး ရယ်ခဲ့ရတယ်။ ငါက ရှုပ်ထွေးနေတဲ့ ခရီးသွားမှတ်တမ်းတစ်ခုကို ဖတ်နေရသလိုမျိုးပဲ..”

ချန်းပင်အန်းက အဘိုးအိုကို ပြန်မပြောခဲ့သော်လည်း ထိုစကားကို ကြားသည့်အခါ အတော်လေး ဝမ်းမသာနိုင် ဖြစ်နေခဲ့သည်။ သူကတော့ ထိုလက်သီးသိုင်းကို အလွန်သဘောကျ၏။ စိတ်ထဲမှ နှစ်နှစ်ကာကာ သဘောကျခြင်းဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် ချန်းပင်အန်း၏ရင်ထဲတွင် ယောင်ရှန်သိုင်းကျမ်းအပေါ် သူ၏ ကျေးဇူးတရားများက ဓားဝိညာဉ်ပေးခဲ့သော ဓားချီစွမ်းအင် အမျှင်လေး (၃)ခု၏ ကျေးဇူးတရားများနှင့် ယှဉ်လျှင် လျော့ကျနေခြင်း မရှိချေ။ ပထမအရာက အသက်ကယ်ကျင့်စဉ်တစ်ခုဖြစ်ပြီး ဒုတိယအရာကတော့ အသက်ကယ်ပစ္စည်းတစ်ခု ဖြစ်သည်။ မည်သည့်အရာက ပို၍မြင့်မားသည်ဟူသော အချက်မျိုးလည်း မရှိပေ။

မည်သို့ဖြစ်စေကာမူ ယောင်ရှန်သိုင်းကျမ်းက မည်မျှအစွမ်းထက်ပြီး မည်မျှအားနည်းလဲ ဟူသည့်အရာကို ချန်းပင်အန်းက အကြမ်းဖျင်း နားလည်ထားခဲ့သည်။ မည်သို့ဖြစ်စေကာမူ နင်ယောင်ကလည်း ထိုအရာကို အဆင့်မြင့်သည်ဟု မပြောခဲ့ပေ။ သူမကတော့ စိတ်ထဲကအတိုင်း တစ်ဆင့်ချင်းဆီကို ရိုးရှင်းစွာ ပြောပြခဲ့ပြီး တခြားလက်သီးသိုင်းသာ သင်ရန် ပြောခဲ့သည်။ ထိုအရာက ကြီးမားသော အောင်မြင်မှုများ ရနိုင်လိမ့်မည်ဟု သူမက ခံစားမိခဲ့ခြင်း မရှိချေ။

ထို့နောက် ကျူးဟယ်ကလည်း လမ်းလျှောက်ကျင့်စဉ် လေ့ကျင့်နေသော ချန်းပင်အန်းကို ဘေးမှ စိုက်ကြည့်နေခဲ့ပြီး ထူးခြားသည့်အရာ သတိမထားမိကြောင်း ပြောခဲ့ဖူးသည်။

သို့သော် ချန်းပင်အန်းကတော့ ထိုအရာများကို ဂရုမစိုက်ခဲ့ပေ။ နှစ်ပေါင်းမည်မျှ ကုန်ဆုံးသွားစေကာမူ (၁၀) နှစ်ဖြစ်စေ၊ နှစ်ပေါင်း(၁၀၀) ဖြစ်စေ၊ ထိုအချိန်တွင် သူ၏သိုင်းပညာအောင်မြင်မှုက မည်မျှမြင့်မားစေကာမူ သူက ယောင်ရှန်သိုင်းကျမ်းကို သဘောကျနေဦးမည်သာ ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူက ယနေ့သဘောကျသည့် အခြေအနေထက် လျော့ကျသွားလိမ့်မည် မဟုတ်ချေ။

အဘိုးအိုက အပြုံးနှင့် ပြောလိုက်၏။

“ဒီနေ့လေ့ကျင့်မှုမစခင် ငါ မင်းကို ရိုးရှင်းတဲ့ မေးခွန်းတစ်ခု မေးချင်တယ်။ တကယ်လို့ မင်းသာ မှန်မှန်ကန်ကန် ဖြေနိုင်မယ်ဆိုရင် ငါ့ဆီမှာ မင်းအတွက် အံ့ဩစရာတစ်ခုရှိတယ်။ ဒါပေမဲ့ မင်းက မှန်မှန်ကန်ကန် မဖြေနိုင်ဘူးဆိုရင်တော့..”

ချန်းပင်အန်းက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ အဘိုးအို၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး တည်ငြိမ်စွာ ပြောခဲ့၏။

“လက်သီးသိုင်းရဲ့ဖော်ပြချက်တွေအရ လက်သီးသိုင်းထဲမှာ မင်းက ဘယ်စကားလုံးကို သဘောအကျဆုံးလဲ…”

“နောက်ပိုင်း ယောင်ရှန်းသိုင်းကျမ်းကို လေ့ကျင့်တဲ့သူတွေက လမ်းစဉ်(၃)သွယ် တည်ထောင်သူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် ရင်ဆိုင်နိုင်ရမယ်။ မင်းရဲ့လက်သီးသိုင်းက အားနည်းနိုင်တယ်။ မင်းရဲ့လက်သီးသိုင်းက တိုက်ပွဲတွေမှာ ရှုံးနိမ့်သွားနိုင်တယ်။ ဒါပေမဲ့ မင်းပိုင်ဆိုင်ထားတဲ့ လက်သီးဆန္ဒတွေကတော့ ခြေတစ်လှမ်းတောင် နောက်ဆုတ်သွားမှာ မဟုတ်ဘူး…”

ချန်းပင်အန်းက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။

အဘိုးအိုက ချက်ချင်း မတ်တတ်ရပ်ပြီး ပြောလိုက်၏။

“လေ့ကျင့်ဖို့ အချိန်ရောက်ပြီ…”

……………

မြို့ငယ်လေး၏ တောင်ဘက်တွင် ရှိနေသော ပန်းပဲဆိုင်တွင် ရွမ်ရှို့က သူ့အဖေကိုကြည့်ပြီး မကျေမနပ် အမူအရာနှင့် ပြောလိုက်သည်။

“ဒီဓားကို ဖန်တီးဖို့ ဘာလို့ သမီးကို မကူခိုင်းရတာလဲ…”

သက်လတ်ပိုင်းလူကြီးက ဓားမီးဖိုအသစ်ကိုကြည့်ပြီး ပြန်မေးလိုက်သည်။

“အဖေက အဲဒီမိန်းကလေးအတွက် ဒီဓား ဖန်တီးပေးဖို့ ဘာလို့ သဘောတူလိုက်တယ်ဆိုတာ သိလား…”

ရွမ်ရှို့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“သမီး သိတယ်လေ။ သူက သမီးတို့ကို နဂါးခေါင်းဖြတ်ကျောက်တုံး အကြီးကြီး ပေးခဲ့တယ်။ ဒါက ဓားကောင်းတစ်လက်ဝယ်ဖို့ လုံလောက်တာထက်တောင် ပိုတယ်လေ..”

ရွမ်ချုံက ခေါင်းခါပြီး ရှင်းပြလိုက်သည်။

“အဲဒါတင်မကသေးဘူး။ အဖေက အဖေ့ရဲ့ကိုယ်ပိုင်အဖွဲ့အစည်း တည်ထောင်ပြီးသွားတဲ့အချိန်မှာ ပထမဆုံး ဖန်တီးခဲ့တဲ့ဓားက လောကတစ်ခွင်လုံးကို အံ့ဩသွားစေချင်နေတာ။ အဲဒီဓားကို အဖေ ဘယ်သူ့အတွက်ပဲလုပ်လုပ် ကိစ္စမရှိဘူး။ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာရှိတဲ့ ဓားကျင့်ကြံသူတွေနဲ့ ပြည့်စုံကျူပင်ကုန်းမြေကြီးပေါ်မှာရှိတဲ့ ဓားကျင့်ကြံသူတွေ အားလုံးကတောင် ဒီဓားရဲ့ထက်မြက်မှုကို သိသွားဖို့ မျှော်လင့်နေခဲ့တာ…”

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ရွမ်ချုံဆီမှ တောက်ပသော အငွေ့အသက်တစ်ခု ထွက်လာခဲ့သည်။ ထိုအရာကို မြို့ငယ်လေးထဲရှိ အရက်ရောင်းသော မိန်းမများကပင် လှောင်ပြောင်ရဲခြင်း မရှိချေ။

သူက ကြီးမြတ်သော စည်းမျဉ်းများကို လိုက်နာနေသည့် စာသင်သား တစ်ယောက်ကဲ့သို့၊ သူက တာအိုသဘောတရားများကို ရှင်းပြနေသော တာအိုရသေ့တစ်ပါးကဲ့သို့၊ သူက ဓမ္မအနှစ်သာရများကို သင်ကြားပေးနေသော ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။

ရွမ်ချုံက ထိုင်ခုံနောက်ကျောကို မှီလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်၍ ဒူးပေါ်သို့ အသာအယာ ပုတ်နေခဲ့သည်။ သူက စူးစူးစိုက်စိုက် စိုက်ကြည့်နေပြီး သူ့ပုံစံက ပုံမှန်အခြေအနေကဲ့သို့ မဟုတ်ပေ။

“အဲဒီအရာကို ခေါင်းထဲမှာ ရှိနေတဲ့အတွက် ဒီဓားကိုပေးဖို့ ဘယ်သူနဲ့ အသင့်တော်ဆုံး ဖြစ်လာမှာလဲ။ နဂိုတုန်းကတော့ ဖုန်းရွှယ်ကျောင်းဆောင်က ဝေ့ကျင်းက အသင့်တော်ဆုံး လူတစ်ယောက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက အဖေတို့ရဲ့ တစ်စိတ်တပိုင်းလို့ သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ သူကတော့ တစ်ချိန်လုံး တံခါးပိတ် လေ့ကျင့်နေတာ ရှက်ဖို့ကောင်းတယ်…”

“အဲဒီအချိန် အတောအတွင်း နင်ယောင် ရောက်လာခဲ့တယ်။ သူက သူ့အတွက် ဓားတစ်လက် ဖန်တီးပေးဖို့ အဖေ့ကို တောင်းဆိုခဲ့တယ်။ အဲဒီအပြင် သူက အဖေတို့ကို နဂါးခေါင်းဖြတ်ကျောက်တုံးတစ်တုံးလည်း ပေးခဲ့သေးတယ်။ ဒါကြောင့် အဖေက သူ့ရဲ့တောင်းဆိုမှုကို မငြင်းချင်ဘူး…”

“ကျောက်စက်ပန်းဆွဲတောင်ရဲ့ တစ်ဖက်မှာ ရှိနေတဲ့နေရာက ပြည့်စုံကျူပင် ကုန်းမြေကြီးမှာရှိတဲ့ ဓားကျင့်ကြံသူ အထွဋ်အမြတ်နယ်မြေတွေထက်တောင် ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ အဲဒီနေရာမှာ အဖေ့ရဲ့ဓားဆန္ဒတွေက လောကကြီးထဲမှာရှိတဲ့ ဓားကျင့်ကြံသူတွေရဲ့အာရုံစိုက်မှုကို သေချာပေါက် ရလာလိမ့်မယ်…”

ကျောက်စက်ပန်းဆွဲတောင်က ဤလောကကြီးထဲတွင် အကြီးမားဆုံး တောင်တန်းတံဆိပ်တစ်ခုဟု သတ်မှတ်နိုင်သည်။ ပထမတွင်တော့ ထိုအရာက သေးငယ်ပြီး ထူးခြားသောတံဆိပ်တစ်ခု ဖြစ်သော်လည်း ကောင်းကင်ပေါ်မှ ကျဆင်းလာပြီးနောက် အလွန်ကြီးမားသော တောင်တန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက ကွန်ဖြူးရှပ်သူတော်စင်များကို ရွံရှာစက်ဆုပ်သွားစေရန် ရည်ရွယ်ထားသည်မှာ သိသာနေသည်။

မတူညီသော ကမ္ဘာကြီးထဲတွင် တာအိုကျောင်းဆောင် ဖန်တီးထားခဲ့သည့် တာအိုဘိုးဘေး၏ ဒုတိယတပည့်က ကျောက်စက်ပန်းဆွဲတောင်ကို ဖြတ်သန်း၍ ဓားချီမဟာတံတိုင်းသို့ သွားလိုသော ချီကျင့်ကြံသူများ အားလုံးကိုပင် တောင်တန်းမဟာအမိန့်အဖြစ် လက်မှတ်ထိုးရန် တောင်းဆိုထားခဲ့လေသည်။

သာမန်လူများကတော့ ကျောက်စက်ပန်းဆွဲတောင်နှင့် ဓားချီမဟာတံတိုင်း၏ တည်ရှိမှုကို သတိမထားမိကြပေ။ မည်သို့ဖြစ်စေကာမူ ထိုနေရာများက လူသားကမ္ဘာကြီး၏ အစွန်တွင် တည်ရှိနေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် တောင်တန်းပေါ်၌ ရှိနေသော သာမန်ကျင့်ကြံရေးအဖွဲ့အစည်းအများစုက သေးငယ်ပြီး သူတို့၏ကိုယ်ပိုင်နယ်မြေများထဲတွင်သာ ပိတ်မိနေကြသည်။ ထို့ကြောင့် သူတို့က ကျောက်စက်ပန်းဆွဲတောင်နှင့် ဓားချီမဟာတံတိုင်းအကြောင်းကို လုံးဝမကြားဖူးကြပေ။

အကယ်၍ ပို၍အစွမ်းထက်သော အဖွဲ့အစည်းတစ်ခုဆိုလျှင်ပင် ထိုနေရာနှစ်ခု အကြောင်းကို ရံဖန်ရံခါသာ ကြားဖူးနိုင်သည်။ သို့သော် နက်နက်ရှိုင်းရှိုင်း နားလည်ရန်တော့ အလွန်ခက်ခဲနိုင်၏။ ပထမအချက်ကတော့ သူတို့က ထိုနေရာနှင့် ပတ်သက်သော သတင်းများကို မကြားရပေ။ ဒုတိယအချက်ကတော့ ထိုနေရာများက သူတို့နှင့် အလွန်အမင်းကို အလှမ်းဝေးနေခြင်းဖြစ်ပြီး သူတို့အလေးထားရန် မလုံလောက်ပေ။

အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ထိပ်ဆုံးကျင့်ကြံရေးဂိုဏ်းများဖြစ်သည့် ဖုန်းရွှယ်ကျောင်းဆောင်ကဲ့သို့ ဂိုဏ်းများကပင် ကျောက်စက်ပန်းဆွဲတောင်က အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားနေကြရသေးသည်။ သူတို့က မြူခိုးထဲတွင် ဖုံးကွယ်ထားသော ပန်းပွင့်တစ်ပွင့်ကို ကြည့်ရှုရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေခဲ့၏။

ထိုအရာကလည်း ကျောက်စက်ပန်းဆွဲတောင်က သူတို့နှင့် ဓားချီမဟာတံတိုင်း၏ ကြားထဲတွင် တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုတောင်က တာအိုဘိုးဘေး၏ ဒုတိယတပည့် ဖန်တီးထားခြင်းဖြစ်သည်။ သူက လူသားကမ္ဘာကြီးထဲတွင် ကိုယ်ပိုင်သီးသန့်ခြံဝန်းတစ်ခု တည်ဆောက်ထားသလိုဖြစ်နေခဲ့၏။ သူ၏လုပ်ရပ်များက အမှန်တကယ်ကို လွှမ်းမိုးနိုင်သည်။

လူသားကမ္ဘာကြီးတစ်ခုလုံးကို ကွန်ဖြူးရှပ်ဂိုဏ်းက ပိုင်ဆိုင်ထားသော်လည်း သူကတော့ သူတို့၏ပိုင်နက်ထဲတွင် ကိုယ်ပိုင်ဥယျာဉ်ငယ်လေးတစ်ခုကို တည်ဆောက်ရန် ခေါင်းမာနေခဲ့သည်။ စာသင်သားသူတော်စင်က သူတော်စင်ဖြစ်မလာခင် တာအိုဘိုးဘေး၏ ဒုတိယတပည့်ကို ကျိန်ဆဲရန် ကမ္ဘာနှစ်ခု၏ ကြားထဲရှိ နယ်စပ်သို့ သွားခဲ့သည်။ ထို့ကြောင့်လည်း သူ၏လုပ်ရပ်များက ထိုအချိန်တွင် ကွန်ဖြူးရှပ်တပည့်များအတွက် အကြီးမားဆုံးဂုဏ်သိက္ခာတစ်ခု ဖြစ်ခဲ့၏။

ပျံ့နှံ့နေသော သတင်းများအရ လူတစ်ယောက်က ကျောက်စက်ပန်းဆွဲတောင်ကို သွားသည့်အချိန်တွင် နေရာပေါင်းစုံကို လှည့်ပတ်ကြည့်ရှုနိုင်သည်။ သို့သော် အပြင်လူများကို ပြောပြ၍ မရနိုင်သော အရာတချို့ ရှိနေသေး၏။ အကယ်၍ လူတစ်ယောက်ကသာ ထိုစည်းမျဉ်းကို ဖောက်ဖျက်လိုက်မည်ဆိုလျှင် ထိုတာအိုသခင်၏ တပည့်များနှင့် မြေးတပည့်များ ပြဿနာရှာသည်ကို ခံရပါလိမ့်မည်။

ထို့ပြင် ကွန်ဖြူးရှပ်ဂိုဏ်းမှ ကျောင်း(၃)ကျောင်းနှင့် ကျောင်းတော် (၇၂) ခုကတော့ ထိုကိစ္စများကို အလွန်အကျွံ ပါဝင်ပတ်သက်နေလိမ့်မည် မဟုတ်ချေ။ သူတို့က အခြေအနေကို ညှိနှိုင်းရန် စကားအနည်းငယ်သာ ပြောပေးကြပါလိမ့်မည်။

ကျောင်းဆောင်ထဲတွင် လေးစားခံရသော ကွန်ဖြူးရှပ်သူတော်စင်များက ဘာကြောင့် ထိုကိစ္စကို မမြင်ချင်ယောင်ဆောင်နေကြသနည်း..။ ထိုအရာက အခြေခံအကျဆုံးနှင့် အထူးခြားဆုံး လျှို့ဝှက်ချက်များ ဖြစ်နိုင်သည်။

ထိုအရာကို စကားလုံးနှစ်ခုတည်းနှင့် အလွယ်တကူ ပြောပြနိုင်သည်။

‘ကောင်းကင်ဘုံကသာ သိလိမ့်မယ်..’

“အဖေ…

ဒီလောက်စကားတွေအများကြီး ပြောခဲ့တာ။ အဲဒါတွေက သမီးကို ဓားလုပ်တဲ့နေရာ မကူခိုင်းတာနဲ့ ဘာဆိုင်လို့လဲ…”

ရွမ်ရှို့က ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် မေးလိုက်သည်။

ရွမ်ချုံက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ဒီဓားရဲ့အရည်အသွေးက အရမ်းမြင့်တယ်။ ဒီဓားဖန်တီးဖို့ သုံးထားတဲ့ ပစ္စည်းတွေကလည်း အရမ်းမြင့်တယ်။ သမီးရဲ့ကျင့်စဉ်အဆင့်ကလည်း လုံလောက်အောင် မြင့်နေပြီ။ ဒါကြောင့် သမီးသာ စိတ်နှစ်ပြီး ဝင်ကူလိုက်မယ်ဆိုရင် ပြဿနာအကြီးကြီး ဖြစ်သွားမှာ စိုးတာ။ မြို့ငယ်လေးထဲမှာ လူပေါင်းစုံ ပြည့်နေတယ်။ နည်းနည်းလောက် ပြဿနာဖြစ်သွားတာနဲ့ အရှေ့ပိုင်းကုန်းမြေကြီးရဲ့ တစ်ဝက်လောက်ကို သတင်းပျံ့သွားလိမ့်မယ်..”

ရွမ်ရှို့က ပို၍ပင် ဇဝေဇဝါဖြစ်သွားပြီး ပြန်မေးလိုက်သည်။

“သမီးက ဓားဖန်တီးဖို့ပဲ ပြောနေတာ မဟုတ်လား..။ သမီးက ကိတ်မုန့်တစ်ခု လုပ်မယ်လို့ ထင်နေတာလား…”

“တကယ်လို့ သမီးက ကိတ်မုန့်တစ်ခု လုပ်မယ်ဆိုရင်တောင် ဘာပြဿနာမှ မရှိတဲ့အတွက် စိုးရိမ်နေမှာ မဟုတ်ဘူး…”

ရွမ်ချုံက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ရွမ်ရှို့က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး တခြားမည်သည့်စကားမျှ မပြောခဲ့ချေ။ သူမက လွန်ခဲ့သော နှစ်အတွင်း အဆာပြေမုန့်များများ မစားခဲ့ချေ။ ထို့ကြောင့် ထိုအကြောင်းကို ပြောလိုက်ရုံနှင့် သားရည်ကျလာခဲ့သည်။သူမက အနည်းငယ် ရှက်ရွံ့သွားခဲ့၏။

အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးနောက် ရွမ်ချုံက မနေနိုင်တော့ဘဲ ပြောလိုက်သည်။

“နင်ယောင်ဆီကို ဓားပို့ပေးဖို့ တောင်းဆိုခဲ့တဲ့အချိန်မှာ အဲဒီကောင်လေးက စဉ်းစားမနေဘဲ ချက်ချင်းသဘောတူခဲ့တယ်။ အမှန်အတိုင်းပြောရရင် ကျောက်စက်ပန်းဆွဲတောင်က အရှေ့ပိုင်းကုန်းမြေကြီးကနေ ဘယ်လောက်ဝေးလဲဆိုတာကိုတောင် သူ မမေးခဲ့ဘူး။ သူ လုပ်နိုင်တဲ့အရာထက် ပိုလုပ်ဖို့ ကြိုးစားနေတာပဲ…ရယ်စရာကောင်းတယ်…”

ရွမ်ရှို့က ပြန်လှည့်လာပြီး တိတ်တဆိတ် ပြောလိုက်သည်။

“အဖေ…

မိန်းကလေးတစ်ယောက်ကို သဘောကျရင် အဲဒီလိုပဲလေ။ ဒါကြောင့် သူက အဲဒီမိန်းကလေးနဲ့ ထိုက်တန်တာ မထိုက်တန်တာ ၊ အဆင့်တူတာ မတူတာကို စိုးရိမ်နေဖို့ မလိုဘူး။ သူတို့က လက်ထပ်တာ၊ စေ့စပ်တာမျိုးမှ မဟုတ်တာ။ အဲဒီအချိန်မှာတော့ သူ့ရဲ့အစွမ်းနဲ့ အဆင့်အတန်းကို နည်းနည်းလောက်ပဲ စဉ်းစားမိလိမ့်မယ်။ ဒါပေမဲ့ သူက အဲဒီမိန်းကလေးကို ခုမှသဘောကျတာဆိုတော့ လောကကြီးကိုတောင် အလေးထားမှာ မဟုတ်ဘူး…”

ထိုစကားကို ကြားသည့်အခါ ရွမ်ချုံက အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး ပြန်မေးလိုက်သည်။

“သူ နင်ယောင်ကို သဘောကျနေတာ သမီးသိတာလား…”

“သမီး မျက်ကန်းမဟုတ်ဘူး အဖေ…”

ရွမ်ရှို့က မျက်လုံးပြူးပြီး ပြန်ဖြေလိုက်သည်။

“သမီးက အဖေ့လို လူတစ်ယောက်ရဲ့နှလုံးသားကို မမြင်နိုင်တာ မဟုတ်ဘူး။ သမီးသိထားတာ ကြာလှနေပြီ…”

ရွမ်ချုံက အလွန်ဒေါသထွက်နေသည့်အတွက် စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ချေ။ ယခုအချိန်တွင် သူက လော်ပိုတောင်သို့ ခြေတစ်လှမ်းတည်းနှင့် အရောက်သွားပြီး ရွှံ့ပုလင်းလမ်းကြားထဲမှ ကောင်လေးကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်ချင်နေခဲ့သည်။

ထိုကဲ့သို့ တောသားတစ်ယောက်က သူ့သမီးလေးကို မည်သို့ အနိုင်ကျင့်ရသနည်း..။

ရွမ်ရှို့က တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။

“အဖေ…

သမီးက ချန်းပင်အန်းကို သဘောကျနေတယ်လို့ တွေးနေတာ မဟုတ်လား..။ သမီးက ချစ်ခြင်းမေတ္တာကို ပြောတာ…”

ရွမ်ချုံက အနည်းငယ် အံ့သြသွားခဲ့၏။သူက အနည်းငယ်မသက်မသာ ခံစားနေရသော်လည်း တည်ငြိမ်ချင်ယောင်ဆောင်ပြီး ပြန်ဖြေလိုက်သည်။

“သမီးက အဲဒီလိုကောင်လေးမျိုးကို ဘယ်လိုလုပ်ပြီး သဘောကျမှာလဲ..။ ဒါက ဆင်းရဲတာနဲ့ မဆိုင်ဘူး။ အဖေကိုယ်တိုင်လည်း ဆင်းရဲခဲ့တာပဲ။ ဒါကြောင့် ဒီကိစ္စကို အလေးထားဖို့ မလိုဘူး။ ဒါပေမဲ့ အဖေက ချန်းပင်အန်းရဲ့ရုပ်ရည်နဲ့ ပါရမီကို သဘောမကျဘူး။ အထူးသဖြင့် သူ့ရဲ့စိတ်နေစိတ်ထားကို သဘောမကျဘူး။ သူက အဖေ့ရဲ့ရှို့ရှို့နဲ့ ဘာလို့ ထိုက်တန်မှာလဲ…”

ရွမ်ရှို့က လက်နှစ်ဖက်ကို ဆန့်ပြီး လက်ချောင်းလေးများကို ချိတ်၍ အဝေးကို ငေးကြည့်နေခဲ့သည်။

“ဒါဆိုရင် အဖေက သူ့ကို သဘောမကျဖူးပဲ…”

သူ့သမီးက ထိုစကားကို ပြောသည့်အခါ စစ်ကျောင်းသူတော်စင်တစ်ယောက်ဖြစ်သော ရွမ်ချုံက ဒေါသထွက်ပြီး သေချင်သွားသည်။ သို့သော် သူက အရဲကိုးပြီး မေးလိုက်သည်။

“ဒါဆိုရင် သမီးရဲ့သဘောကရော…”

ရွမ်ရှို့၏ အဖြေက မေးခွန်းနှင့် လွဲချော်နေသည်။ သူမက အရေးမပါသော အရာတစ်ခုကို ပြောနေရသည့်အလား ပြောလိုက်၏။

“ချန်းပင်အန်းက မိန်းကလေးတစ်ယောက်တည်းကိုပဲ သဘောကျလိမ့်မယ်။ သမီးက အဲဒါကို တခြားလူတွေထက် ပိုသိတယ်…”

ထိုအဖြေကြောင့် ရွမ်ချုံက အနည်းငယ် အံ့သြသွားခဲ့သည်။ သူ့သမီးက မည်သည့်အရာများ စဉ်းစားနေကြောင်း သူလည်း မသိချေ။ သို့သော် သူက အမေတစ်ယောက် မဟုတ်သည့်အတွက် သမီး၏ ချစ်ခြင်းမေတ္တာအကြောင်းများကို နက်နက်ရှိုင်းရှိုင်း မေးမြန်းရန် မသင့်တော်ချေ။

ရွမ်ရှို့က အရည်ရွှန်းလဲ့နေသော မျက်လုံးများကို လှုပ်ရှားပြီး တိုးတိုးလေး ရယ်လိုက်သည်။

“မက်မွန်ကိတ်က အရမ်းအရသာရှိတယ်…”

ရွမ်ချုံက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ဆူပုတ်ပုတ်မျက်နှာနှင့် ပြောလိုက်သည်။

“အဖေ မြို့ထဲသွားပြီး ဝယ်ပေးမယ်…”

“ဟုတ်ကဲ့…”

ရွမ်ရှို့က အားနည်းပြီး ညင်သာသော အသံနှင့် ပြန်ဖြေလိုက်သည်။

ရွမ်ချုံက မြို့ငယ်လေးဆီသို့ လမ်းလျှောက်သွားနေသည့်အချိန်တွင် အလွန်ဒေါသထွက်နေသလို ခံစားနေခဲ့ရ၏။

“ချန်းပင်အန်း…

ကောင်စုတ်လေး မင်းက ငါ့ရဲ့ရှို့ရှို့ကို နှစ်ဝက်ကျော် မုန့်မစားရအောင် ဖိအားပေးခဲ့တယ်။ ငါ့သမီးလေးက တဖြည်းဖြည်း ပိန်လာပြီ…”

Translated by Hein Htet.

All Chapters