(ငွေထုတ်မပေးနိုင်ဘူး!)
Vol. 7 Ch. 88
တော်ဝင်နန်းတော်အတွင်းမှာ တစ်ညလုံး စီစဥ်ဆောင်ရွက်မှုတွေကြောင့်...အဆုံးမှာတော့ ကောင်းကင်ဘုံအကာအကွယ်စည်း အစီအရင်ကို ပြီးပြည့်စုံစွာ ဖန်တီးနိုင်ခဲ့သည်။
အရှင်မင်းကြီးရဲ့ အမိန့်ကိုဆောင်ရွက်ပြီးသွားပြီဖြစ်၍ ကျောက်ကောင်း ချက်ချင်းပဲ ရေခဲပုစဥ်းရှာရမယ့် နောက်ထပ်အမိန့်တော်တစ်ခုကို ဆောင်ရွက်ရန် နဂါးနှင်းတောင်ဆီ သွားဖို့ ပြင်ဆင်တော့သည်။
အစီအစဥ်ထိန်းချုပ် ပစ္စည်းကို လက်ထဲမှာကိုင်ထားရင်း ရှကျိုးယွီရဲ့မျက်လုံးထဲမှာ ခံစားချက်တချို့ ရှိနေသည်။
စိတ်ဝိညာဉ်စွမ်းအင်တချို့ကို ထိုပစ္စည်းထဲ ထည့်သွင်းလိုက်သည်။
ချက်ချင်းပဲ နန်းတော်ရဲ့ သုံးဖက်မြင် ပုံရိပ်တစ်ခုက ရှကျိုးယွီရဲ့ စိတ်ထဲကိုပေါ်လာတော့သည်။
မြေပုံတစ်ခုလိုမျိုးပဲ.. မှော်ဆန်ဆန်နှင့် ကြည့်ရတာလှသည်။
မြက်တစ်ပင်၊ သစ်ပင်တစ်ပင် မကျန်အောင်ကို ပြသထားသည်၊ နန်းတော်အတွင်းက လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေရသလိုပဲ။
နောက်ဆုံးပေါ် စီစီတီဗီ စနစ်ကို အသုံးပြုနေရသလိုမျိုး ရှကျိုးယွီ ခံစားနေရသည်။
ရှကျိုးယွီအလွန်ကျေနပ်နေလေရဲ့။
"မဆိုးဘူး မဆိုးဘူး၊ ဒါသာရှိမယ်ဆိုရင် ငါ့ရဲ့နန်းတော်ထဲကို ဘယ်ကောင်တွေထပ်ပြီး အနောက်ခြံလို သဘောထားရဲလဲဆိုတာ ငါစောင့်ကြည့်မယ်"
ရှကျိုးယွီ ခပ်ဖွဖွ ပြုံးလိုက်သည်။ ဒါကိုမြင်တော့ ဖူယွဲ့မနေနိုင်စွာ မေးလိုက်၏။
"အရှင်မင်းကြီး ဘာလို့ရယ်နေတာလဲ?"
ရှကျိုးယွီ အဖြေမပေးခဲ့ဘူး၊ ထိုအစား သူက ဖူယွဲ့ကို ဖက်လိုက်လေ၏။
ချက်ချင်းပဲ လေထုထဲမှာ ချိုမြတဲ့ ရနံ့တချို့ ဝင်ရောက်လာခဲ့သည်။
ပြောင်းလဲလာတဲ့ လေထုကို အခွင့်အရေးယူပြီး ရှကျိုးယွီက အစီအရင်ထိန်းချုပ်ပစ္စည်းကို ပြန်သိမ်းလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ငါကိုယ်တော် ပျော်ရွင်စရာ ကိစ္စတစ်ခုကို တွေးမိသွားလို့လေ"
"ပျော်ရွင်စရာ?"
ဖူယွဲ့ နူးညံ့စွာမေးလိုက်သည်။ တစ်ဆက်တည်းမှာ သူမက ရှကျိုးယွီရဲ့ လက်မောင်းကို မှီလိုက်လေ၏။
ဖူယွဲ့၏ အခုလိုပုံစံကိုမြင်တော့ ရှကျိူးယွီအနည်းငယ် မှန်သက်သွားခဲ့သည်။
'ဒီကောင်မလေးကတော့ ရဲသထက်ရဲလာတာပဲ...မဆိုးဘူး၊ မဆိုးဘူး’
'ယင်ယန်ရွှေရောင်သိုင်းကလည်း တော်တော်လေး ကောင်းတယ်ပြောရမယ်’
ရှကျိုးယွီပြုံးကာ ပြန်ပြောလိုက်သည်။
"ဟုတ်တယ် ပျော်စရာကိစ္စလေ၊ ကိုယ်ပြောပြမယ် ကျန်းနန်မြို့မှာရှိတဲ့ ရေကြီးမှုကို ဖြေရှင်းပြီးတာနဲ့ ကိုယ်တို့က ဆည်မြောင်းဆောက်လုပ်ရေးလည်း စတော့မယ်”
“ဆည်မြောင်းတွေ ဆောက်လို့ပြီးသွားရင် ကိုယ်တို့ရဲ့ တရှားတိုင်းပြည်မှာ တူးမြောင်းတူးကြည့်ဖို့ကိုပါ စမ်းလို့ရပြီ!"
"တူးမြောင်း? အဲ့တာက ဘာကောင်းလို့လဲ? ပြီးတော့ အရှင်မင်းကြီး တကယ်ပဲ ထင်လား? အရင်ရက်က ခိုးဝင်ခဲ့တဲ့ လုပ်ကြံသူနှစ်ယောက်က ရေကြီးမှုကို ဖြေရှင်းနိုင်မယ်လို့လေ”
“အရှင်မင်းကြီးရဲ့ လုပ်ရပ်က အနည်းငယ်စွန့်စားမှုများနေတယ်လို့ ကျွန်တော်မျိုးမ ခံစားရတယ်"
ရှကျိုးယွီရဲ့စကားတွေကြောင့် ဖူယွဲ့မနေနိုင်စွာ ခေါင်းထောင်ပြီး မေးလိုက်၏။
"ဘယ်လိုပဲဆိုဆို တိုင်းပြည်ရဲ့နန်းတော်ထဲကို ခိုးဝင်လာတဲ့ လုပ်ကြံသူတွေပဲလေ၊ သူတို့အပေါ်မှာ အခုလိုမျိုး ကြီးမားတဲ့တာဝန်ပေးလိုက်တာက တကယ်ပဲ မသင့်လျော်ဘူး”
တစ်ညလုံး စဥ်းစားနေခဲ့တာတောင်မှ ဖူယံဲ့အခုထိ နားမလည်နိုင်သေးပေ။ ထို့ကြောင့် သူမ မနေနိုင်စွာ ထုတ်ပြောလိုက်တော့သည်။
"အဲ့တာက အရေးမကြီးပါဘူး၊ ကိုယ်တော်ရဲ့ဆုံးဖြတ်မှုက အနည်းငယ်စွန့်စားရာကျသွားတယ် ဆိုပေမယ့် အချိန်က စကားပြောသွားလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်"
ရှကျိုးယွီ အနည်းငယ်တွေးလိုက်သည်။ ထို့နောက်မှာမှ ဝေဝါးသော အဖြေကိုသာ ပေးလိုက်၏။
ရှကျိုးယွီရဲ့အဖြေကိုကြားတော့ ဖူယွဲ့ပိုပြီး ရှုပ်ထွေးလာတော့သည်။
"အရေးမကြီးဘူးဟုတ်လား? အရှင်မင်းကြီးက ကျန်းနျန်ရဲ့ရေကြီးမှုကို..."
အဆုံးမှာတော့ ဖူယွဲ့ ထုတ်မမေးနိုင်ခဲ့ဘူး။
ဒီကိစ္စက လူသန်းပေါင်းများစွာရဲ့ အသက်နဲ့ သက်ဆိုင်နေသည်၊ အလောတကြီး ဖြေရှင်းလိုက်လို့ မကောင်းဘူး။
"ရေကြီးမှုက အရေးမကြီးဘူးလို့ ကိုယ်တော်မပြောပါဘူး၊ ကိုယ်ပြောချင်တာက ဘယ်လိုလူကိုအသုံးပြုပါစေ အရေးမကြီးဘူးလို့ ပြောချင်တာပဲ”
“အဲ့ဒီနေ့က နန်းတော်ထဲကို ခိုးဝင်ခဲ့တဲ့ လုပ်ကြံသူ နှစ်ယောက်ကို မိဖုရား ဘယ်လိုတွေးလဲ?"
ဖူယွဲ့ အနည်းငယ်အံ့သြသွားခဲ့သည်။
ဒါပေမယ့် ထိုအချိန်က သူမကြောက်ရွံ့နေခဲ့တာမလို့ လုပ်ကြံသူနှစ်ယောက်ကို အာရုံမစိုက်မိခဲ့ဘူး။
ဒါပေမယ့် အခုပြန်တွေးကြည့်လိုက်တော့မှပဲ ထိုလုပ်ကြံသူ နှစ်ယောက်ရဲ့ ကျင့်ကြံမှုက သေချာပေါက် မြင့်သည်၊ မဟုတ်လျှင် အရမ်းများတဲ့ တော်ဝင်အစောင့်တွေကို ကျော်ဖြတ်ပြီး နန်းတော်ထဲကို ခိုးဝင်နိုင်ပါ့မလား?
ပြီးတော့ အဲ့ဒီနေ့က စကားဝိုင်းကို ကြည့်ရသလောက် သူတို့နှစ်ယောက်က ရှကျိုးယွီကို အနည်းငယ် ထိန့်လန့်နေတယ်ဆိုတာလည်း သိသာသည်။
ထိုမိန်းကလေး နှစ်ယောက်ဘက်က ထုတ်မပြခဲ့ဘူးဆိုပေမယ့် သူမခံစားလို့ရသည်။
"အရမ်းသန်မာတယ်၊ ကျွန်တော်မျိုးမက မကျင့်ကြံဖူးပေမယ့် သိနိုင်ပါတယ်။ သူတို့နှစ်ယောက်က အစောင့်တွေအားလုံးကို ကျော်ပြီး နန်းတော်ထဲကို ခိုးဝင်လာနိုင်ခဲ့တဲ့ သူတွေပဲ၊ သေချာပေါက် အင်အားကြီးမှာ သိသာတယ်"
"ဟုတ်တယ်လေ သူတို့က အရမ်းအင်အားကြီးတယ်၊ အဲ့တာအပြင် အခုတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ထောက်ပံ့မှုကို ရထားတယ်။ သူတို့မလုပ်နိုင်ဘူးလို့ မိဖုရားထင်လား?"
ရှကျိုးယွီက မိဖုရားကို စိုက်ကြည့်ကာ တက်ကြွစွာဖြင့် မေးလိုက်၏။
အမှန်တော့ အစကလီဖူကို အကူအညီတောင်းဖို့ ရှကျိုးယွီ တွေးခဲ့သည်။ ဒါပေမယ့် လူအများကြီးကိုလည်း မစေလွှတ်ချင်ခဲ့တာကြောင့် တွန့်ဆုတ်နေခဲ့တာ ဖြစ်သည်။
ထိုအချိန်မှာ ဒီနှစ်ယောက်က နန်းတော်ထဲကို ခိုးဝင်လာခဲ့သည်။ လုပ်နိုင်စွမ်းရှိတဲ့သူ နှစ်ယောက်ဖြစ်တာမလို့ လူသန်းပေါင်းများစွာရဲ့ အသက်နဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ကိစ္စကို သူမတို့နှစ်ယောက်ဆီကို လွယ်လွယ်ကူကူ ပေးလိုက်တာပဲ။
ဒါပေမယ့် ဖူယွဲ့ ကတော့ ချက်ချင်းအဖြေမပေးနိုင်သေးဘူး။
"အရှင်မင်းကြီး… အဲ့ဒီနှစ်ယောက်ရဲ့ သရုပ်မှန်ကို အရှင်မင်းကြီးသိလား?"
သူမကထိုအစား မေးခွန်းတစ်ခုနဲ့ တုံ့ပြန်လိုက်လေသည်။
ရှကျိုးယွီ ခေါင်းရမ်းလိုက်လေကာ
"ငါကိုယ်တော် မသိဘူး၊ ဒါပေမယ့် အရေးမကြီးပါဘူး၊ သူတို့က ရေကြီးမှုကို ထိန်းချုပ်ရုံပဲလေ၊ ပြီးရင် ထပ်ပတ်သတ်စရာမှ မလိုတာ၊ ပြီးတော့ ငါကိုယ်တော်ခံစားမိခဲ့တယ်”
“အဲ့ဒီ အနီရောင်မိန်းကလေးရဲ့ ကျင့်ကြံမှုက ပထမအဆင့်ကိုတောင် ရောက်လုနီးနီးရှိပြီ"
ရှကျိုးယွီ ခဏတွေးကာ ဖြေပေး လိုက်သည်။
ဖူယွဲ့ ထပ်ပြောလိုက်ချင်သေးသည်၊ ဒါပေမယ့် အဆုံးမှာတော့ သူမ တိတ်တဆိတ်နေဖို့ပဲ ဆုံးဖြတ်လိုက်တော့၏။
သူမ နားလည်ပါသည်၊ ဒီကိစ္စက ရိိုးရှင်းတဲ့ ကိစ္စမဟုတ်ဘူး။ တစ်ခုခု လွဲမှားသွားခဲ့မယ်ဆိုရင် ထိုနှစ်ယောက်လည်း မလွဲမသေ ရင်ဆိုင်ရမှာပဲ။
တစ်နည်းပြောရရင် ထိုနှစ်ယောက်ပြန်ပေးဆပ်ရမယ့် အရာက သူတို့ရဲ့ အသက်ပဲ!
ရေကြီးမှုနဲ့ ပတ်သတ်ပြီး တစ်ခုခုဖြစ်တာနဲ့ တာဝန်ယူမှုအားလုံးက ထိုနှစ်ယောက်ရဲ့ ခေါင်းပေါ်ကို လုံးဝကျရောက်သွားမှာလေ..
…...
ထိုအချိန် ကျန်းနန်မြို့မှာ မိုးတွေ အဆက်မပြတ် ရွာသွန်းနေခဲ့သည်။ မိုးကောင်းကင် တစ်ခုလုံးမှာလည်း တိမ်မည်းတွေ ဖုံးလွှမ်းနေ၏။
အစေအရံတချို့နဲ့အတူ လီလင်ပုက အုပ်ချုပ်သူစံအိမ်ထဲကို ဝင်ရောက်သွားခဲသည်။ ခမ်းနားကာ သစ်ပင်များစွာနဲ့ စိမ်းစိုလှပနေတဲ့ အိမ်တော်ထဲကို ကြည့်နေရင်း…. လီလင်ပုရဲ့ ရင်ထဲမှာ မနေနိုင်စွာ လေးစားမိသွားတော့သည်။
တစ်လတည်းနဲ့ ချင်မင်းသားက အခုလိုမျိုး အောင်မြင်မှုကြီးကို တည်ဆောက်နိုင်ခဲ့တာပဲ၊ ကျန်းနန်ရဲ့ ဂိုဏ်းတော်တော်များများကိုတောင် လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ခဲ့သေးသည်။
ကြောက်ဖို့ကောင်းလိုက်တဲ့ နည်းဗျူဟာလို့ ပြောရမည်။
လီလင်ပုတွေးနေစဥ်မှာပဲ အိမ်တော်အတွင်းကို ဝင်ရောက်လာခဲ့သည်။
ချင်မင်းသားရှထိုင်းအန်က ခုံပေါ်မှာ ဝင့်ကြွားစွာ ထိုင်နေလေ၏။ လီလင်ပုကို မြင်တာနဲ့ သူ့ရဲ့မျက်နှာက ပျော်ရွင်စွာနဲ့ ဝင်းလက်သွားတော့သည်။
လီလင်ပုချက်ချင်းပဲ အရိုအသေပေးလိုက်ကာ
"ကျွန်တော်မျိုး လီလင်ပု ချင်မင်းသားကို နှုတ်ဆက်ပါတယ်!"
"ယဥ်ကျေးမှု ပြနေဖို့မလိုပါဘူး၊ တူတော်မောင်က မင်းကိုစေလွှတ်လိုက်တယ်လို့ ကြားတယ်”
“ခရီးအဝေးကြီး ထွက်လာရတာပင်ပန်းနေတော့မှာပဲ၊ စားပွဲပြင်ထားပြီးပြီ၊ ငါတို့စားရင်းနဲ့ စကားပြောကြမလား?"
ပြောနေရင်းနဲ့ ရှထိုင်းအန်က ခုံပေါ်က ထလိုက်သည်။ ထို့နောက်မှာ ဝတ်ရုံကို ပြင်လိုက်သည်။
အပြုံးတစ်ခုနဲ့ ပြောနေရင်း အရှေ့ကိုပါ တိုးလိုက်၏။ အရိုအသေပေးနေတဲ့ လီလင်ပုကို ထူပေးလိုက်ကာ ဖိတ်ခေါ်မှု ပြုလိုက်သည်။
လီလင်ပုချက်ချင်းပဲ ခန္တာကိုယ်တစ်ခုလုံး တုန်သွားသည်။
"ကျွန်တော်မျိုး မလုပ်ရဲပါဘူး ကျွန်တော်မျိုး ဘယ်လိုကြောင့်..."
"ငါက ယဥ်ကျေးမှုတွေ မသိဘူး၊ ငါက ကြမ်းတမ်းတဲ့ စစ်သားတစ်ယောက်ပဲ၊ အရှင်မင်းကြီးက မင်းကိုစေလွှတ်ခဲ့တယ်ဆိုမှာတော့ သေချာပေါက် မင်းကို ယုံကြည်လို့ပဲလေ"
ချင်မင်းသားက စိတ်ထဲမထားပေ။ ပြောပြီးတာနဲ့ လီလင်ပုရဲ့ ပခုံးကို ပုတ်လိုက်သည်။
ဒါကိုမြင်တော့ လီလင်ပုအနေနဲ့ ရွေးစရာမရှိတော့ဘူး။ ချင်မင်းသားရဲ့ ဖိတ်ခေါ်မှုနောက်ကို လိုက်လာရပေမယ့် သူ့ရဲ့မျက်လုံးထဲမှာ သံသယတချို့ရှိနေသည်။
အရှင်မင်းကြီးက ချင်မင်းသားကို ကျန်းနန်မြို့ရဲ့ အုပ်ချုပ်သူအဖြစ် စေလွှတ်ခဲ့ပေမယ့် အစပိုင်းမှာ သူ နားမလည်ခဲ့ဘူး။
ချင်မင်းသားလိုမျိုး ကြမ်းတမ်းတဲ့လူတစ်ယောက်က အုပ်ချုပ်မှုအပိုင်းမှာလည်း ကျွမ်းကျင်နေမယ်လို့ လီလင်ပု မတွေးထားမိတာပင်။
'တကယ်ကို အရှင်မင်းကြီးရဲ့ မဟာတံတိုင်းဆောက်လုပ်မယ့် အစီအစဥ်က တွေးထားတာကြာပြီ ဖြစ်လောက်မယ်’
'ကျန်းနန်မြို့ရဲ့ အခြေအနေကို ကြည့်လိုက်တာနဲ့တင် သိသာနေပြီပဲ’
"ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အမိန့်အတိုင်းရောက်လာခဲ့ရတာပါ၊ အခွန်တိုးကောက်မယ့် ကိစ္စကို ချင်မင်းသား ဘယ်လိုမြင်လဲ မသိဘူး?"
လီလင်ပု အသက်တစ်ချက် ရှူသွင်းပြီးတာနဲ့ လိုရင်းကိုပဲ တိုက်ရိုက်ပြောလိုက်တော့သည်။
ဘယ်လိုပဲ မြှောက်ပင့်ပြီး ပြောနေပါစေ သူ့ရဲ့ရည်ရွယ်ချက်က ပိုက်ဆံယူဖို့ပဲလေ၊ မဟာတံတိုင်းကြီး တည်ဆောက်တဲ့ ကိစ္စက ကြီးမားတဲ့ကိစ္စတစ်ခုဖြစ်သည်၊
ကုန်ကျစရိတ်လည်း အရမ်းများသည်၊ ဘဏ္ဍာငွေတွေ အကုန်သုံးခဲ့ရင်တောင်မှ မလောက်သေးဘူး။
"စိတ်မပူပါနဲ့ ပိုက်ဆံက အဆင်သင့်ပဲ၊ ဒါပေမယ့် ပြဿနာတစ်ခုရှိနေတယ်"
ချင်မင်းသားက တွန့်ဆုတ်စွာ ပြောလိုက်သည်၊ လီလင်ပု အနည်းငယ် အံ့သြသွားပြီး…
"ဘာပြဿနာလဲ?"
ရှထိုင်းအန် အနည်းငယ်တွန့်ဆုတ်နေဆဲပဲ။
"အဲ့ပိုက်ဆံတွေကို တခြားနေရာတွေမှာ အသုံးပြုရမှာ စိုးရိမ်မိတယ်"
"တခြားနေရာတွေမှာ ဟုတ်လား?"
လီလင်ပု စိတ်ပျက်သွားမိသည်၊
'မင်းက တိုင်းပြည်ရဲ့ မင်းသားတစ်ယောက်လေ၊ ငါကသေးငယ်တဲ့ အမတ်တစ်ယောက်ပဲ’
'ပိုက်ဆံကောက်ဖို့အတွက်နဲ့ ငါ့မှာ အဝေးကြီးရောက်လာခဲ့ရတာ၊ လိုနေတဲ့ပိုက်ဆံတွေကို အမြန်ဖြည့်နိုင်မှ မဟာတံတိုင်း ဆောက်လုပ်မယ့် အစီအစဥ်က ဆက်လုပ်လို့ရမှာ’
'အဲ့တာကို မင်းက ဘယ်လိုလုပ်ငြင်းနိုင်ရတာလဲ?’
'စားသောက်ပွဲတစ်ခု စီစဥ်ပေးပြီးတော့ ငါ့ကို ငြင်းလွှတ်ဖို့ ကြံစည်နေတာလား?’
'ဒီလောက်ဝေးတဲ့နေရာကို ရောက်လာတော့ အရှင်မင်းကြီးကို မကြောက်တော့ဘူးပေါ့၊ ပိုက်ဆံကို ပေါ်ပေါ်တင်တင် လုယူဖို့ ကြိုးစားနေတာလား?’
'ဘယ်လိုတောင်လုပ်ရဲတာလဲ?’
လီလင်ပု တော်တော်လေး စိတ်ပျက်သွားကာ နေရာမှာတင်ရပ်နေခဲ့သည်။ ရှထိုင်းအန်ကို စိုက်ကြည့်ကာ ပြောလိုက်လေ၏။
"ပိုက်ဆံကောက်ဖို့က အရှင်မင်းကြီးရဲ့ အမိန့်ပါ"
ဒါကိုမြင်တော့ ရှထိုက်းအန်အမြန် ရှင်းပြလိုက်သည်။
"စိတ်မပူနဲ့ စိတ်မပူနဲ့၊ ငါရှင်းပြပါ့မယ်၊ ငါလည်းပဲ ရှေ့လက အဲ့ဒီပိုက်ဆံတွေကို အကုန်ပေးဖို့ စီစဥ်ထားခဲ့တာ ဒါပေမယ့် မထင်ထားတာ ဖြစ်လာခဲ့တယ်”
“ဒီနေ့မနက်မှာ ကျန်းနန်မြို့မှာ ဆည်မြောင်းတွေ တည်ဆောက်ရမယ်ဆိုပြီး နန်းတော်ဘက်က အမိန့်ထုတ်ပြန်ခဲ့တယ်”
“အဲ့တော့ ဒီပိုက်ဆံတွေကို ဒီကနေ မြို့တော်ကိုပို့ပေးလိုက်၊ မြို့တော်ကနေ ပြန်သယ်လာလိုက်ဆိုရင် အချိန်ကုန်၊ လူမပင်ပန်းဘူးလား?”
“ဒီမှာပဲသိမ်းထားလိုက်ပြီး ဆည်မြောင်းတည်ဆောက်တဲ့ အချိန်ကျရင် ယူသုံးလိုက်မယ်လေ၊ မင်း ဘယ်လိုထင်လဲ?!”
ရှထိုင်းအန် အပြုံးတစ်ခုနဲ့ပြောလိုက်သည်။ လီလင်ပု အံ့သြသွားတော့သည်။
"ဆည်မြောင်း တည်ဆောက်ဖို့လား? ဘယ်တုန်းက အဲ့ဒီသတင်းတွေ ထွက်လာတာလဲ? ကျွန်တော် ဘာလို့မကြားခဲ့ရတာလဲ?”
“မဟုတ်သေးဘူး၊ အရှင်မင်းသား တကယ်လို့ ဆင်ခြေရှာချင်ရင်လည်း ယုံကြည်နိုင်လောက်တဲ့ တစ်ခုခုကို ရှာသင့်တယ်"
လီလင်ပု ပေါက်ကွဲတော့မည်။
ထိုအချိန်မှာပဲ ရှထိုင်းအန်းက သတင်းပို့ဆောင်ပေးနိုင်တဲ့ ကျောက်စိမ်းတုံးတစ်ခု ကိုထုတ်ယူလိုက်တော့သည်။
………