( ဒီလောက်ကြီးထိ ဝမ်းသာပြနေဖို့ လိုလို့လား?)
Vol. 7 Ch. 93
လီဖူ တော်တော်လေး အံ့ဩသွားတော့သည်။
'ဒီရှကျိုးယွီက အရမ်း မောက်မာတာပဲ။ ဘယ်သူ့အားကိုးနဲ့ ဒီလောက်တောင် လုပ်ရဲနေတာလဲ?’
'အလောင်းအစားတောင် လုပ်လိုက်သေးတယ်'
'လောင်းကြေးက ပူးပေါင်းမှုတဲ့လား? ဒီရှကျိုးယွီမှာ ဘာရှိနေလို့လဲ? အခုလိုပြုမူရဲတာ မယုံနိုင်စရာပဲ!’
လီဖူ အတွေးများသွားခဲ့သည်။ သူ နားမလည်နိုင်ဘူး။
'ဒီလောက်များတဲ့ ယုံကြည်မှုကို ရှကျိုးယွီ ဘယ်ကရလာခဲ့တာလဲ?’
အစောပိုင်းက အာရုံခံနိုင်ခဲ့သော နန်းတော်ရဲ့ ထိတ်လန့်ဖွယ်ပြောင်းလဲမှုကို လီဖူ ကိုယ်တိုင်တွေ့ခဲ့သည်။ ထို့ကြောင့် ကိစ္စတွေက မရိုးရှင်းဘူးဆိုတာ ကောင်းစွာ နားလည်ထားသည်။
ရုတ်တရက် လီဖူ တစ်စုံတစ်ခုကို တွေးမိသွား၏။
'နေဦး၊ ရှကျိုးယွီက ငါ့ကို အခွင့်အရေးပေးနေတာလား?’
ဒီရက်ပိုင်းအတွင်းမှာ လီဖူ စားသောက်ဆိုင်မှာပဲ ပိတ်မိနေခဲ့သည်။
ရှကျိုးယွီကို တွေ့ဖို့မပြောနဲ့…
တော်ဝင်နန်းတော်ထဲတောင် ခြေမချခဲ့ရဘူး။
ဒါကြောင့် အခုအခြေအနေက ရှကျိုးယွီဘက်က အခွင့်အရေး တစ်ခုပေးလာတယ်လို့ ခံစားနေရ၏။
နန်းတော်ထဲ လိုက်မလာခင်က တရှားတိုင်းပြည်နဲ့ ပူးပေါင်းနိုင်ဖို့အတွက် လမ်းစမမြင်ခဲ့ရဘူး။
အခု အပေးအယူကိုသာ သဘောတူလိုက်မယ်ဆိုရင် သူတို့ရဲ့ပူးပေါင်းမှုက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ…
အနည်းဆုံး အခွင့်အရေးတော့ ရှိလာမည်။
" သဘောတူတယ်"
လျိုချင်းချန် တားမြစ်တော့မည့်အချိန်မှာပဲ လီဖူရဲ့ အသံထွက်လာခဲ့သည်။
ချက်ချင်းပဲ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
"မင်းက သဘောတူတယ်လား?" ရှကျိုးယွီလည်း အံ့ဩသွားတာပင်။
သူ့ရဲ့အဓိကရည်ရွယ်ချက်က လီဖူရဲ့ဒေါသကို ဆွဖို့ပဲဖြစ်သည်။ လီဖူဘက်က အခုလိုမျိုး သဘောတူလာမယ်လို့ ရှကျိုးယွီ မထင်ခဲ့မိဘူး။
ပြောရမယ်ဆိုရင် ထန်းချီ ဂိုဏ်းက ထိပ်သီးဂိုဏ်းတစ်ခုလေ။ အခုလိုမျိုး လောင်းကစားကို ဘယ်လိုလုပ် လက်ခံမှာလဲ? အခုလိုမျိုး နိမ့်ချမှုကို လက်ခံစရာ အကြောင်းမရှိဘူး။ ရှကျိုးယွီ ထိုသို့ တွေးထားခဲ့၏။
ဒါပေမဲ့အခုတော့ လက်တွေ့ ဖြစ်လာခဲ့ပြီ။ အဲဒါကလည်း သူ့ရဲ့မျက်စိရှေ့မှာဖြစ်ခဲ့ပြီး နားနဲ့ ကိုယ်တိုင်ကြားခဲ့ရတာပဲ။
ဒါ့အပြင် လီဖူရဲ့ နှုတ်ခမ်းထောင့်က အပေါ်ကိုတက်နေခဲ့သေးသည်။
'သူ ပြုံးနေတာလား?’
'နေဦး၊ မင်းက ဒေါသမထွက်ရင်တောင်မှ ဘာကိစ္စ ပြုံးနေရတာလဲ? ငါပြောလိုက်တာ ပျော်စရာကိစ္စကြီးမို့လို့လား?’
‘ မဟုတ်ဘူး... ဒီအပြုအမူက တရားမဝင်ဘူး။ လုံးဝကို တရားမဝင်ဘူး!’
ရှကျိုးယွီ တော်တော်လေး ရှုပ်ထွေးလာတော့သည်။ သူ့ရဲ့မျက်လုံးထဲမှာ သံသယတချို့ ပါဝင်ရောက်လာတော့၏။
လီဖူရဲ့ အဓိကရည်ရွယ်ချက်ကို သူနားမလည်ဘူး။ လီဖူ ဟန်ဆောင်နေတယ်လို့လဲ မခံစားရဘူး။
ထို့ကြောင့် ရှကျိုးယွီ.. သူ့ရဲ့စကားတွေကို အကြိမ်ကြိမ် ပြန်ဆန်းစစ်လိုက်သည်။ အဆုံးမှာတော့ စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး…
"မင်း ပူးပေါင်းချင်တယ်ဆိုမှတော့ ဒီကိစ္စကို အခုလို သတ်မှတ်လိုက်တာပေါ့၊ ဒါပေမဲ့ ငါကိုယ်တော် ရှင်းရှင်းလင်းလင်း ပြောထားမယ်၊ မင်း ညစ်ပတ်တဲ့နည်းလမ်း မသုံးတာ ကောင်းမယ်နော်!"
ရှကျိုးယွီက ပြောပြီးတာနဲ့ လီဖူကို လှမ်းကြည့်လိုက်သည်။
"ကိစ္စမရှိဘူး၊ ကျွန်တော်မျိုး ဝင်မပါဘူး"
လီဖူ ရယ်လိုက်လေ၏။
လီဖူရဲ့ပုံစံကြောင့် လျိုချင်းချန်ပင် တော်တော်လေး ရှုပ်ထွေးလာရသည်။ သူမ အကြိမ်ကြိမ် လီဖူကို လှမ်းကြည့်လိုက်သည်။ အဆုံးမှာတော့ မနေနိုင်စွာ ခေါင်းကို ခါယမ်းလိုက်သည်။
ရှကျိုးယွီကတော့ ဘာကိုမှ ဂရုမစိုက်ဘူး။ လက်တစ်ဖက် ယမ်းပြလိုက်ပြီး၊
"အဲဒီလိုဆိုမှတော့ မင်းတို့ သွားလို့ရပြီ"
ရှကျိုးယွီက ထိုနှစ်ယောက်စလုံးကို လုံးဝ လျစ်လျူရှုလိုက်လေပြီ။ ပြောပြီးတာနဲ့ အတွင်းနန်းဆောင်ထဲကို လှမ်းဝင်သွားတော့၏။
လျိုချင်းချန် ထိုအခါမှ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ လီဖူကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး..
"သခင်လီ၊ ဒီနေ့..."
လျိုချင်းချန်ရဲ့ နားမလည်နိုင်မှုတွေကို သတိထားမိတာမလို့ လီဖူက ရယ်လိုက်ကာ ရှင်းပြပေးလိုက်သည်။
"မိန်းကလေးလည်း ကျွန်တော့်ရဲ့ အပြုအမူကို မှားတယ်လို့ တွေးနေတာလား?"
လျိုချင်းချန် နားထောင်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
လီဖူ ဆက်ရှင်းပြလိုက်လေ၏။
"မိန်းကလေး မသိလောက်ပေမဲ့ ကျွန်တော် တရှားတိုင်းပြည်ကို လာခဲ့တာက ပူးပေါင်းဖို့အတွက်ပဲ၊ ဒါကြောင့်မလို့ ဒီအပေးအယူမှာ ဖိအားတစ်ခုမှ မပါဝင်ဘူး"
"ဟုတ်လား?" လီဖူကို ရှုပ်ထွေးစွာကြည့်နေရင်း လျိုချင်းချန် သံယောင်လိုက်လိုက်သည်။
လီဖူ ဆက်ရှင်းပြပေးလိုက်၏။
"အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ ထျန်းချီတာဝါဘက်မှာ အကြီးဆုံးစည်းကမ်းချက်တစ်ခုရှိတယ်၊ ကျွန်တော်တို့က တိုင်းပြည်အသီးသီးရဲ့သတင်းကို စုဆောင်းပေမဲ့ တိုင်းပြည်ရေးမှာ ဝင်မပါရဘူး၊ ဒါကြောင့်မလို့ ဒီအပေးအယူမှာ ရှုံးခဲ့တယ်ဆိုရင်တောင်မှ သက်ရောက်မှုက ကျွန်တော့်အတွက် ကြီးမားမှာမဟုတ်ဘူး"
လီဖူက ပြောပြီးတာနဲ့ အတွင်းနန်းဆောင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက်မှာ ဆက်ပြောလိုက်သည်။
" လမ်းလျှောက်ရင်းနဲ့ စကားပြောကြမလား?"
"ပြောကြမယ်လေ"
လျိုချင်းချန် ချက်ချင်းပဲ အဖြေပေးလိုက်သည်။ ဒီလိုနဲ့ သူတို့နှစ်ယောက်စလုံး နန်းဆောင်အပြင်ဘက်ကို ထွက်သွားလိုက်ကြတော့၏။
"တကယ်တော့ ထျန်းချီတာဝါဘက်က ပူးပေါင်းမှုကို ဆောင်ရွက်ဖို့ ငါ့ကို စေလွှတ်ခဲ့တာပဲ၊ ဒါပေမဲ့ ငါ့ရဲ့လုပ်ရပ်တချို့က အရှင်မင်းကြီးကို ဒေါသထွက်စေခဲ့မိပြီး ပူးပေါင်းမှုကို ကြန့်ကြာစေခဲ့တယ်”
"ဒါပေမဲ့ အခုတော့ ဘုရင်က ငါ့အတွက် အခွင့်အရေးတစ်ခု ပေးလာခဲ့ပြီ။ ဒီတော့ ငါ့အနေနဲ့ လက်ခံရုံအပြင် ရွေးချယ်စရာ မရှိတော့ဘူးလေ"
လီဖူ နူးညံ့စွာ ရှင်းပြလိုက်သည်။
"ဒီလိုဆိုပေမဲ့လည်း သခင်လီ ဒီလောက်ကြီးအထိ..."
လျိုချင်းချန် တစ်ခုခုပြောချင်ခဲ့သည်။
သို့သော် လီဖူရဲ့မျက်ဝန်းထဲကို ကြည့်လိုက်မိချိန်မှာ သူမ ဆက်မပြောနိုင်တော့ပေ။
တွေးကြည့်မယ်ဆိုရင် လီဖူက ရှကျိုးယွီနဲ့ ပူးပေါင်းဖို့အတွက်နဲ့ စားသောက်ဆိုင်မှာ ရက်ပေါင်းများစွာ နေခဲ့ရသည်။ သူမ ခံစားပေးလို့ရသည်။
လီဖူ့အနေနဲ့ ဒီရက်ပိုင်းထဲမှာ မတရားမှုများစွာကို ခံစားခဲ့ရမှာပဲ။
ဒါပေမဲ့ အဲခုလို ခံစားခဲ့ရတာတောင်မှ နန်းတော်ထဲကို သူမနဲ့အတူ လိုက်လာခဲ့သေးသည်။ ရှကျိုးယွီနဲ့လည်း လောင်းကစားလုပ်လိုက်သေးသည်။
သူ့အတွက်တော့ ရှကျိုးယွီက မြင့်မားတဲ့ပုံရိပ်တစ်ခု ဖြစ်နေမှာပဲ။
ရှကျိုးယွီ ဘယ်လိုများလုပ်လိုက်လို့ လီဖူရဲ့လေးစားမှုကို ရသွားခဲ့တာလဲ?
လျိုချင်းချန် ရှုပ်ထွေးသွားခဲ့သည်။
သူမ မနေနိုင်စွာ နန်းတော်ဘက်ကို ပြန်လှည့်ကြည့်မိသွားသည်။
ဘာကြောင့်ရယ်တော့မသိဘူး... သူမ နန်းတော်ထဲကို ဝင်လာခဲ့တိုင်း တစ်စုံတစ်ခုရဲ့ စောင့်ကြည့်မှုကို ခံနေရသလိုမျိုး အမြဲခံစားရ၏။
ဂရုတစိုက် စစ်ဆေးလိုက်ချိန်မှာတော့ ဘာရလဒ်ကိုမှ မမြင်ခဲ့ရဘူး။ လျိုချင်းချန် မနေနိုင်စွာ ရှုပ်ထွေးနေတော့သည်။
"တော်ဝင်ဆရာမကြီးလည်း အာရုံခံမိတာလား?"
လီဖူ လှမ်းပြီးမေးလိုက်လေ၏။
လျိုချင်းချန် ပို၍ ရှုပ်ထွေးသွားလေကာ..
"သခင်လီ၊ ဘာကို အာရုံခံမိလို့လဲ?"
"အစီအရင်! ဒီနန်းတော်တစ်ခုလုံးမှာ အစီအရင်ကြီး ရှိနေတယ်၊ အစကတော့ ဒီအစီအရင်ကို အပေးအယူအနေနဲ့ ပေးခဲ့ပြီး ဟိုမိန်းကလေးက ရှကျိုးယွီဆီကနေ ရေကြီးမှု ထိန်းချုပ်မဲ့တာဝန်ကို တောင်းခံခဲ့တာလို့ ငါတွေးခဲ့တယ်၊ ဒါပေမဲ့ အဲဒါလည်း အတွေးမှားခဲ့မိတာပဲနဲ့တူပါတယ်"
လီဖူက ကောင်းကင်ကိုမော့ကြည့်ကာ ပြောလိုက်လေသည်။
သူ့ရဲ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတွေ ပြည့်နေခဲ့သည်။ ထိုရွှေရောင်အလင်းရဲ့ကြားထဲကနေ လေထုရဲ့ နူးညံ့သိမ်မွေ့တဲ့ ပြောင်းလဲမှုကို သူ အာရုံခံလို့ရသည်။
ထိုမြင့်မားတဲ့ အရှိန်အဝါက ကြည့်မိရုံနဲ့ပင် သူ့ရဲ့နှလုံးသားထဲကို ကြောက်ရွံ့မှု ဖြစ်ပေါ်စေသည်။ မသိရင် တစ်စုံတစ်ခုက သူ့ရဲ့ဘဝကို စောင့်ကြည့်နေသလိုမျိုးပဲ။
"အစီအရင်လား?"
လီဖူရဲ့ မူမမှန်တဲ့ပုံစံကို သတိထားမိသွားတာမလို့ လီဖူကြည့်နေတဲ့ ကောင်းကင်ပေါ်ကို သူမ လှမ်းကြည့်လိုက်သည်။
ဘယ်လိုပဲ အာရုံခံပါစေ…. အစီအရင်နဲ့ပတ်သက်ပြီး ဘာကိုမှ ရှာမတွေ့ခဲ့ဘူး။
သိသာပါသည်။ ကောင်းကင်အကာအကွယ်စည်း အစီအရင်က အရမ်း အဆင့်မြင့်တဲ့ အစီအရင်ပဲ။ လျိုချင်းချန်ရဲ့ လက်ရှိကျင့်ကြံမှုက အာရုံခံနိုင်ဖို့ အလှမ်းဝေးနေသေးသည်။
"အဲဒီမိန်းကလေးရဲ့ နောက်ခံက ဘယ်လောက်ပဲမြင့်နေပါစေ၊ အခုလိုမျိုး အစီအရင်ကို မပိုင်ဆိုင်နိုင်လောက်ဘူး၊ ဒါဆိုရင် ငါခန့်မှန်းရသလောက် ဒီအစီအရင်က လွန်ခဲ့တဲ့ရက်ပိုင်းကရခဲ့တဲ့ ထူးဆန်းတဲ့အရှိန်အဝါနဲ့ ပတ်သက်နေလောက်တယ်"
လီဖူ ရယ်လိုက်သည်။
ထို့နောက်မှာ အဲဒီထူးဆန်းတဲ့ အရှိန်အဝါ ဖြစ်ပေါ်ခဲ့တဲ့နေ့ကို ပြန်စဉ်းစားလိုက်သည်။
သူ့ရဲ့ရင်ထဲမှာ ချက်ချင်းပဲ တုန်လှုပ်သွားတော့သည်။ အမြစ်တည်လာတဲ့ ကြောက်ရွံ့မှုက နှလုံးသားကိုပါ လှိုက်စားသွားသလိုမျိုးပဲ။
………..