အခန်း (၁၇၇)
Vol. 11 Ch. 177
လျိုဖိန်က ဦးဆောင်ပြီး သုံးယောက်စလုံးရှေ့သို့ဆက်ချီတက်သွားကြသည်။ ချန်းလိန်နှင့်လျိုဖိန်တို့၏ခါးတွင် ရွှေရောင်ငွေပြာမြက်နွယ်ပင်များရစ်ပတ်ထားလေသည်။
ထိုအချိန် လန်ရွမ်းယုကရုတ်တရက်......
“အန္တရာယ်အငွေ့အသက်ရတယ်”
လျိုဖိန်သည် ကျန်နှစ်ယောက်ကိုခေါ်ကာ အပင်တစ်ခုနောက်သို့ချက်ချင်းပုန်းလိုက်လေသည်။
“ဆင့်ခေါ်ရမလား” ချန်းလိန် က လန်ရွမ်းယု ကို မေးလိုက်သည်။
“ခဏစောင့်ဦး။ လျိုဖိန် အဲ့တာဘာလဲဆိုတာ သွားကြည့်လိုက်”
လျိုဖိန်ခေါင်းညိတ်လိုက်ပြီးပျောက်သွားခဲ့သည်။
ချန်းလိန်ကဆင့်ခေါ်ခြင်းဒင်္ဂါးပြားကို ကိုင်ဆောင်ထားပြီး အသင့်ရှိနေသည်။ ထို့နောက် လျိုဖိန် ပြန်ရောက်လာခဲ့သည်။
“တစ်ခုခုအတွက် ပြိုင်နေသလိုမျိုးပဲ ဝိညာဉ်သားရဲနှစ်ကောင် တိုက်ခိုက်နေတယ်။ နှစ်တစ်ထောင်သားရဲနှစ်ကောင်ဖြစ်မယ်ထင်တယ်.... တစ်ကောင်က ရွှေပိုးမျောက်ဝံ.....နောက်တစ်ကောင်က အပင်စားဝက်ဝံပဲ........ နှစ်ကောင်စလုံးလည်း ဒဏ်ရာတွေ ရနေပြီ....”
ဝိညာဉ်သားရဲနှစ်ကောင် အချင်းချင်း သတ်ရန် ကြိုးပမ်းနေခြင်းသည် ရွမ်းယုတို့အတွက် ကောင်းကင်ဘုံမှ ပေးအပ်သော ကံကောင်းခြင်းပင်ဖြစ်သည်။ ထိုသားရဲများကိုသာ သူတို့ သတ်နိုင်ပါက သူတို့အတွက် သေချာပေါက် အကျိုးရှိမည်ဖြစ်သည်။
လန်ရွမ်းယုဆုံးဖြတ်ချက်ချလိုက်ပြီး
“သွားကြည့်ရအောင်”
လျိုဖိန် ၏လမ်းညွှန်မှုအောက်တွင် သုံးဦးသား ဝိညာဉ်သားရဲနှစ်ကောင်ဆီသို့ တိတ်တဆိတ်လျှောက်သွားခဲ့ကြသည်။
တောတွင်တစ်နေရာတွင် အမှန်တကယ်ပင် ရွှေပိုးမျောက်ဝံနှင့် အပင်စားဝက်ဝံတို့တိုက်ခိုက်နေကြလေသည်။
ရွှေပိုးမျောက်ဝံ၏ကိုယ်ထည်ပေါ်ရှိ ရွှေသားမွေးများသည် လှပရုံသာမက ခုခံအား အလွန်ကောင်းမွန်သည်။ အပင်စားဝက်ဝံမှာ အညိုရောင်ရှိပြီး ရွှေပိုးမျောက်ဝံ၏တိုက်ခိုက်မှုများကိုခုခံနေလေသည်။ သေချာကြည့်ပါက အပင်စားဝက်ဝံသည် သူ့နေရာမှ တစ်လက်မပင်မရွေ့ချေ.......တစ်ခုခုကိုကာကွယ်နေသကဲ့သို့ဖြစ်သည်။
ဝိညာဉ်သားရဲနှစ်ကောင်သည် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများရရှိနေပြီဖြစ် သည်။ ရွှေပိုးမျောက်ဝံသည် ရင်ဘတ်တစ်ခုလုံးအထိ သွေးများထွက်နေသည်။ အပင်စားဝက်ဝံ၏လည်ပင်းမှလည်း သွေးများစီးကျနေပြီး ဖြစ်သည်။
ချန်းလိန် သည် လန်ရွမ်းယုအား စိတ်လှုပ်ရှားစွာကြည့်နေသည်။
လန်ရွမ်းယု ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။
ချန်းလိန်သည် မြနတ်ဆိုးငှက်ကဲ့သို့သားရဲမျ်ုးကိုဆင့်ခေါ်ကာ ထိုဝိညာဥ်သားရဲနှစ်ကောင်ကိုရှင်းချင်နေခြင်းဖြစ်သည်။
သို့သော် လန်ရွမ်းယု အရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်။
နှစ် ၁၀၀၀ သက်တမ်းရှိ အပင်စားဝက်ဝံကြီး၏ခြေထောက်ကြားတွင် အပင်တစ်ပင်ရှိနေခြင်းဖြစ်သည်။ ထိုအပင်ကိုသေချာကြည့်လိုက်ရာ လန်ရွမ်းယု သဘောပေါက်သွားခဲ့သည်။
ယခု ပြဿနာ၏အဓိကအကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအပင်မှာ နှစ်တစ်ထောင်သက်တမ်းရှိ သင်တမ်းတိုးဆေးပင်ဖြစ်လေသည်။
အပင်မှာ သေးငယ်သော်လည်း ၎င်းကို စားသုံးသော မည်သည့်ဝိညာဉ်သားရဲမဆို နှစ် 1,000 သက်တမ်း တိုးလာမည်ဖြစ်သည်။ လူသား တစ်ဦးစားသုံးပါက လူ့ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သည်။
ဝိညာဉ်သားရဲနှစ်ကောင်သည် ထိုအပင်အတွက် တိုက်ပွဲဝင်နေသည်မှာ ထင်ရှားသည်။