ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ပစ်ချက်ကင်းတယ်
Vol. 5 Ch. 60
“မကောင်းဆိုးဝါးကောင် … မင်းဘယ်ကိုသွားနေတယ်လို့ ထင်နေတုန်း …”
အန်လင်းသည် အလွန်အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် အရှေ့သို့ ပြေးတက် သွားပြီးနောက် ရွှေရောင်ဓား၏ ထိုးနှက်ခြင်းကို ရှောင်လိုက်သည့် တစ္ဆေစစ်သူကြီးအား လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ထိုတစ္ဆေစစ်သူကြီးသည် အလွန်အမင်း လျင်မြန်သည်။ ငါးရှဉ့် တစ်ကောင်ကဲ့သို့ လှည့်ပတ်လိုက်ပြီးနောက် သူ့လက်သီးအား ရှောင်လိုက်နိုင်သည်။ တစ္ဆေ၏ ခန္ဓာကိုယ်သည် ပိန်းပိတ်အောင် နက်မှောင်ပြီး ချွဲကျိနေသည်။ ညအမှောင်ထုထဲတွင် ထိုတစ္ဆေသည် လေတွင် တလှပ်လှပ် လွင့်နေသည့် အနက်ရောင် အဝတ်စနှင့်ပင် တူနေသေးသည်။
အန်လင်းသည် ထိုတစ္ဆေအနီးသို့ ရောက်သွားသည့်အခါ အလွန်အမင်း ပြင်းထန်သည့် မကောင်းသော စိတ်ဆန္ဒများကို စတင်ခံစားရသည်။
အပြင်ဘက်သို့ ထုတ်လွှတ်လိုက်သည့် ထိုစိတ်ဆန္ဒတွင် အပျက်အစီးများ၊ ကြောက်ရွံ့မှုများ၊ နာကျင်ခံစားမှုများနှင့် စိတ်အားငယ်မှုများ ရောယှက်နေသည်။
လေထဲတွင် ကျယ်လောင်သည့် ငိုကြွေးသံတစ်သံ ပျံ့လွင့်လာသည်။ ထိုငိုကြွေးသံသည် နားကို ထိုးဖောက် သွားရုံတင်မက ဦးနှောက်အတွင်းသို့ ပဲ့တင်ခတ်ကာ မကောင်းသည့် စိတ်ဆန္ဒများအား ဖြစ်ပေါ်စေသည်။
တစ္ဆေ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ဆိုသလို အလွန်အမင်း လွန့်လူးသည်။ မရှေးမနှောင်းမှာပင် ယင်း၏ ခန္ဓာကိုယ်မှနေ နက်မှောင်နေသည့် ခြေဆယ်ချောင်း ဆန့်ထွက် လာပြီးနောက် အန်လင်းအား တိုက်ခိုက်လာသည်။
တောင်ခွင်းလက်သီး …။
အန်လင်းသည် သူ့ရှေ့သို့ လက်သီးတစ်လုံး ပစ်သွင်း လိုက်သည်။ အကန့်အသတ်မဲ့ စွမ်းအားများနှင့် ဆယ်ပေခန့် အရွယ်အစားရှိ လက်သီးတစ်လုံး ထွက်ပေါ်လာသည်။
နက်မှောင်နေသည့် ခြေချောင်းများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည့် အန်လင်း၏ တောင်ခွင်းလက်သီးချက်ဖြင့် စိစိညက်ညက် ကျေစေနိုင်သည်။
လက်သီး၏ တုံ့ဆိုင်းမှုအား အခွင့်ကောင်းယူကာ ထိုလက်သည်းများဖြင့် ရုတ်တရက် တိုက်ခိုက်လာသည်။ တစ္ဆေသည် ကျွမ်းကျင်မှု အပြည့်ဖြင့် အန်လင်း၏ စွမ်းအားပြည့် တိုက်ခိုက်မှုအား ရှောင်တိမ်း လိုက်နိုင်သည်။ ထို့နောက်တွင် ဆက်လက် ထွက်ပြေးပြန်သည်။
“ထျန်းလင်းလင်း … ဒီကောင်ကို ချုပ်ထားဖို့ နည်းလမ်းမရှိဘူးလား …” အန်လင်းက သူ့အနောက်တွင် ရှိနေသည့် မိန်းမပျိုလေးအား အော်ပြောလိုက်သည်။
အန်လင်း ပြောစရာပင် မလိုအောင် တံဆိပ်တော် တစ်ခုသည် သူမလက်ချောင်းများမှ ထွက်လာနေပြီ ဖြစ်သည်။ ထွက်ပြေးနေသည့် တစ္ဆေအား ကြည့်ကာ မန္တန်တစ်ခုအား ရွတ်ဆိုလိုက်သည်။
“စိတ်ဝိညာဉ်လေးပါး ဝိညာဉ်ချုပ်နှောင်ကြိုး … အသက်ဝင်စမ်း …”
ချက်ချင်းဆိုသလို တံဆိပ်တော်မှနေ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေကြိုးလေးချောင်းသည် တစ္ဆေထံသို့ မြွေများသဖွယ် လိမ်ကောက် သွားလေသည်။
တစ္ဆေစစ်သူကြီး၏ ခန္ဓာကိုယ်သည် အလွန်အမင်း ချွဲကျိနေသည်လည်း ထိုကြိုးများမှနေ မလွတ်မြောက်နိုင်ပါ။ ထိုရွှေကြိုးလေးချောင်းသည် ယင်း၏ ခန္ဓာကိုယ်အား ချည်နှောင်လိုက်သည်။
“ဒီဝိညာဉ် ချုပ်နှောင်ကြိုးက အချိန်အကြာကြီး မရဘူး … မြန်မြန်လုပ် …” ထျန်းလင်းလင်းသည် စိုးရိမ်မှု အပြည့်ဖြင့် အန်လင်းအား အော်ပြောလိုက်သည်။ သူမ သိလိုက်သည့် အချိန်တွင် လက်ထဲရှိ တံဆိပ်တော်သည် စတင်လောင်ကျွမ်းနေပြီး ဖြစ်သည်။
တစ္ဆေစစ်သူကြီး၏ ကျယ်လောင်သည့် ငိုသံမှာ ပို၍ ဝမ်းနည်းဖွယ် ကောင်းလာပြီး အချုပ်အနှောင်မှနေ ရုန်းထွက်နိုင်ရန် ကြိုးစား နေလေသည်ကြောင့် ၎င်းခန္ဓာကိုယ်မှနေ စွမ်းအင်များ ထုတ်လွှတ်နေလေသည်။
သို့ပေမဲ့လည်း မလွတ်မြောက်နိုင်ခင်မှာပင် ကြီးမားသည့် ရွှေရောင် လက်သီးကြီးသည် ၎င်းအား ကြိတ်ချေပစ်ရန် ရောက်ရှိလာပြန်သည်။
ဘုန်း …
သန့်စင်သည့် စွမ်းအင်များ ထွက်ပေါ်လာပြီးနောက် မကောင်းဆိုးဝါး ဝိညာဉ်အား ခြေမွပစ်လိုက်သည်။
ပုံပျက်နေသည့် အနက်ရောင် အစုအပုံသည် မြေပြင်တွင် လဲလျောင်းကာ တွန့်လိမ် နေလေသည်။
ထိုအရာသည် အတော်လေး ပုံမှန်မဟုတ်ပေ။ အန်လင်းသည် ၎င်းအား ကောင်းကောင်းမွန်မွန် မထိန်းသိမ်းနိုင်လျှင် မလိုလားအပ်သည့် အခြေအနေများ ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့မိသည်။ ထို့ကြောင့် စမ်းသပ် စစ်ဆေးလိုစိတ် မရှိတော့ချေ။
ထို့သို့ဖြင့် မြေပြင်ပေါ်ရှိ တစ္ဆေစစ်သူကြီးသို့ နောက်ထပ် တောင်ခွင်းလက်သီး တစ်ကြိမ် သုံးလိုက်တော့သည်။
ဘုန်း …
တောင်ခွင်းလက်သီး၏ ပြင်းအားကြောင့် မြေပြင်တစ်ခုလုံး ချိုင့်ဝင် သွားတော့သည်။
တစ္ဆေ၏ ပုံပျက်နေသည့် ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲ ခံလိုက်ရပြီးနောက် လုံးဝပျောက်ကွယ် သွားတော့သည်။
“ဟူး … ပြီးသွားပြီ …” အန်လင်းက လက်နှစ်ဖက်အား ခါလိုက်ပြီးနောက် မျက်နှာတွင် ဘဝင်မြင့်နေသည့် ပုံဖမ်းထားသည်။ တစ္ဆေစစ်သူကြီး နှစ်ကောင်အား သုတ်သင်ပြီးသည့် နောက်တွင် ဟောင်စီရွာ၏ လူသတ်မှုများသည် ပြီးဆုံးသွားပြီ ဖြစ်သည်။
ထိုအချိန်မှာပင် အန်လင်း လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့် ချိုင့်ခွက် အလယ်တွင် ဖန်သားကဲ့သို့ ကြည်လင်နေသည့် ပင့်ကူမျှင်များ အစုလိုက် ပေါ်လာသည်။
ထိုအရာသည် တစ္ဆေ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး နောက်တွင်မှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့လည်း အန်လင်းသည် ထိုပင့်ကူမျှင် အစုအဝေးအား သတိပြုမိခဲ့ခြင်း မရှိချေ။
အုံ့ဆိုင်းနေသည့် တောအုပ်၏ အပြင်ဘက်တွင်မူ ဝတ်ရုံနက် ခြုံထားသည့် အမျိုးသားတစ်ဦးသည် အန်လင်းအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကာ ပါးစပ်မှလည်း ထပ်ကာထပ်ကာ ရေရွတ်နေသည်။ “မြန်မြန်လေး ငုံ့ကြည့်လိုက် … မြန်မြန် ငုံ့ကြည့်လိုက်စမ်းဆို … မင်းက ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီးမားတဲ့ ပင့်ကူမျှင် အုံလိုက်ကျင်းလိုက်ကို သတိမပြုမိရတာတုန်း …”
ထိုအချိန်မှာပင် သေးသွယ်ကာ ချစ်စဖွယ် မိန်းမပျိုလေး တစ်ယောက်သည် အန်လင်းဘေးသို့ ပြေးလာသည်။
ထိုသည်အား မြင်လိုက်သောအခါ ဝတ်ရုံနက် အမျိုးသားသည် စိတ်လှုပ်ရှားစွာဖြင့် “အား … ဟိုကောင်က ကန်းနေတာ … ဒီကောင်မလေးကတော့ သတိထားမိကောင်းပါရဲ့ …”
ချက်ချင်းဆိုသလိုပင် မိန်းမပျိုလေးသည် အန်လင်းနှင့်အတူ ပျော်ရွှင်စွာဖြင့် စကားပြောဆိုနေကာ ထိုအရာအား လျစ်လျူရှု ထားလေသည်။
ဝတ်ရုံနက် အမျိုးသားသည် ရင်ဘက်ထဲတွင် တင်းကျပ်လာသည်။ “မင်းတို့ နှစ်ကောင်လုံးက ကန်းနေကြတာလား … မကောင်းဆိုးဝါးတွေက သေတဲ့အခါ အမြဲတမ်း တန်ဖိုးရှိတာ တစ်ခုခု ချန်ထား ပေးတတ်တယ်လေ … မင်းတို့က တစ္ဆေစစ်သူကြီးကို သတ်လိုက်တာတောင်မှ တန်ဖိုး ရှိတာလေးများ ကျန်မလား မစစ်ဆေး တတ်ကြဘူးလား …”
ထျန်းလင်းလင်းသည် ပြုံးလျက်နှင့်ပင် နောက်ထပ် တံဆိပ်တော် တစ်ခုအား ထုတ်ယူလိုက်သည်။ “မြေသားအက်ကွဲနည်းစနစ် …”
ဝုန်း ဒုန်း ဂျိမ်း …
မြေပြင်နှင့် ကျောက်သားများသည် တုန်လှုပ် လာကြသည်။
မကြာမီမှာပင် အန်လင်း ပြုလုပ်ခဲ့သည့် ချိုင့်မှာ ညီညာပြန့်ပြူး သွားသည်။
ထိုချိုင့်နှင့်အတူ ဖန်သားကဲ့သို့ ကြည်လင်နေသည့် ပင်ကူမျှင် အထွေးသည်လည်း မြေကြီးနှင့် ကျောက်သားများ အောက်တွင် နစ်မြုပ် ပျောက်ကွယ် သွားတော့သည်။
“အတုအယောင် တာအိုသခင်ရေ … ဒီနေရာကို ရှင်းလင်းရေးလုပ်ဖို့ မမေ့နဲ့နော် … မဟုတ်ရင် ရွာသွားတွေက သူတို့လမ်း ပျက်စီးနေတာကို မြင်လိုက်ရရင် ကြောက်လန့် သွားကြဦးမယ် …” ထျန်းလင်းလင်းသည် မျက်ခုံးများ ပင့်လိုက်ပြီးနောက် တာဝန်ရှိသူ တစ်ဦး၏ လေသံဖြင့် ပြောသည်။
အန်လင်းသည် ပြန်လည်ချေပခြင်း မပြု။ သူက လက်မနှစ်ချောင်း ထောင်ပြလိုက်ပြီး “ကောင်းကောင်းလုပ်ခဲ့တယ် …”
ဝတ်ရုံနက် အမျိုးသား၏ အမြင်အာရုံသည် ဒေါသကြောင့် မည်းမှောင်လာသည်။ သူက ပါးစပ်နှင့်အပြည့် သွေးအန် လုမတတ်ပင်။
သောက်ခွေးနဲ့မှ …
နင်က တိုက်ပွဲဖြစ်တဲ့ နေရာကို ရှင်းလင်းဖို့ သတိရပြီး အကြွင်းအကျန် ပစ္စည်းတွေကို ရှာဖွေဖို့တော့ သတိမရဘူးပေါ့ …
မဟုတ်ဘူး … ကျင့်ကြံခြင်းကမ္ဘာက ကျင့်ကြံသူတွေကို ဖျားယောင်း သွေးဆောင်ဖို့ ငါက အရမ်းကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ … အဲဒီတာဝန်က အခုလိုမျိုး ကျရှုံးမသွားနိုင်ဘူး …
ဒီအခြေအနေကို ပြန်ပြင်ချင်တယ် …
အဲတော့ ငါ … ပညာရှိ ပြိတ္တာဘုရင်က ကိုယ့်အားကိုယ်ကိုး ရတော့မှာပေါ့ …
ဝတ်ရုံနက်ဝတ် ပညာရှိ ပြိတ္တာဘုရင်သည် သူ၏ အငွေ့အသက်ကို တာအိုခန္ဓာ အဆင့်၁၀ အထိ နှိမ့်ချလိုက်ပြီးနောက် ဖြည်းညင်းစွာ လမ်းလျှောက် ထွက်လာသည်။
“ငါတို့တာဝန် ပြီးသွားပြီ ဆိုတော့ ပြန်ကြတာပေါ့ …” အန်လင်းက ထျန်းလင်းလင်း၏ ပုခုံးကို အသာပုတ် လိုက်ပြီးနောက် လှည့်ထွက် လိုက်သည်။
သို့ပေမဲ့လည်း ထိုအချိန်မှာပင် ရုတ်တရက် ဆိုသလို ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။ “ဟော ဟော … မင်းက ထွက်သွားချင်တယ်ပေါ့ … ငါဆိုတဲ့ ပညာရှိ ပြိတ္တာဘုရင်ကို မေးပြီးပြီလား … မင်းလွတ်နိုင်မယ်လို့ကော ထင်နေတယ်ပေါ့ …”
အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် တစ်ချိန်တည်းမှာပင် လှည့်ကြည့် လာကြသည်။ ထို့နောက် ဝတ်ရုံနက် အမျိုးသားတစ်ဦးသည် သူတို့နှစ်ဦးအား နီရဲနေသော မျက်လုံးများဖြင့် ဒေါသတကြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။
ဘာတုန်း … ရန်သူ ရှိနေသေးတာလား …။
သူက ဆရာကြီးလား …။
ပညာရှိပြိတ္တာဘုရင်ထံမှ အားကောင်းသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်ကို ခံစားရသဖြင့် သူတို့၏ အမူအရာ များသည်လည်း ပို၍ လေးနက်လာသည်။
ထျန်းလင်းလင်းသည် သူမလက်ထဲတွင် တံဆိပ်တော် တစ်ခုကို ဆုပ်ကိုင်ထားပြီး အန်လင်း သည်လည်း တောင်ခွင်းလက်သီးအား အချိန်မရွေး အသုံးပြုနိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
သူ့အရှေ့တွင် ရှိနေသည့် လူနှစ်ဦး၏ အမူအရာအား မြင်တွေ့လိုက်ရသည့် အခါတွင် ပညာရှိ ပြိတ္တာဘုရင်သည် အလွန်တရာ ကျေနပ်သွားပြီးနောက် လက်တစ်ဖက်ဖြင့် မြေပြင်အား ဒေါသတကြီး ရိုက်ချလိုက်သည်။
ဘုန်း …
ပြန့်ပြူးနေပြီဖြစ်သည့် ချိုင့်တွင်းသည် ပြန်လည် ပွင့်လာပြီးနောက် ဖန်သားကဲ့သို့ ကြည်လင်နေသည့် ပင့်ကူမျှင် တစ်ထွေးသည် သူ့လက်အတွင်း ပျံသန်း ရောက်ရှိသွားသည်။
“အရမ်းကို သတ္တိရှိတာပဲ … မင်းတို့နှစ်ယောက်က ငါအယုံကြည်ရဆုံး စစ်သူကြီး နှစ်ယောက်ကို သတ်ပစ် ရဲရုံတင်မကဘဲ နှင်းဘုရင် ပင့်ကူမျှင်တွေကိုပါ ဖုံးကွယ်ပစ်ရဲတယ်ပေါ့ … ဒီဟာတွေက ငါ့အတွက် ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာ မင်းတို့သိကြလား …” ပညာရှိ ပြိတ္တာဘုရင်သည် အလွန်အမင်း မုန်းတီးနေသည့် လေသံဖြင့် ပြောသည်။
အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် အလွန်အမင်း အံ့အားသင့်နေကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဘာလား … ချိုင့်တွင်းအောက်မှာ တစ်ခုခု ရှိနေတာလား .…
နှင်းဘုရင် ပင့်ကူမျှင်တဲ့လား … သူသာမပြောဘူးဆိုရင် ငါတို့က ဘယ်တော့မှ သိလိုက်မှာတောင် မဟုတ်ဘူး …
ဒီပညာရှိပြိတ္တာဘုရင်က ကျပ်မပြည့်ဘူးလား …
အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် သူ့အား သနားသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသည့်အခါ ပညာရှိပြိတ္တာဘုရင်သည် အတော်လေး မသက်မသာ ဖြစ်မိသည်။
ငါ့အစီအစဉ်တွေ ပေါက်ကြား သွားတာများလား … မဖြစ်နိုင်ပါဘူး … ငါ့ရဲ့ သရုပ်ဆောင်မှုက အရမ်းမိုက်နေတာကို …
“ဟွီး … ဒီအတိုင်းတော့ ထွက်သွားလို့ မရဘူး … သေပေတော့ …”
ပညာရှိပြိတ္တာဘုရင်သည် သူ့လက်အား လှုပ်ရှား လိုက်သည့်အခါ အနက်ရောင် လက်ဝါးကြီး တစ်ခုသည် အန်လင်းထံသို့ ပြေးဝင်လာသည်။
အန်လင်းသည် ထိုတိုက်ခိုက်မှုအား အထင်မသေးဝံ့သဖြင့် သူ၏ တောင်ခွင်းလက်သီးအား စွမ်းအားအပြည့် အသုံးပြုလိုက်သည်။
ရွှေရောင်လက်သီးသည် အနက်ရောင် လက်ဝါးကြီးအား ဆုတ်ဖြဲသွားပြီးနောက် ပညာရှိ ပြိတ္တာဘုရင်ထံသို့ ရောက်ရှိသွားသည်။
“ဖူး … အား …”
ပညာရှိပြိတ္တာဘုရင်သည် ပါးစပ်နှင့်အပြည့် သွေးနက်တစ်လုပ် အန်လိုက်သည်။ နှင်းဘုရင်ပင့်ကူမျှင် သည်လည်း သူ့လက်အတွင်းမှ ပြုတ်ကျသွားပြီး သူက ဆက်တိုက် ဆိုသလို ပြန်လည်ဆုတ်ခွာ သွားတော့သည်။
“ငါ့ရဲ့ ဒဏ်ရာတွေ ပြန်မကောင်း သေးလို့ပေါ့ကွာ … မင်းက ငါ့ကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်တယ်လို့များ ထင်နေတာလား …”
“နောက်တစ်ကြိမ် ပြန်တွေ့ရင်တော့ မင်းကိုသေချာပေါက် ငရဲပို့ပေးမယ်ဟေ့ …” ထိုစကားများအား ပြောဆိုပြီး နောက်တွင် ပညာရှိပြိတ္တာ ဘုရင်သည် ထွက်ပြေးသွားတော့သည်။
သူထွက်ပြေးသည့်နှုန်းမှာ အလွန်မြန်ဆန်သည့် အတွက်ကြောင့် အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် လိုက်လံ ဖမ်းဆီးဖို့ အတွေးများအား စွန့်လွှတ် လိုက်ကြသည်။
“သူက ဒီလိုမျိုး လွတ်သွားတာလား …” အန်လင်းသည် အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
ခင်ဗျား ခုနတုန်းက အရမ်းကို စိတ်ကြီးဝင်ပြီး ဆရာ့ ဆရာကြီးလို သရုပ်ဆောင်နေခဲ့တာ မဟုတ်ဘူးလား …။ အခုကျ တောင်ခွင်းလက်သီး တစ်ချက်ကိုတောင် မခံနိုင်ဘူးတဲ့လား …။ ခင်ဗျားရဲ့ ဂုဏ်သိက္ခာဆိုတာ ဘယ်မှာလဲ ။
ထျန်းလင်းလင်း သည်လည်း မျက်ခုံးတွန့်လိုက်ပြီး “ငါတော့ အဲဒီ ပညာရှိပြိတ္တာ ဘုရင်ဆိုတဲ့ဟာက တစ်ခုခု မှားနေတယ်လို့ ဆက်တိုက်ကို ခံစားနေရတယ် …”
သူ၏ ဟန်လုပ်နေသော အပြုအမူများအား ပြန်လည်တွေးလိုက်သည့် နောက်တွင် အန်လင်း သည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် သူတို့နှစ်ဦးသည် မြေပြင်တွင် ကျနေသည့် ဖန်သားကဲ့သို့ ကြည်လင်နေသော ပင့်ကူမျှင် တစ်ထွေးအား စူးစမ်းလိုစိတ် အပြည့်ဖြင့် ကြည့်လိုက်ကြသည်။
***
ခွန်းလွန် တောင်တန်းအတွင်းတွင် လျှို့ဝှက် နယ်မြေတစ်ခု ရှိသည်။ ထိုနေရာတွင် ညီညာမှု မရှိသည့် ကျောက်တုံး အချွန်အတက်များ ပြည့်နှက်နေပြီး ထိုနယ်မြေ တစ်ခုလုံးအား သက်တန့်ရောင် မြူခိုးများက ရစ်ဝဲ လွှမ်းခြုံထားသည်။
ထိုလျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာတွင် စိတ်စွမ်းအင်များ ပြည့်လျှံနေသော ကြီးမားသည့် လှိုဏ်ဂူ တစ်ခုရှိသည်။
ထိုလိုဏ်ဂူအတွင်းတွင် မြင့်မြတ်ရွှေပုလ္လင်တစ်ခု၊ ဘုရင့်ပုလ္လင် ခြောက်ခုနှင့် ဝတ်စုံနက် အမျိုးသား ရာချီ ရှိကြသည်။
မြင့်မြတ်ရွှေပုလ္လင်ထက်တွင် အနက်ရောင်မြူများ ရစ်ဝဲနေသည့် ခန့်ညားလှသည့် ပုံရိပ်တစ်ခု ရှိနေသည်။ လက်ရှိတွင် သူသည် အရှေ့တွင် ဒူးတစ်ဝက် ထောက်ထားသည့် မျက်လုံးများ နီရဲနေသော အမျိုးသားအား ကြည့်နေသည်။
“ပညာရှိ … ဘယ်လိုလဲ အခြေအနေက …” ထိုခန့်ညားသည့် ပုံရိပ်သည် အသံအက်အက်ဖြင့် ပြောသည်။
“စိတ်အေးအေးထားပါ ပြိတ္တာ ဧကရာဇ်ခင်ဗျား … ပြဿနာ သေးသေးလေးတွေ ရှိခဲ့ပေမဲ့လည်း ကျွန်တော့်ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင် စွမ်းရည်ကြောင့် တာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင် နိုင်ခဲ့ပါတယ် …” မျက်လုံးများ နီရဲနေသည့် လူသည် ခိုင်မာစွာ ပြောလာသည်။
ပြိတ္တာဧကရာဇ်သည် ခေါင်းညိတ်လိုက်ပြီးနောက် “အရမ်းကောင်းတယ် … ငါတို့ ပြိတ္တာမျိုးနွယ်တွေရဲ့ခေတ် ပြန်ရောက်လာတော့မှာပေါ့ …”
***