← Chapters

ဒီလူက သရဲထက်တောင် ပိုကြောက်ဖို့ကောင်းသေး (၂)

Vol. 5 Ch. 59

ဒီလူက သရဲထက်တောင် ပိုကြောက်ဖို့ကောင်းသေး (၂)

Vol. 5 Ch. 59

မြေပြင်ပေါ်တွင် ငိုယိုနေသည့် ထျန်းလင်းလင်းအား ကြည့်ကာ အန်လင်းသည် အနည်းငယ် ကြောင်သွားသည်။

“ဟေး … ငါကစနေတာလေ … ဘာလို့ဒီလောက်တောင် လွယ်လွယ်ကူကူ ကြောက်လန့်နေရတာတုန်း …”

“ဒီလိုမျိုး စိတ်အခြေအနေနဲ့ နင်က သရဲဖမ်းရမယ့် တာဝန်ကို လက်ခံရဲတယ်ပေါ့ …” သူက အလွန်အံ့အား သင့်စွာဖြင့် မေးသည်။

ထို့နောက် ထျန်းလင်းလင်းသည် ခေါင်းမော့ လာခဲ့သည်။ အန်လင်း အကောင်းပတိ ရှိနေသည်ကို မြင်လိုက်ရသည့်အခါတွင် သူမ၏ မျက်ရည်ချောင်းစီးနေသည့် မျက်နှာလေးတွင် စိတ်ဆိုးသည့် အမူအရာများ ပေါ်လာတော့သည်။ အန်လင်းဆီသို့ ရုတ်တရက် ခုန်သွားလိုက် ပြီးနောက် သူမ၏ လက်သီးဆုပ် သေးသေးလေးများဖြင့် အန်လင်း ရင်ဘတ်အား စတင်ထုရိုက်တော့သည်။

“ဝါး သောက်ကျင့် မကောင်းတဲ့ကောင် … ဘယ်လိုလူတွေက ဒီလိုမျိုး အနိုင်ကျင့်လို့လဲ …” ထျန်းလင်းလင်းသည် အန်လင်းအား ထုရိုက်ပြီး ရန်တွေ့ နေလေသည်။

“ရွှတ် …” သူမသည် နှပ်ညှစ်လိုက်ပြီးနောက် အန်လင်း အင်္ကျီတွင် သုတ်လိုက်သည်။ ထို့နောက် ဆက်ငိုကာ အန်လင်းအား ထုရိုက်ပြန်သည်။

အန်လင်း၏ နှုတ်ခမ်းထောင့်သည် မဲ့လာသည်။ သူက တကယ်ကို ပြောချင်လာမိသည်။ ‘နင်က ငါ့အင်္ကျီကို လက်သုပ်ပဝါလို သဘောထားနေတာလေ … အဲဒါကကော အနိုင်ကျင့်နေတာ မဟုတ်ဘူးလား …’

သို့ပေမဲ့လည်း ထိုစကားများအား စိတ်ထဲတွင်ပင် မြိုချလိုက်ရသည်။ သူက အရင်စ မှားခဲ့သူ ဖြစ်သည့်အပြင် သူ၏ နောက်ပြောင်မှုမှာလည်း အနည်းငယ် လွန်သွားသည်ဟု ပြောရပေမည်။

ထျန်းလင်းလင်း သူမ၏ ခံစားချက်များအား ပြောဆိုနေသည့် အချိန်မှာပင် အန်လင်းသည် အခြားနေရာ တစ်ခုမှနေ ငိုရှိုက်သံကို ကြားလိုက်မိသည်ဟု ခံစားလိုက်ရသည်။

“ဝါး … ဝါး … ဝါး …”

“ဝါး … ဝါး … ဝါး …”

သူက ထျန်းလင်းလင်း နောက်ကျောအား အသာပုတ် လိုက်ပြီးနောက် “နားထောင်ကြည့် … နင်နဲ့အတူ သရဲတစ်ကောင်က လိုက်ငိုနေတာ ကြားရလား …”

ထျန်းလင်းလင်း၏ ခန္ဓာကိုယ် သေးသေးလေးမှာ တုန်ယင်လာပြီးနောက် သူမသည် အသိဝင်လာကာ အော်ဟစ်လိုက်သည်။ “သောက်ကျင့် မကောင်းတဲ့ကောင် … ငါ့ကို နောက်တစ်ခါ လိမ်ပြန်ပြီလား …”

“အန်လင်း …”

ငိုသံသည် ပို၍ ပို၍ ကျယ်လာသည့်အခါ ထျန်းလင်းလင်းသည် တစ်ခုခု မှားယွင်းနေကြောင်း နားလည်လိုက်သည်။ သူမ၏ အမွေးများ ထောင်လာပြီးနောက် ငိုသံလားရာ ဘက်သို့ ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်သည်။

“ဟဲ့ … အဲဒီမှာ သရဲတစ်ကောင် ရှိနေတာလို့ နင်တကယ် ထင်တာလား … သူက ဘာလို့များ ငါနဲ့လိုက်ပြီး ငိုနေရတာတုန်း …” သူမ၏အသံမှာ တုန်ရီနေပြီး အန်လင်းအား မေးခွန်းထုတ် လိုက်သည်။

“ငါက ဘယ်လိုလုပ်ပြီး သိမတုန်း … သိချင်ရင် ကိုယ့်ဘာသာ သွားမေးပါ့လား …” အန်လင်းက ဖြေလိုက်သည်။

ထျန်းလင်းလင်းသည် ထိုအကြောင်းအား တွေးလိုက်မိသည့်အခါ သူကိုယ်ကို ကျုံ့လိုက်သည်။ သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် တုန်လှုပ်ခြောက်ခြားမှုတို့က အတိုင်းသားပင် ဖြစ်သည်။

အန်လင်းမှာ သက်ပြင်းအသာ ချလိုက်မိသည်။ အကယ်၍ ထိုတာဝန်အတွက် သူသာ လိုက်မလာမိခဲ့လျှင် ထျန်းလင်းလင်းသည် ထိုသရဲ၏ ပုံစံကို မမြင်လိုက်ဘဲနှင့် ယင်း၏ ခြောက်လန့်မှုကြောင့် ကြောက်လန့်ကာ ထွက်ပြေးလာနိုင်သည်။

အန်လင်းသည် ထိုထူးဆန်းသည့် အသံနောက်သို့ လိုက်သွားသည်။ ထျန်းလင်းလင်းသည် လက်ထဲတွင် အဝါရောင် အဆောင်လက်ဖွဲ့အား တင်းတင်းဆုပ်ကိုင်ပြီး အန်လင်း အနောက်မှနေ နီးကပ်စွာ လိုက်ပါလာသည်။

ငိုသံသည် ပိုမိုပြီး ကျယ်လောင်လာသည်။ ထိုငိုကြွေးသံမှာ သူတို့၏ နားစည်အနီးတွင် ကပ်၍ ငိုကြွေးနေသယောင်ပင်။

သူတို့နှစ်ဦးသည် ပတ်ပတ်လည်အား ကြည့်ရှုလိုက်သော်လည်း မသင်္ကာဖွယ်ရာ တစ်ခုတစ်လေမျှ မတွေ့ရှိရပေ။

ဘယ်နားမှာတုန်း …။

ရုတ်တရက် ဆိုသလိုလို အေးစက်စက် အငွေ့အသက်သည် သူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ လွှမ်းခြုံလာသည်ဟု ခံစားလိုက်ရသည်။

“နင်က … ငါ့ကို … ရှာနေတာလား …”

ကွဲအက်အက် အသံတစ်ခုသည် သူ့နားအတွင်းသို့ ရောက်ရှိလာသည်။

မရှေးမနှောင်းမှာပင် အဖြူရောင်အဝတ်စ ခြုံထားသည့် ပုံရိပ်တစ်ခုသည် အန်လင်းရှေ့တွင် ဇောက်ထိုး အနေအထားဖြင့် ပေါ်လာသည်။

သူမတွင် ပါးစပ်နှင့် နှာခေါင်းတို့ မရှိပေ။ သူမ၏ မျက်လုံးနှစ်လုံးတွင် တစ်ပေခန့် ရှည်သည့် အသားနီများ ချိတ်တွယ်ထားသည်။ ထိုမျက်လုံးများသည် အပြင်သို့ ထွက်ကျနေပြီး ယိမ်းထိုးကာဖြင့် အန်လင်းအား ကြည့်နေလေသည်။

“ဒီဖေ …”

အန်လင်းသည် ထိတ်လန့်တကြား ခုန်လိုက်သည်။ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ တောင်ခွင်း လက်သီးအား အသုံးပြုလိုက်သည်။

ဘုန်း …

ရွှေရောင်လက်သီးသည် အဖြူရောင်အဝတ်စ ခြုံထားသည့် ပုံရိပ်အား ဖုံးလွှမ်း သွားပြီးနောက် ကြီးမားသည့် စွမ်းအားများ ထုတ်ဖော်လိုက်သည်။

“အား…”

ဝတ်ရုံဖြူတစ္ဆေသည် ထိတ်လန့်သွားပြီးနောက် အန်လင်း၏ လက်သီးချက်သည် ၎င်းအား အနောက်သို့ လွင့်ပျံသွားစေသည်။ ယင်းသည် ဆယ်မီတာကျော်ခန့် လွင့်သွားပြီးနောက် မြေပြင်သို့ ပြုတ်ကျကာ တုန်ယင်လျက် ရှိနေသည်။

ထျန်းလင်းလင်းသည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ တစ္ဆေကောင် ထိုးကြိတ် ခံနေရသည်ကို မြင်လိုက်ရသည်။ သူမသည် ပါးစပ်အဟောင်းသားဖြင့် ငေးမော ကြည့်နေပြီး အော်ဟစ်ဖို့ကိုပင် သတိမရတော့ချေ။ အထစ်ထစ် အငေါ့ငေါ့ ဖြင့် “အ … အရမ်း သန်မာလိုက်တာ …”

အန်လင်းသည် ထျန်းလင်းလင်းအား သတိပင်မပြုမိ။ ထို့နောက်တွင် တစ္ဆေထံသို့ အလောတကြီး ပြေးသွားလိုက်သည်။

သူ၏ တောင်ခွင်းလက်သီးသည် အလွန်အမင်း အားကောင်း လွန်းသည်။ ထို့ကြောင့် စစ်သူကြီးအဆင့် တစ္ဆေပင်လျှင် ထိုလက်သီးချက်နှင့် ထိပ်တိုက် ရင်ဆိုင်ရလျှင် မြေပြင်ပေါ်တွင် လဲကျကာ ခြေလက်များ ကျိုးကြေသွားသည်အထိ ဖြစ်နိုင်သည်။

“ဟမ် … သူ့ခန္ဓာကိုယ်က ဖျော့တော့လာပါလား … သေတော့မယ်နဲ့တူတယ် …” အန်လင်းသည် ထိုတစ္ဆေနှင့် နီးကပ်သည့်အထိ သွားလိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် အသံထွက် ရေရွတ်လိုက်သည်။

“ရက်စ် … ဒါပဲလေ … မြန်မြန်လေး အဲဒီ အင်မော်တယ် မန္တန်ကို ထပ်သုံးလိုက်တော့ … မြန်မြန်သတ်ပစ်လိုက် အဲကောင်ကို …” ထျန်းလင်းလင်းသည် အန်လင်း အနောက်တွင် ပုန်းကွယ်နေလျက်နှင့် တိုက်တွန်း နေလေသည်။ သူမက ခေါင်းပြူထွက်လိုက်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် တစ္ဆေအားကြည့်ရင်း ထိတ်လန့် နေလေသည်။

“အလျင်မလိုပါဘူး … နှစ်ပေါင်းများစွာ အသက်ရှင်ပြီးတဲ့ နောက်မှာ ငါ့အတွက် ပထမဆုံးအကြိမ် တစ္ဆေကို မြင်ဖူးတာလေ … သေသေချာချာ လေ့လာဖို့ လိုအပ်တယ် …” အန်လင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီးနောက် တစ္ဆေအား ကြည့်လိုက်သည်။ မုန်းတီးမှု့ အပြည့်နှင့် ဖြစ်သည်။

ထိုစကားအား ကြားလိုက် ရသည့်အခါတွင် ဝတ်ရုံဖြူတစ္ဆေ၏ မျက်လုံးများသည် ပြူးထွက်လာသည်။

ဪ … မှားလို့။ ၎င်း၏ မျက်လုံးများမှာ ပြူးနေပြီးသား ဖြစ်သည့်အတွက် အမူအရာသည် ပြောင်းလဲသွားခြင်း မရှိ။ သို့သော်ငြား ယင်း၏ မျက်လုံးများအား တွယ်ချိတ် ထားသည့် အသားများသည် ရုတ်ချည်း ဆိုသလို အန်လင်းထံ ပျံဝဲလာသည်။

“ဒီဖေ … လှုပ်နိုင်သေးတယ်ပေါ့ … တောင်ခွင်းလက်သီး ပြင်းအား တစ်ဝက်ကို မြည်းကြည့်လိုက် …”

အန်လင်းသည် ထိုအပြုအမူကြောင့် လန့်သွားသဖြင့် တောင်ခွင်းလက်သီး နောက်တစ်ချက်အား သုံးလိုက်ပြန်သည်။

ဘုန်း …

သူ့လက်သီးပြင်းအားကြောင့် မြေပြင်တွင် ချိုင့်တစ်ခု ပေါ်လာပြီး မကောင်းဆိုးဝါး ဝိညာဉ်သည် ပြားကပ် သွားတော့သည်။

“ဝါး ဝါး ဝါး …”

ဝတ်ရုံဖြူတစ္ဆေသည် အက်ကွဲနေသည့် အသံဖြင့် နာကျင်စွာ ငိုကြွေးနေလေသည်။ ယင်း၏ ခန္ဓာကိုယ် သည်လည်း ပို၍ ဖျော့တော့လာသည်။ အန်လင်းသည် သစ်ကိုင်းခြောက် တစ်ခုကို ကောက်ယူ လိုက်ပြီးနောက် တစ္ဆေ၏ မျက်လုံးများအား ထိုးဆွလိုက်သည်။ ထို့နောက်တွင် အပြင်သို့ ထွက်နေသည့် မျက်လုံးများနှင့် အသားများအား လိပ်လိုက်သည်။

“ဝေါ့ … ရွံ့စရာကြီးဟယ် …” ထျန်းလင်းလင်းမှာ ဆက်မကြည့်နိုင်တော့ပေ။

“အရမ်းကို ထူးဆန်းတာပဲ … အဲဒီခန္ဓာကိုယ်ကို ထိုးကြည့်တာ တကယ့်အစစ်အတိုင်းပဲ …” အန်လင်းက အံ့အားသင့်စွာဖြင့် ရေရွတ်သည်။

ဝတ်ရုံဖြူတစ္ဆေသည် ပျော့ခွေကာ စွမ်းအားမဲ့နေပြီး သူ့မျက်လုံး များမှာလည်း ပြူးလျက် ရှိသည်။ “ဝါး ဝါး ဝါး …”

“ဟမ့် … မပြောဘူးလား … သူ့မှာ ပါးစပ်မရှိဘူး … ဒါဆို အဲဒီအသံတွေက ဘယ်ကနေ ထွက်လာနိုင်တာလဲ …”

အန်လင်းသည် သိချင်လာသဖြင့် သစ်ကိုင်းခြောက်အား အသုံးပြုကာ တစ္ဆေ၏ ပါးစပ်ပေါက် ရှိလောက်မည့် နေရာသို့ ထိုးကြည့်လိုက်သည်။ ယင်းမျက်နှာရှိ ထိုနေရာသည် အဝတ်ဖြူသာလျှင် ရှိသည်။

သစ်ကိုင်းခြောက်ဖြင့် ထိုနေရာအား ထိုးလိုက်သည့်အခါတွင် ပူးပေါင်း တစ်လုံးကဲ့သို့ နစ်ဝင်သွားသည်။

“ဟိဟိ … စိတ်ဝင်စားစရာပဲ …” အန်လင်းမှာ အလွန်အမင်း သဘောကျနေမိသည်။ တစ္ဆေသည် ထိုမျှလောက် ဆန်းကြယ် လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

“ဝါး ဝါး ဝါး …” ဝတ်ရုံဖြူတစ္ဆေသည် ခွန်အားမဲ့စွာဖြင့် ငိုကြွေးနေလေသည်။

အန်လင်းသည် စိတ်ပျက်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ “ဒီကောင်က ဘာလို့များ ဒီတစ်ကြောင်းတည်း သိရတာလဲ … တခြားစကား မပြောတတ်တော့ဘူးလား …”

ထို့နောက်တွင် သူ့အကြည့်အား တစ္ဆေ၏ ရင်ဘတ်ပေါ်ရှိ ကြီးမားသည့် ရင်အုံပေါ်သို့ ရွှေ့လိုက်သည်။ ထို့နောက်တွင် ထိုနေရာသို့ သစ်ကိုင်းခြောက်ဖြင့် ထိုးလိုက်သည်။ “တကယ်ကြီးလားဟ …”

“ဝါး ဝါး ဝါး …” အံ့ဩနေတုန်းမှာပင် ဝတ်ရုံဖြူတစ္ဆေ၏ ပြူးနေသည့် မျက်လုံးများမှ မျက်ရည်များ စီးကျလာတော့သည်။

“အား …. နင်က ဘာလို့ ဒီလိုမျိုး အရှက်မဲ့ရတာတုန်း …” အန်လင်း၏ အပြုအမူကြောင့် ထျန်းလင်းလင်းသည် အော်ဟစ်လိုက်သည်။ သူမသည် လက်များအား မြှောက်လိုက် ပြီးနောက် တံဆိပ်တော်တစ်ခုအား ပစ်လွှတ်လိုက်သည်။

ဘုန်း …

ကောင်းကင်မှ ရွှေရောင်အလင်းတန်းတစ်ခု ကျလာပြီး တစ္ဆေ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက် သွားပြီးနောက် စနက်တံအဖြစ် ပြောင်းလဲသွားကာ တစ္ဆေကောင်အား ခြေမွပစ်လိုက်သည်။

ရွှေရောင်အလင်းတန်း အတွင်းမှာပင် တစ္ဆေ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် ပျောက်ကွယ် သွားတော့သည်။ ၎င်း၏ငိုကြွေးသံ သည်လည်း တဖြည်းဖြည်း တိုးလာပြီးနောက် ခေတ္တမျှ ကြာပြီးနောက်တွင် လေထုထဲ၍ လုံးဝပျောက်ကွယ် သွားတော့သည်။

“ဘာလို့ သတ်ပစ်လိုက်တာလဲ …” အန်လင်းသည် သူ့အနောက်တွင် ရပ်နေသည့် မိန်းမပျိုလေးထံသို့ မပျော်မရွှင်နှင့် ကြည့်လိုက်ကာ စိတ်ဆိုးသည့် လေသံဖြင့် ပြောသည်။ “နင်က အစွမ်းကုန် တိုက်ခိုက်ရမယ့် အချိန်ကျ ကြောက်တတ်တဲ့ ရှဉ့်အတိုင်းပဲ … နွေးနွေးထွေးထွေးနဲ့ နူးညံ့ရမယ့် အချိန်ကျတော့ ကျားတစ်ကောင်လို ကြမ်းတမ်းလာတယ် …”

ထျန်းလင်းလင်း မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီမြန်းလာသည်။ “အခုနက နင်က ညစ်ညစ်ပတ်ပတ်တွေ လုပ်နေတာကိုး … အဲလိုမကောင်းတဲ့ အပြုအမူမျိုး ကျူးလွန်နေတာကို ငါက ခွင့်မပြုနိုင်ပါဘူးနော် …” သူမက ညင်သာစွာဖြင့် ချေပသည်။

အန်လင်း မျက်နှာမှာ မဲ့လာသည်။ တစ္ဆေကို စစ်ဆေးတာက ဘယ်လိုဖြစ်ပြီး ညစ်ညမ်းတဲ့ အပြုအမူ ဖြစ်သွားရသနည်း။

ဘုရားရေ … သူမဘာတွေ စဉ်းစားနေတာတုန်း။

သူက စမ်းသပ်စစ်ဆေးရန် နမူနာ မရှိတော့သည့် အတွက် မကျေမနပ် ဖြစ်နေစဉ်မှာပင် ရုတ်တရက်ဆိုသလို မျက်ခုံးများ ပင့်လိုက်ပြီး အနောက်ဘက်သို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ဘန်း …

ပုံပျက်နေသည့် အနက်ရောင် ပုံရိပ်တစ်ခုသည် ဒယိမ်းဒယိုင်ဖြင့် အနောက်သို့ ပြန်လည် ရောက်ရှိသွားပြီးနောက် အမှောင်ထုထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

အန်လင်းနှင့် ထျန်းလင်းလင်း တို့အား ဝန်းရံလာသည့် အနက်ရောင်မြူများ အတွင်းမှ ဝမ်းနည်းမှုဖြင့် ကျယ်ကျယ်လောင်လောင် ငိုသံများကိုပင် ကြားနေရသည်။ ထျန်းလင်းလင်းသည် အကာအကွယ်တစ်ခုအား ထုတ်လိုက်ပြီးနောက် သူတို့အရှေ့တွင် ရှိနေသည့် မြူခိုးများ အတွင်းသို့ ပစ်လွှတ်လိုက်သည်။

အကာအကွယ်သည် တောက်ပစွာ လင်းလက်လာပြီးနောက် ရွှေရောင်ဓားခြောက် လက်အသွင်သို့ ပြောင်းလဲသွားသည်။ ထိုဓားများသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အနက်ရောင် မြူခိုးများအား ခုတ်ပိုင်းလိုက်သည်။

အနက်ရောင် မြူခိုးများအား ရင်ဆိုင်ရာတွင် ရွှေရောင်ဓားများသည် အလွန်အမင်း အကျိုးသက်ရောက်မှု များပေသည်။ အနက်ရောင် မြူခိုးများသည် ရွှေရောင်ဓားများ၏ တိုက်ခိုက်မှုကို ခံရသည့်အခါတွင် မီးကို ရေနှင့် ငြှိမ်းလိုက်သကဲ့သို့ ရုတ်ချည်းဆိုသလို အငွေ့ပျံကာ ပျောက်ကွယ် သွားလေသည်။

အနက်ရောင်မြူခိုးများအား ဖျက်ဆီး ပြီးသည့်အခါတွင် နောက်ဆုံးသော ရွှေရောင်ဓားသည် အန်လင်း တိုက်ခိုက်ခဲ့သဖြင့် အမှောင်ထုထဲ တိုးဝင်ကာ ပျောက်ကွယ်သွားသည့် ပုံပျက်နေသော ပုံရိပ်ဆီသို့ ပြေးဝင်သွားသည်။

အန်လင်း မျက်လုံးများသည် တောက်ပလာ ပြီးနောက် ဓားသွားသည့် ဦးတည်ရာသို့ ပြေးလိုက်သွားတော့သည်။ “မြန်မြန်လေး … အဲကောင်ကို မလွတ်သွားစေနဲ့ … ဒီတစ်ကြိမ်တော့ သူ့ကို အရှင်လိုချင်တယ်နော် … သေသေချာချာ စစ်ဆေးရမယ် …”

အမှောင်ထု အတွင်းရှိ ပုံရိပ်သည် ထိုစကားအား ကြားလိုက်သည့် အခါတွင် ပို၍မြန်ဆန်စွာ ထွက်ပြေးတော့သည် …။

***

All Chapters