← Chapters

( အပေးအယူလုပ်ခဲ့ကြတာလား?)

Vol. 7 Ch. 91

( အပေးအယူလုပ်ခဲ့ကြတာလား?)

Vol. 7 Ch. 91

ကျန်းနန်မြို့က အတွေးလွန်နေကြသည့်ကိစ္စတွေကို ရှကျိုးယွီ လုံးဝမသိခဲ့ဘူး။ သူက ရိုးရှင်းစွာဖြင့် ဖူယွဲ့နန်းဆောင်မှာ ပျော်မွေ့နေခဲ့လေ၏။

ရှကျိုးယွီက သူ့ရဲ့ခန္ဓာကိုယ်ပေါ်က အစီအရင်နဲ့ ပတ်သက်ပြီးတောင် လေ့လာနေလိုက်သေးသည်။

ထိုအချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို တာအိုပညာရဲ့ ရွှေရောင်မင်ဆေးရည်ကို ပက်ဖြန်းထားခဲ့သည်။ တဖြည်းဖြည်းနဲ့ ကောင်းကင်ဘုံ အကာအကွယ်စည်း အစီအရင်ရဲ့ ပင်မဗဟိုချက်နဲ့ သူ့ရဲ့ခန္ဓာကိုယ်ကြားမှာရှိတဲ့ ဆက်နွယ်မှုကို ဖျော့တော့စွာ ခံစားမိလိုက်သည်။ ဖျော့တော့တဲ့ ခံစားချက်တစ်ခုပဲဆိုပေမယ့် ရှင်းရှင်းလင်းလင်းသိပါသည်။ အဲဒီခံစားချက်က...

ပြောရမယ်ဆိုရင် သူ့ရဲ့တည်ရှိမှုကို အစီအရင်ရဲ့ ဗဟိုချက်မှာ ထည့်သွင်းထားသလိုမျိုးပဲ။

'ဆန်းကြယ်လိုက်တာ’

ရှကျိုးယွီ ထိုခံစားချက်မှာ နစ်မြှုပ်သွားတော့သည်။

ဆက်လက်အာရုံခံလိုက်ချိန်မှာ ထိန်းချုပ်နိုင်တဲ့ အကွာအဝေးက နန်းတော်တစ်ခုပဲမှာ မဟုတ်တော့ဘူးဆိုတာကို သဘောပေါက်သွားတော့၏။

တဖြည်းဖြည်းကျယ်ပြန့်လာတဲ့ နေရာက နန်းတော်တင်သာမကဘဲ အဆုံးမှာ ထိုက်အန်းမြို့တစ်မြို့လုံးကိုပါ သူ အာရုံခံလို့ ရသွားခဲ့သည်။

သစ်ပင်တစ်ပင်၊ ပန်းပွင့်တစ်ပွင့်သာမက..မြို့တော်ထဲမှာရှိတဲ့ ပြည်သူတွေအားလုံးကိုလည်း သူမြင်နိုင်သည်။

သူတို့ရဲ့ စကားပြောသံတွေကိုလည်း ကြားနိုင်သည်။ သူတို့ရဲ့စကားသံတွေက ရှကျိုးယွီရဲ့ နားစည်ထဲကို လေပြေလိုမျိုး အလိုအလျောက် ဝင်ရောက်နေခဲ့သည်။

နတ်ဝိဉာဉ်တစ်ခုကို ပိုင်ဆိုင်လိုက်သလိုမျိုးပဲ။ ထိုနတ်ဝိဉာဉ်က နေရာစုံကိုသွားရောက်ပြီး သူ့အတွက် မြင်ကွင်းတွေကို ဖန်တီးနေခဲ့သလိုမျိုး အရာအားလုံးကို သူမြင်နိုင်၊ ခံစားနေနိုင်တော့သည်။

"မိုက်လိုက်တာဟ၊ တကယ်မိုက်တယ်။ အခုလိုမျိုး ခံစားလို့ကောင်းမယ်လို့ ငါတစ်ခါမှ မထင်ခဲ့မိဘူး။ ကောင်းကင်ဘုံကိုတောင် ကျော်လွန်နိုင်တဲ့ ဒီလိုအစွမ်းမျိုးက တကယ်ထူးခြားတာပဲ"

အစီအရင်ကို အချိန်အကြာကြီး လေ့လာနေပြီးနောက်မှာ ရှကျိုးယွီ ကိုယ့်ဘာသာပြောလိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ ဂုဏ်ယူမှုတချို့ ဝင်ရောက်လာသလိုပဲ။

ရှကျိုးယွီ နောက်ထပ် ဆက်လက်လေ့လာချင်ခဲ့သည်။ ဒါပေမယ့် ထိုအချိန်မှာပဲ နန်းဆောင်အပြင်က အသံတစ်ခုကို ကြားလိုက်ရ၏။

"အရှင်မင်းကြီး၊ တော်၀င်ဆရာမကြီးက တွေ့ခွင့်တောင်းနေပါတယ်"

ရှကျိုးယွီ မျက်မှောင်ကြုတ်သွားသည်။

'တော်ဝင်ဆရာမကြီးတဲ့လား? လျိုချင်းချန်လား?’

'သူမ ရှေ့ရက်ပိုင်းကပဲ လာထားတာမဟုတ်ဘူးလား။ ဒီနေ့ဘာလို့ ထပ်ရောက်လာတာလဲ?’

ရှကျိုးယွီ မနေနိုင်စွာ စိတ်ဝိညာဉ်အာရုံခံမှုကို အသုံးပြုလိုက်သည်။

လျိုချင်းချန်ရဲ့ ဘေးမှာရပ်နေတဲ့ လီဖူကိုပါ သတိထားမိသွားခဲ့သည်။

"ထျန်းချီတာဝါက ပထမအဆင့် ကျင့်ကြံသူလား၊ လျိုချင်းချန်နဲ့ ဘယ်တုန်းက ဒီလောက်ထိ ရင်းနှီးသွားတာလဲ? ဒါကိစ္စကောင်းတစ်ခု မဟုတ်ဘူး"

ရှကျိုးယွီ ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ အတွေးတချို့ဝင်ရောက်လာခဲ့သည်။ ဒါပေမယ့် အဆုံးမှာတော့ သူ တည်ငြိမ်စွာပြောလိုက်တော့၏။

"၀င်ခိုင်းလိုက်"

နန်းဆောင်အပြင်ဘက်မှာ လျိုချင်းချန်နဲ့ လီဖူက တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ယူလျိုရှားနဲ့ပတ်သက်ပြီး မနေ့ညက သူတို့တွေ သတင်းကြားခဲ့ရသည်။ ထိုအတွက်ကြောင့် သူမနဲ့လီဖူရဲ့ စကားဝိုင်းက အဆင်မပြေခဲ့ဘူး။

ဒါပေမယ့် အဆုံးမှာတော့ လီဖူက သူမနဲ့အတူ နန်းတော်ထဲ အဖော်လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်လေ၏။

ရေကြီးမှုကို ထိန်းချုပ်တဲ့တာဝန်ကို မယူနိုင်ဘူးဆိုရင်တောင်မှ တရှားတိုင်းပြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့အတွက် အချိန်မဆွဲသင့်တော့ဘူးလို့ လီဖူအတွေးရခဲ့လို့လေ။

ထို့အတွက်ကြောင့် မနက်အစောကြီးမှာ လျိုချင်းချန်ကိုသွားရှာပြီး အတူသွားရနိုင်အောင် တောင်းဆိုခဲ့သည်။

ဒီလိုနဲ့ နန်းတော်ထဲကိုရောက်လာခဲ့သည်။ ချက်ချင်းပဲ နန်းတော်အတွင်းမှာရှိတဲ့ ပြောင်းလဲမှုတွေကို လီဖူ သတိထားမိခဲ့သည်။ ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမယ့် နန်းတော်နဲ့နီးလာလေလေ ထူးဆန်းစွာ ကြောက်ရွံ့မှုကို ခံစားလာရလေလေမို့ လီဖူ မနေနိုင်စွာ အံ့သြသွားတော့သည်။

ကြောက်စရာကောင်းတဲ့ အရာတစ်ခုက နန်းတော်အတွင်းမှာ တည်ရှိနေသလိုမျိုးပဲ။ ဒီခံစားချက်က ဝေဝါးတဲ့ ခံစားချက်တစ်ခု မဟုတ်ဘူး။

ထို့ကြောင့် လီဖူချက်ချင်းပဲ နန်းတော်နဲ့ပတ်သက်ပြီး စစ်ဆေးလိုက်သည်။ သူ ထပ်မံပြီးထိတ်လန့်သွားရတော့သည်။

"အစီအရင်! ဘယ်လိုတောင်ကောင်းလိုက်တဲ့ အစီအရင်လဲ! ဘယ်လိုလုပ် နန်းတော်ထဲမှာ ဒီလိုထူးချွန်ပြောင်မြောက်တဲ့ အစီအရင်က တည်ရှိနေရတာလဲ? ငါ အရင်တစ်ခေါက် ရောက်တုန်းကတောင်မှ မရှိသေးပါဘူး၊ ဘာတွေဖြစ်နေတာလဲ?"

လီဖူ ဆွံ့အသွားတော့သည်။ သူ့ရဲ့မျက်လုံးထဲက ထိတ်လန့်မှုက ပိုပိုပြီး ကြီးထွားလာတော့၏။

"ဘာဖြစ်လို့လဲ?"

လီဖူနဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတာမလို့ လျိုချင်းချန် မနေနိုင်စွာ မေးလိုက်တော့သည်။

လီဖူက ချက်ချင်းပဲ နန်းတော်အတွင်းကို လက်ညှိုးထိုးပြလိုက်လေကာ "နန်းတော်နဲ့ပတ်သက်ပြီး မတူညီနေတာကို မင်းခံစားမိလား?"

လျိုချင်းချန် အနည်းငယ် အံ့ဩသွားခဲ့သည်။ အချိန်အကြာကြီး ကောင်းကင်ပေါ်ကို မော့ကြည့်ပြီးနောက်မှာ...သူမ ခေါင်းညိတ်ပြလိုက်တော့သည်။

"နည်းနည်းပြောင်းလဲသွားသလိုပဲ။ ဒီကိစ္စက အရှင်မင်းကြီးနဲ့ တွေ့မယ့်ကိစ္စနဲ့ သက်ဆိုင်နေမလားမသိဘူး"

လီဖူ ခေါင်းယမ်းလိုက်လေကာ

"မဟုတ်ဘူး။ အခုတော့ အရှင်မင်းကြီးက သာမာန်ကျင့်ကြံသူတစ်ယောက်ကို ဘာလို့ တာဝန်ပေးခဲ့လဲ ငါ သဘောပေါက်သွားပြီထင်တယ်။ အစကတော့ အရှင်မင်းကြီးက ငါတို့ထျန်းချီတာဝါကို အခွင့်အရေးမပေးချင်ဘူးလို့ တွေးခဲ့မိတယ်"

"ဒါပေမယ့် အခုတော့ အရှင်မင်းကြီးက ပြည်သူတွေကို ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်ခဲ့တယ် ဆိုတာကို ငါသိသွားပြီ!

ချက်ချင်းပဲ လီဖူရဲ့မျက်လုံးတွေက နက်ရှိုင်းသွားတော့သည်။

ရေကြီးမှုနဲ့ပတ်သက်ပြီး တာဝန်ပေးခဲ့တဲ့ကိစ္စက ဒီအစီအရင်နဲ့ သေချာပေါက် သက်ဆိုင်နေလောက်သည်။ အစီအရင်နဲ့ အလဲအလှယ်လုပ်ခဲ့တာ ဖြစ်နိုင်သည်!

ဘယ်လိုပဲ အစီအရင်ကောင်းတစ်ခုဆိုပေမယ့် ဒီကိစ္စက သန်းချီတဲ့လူတွေရဲ့အသက်နဲ့ သက်ဆိုင်နေတာလေ။ ဒါကြောင့် ရှကျိုးယွီရဲ့လုပ်ရပ်က လီဖူအတွက်တော့ တုံးအတဲ့လုပ်ရပ်တစ်ခုပဲ!

သူ အနည်းငယ် စိတ်ပျက်သွားသည်လို့တောင် ပြောလို့ရသည်။

"သခင်လီ၊ တကယ်ပြောနေတာလား?"

အစကတော့ လီဖူ အံ့ဩစွာ တွေးနေခဲ့သည်။ ထို့နောက်မှာ သူရုတ်တရက် ပျော်ရွှင်သွားတော့ပြီး

"အရှင်မင်းကြီးက ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ငါက အစက လက်လျှော့ဖို့တွေးခဲ့တာ။ ဒါပေမယ့် လူပေါင်းများစွာရဲ့အသက်နဲ့ သက်ဆိုင်နေတဲ့ကိစ္စကို ငါလက်မလျှော့တော့ဘူး။ ငါကြိုးစားကြည့်မယ်"

လီဖူ ခိုင်မာစွာ ပြောလိုက်တော့သည်။

ထိုစကားကိုကြားတော့ လျိုချင်းချန် ချက်ချင်းပဲ တက်ကြွသွားလေကာ

"ဟုတ်ပြီ!"

ဒီလိုနဲ့ မိန်းမစိုးတစ်ယောက်ရဲ့ ဦးဆောင်မှုဖြင့် သူမတို့နှစ်ယောက် ရှကျိုးယွီရဲ့ နန်းဆောင်ထဲကို ၀င်သွားခဲ့လိုက်ကြသည်။

ထိုအချိန်မှာ ရှကျိုးယွီရဲ့ အရှိန်အဝါက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီ။ ဒါကြောင့် အရှေ့ကနှစ်ယောက် လုံးဝသတိမထားမိခဲ့ဘူး။

"အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်”

“တရှားရဲ့ဘုရင်ကို အရိုအသေပေးပါတယ်"

သူမတို့နှစ်ယောက် တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

ရှကျိုးယွီကတော့ လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။ ထို့နောက်မှာ လှမ်းကြည့်လိုက်ပြီး

"မင်းတို့ဘာလို့ ရောက်လာတာလဲ?”

ရှကျိုးယွီကတော့ လီဖူကို လုံးဝ လျစ်လျူရှုထားလေ၏။ ထိုအစား သူက လျိုချင်းချန်ကိုပဲ ကြည့်နေခဲ့သည်။

သူ နားမလည်နိုင်ဘူး။

‘လျိုချင်းချန်က ဘာလို့ ထျန်းချီတာဝါကလူကို နန်းတော်ထဲ ခေါ်လာခဲ့ရတာလဲ?’

ပြောရမယ်ဆိုရင် ရှကျိုးယွီက ထျန်းချီတာဝါနဲ့ လုံးဝကို မပတ်သက်ချင်နေတာဖြစ်သည်။

ထျန်းချီတာဝါနဲ့ ဆက်ဆံရေးကောင်းတစ်ခု မရှိချင်တာဟု ပြောလို့ရနိုင်သည်!

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ အရင်ရက်က ကျန်းနန်းမြို့ရဲ့ ရေကြီးမှုနဲ့ပတ်သက်ပြီး အရှင်မင်းကြီးရဲ့ ပူပင်မှုကို တွေ့ခဲ့ရတယ်။ ဒါကြောင့်မို့လို့ ထျန်းချီတာဝါကလူကို အထူးအနေနဲ့ အကူအညီတောင်းပြီး အရှင်မင်းကြီးအတွက် ဖြေရှင်းပေးနိုင်အောင်လို့ ဖိတ်ခေါ်ခဲ့တာပါ"

လျိုချင်းချန် နူးညံ့စွာ ပြောလိုက်သည်။

လီဖူ လည်း ချက်ချင်း ဝင်ပြောလိုက်သည်။

"တရှားတိုင်းပြည်က ဒုက္ခကြုံနေတာဆိုရင် ကျွန်တော် ကူညီပေးချင်ပါတယ်!"

"မလိုဘူး၊ ဒီကိစ္စကို ငါကိုယ်တော် ဖြေရှင်းပြီးသွားပြီ။ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ တော်ဝင်ဆရာမကြီး"

ရှကျိုးယွီကတော့ သူတို့ရဲ့စကားကို အများကြီး မတုံ့ပြန်ခဲ့ဘူး။ လက်တစ်ဖက်ယမ်းပြလိုက်ကာ လိုရင်းကိုသာ ပြောလိုက်တော့သည်။

တစ်ချိန်တည်းမှာပဲ သူ စိတ်သက်သာရာ ရသွားတော့၏။

'ကံကောင်းလို့ပေါ့.. ကြည့်ရတာ လျိုချင်းချန်နဲ့ လီဖူနဲ့က ရေ​ကြီးမှုကြောင့်ပဲ ရင်းနီးသွားတာနေမယ်.. သူတို့ကြားမှာ တစ်ခြား ပတ်သတ်မှု မရှိလောက်ဘူး။ တော်သေးတယ်’

'ကျေးဇူးပြုပြီး တခြားပြဿနာတော့ ရှာမလာပါနဲ့။ လျိုချင်းချန်၊ ငါမင်းကို အများကြီး ယုံကြည်ခဲ့ရတာနော်။ ကျေးဇူးပြုပြီး ငါ့ကိုတော့ သစ္စာမဖောက်နဲ့’

'ပြီးတော့ ငါက ဟိုကောင်မလေးကို တာဝန်ပေးထားခဲ့တာလေ။ မင်းကဘာလို့ ခွင့်မပြုနေရတာလဲ?’

ရှကျိုးယွီ တွေးနေစဉ်မှာပင် လီဖူရဲ့အသံကို ထပ်ကြားလိုက်ရသည်။

"အရှင်မင်းကြီးက ကျန်းနန်မြို့မှာရှိတဲ့ လူသန်းချီရဲ့အသက်နဲ့ပတ်သက်ပြီး ဂရုမစိုက်ဘူးဆိုရင်တော့ ကျွန်တော်မျိုး ဒီနေ့ရောက်ခဲ့တာကို မေ့ပစ်လိုက်ပါ!"

"ဒါပေမယ့် အရှင်မင်းကြီး တကယ်ပဲ ဂရုစိုက်တယ်ဆိုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို အခုလိုမျိုး အခွင့်အရေးအကြီးကြီး ပစ်ပေးလိုက်လို့ မရပါဘူး။ တစ်ခုခုမှားယွင်းသွားခဲ့ရင် ခံရမှာက ပြည်သူတွေတင်မဟုတ်ဘူး၊ အရှင်မင်းကြီးရဲ့ ပိုင်ဆိုင်မှုတွေရောနော်!"

"ကျွန်တော်တို့ရဲ့ ထျန်းချီတာဝါဘက်က အမှားလုပ်ခဲ့တာဆိုပေမယ့် အရှင်မင်းကြီး အခုလောက်ထိ ဒေါသထွက်မနေသင့်ဘူးလို့ ထင်ပါတယ်။ ဘယ်လိုပဲဆိုဆို ဒီကိစ္စက လူတွေရဲ့အသက်နဲ့ သက်ဆိုင်နေတာပါ!"

လီဖူက ပြောနေရင်းနဲ့ ရှကျိုးယွီကို တည့်တည့်စိုက်ကြည့်လိုက်သည်။

ရှကျိုးယွီ အနည်းငယ် အံ့သြသွားတော့၏။

'မင်း ဘာကိုဆိုလိုနေတာလဲ? ဘာတွေလာပြောနေတာလဲ၊ ငါ ဘာလို့ ရှုပ်ထွေးနေရတာလဲ?

………..

All Chapters