ဒီလူက သရဲထက်တောင် ပိုကြောက်ဖို့ကောင်းသေး (၁)
Vol. 5 Ch. 58
ဟောင်စီရွာသည် ရုံမြို့မှ အတော်လေး ဝေးကွာသည့် နေရာတွင် တည်ရှိသော ရွာငယ်လေး တစ်ခု ဖြစ်သည်။ ရွာသည် တောင်ကျချောင်း တစ်ခု၏ နံဘေးတွင် တည်ရှိပြီး ရွာထဲသို့ ရောက်ရှိနိုင်သည့် တစ်ခုတည်းသော လမ်းမှာ ကျဉ်းမြောင်းလှသည်။ လူဦးရေမှာလည်း ရာဂဏန်းလောက်သာ ရှိသည်။
ရွာသားများသည် လတ်တလော ဖြစ်ပွားနေသော ထူးဆန်းသည့် လူသတ်မှုများကြောင့် စိုးရိမ်ပူပန်လျက် ရှိနေကြသည်။
သက်ဆိုင်ရာ ဌာနများသည် ထိုသတင်းအား ပိတ်ဆို့ထားသည့်ပုံ ရသော်လည်း ရွာငယ်လေးအတွင်း ရုတ်တရက်ဆိုသလို ရွာသား ဆယ်ယောက်ကျော် သေဆုံးမှုသည် အခြားသူများအား ဖုံးကွယ်ဖို့ရန် မဖြစ်နိုင်ချေ။
ထို့အပြင် အချို့သော လူအနည်းငယ်သည် အလောင်းကောင်များ၏ ထိတ်လန့် စက်ဆုပ်ဖွယ် အခြေအနေများအား မြင်တွေ့ခဲ့ကြသဖြင့် ယခုအခါတွင် ကောင်းမွန်စွာ မအိပ်စက်နိုင်ကြပေ။
အစိုးရသည် အာမခံချက်များပေးခြင်း၊ အားပေးနှစ်သိမ့်ခြင်းများ ပြုလုပ်နေသော်လည်း အကျိုးသက်ရောက်မှုမှာ နည်းပါးလွန်းသည်။ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှု တို့သည် ကျေးရွာတစ်ဝှမ်း ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကာ အချို့ရွာသားများသည် ကြောက်လန့်တကြားဖြင့် အိမ်များကိုပင် စွန့်ခွာ၍ ထွက်ပြေးသွားခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ရွာအတွင်းသို့ ရောက်ရှိနိုင်သည့်လမ်းမှာ အလွန်ကျဉ်းမြောင်း လွန်းသည့်အတွက် ကားများ မဝင်ရောက်နိုင်ပါ။
အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် ရွာဝင်လမ်းထိပ်တွင် ကားရပ်ထားခဲ့ပြီးနောက် ခြေကျင်လျှောက်ကာ ဝင်ရောက်လာကြသည်။
ကြည်လင်နေသည့် ချောင်းရိုးအတိုင်း တစ်ကီလိုမီတာခန့် လျှောက်ပြီးသည့် နောက်တွင် ကျိုးတိုးကျဲတဲ ရှိနေသည့် ရွာအိမ်လေးများအား တွေ့လိုက်ရပြီ ဖြစ်သည်။
တောင်ပြာတန်းအနီးတွင် ဟောင်စီရွာအား တည်ထားခြင်းဖြစ်ပြီး ဖန်သားကဲ့သို့ ကြည်လင်နေသည့် ချောင်းတစ်ခုက ရစ်ခွေကာ စီးဆင်းလျက်ရှိသည်။ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင် အလွန်တရာ သာယာလှပပြီး အပူအပင် ကင်းမဲ့ကာ ပျော်ရွှင်မှုအား ပေးစွမ်းနိုင်သည်။
လူသတ်မှုများ ဖြစ်ပွားပြီးသည့် အချိန်တွင် ရွာသားများ၏ မျက်နှာများသည် စိုးရိမ်ကြောက်ရွံ့မှုများ ထင်ဟပ်နေကြသည်။ ရွာ၏အခြေအနေ သည်လည်း တက်ကြွမှုမရှိဘဲနှင့် ထိုင်းမှိုင်းလျက်ရှိသည်။
ရွာလူကြီး ဝမ်တုန်သည် အန်လင်းနှင့် ထျန်းလင်းလင်း တို့အား ခရီးဦးကြို နှုတ်ဆက်သည်။
ပြည်သူ့လုံခြုံရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ကျိုးကျန်းသည် ဝမ်တုန်အား ဧည့်သည်များ လာရောက်မည်ကို အသိပေး ပြောကြားထားပြီး ဖြစ်သည်။
ထိုဧည့်သည်နှစ်ယောက်သည် ရွာအတွင်း ဖြစ်ပျက်နေသည့် လူသေမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းကြမည့်သူများ ဖြစ်သည့်အတွက်ကြောင့် ဝမ်တုန်သည် ကိုယ်တိုင်လာရောက် ကြိုဆိုခြင်း ဖြစ်သည်။ ဝမ်တုန်သည် အသက်ငါးဆယ်ကျော်ခန့် ရှိမည်ဖြစ်ပြီး ကျန်းမာသန်စွမ်းသော အမျိုးသားကြီး တစ်ဦးဖြစ်သည်။
သူက ရွာထိပ်တွင် စောင့်နေခြင်းဖြစ်ကာ အတော်လေး ငယ်ရွယ်သေးသည့် ယောက်ျားလေးတစ်ဦးနှင့် သေးသွယ်လှပကာ နှစ်လိုဖွယ်ရှိသည့် မိန်းကလေးတစ်ဦးတို့အား မြင်လိုက်ရသည့်အခါတွင် မျက်မှောင်ကြုတ် သွားတော့သည်။
ဘာကောင်တွေတုန်း … ဒီလိုမျိုး အရေးကြီးတဲ့ လူသတ်မှုအတွက် ပြည်သူ့ လုံခြုံရေးဌာနက ဒီအသုံးမကျတဲ့ ကလေးနှစ်ယောက်ကို တာဝန်ပေးလိုက်တာလား …
သူ့စိတ်ထဲတွင် မသေချာမှုများ ရှိနေသော်လည်း ဝမ်တုန်သည် ဧည့်သည် နှစ်ယောက်အား တာဝန်ကျေပွန်စွာဖြင့် ဆီးကြိုနှုတ်ဆက်သည်။
အန်လင်းသည် မည်သည့် စကားအပိုမျှ မပြောတော့ဘဲနှင့် ဝမ်တုန်အား အခင်းဖြစ်ပွားရာ နေရာသို့ ဦးဆောင်လိုက်ပို့ရန် တောင်းဆိုလိုက်သည်။ ထိုမှသာ သူစစ်ဆေးနိုင်မည် ဖြစ်သည်။
အခင်းဖြစ်ပွားသည့်နေရာ သုံးခုရှိပြီး တစ်ခုစီသည် မိသားစုလိုက် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။ သေဆုံးသည့်ပုံစံမှာ အခင်းဖြစ်ပွားသည့် သုံးနေရာလုံး တစ်ပုံစံတည်း ဖြစ်သည်။ မျက်လုံးများ ဟောက်ပက်ဖြစ်ကာ ခန္ဓာကိုယ်ရှိ သွေးသား အဆီအနှစ်များ ခြောက်ကပ်ပြီး သေဆုံးသွားရခြင်း ဖြစ်သည်။
အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် အခင်းဖြစ်ပွားသည့် ခြံဝန်းတစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနေရာအား အစောင့်အကြပ် များစွာဖြင့် ပိတ်ဆို့ ဝန်းရံထားသည်။
အစောင့်အကြပ်များအား ကျော်ဖြတ်ပြီးနောက် ခြံဝန်းအတွင်း ဝင်လိုက်သည့်အခါတွင် ချက်ချင်းဆိုသလို အေးစိမ့်စိမ့် ဖြစ်လာပြီး အမွေးများပင် ထောင်ထလာမိသည်ဟု ခံစားရသည်။
"လူသတ်မှုဖြစ်ပွားတဲ့ မြင်ကွင်းတွေက အရမ်းကို ဆိုးဝါးတဲ့ ခံစားချက် ဖြစ်ရတယ် … မင်းတို့ကို ခေါ်လာဖို့ အတွက်သာ မဟုတ်ရင် ငါက သေချာပေါက်ကို ဒီနေရာနဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာပဲနေမိမှ…" ဝမ်တုန်သည် အေးစက်စက် အငွေ့အသက်အား ခံစားရသည့်အခါတွင် ကြံခိုင်သည့် သူ့ခန္ဓာကိုယ်အား ကျုံ့ကာအနောက်သို့ ဆုတ်လိုက်သည်။
အန်လင်းနှင့် ထျန်းလင်းလင်းတို့သည် အကြည့်ခြင်း ဖလှယ်လိုက်ပြီးနောက် သူတို့ တစ်ဦးချင်း၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များကို မြင်လိုက် ကြရသည်။
ခြံဝန်းအား လှည့်ပတ် ကြည့်လိုက်ပြီးနောက် ဝင်ပေါက်သို့ ပြန်လည်ရောက်ရှိ လာကြသည်။
"သူကြီးဝမ် … ကျွန်တော်တို့ကို နောက်ထပ် အခင်းဖြစ်ပွားတဲ့နေရာကို ခေါ်သွားပေးပါ …" အန်လင်းက ပြောသည်။
ဝမ်တုန်၏ မျက်လုံးများသည် ပြူးကျယ်လာပြီး "မ … မင်းတို့က စစ်ဆေးလို့ ပြီးသွားပြီလား …"
ပုံမှန်ရဲစုံထောက်တွေက အမှုဖြစ်တဲ့နေရာကို တစ်လက်မ မကျန် စစ်ဆေးပြီး မေးခွန်းပေါင်းစုံ မေးကြတာ မဟုတ်ဘူးလား … အဲလိုမျိုး စစ်ဆေး မေးမြန်းပြီးတာနဲ့ ထင်မြင်ချက်တွေ မှန်းဆချက်တွေ ပေးကြတယ် မဟုတ်ဘူးလား …
ဒီနှစ်ယောက်ကတော့ ကမ္ဘာလှည့် ခရီးသွားတွေလိုမျိုး ခြံဝန်းကို တစ်ပတ် ပတ်လိုက်တယ် … တစ်ခုတစ်လေတောင် မေးတာမြန်းတာ မရှိဘူး … ငါးမိနစ်တောင် မကြာလိုက်ဘူး နောက်တစ်နေရာကို သွားဖို့ အသင့်ဖြစ်နေပြီတဲ့လား …
မင်းတို့နှစ်ကောင်က အမှုကို ဖြေရှင်းဖို့ ရောက်လာကြတာကော ဟုတ်ရဲ့လား … ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ဖို့ ရောက်လာကြတာ မဟုတ်ဘူးလား …
အန်လင်းနှင့် ထျန်းလင်းလင်းတို့ တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြသည်ကို မြင်လိုက်သည့်အခါတွင် ဝမ်တုန်သည် မကျေနပ်ချက်ကို စိတ်ထဲတွင်သာ ထားလိုက်ရသည်။ ထို့နောက် မည်းမှောင်နေသည့် အမူအရာဖြင့် အန်လင်းတို့အား နောက်ထပ် အခင်းဖြစ်ပွားရာ နေရာသို့ ခေါ်ဆောင်သွားသည်။
နောက်တစ်နေရာတွင်လည်း အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် စစ်ဆေးကြည့်ရှု ရန်အတွက် ငါးမိနစ်မျှသာ အသုံးပြုကြပြန်သည်။
ဝမ်တုန်သည် အမူအရာ ကင်းမဲ့စွာဖြင့် သူတို့နှစ်ဦးအား နောက်ဆုံး အခင်းဖြစ်ပွားရာ နေရာသို့ ခေါ်ဆောင်သွားသည်။
ထိုသို့ဖြင့် နာရီဝက်ခန့် အကြာလောက်တွင် ဝမ်တုန်သည် အန်လင်းနှင့် ထျန်းလင်းလင်းတို့ နှစ်ဦးအား နေရာသုံးနေရာသို့ အလည်အပတ် ကြည့်ရှူရန် ပို့ဆောင်ပေးပြီး ဖြစ်သည်။
“ရွာသူကြီးဝမ် … ကျွန်တော်တို့က အခင်းဖြစ်ပွားတဲ့ နေရာတွေကို စစ်ဆေးလို့ ပြီးပါပြီ … သူကြီးရဲ့အိမ်မှာ ကျွန်တော်တို့ ခဏလောက် နေပါ့မယ် … ညကျရင် အခင်းဖြစ်တဲ့ နေရာတွေကို ပြန်သွားစစ်ချင်လို့ပါ …” အန်လင်းက ပြုံးလိုက်သည်။
“ဝမ်တုန် …”
ဝမ်တုန်၏အိမ်သို့ ရောက်သည့်အခါ ဝမ်ကတော်သည် သူတို့ကို ကြိုဆိုရန်အတွက် တန်ဖိုးကြီးသည့် ဟင်းလျာများအား ပြင်ဆင်ထားလေသည်။
အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် အငမ်းမရ စားသောက်ပြီးနောက် အရသာရှိပြီး လတ်ဆက်သည့် တောအရသာ ဟင်းလျာများအား အပြည့်အဝ ချီးကျူးလိုက်ကြသည်။
“လင်းလင်း … ဒီကြက်သားက အရမ်းကောင်းတယ် … ဟင်းခပ်တွေ ထည့်လိုက်ရုံနဲ့တင် ကြက်သားရဲ့ အနံ့အရသာနဲ့ အာဟာရဓာတ် တွေကို အရသာခံလို့ရတယ် …”
“အတုအယောင် တာအိုသခင် ဘုန်းတော်ကြီးရေ … ဒီဟင်းနုနွယ်ရွက်ကြော်က အရမ်းအရသာ ရှိတာပဲ … မြို့ထဲမှာဆို ဒီလိုမျိုး ချိုပြီး စိမ်းစိုတဲ့ ဟင်းရွက်မျိုး တစ်ခါမှတောင် မစားခဲ့ဖူးဘူး … ဒီဟာတွေက ကောင်းမွန်ပြီး လေထုညစ်ညမ်းမှု ကင်းစင်တဲ့ ဟင်းသီးဟင်းရွက်လေးတွေဟယ် …”
“အဒေါ်ရေ … ဟင်းနုနွယ်ရွက်လေး နောက်တစ်ခွက်လောက် ချက်ပေးနိုင်မလားဟင် …”
ထိုစကားများအား ကြားသည့်အခါတွင် ဝမ်တုန်၏ မျက်နှာသည် ရှုံ့မဲ့သွားတော့သည်။
ဝမ်တုန်သည် ထိုအမှုကို ကိုင်တွယ် စစ်ဆေးရန်အတွက် ရဲအတု နှစ်ယောက်အား လက်ခံထားမိပြီဟု ခံစားနေရသည်။ ထိုနှစ်ယောက်သည် သူ့အိမ်ပေါ်တက်ကာ ဖရီးလာကြိတ် နေကြသည် မဟုတ်ပါလား။
ပြည်သူ့လုံခြုံရေးဌာန အနေဖြင့် သူတို့၏ စာရွက်စာတမ်း များကိုသာ မပြထားခဲ့ဖူးဆိုလျှင် ဝမ်တုန်သည် ထိုနှစ်ယောက်အား လွန်ခဲ့သည့် အချိန်များကပင် ကန်ထုတ်ခဲ့ပြီး ဖြစ်သည်။
ဝမ်တုန်၏ ခပ်ချဉ်ချဉ် ခံစားချက်နှင့် ဆန့်ကျင်စွာပင် ဝမ်ကတော်သည် ပျော်ရွှင်စွာဖြင့် ရယ်မော နေသေးသည်။ သူမ၏ ဟင်းပွဲများသည် ရဲအရာရှိများထံမှ ထောက်ခံချက်အား ရရှိလိုက်သဖြင့် အလွန်ကို ပျော်ရွှင်နေလေသည်။
***
သူတို့မသိလိုက်ခင်မှာပင် ညအချိန် ရောက်ရှိလာပြီ ဖြစ်သည်။ အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် ရွာသူကြီးအိမ်မှ နောက်တစ်ဖန် ထွက်ခွာ လာကြသည်။ ဒီတစ်ကြိမ်တွင် ဝမ်တုန်သည် လိုက်ပါခြင်း မရှိတော့ပေ။
ရွာအတွင်း ထွန်းညှိထားသည့် လမ်းမီးများသည် နည်းပါးလွန်း သည်ကြောင့် သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်အား သတိမပြတ် ကြည့်ရှုကာ ကျဉ်းမြောင်းပြီး မှိန်ဖျော့သည့် လမ်းအတိုင်း လျှောက်လာကြသည်။
“အဲဒီအေးစက်စက် အငွေ့အသက်တွေက တစ္ဆေတွေရဲ့ တိုက်ခိုက်မှု တွေကနေ သယ်ဆောင်လာတာပဲ … ပြီးတော့ အဲဒီ အငွေ့အသက်တွေက အခင်းဖြစ်ပွားတဲ့ နေရာမှာ အချိန်အကြာကြီး ရစ်ဝဲနေနိုင်တယ် … အဲဒီတစ္ဆေက စစ်သူကြီးအဆင့်ကို ရောက်နေပြီဆိုတာ သိသိသာသာပဲ …” ထျန်းလင်းလင်းက ရုတ်တရက် ဆိုသလို ပြောလာသည်။
“အဲဒီ အေးစက်စက် အငွေ့အသက်တွေရဲ့ တစ်ပိုင်းက ပြင်းထန်ပြီး ကြောက်ဖို့ကောင်းတယ် … နောက်တစ်ပိုင်းက လှောင်ပိတ်ပြီး သေစေနိုင်တဲ့ ခံစားချက်ကို ပေးစွမ်းတယ် … သေချာပေါက်ကို စစ်သူကြီးအဆင့် ရောက်နေတဲ့ တစ္ဆေ နှစ်ကောင်ပဲ …”
ထိုစကားအား ကြားလိုက်သည့်အခါ ထျန်းလင်းလင်း၏ နူးညံ့သည့် မျက်နှာလေးတွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်များ ပေါ်လာသည်။
“အခင်းဖြစ်ပွားတဲ့ နေရာတွေကို ကြည့်ပြီးတော့ သုံးသပ်ရမယ်ဆိုရင် သူတို့က ကြုံရာကျပန်း တိုက်ခိုက်နေကြတာ … ငါတို့ ကင်းလှည့်တာက ဟောင်စီရွာ တစ်ခုလုံး ခြုံငုံမိပါစေပဲ မျှော်လင့်တယ် …”
“ပြီးတော့ ညညဆို ထူးဆန်းတဲ့ အသံတွေကို ကြားရတယ်လို့လဲ ပြောကြတယ်လေ … အဲဒီအချက်ကို အသုံးပြုလို့ရတယ် …” အန်လင်းက ဆက်ပြောသည်။
ဆက်တိုက် ဖြစ်ပွားခဲ့သည့် လူသေမှုများကြောင့် ဟောင်စီရွာမှ ရွာသားများသည် ညအချိန်တွင် အပြင်မထွက်ရဲ ကြတော့ပါ။ လမ်းကျဉ်းလေးသည် တိတ်ဆိတ်ကာ ငြိမ်သက်လျက်ရှိပြီး အန်လင်းနှင့် ထျန်းလင်းလင်းတို့၏ ခြေသံများကိုသာ ကြားနေရသည်။
သူတို့နှစ်ဦး ခြေတစ်လှမ်း လှမ်းလိုက် ချိန်တိုင်းတွင် တကြွပ်ကြွပ် မြည်သံများ ကြားနေရသည်။
ရုတ်တရက်ဆိုသလို အေးစက်စက် လေပြင်းများ တိုက်ခတ်လာသည်။
ထျန်းလင်းလင်းသည် တစ်ကိုယ်လုံး တုန်ယင် လာပြီးနောက် အန်လင်း၏ အင်္ကျီလက်အား ဆွဲလိုက်သည်။ အန်လင်းသည် ထိုသည်ကို သတိပြုမိသဖြင့် သူမအား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“အေးလို့လား …”
“အင်း …” ထျန်းလင်းလင်းသည် နူးညံ့စွာ ပြန်ဖြေသည်။ သူမ မျက်နှာမှာ အနည်းငယ် နီသွေးနေပြီးနောက် ခေါင်းညိတ်လိုက်သည်။
အန်လင်းက ပုခုံးတွန့် လိုက်ပြီးနောက် “ငါကလည်း ဒီတစ်ထည်တည်း ဝတ်လာတာရယ် … အဲတော့ ရုပ်ရှင်ထဲတွေမှာ ပါသလိုမျိုး ကုတ်အင်္ကျီလေး ချွတ်ပေးမဲ့ လူမျိုးထဲ ငါ့ကိုထည့် မတွက်နဲ့နော် …”
ထျန်းလင်းလင်းသည် မျက်လုံး လှန်ကြည့်ပြီးနောက် “နင့်ကုတ်အင်္ကျီကို ဘယ်သူက လိုချင်နေလို့လဲ … နင့်မှာရှိနေရင်တောင် ငါက ဝတ်ဖို့ကို စိတ်မဝင်စားပါဘူးနော် …”
အန်လင်းသည် သူမကို လျစ်လျူရှု လိုက်ပြီးနောက် လမ်းဆက်လျှောက် သွားသည်။ ထို့ကြောင့် ထျန်းလင်းလင်းသည် ကြောက်ရွံ့လာပြီး သူ့ကိုမီအောင် အလျင်အမြန် လျှောက်လာသည်။
ကောင်းကင်၏ အမှောင်ထုအောက်တွင် အန်လင်းအား အရိပ်များက ဖုံးလွှမ်းထားသည်။
ထျန်းလင်းလင်းသည် ပတ်ဝန်းကျင်မှာ အနည်းငယ် ကျောချမ်းစရာ ကောင်းနေကြောင်း သိလိုက်ရသည်။ ထိုစိုးရိမ်ဖွယ်ရာ ခံစားချက်မျိုးကို တစ်နေ့လုံး မခံစားရခဲ့ပေ။
သူမသည် မနေနိုင်တော့သဖြင့် ပြောစရာတစ်ခုခု ရှာကြံလိုက်သည်။ သူမအတွက် စကားပြောခြင်းသည် ကြောက်ရွံ့မှုအား ဖြေဖျောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်။
“အတုအယောင် တာအိုသခင် ဘုန်းတော်ကြီးရေ … အဲဒီ စစ်သူကြီးအဆင့် တစ္ဆေနှစ်ကောင်ကို ငါတို့အနိုင်ရမယ်လို့ နင်ထင်လား …” ထျန်းလင်းလင်းက မေးလိုက်သည်။
“မနိုင်လောက်ဘူး …” သူမအရှေ့ရှိ လူသည် ဖြည်းညင်းစွာ ဖြေလာသည်။
ထျန်းလင်းလင်းမှာ စိတ်ရှုပ်လာပြီးနောက် “ဘာလို့လဲ … နင်က အင်မော်တယ်အဆင့် ဇယားရဲ့ သန်မာတဲ့ ကျင့်ကြံသူလို့ ပြောခဲ့တယ် မဟုတ်ဘူးလား … စစ်သူကြီးအဆင့် တစ္ဆေတွေကို အေးအေးဆေးဆေးပဲ ဖမ်းနိုင်ရမှာပေါ့ …”
အရိုးခိုက်အောင် အေးစက်နေသည့် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ သစ်ရွက်များ ပွတ်တိုက်သကဲ့သို့ အရိပ်မှောင် များသည်လည်း ကခုန်လျက် ရှိနေသည်။
“ဘာလို့လဲဆိုတော့ …”
အန်လင်းသည် ဖြည်းညင်းစွာဖြင့် ထျန်းလင်းလင် ဘက်သို့ မျက်နှာ လှည့်လာသည်။ သူ့မျက်လုံး များသည် ဟောက်ပက် ဖြစ်နေပြီး လျှာမှာလည်း တွဲလောင်း ကျနေသည်။
“ငါက … အစ က တည်း က …”
“သေ နေ တာ မို့ လို့ ပဲ …”
“ဝါး …” ထျန်းလင်းလင်းသည် ကြောက်ရွံ့မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမသည် ကျယ်လောင်စွာ အော်ဟစ် လိုက်ပြီးနောက် မျက်ရည်များ စီးကျလာတော့သည် …။
***