စစ်ကူတောင်းခံခြင်း
Vol. 5 Ch. 61
တစ္ဆေစစ်သူကြီး နှစ်ကောင်အား သုတ်သင် ရှင်းလင်း၍ ခွန်အား အတိအကျ မသိနိုင်သည့် ပြိတ္တာဘုရင်အား အနိုင်ယူပြီး နောက်တွင် ဟောင်စီရွာအတွင်း ဖြစ်ပွားနေသည့် လူသတ်မှုများ အတွက် ပဏာမ ဆုံးဖြတ်ချက်အား ရရှိပြီ ဖြစ်သည်။
နောက်တစ်နေ့ မနက်ခင်းတွင် ဟောင်စီရွာရှိ ရွာသားများသည် နိုးထလာသည့် အချိန်၌ ငြိမ်းအေးမှုအား ခံစားရသည်။
အပြင်ဘက်ရှိ လေထု သည်ပင်လျှင် သန့်ရှင်းကာ လတ်ဆတ်နေသည်။
ရွာသူကြီး ဝမ်တုန် သည်လည်း ထိုသည်အား ခံစားမိသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် အပန်းဖြေထား သကဲ့သို့ ခံစားနေရသည်။
ဟိုပြဿနာက မဖြေရှင်းရသေးဘူး မဟုတ်လား … ငါက ဘာလို့ အရမ်းတွေ နေလို့ထိုင်လို့ ကောင်းနေရတာလဲ …။
အကြောင်းတိုက်ဆိုင်စွာပင် အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် သူ့စိတ်ထဲ ပေါ်လာသည်။
ထိုမိန်းမပျိုလေးသည် ကောင်လေးအား ‘အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး’ ဟု ခေါ်ဆိုသည် မဟုတ်ပါလား။ တာအိုသခင် ဘုန်းတော်ကြီးတွေက မကောင်းဆိုးဝါးတွေကို နှိမ်နှင်းကြတာ မဟုတ်ဘူးလား …။
သူတို့နှစ်ဦး၏ မနေ့ညက ခရီးစဉ်အား ပြန်လည် တွေးမိသည့်အခါတွင် ရွာသူကြီးဝမ် စိတ်ထဲ၌ ထင်မြင်ချက်တစ်ခု ပေါ်လာသည်။
“ဒီအမှုက အစကတည်းက အရမ်းကို ထူးဆန်းနေတယ် … ဒါက တကယ်ကြီး မကောင်းဆိုးဝါးတွေ လုပ်တာ ဖြစ်နိုင်တယ် … အစိုးရကလည်း အဲဒီနှစ်ယောက်ကို မကောင်းဆိုးဝါး ဖမ်းဖို့ဆိုပြီး လွှတ်လိုက်တာမလား … သူတို့ရဲ့ အပြုအမူတွေက ဘာလို့များ အရမ်းကို ထူးဆန်းနေရတာတုန်း …”
ထိုထင်မြင်ချက်သည် အတော်လေး ရယ်စရာကောင်းသော်ငြား ဝမ်တုန်သည် ထိုအတွေးအား စိတ်ထဲမှနေ ထုတ်မပစ်နိုင်ပါ။
စိတ်မကောင်းစရာမှာ အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် ဟောင်စီရွာမှ ထွက်သွားကြပြီ ဖြစ်သဖြင့် သူ၏ ထင်မြင်ချက်သည် အတွေးတစ်ခု အနေဖြင့်သာ ကျန်ရှိနိုင်တော့ပေမည်။
***
ထျန်းလင်းလင်းသည် အမျိုးသား အထူးစစ်ဆင်ရေး ဌာနသို့ သူတို့ထမ်းဆောင်ခဲ့သည့် တာဝန်၏ ရလဒ်အသေးစိတ်ကို တင်ပြလိုက်သည်။
ထိုအမှုနှင့် ပတ်သက်ပြီး သူတို့အနေဖြင့် စိုးရိမ်ရန် မလိုအပ်တော့သည့်အပြင် သက်ဆိုင်ရာ ဌာနများသည်လည်း ဝင်ရောက် ဖြေရှင်းပေးရန် မလိုအပ်တော့ချေ။
ဟိုတယ်သို့ ပြန်ရောက်သည့်အခါတွင် အန်လင်းသည် ဟောင်ရှန့်ရှန်၊ စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့အား ခေါ်လိုက်သည်။
သူတို့ငါးယောက်သည် စားပွဲတစ်ခုတွင် ထိုင်ကာ အရှေ့တွင် ရှိနေသည့် ပင့်ကူမျှင်အထွေးအား သေချာစွာ ကြည့်ရှု စစ်ဆေးနေကြသည်။
“အမှန်ပဲ … ဒီပင့်ကူမျှင် အထွေးက တကယ့်ကို နှင်းဘုရင်ပင့်ကူမျှင်ပဲ … သူက ဝိညာဉ်တွေနဲ့ ချိတ်ဆက်နိုင်ပြီး အဲဒီကနေ လူသားတွေရဲ့ စွမ်းအားတွေကို စုပ်ယူကြတယ် …” ပင့်ကူမျှင်အား ကြည့်ပြီးသည့် နောက်တွင် ဟောင်ရှန့်ရှန့်သည် သေချာသည့် လေသံဖြင့် ပြောသည်။
“နှင်းဘုရင်ပင့်ကူမျှင်က မျက်လုံးတစ်ရာ ပင့်ကူတစ္ဆေဘုရင် အတွက် အရမ်းကို တန်ဖိုးရှိတယ် … ငါတို့ရဲ့ ကျင့်ကြံခြင်းလောကမှာ အဲဒီတစ္ဆေကို လိုက်ဖမ်းနေတာ ကြာလှပြီ …”
“အဲဒီအပြင် နတ်ဆိုးစေတီရဲ့ တံဆိပ်တော်ကို ပိုခိုင်ခံ့အောင် လုပ်ဖို့အတွက် ငါတို့က တစ္ဆေဘုရင်ကို အမြစ်ဖြုတ်ဖို့ လိုအပ်တယ် … မျက်လုံးတစ်ရာပင့်ကူက ငါတို့သုတ်သင်ဖို့ လိုအပ်တဲ့ တစ္ဆေဘုရင် မဟုတ်ဘူးလား …” ထျန်းလင်းလင်းရဲ့ မျက်လုံးများက အရောင်လက်လာသည်။
“မျက်လုံးတစ်ရာပင့်ကူက နတ်ဆိုးစေတီတစ်ဝိုက် မကြာခဏ ပေါ်လာတတ်တဲ့ တစ္ဆေဘုရင်ပဲ … သူကအမြဲတမ်း စေတီကို ချောင်းကြည့်နေတတ်တယ် … ငါတို့ကျင့်ကြံသူတွေက လျှို့လျှို့ဝှက်ဝှက်နဲ့ လာပြီး သူ့ကိုသတ်ဖို့ ကြိုးစားတာတောင်မှ မဖမ်းနိုင်ကြဘူးလေ …”
“အခုတော့ ငါတို့မှာ ပင့်ကူမျှင်တစ်ထွေး ရှိနေပြီ … မျက်လုံးတစ်ရာပင့်ကူရဲ့ တည်နေရာကို ရှာလို့ရတော့မယ် …” ဟောင်ရှန့်ရှန့်သည် အတော်လေး တက်ကြွလျက် ရှိသည်။
ရွှမ်ယွမ်ချန်သည် စားပွဲပေါ်တွင် တင်ထားသည့် ပင့်ကူမျှင်အထွေးအား ကြည့်ကာ မေးခွန်း ထုတ်လိုက်သည်။ “အဲတော့ နင်ပြောသလိုဆိုရင် မျက်လုံးတစ်ရာပင့်ကူက ပညာရှိပြိတ္တာဘုရင်နဲ့ ရုတ်တရက်ဆိုသလို ပေါ်လာတာပေါ့ … သူပေါ်လာတဲ့ပုံက အတော်လေး ထူးဆန်းလွန်းနေတယ် … သူ့ကြောင့်သာ မဟုတ်ဘူးဆိုရင် အန်လင်းက ပင့်ကူမျှင်တွေကို မြင်ဖူးလိုက်မှာတောင် မဟုတ်ဘူး … ပြိတ္တာဘုရင်က မျက်လုံးတစ်ရာပင့်ကူကို သတ်ဖို့အတွက် ငါတို့ကို အသုံးချနေတယ်လို့ ခံစားနေရတယ် …”
“အဲလိုမဟုတ်ဘူး ဆိုရင်တော့ ဒါက ထောင်ချောက် တစ်ခုပဲ … သူက မျက်လုံးတစ်ရာ ပင့်ကူနဲ့ အယောင်ပြပြီး ငါတို့ကို သတ်ဖို့အခွင့်အရေး ရှာနေတာ ဆိုရင်ကော …” စုရှောင်လန်က ထပ်ပြောသည်။
ပညာရှိပြိတ္တာဘုရင်၏ အလွန်အမင်း လွန်ကဲနေသည့် အမူအရာများအား ပြန်တွေးမိသည့် အခါတွင် အန်လင်းသည် သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။ “အရမ်းကို မသင်္ကာစရာပဲ … ငါတို့က အင်မော်တယ် သံတမန်တွေ ဆိုတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောရသေးဘူးလေ … အဲတော့ ပြိတ္တာဘုရင်က တကယ်ကြီး ထောင်ချောက်ဆင်ပြီး ဒီမှာရှိတဲ့ ကျင့်ကြံသူတွေ အားလုံးကို ပစ်မှတ်ထားလိုက်တဲ့ပုံမှာ ရှိတယ် …”
သူ၏ သရုပ်ဆောင်စွမ်းရည်မှာ ထိုမျှလောက် များပြားသည့် မသင်္ကာဖွယ်ရာများ ဖြစ်ပေါ်စေလိမ့်မည်ဟု ပညာရှိပြိတ္တာဘုရင်သည် မည်သည့် အခါတွင်မျှ တွေးကြည့်ဖူးမည် မဟုတ်ပေ။
‘The Golden Raspberry Award’ နှင့် ထိုက်တန်သူမှာ သူမှတစ်ပါး အခြားသူမရှိတော့ချေ။ (အဆိုးဝါးဆုံး သရုပ်ဆောင်တွေကို ပေးတဲ့ဆု …)
ထို့ကြောင့် ဆွေးနွေးမှုအချို့ ပြီးသည့်နောက်တွင် လူတိုင်း သဘောတူညီမှု ရရှိခဲ့သည်။
မျက်လုံးတစ်ရာပင့်ကူအား ဖမ်းဆီးမှုနှင့် စပ်လျဉ်း၍ အန္တရာယ်များ ရှိနေသော်လည်း စွန့်လွှတ်ဖို့ရာ မဖြစ်နိုင်သည့် ရှားပါးလွန်းသော အခွင့်အရေးတစ်ရပ် ဖြစ်သည်။
ထို့ကြောင့် သူတို့၏ လုံခြုံမှုအား အာမခံပေးနိုင်ရန် အတွက် စစ်ကူခေါ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် အန်လင်းသည် ‘ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမယ်’ ဂရုသို့ ဝင်ရောက်ရပြန်သည်။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် … “စီနီယာတို့ မင်္ဂလာပါဗျ …”
တာအိုသခင် တောသားလေး နွားကြီး “ဟဟ … တာအိုသခင် အန်ရေ … ဂရုပ်ထဲ မတွေ့တာတောင် ကြာပြီနော် …”
ထိုစာကြောင်းအား မြင်လိုက်သည့် အခါတွင် အန်လင်း နှုတ်ခမ်းများသည် ရှုံ့မဲ့သွားသည်။
ဘယ်လောက်တောင် ကြာနေလို့တုန်း … နှစ်ရက်ပဲ ရှိသေးတာလေ …။
တာအိုသခင် တောသားလေးနွားကြီး ကဲ့သို့သော အွန်လိုင်း မသုံးရလျှင် နေမထိသည့် လူမျိုးအတွက် နှစ်ရက်ဆိုသည်မှာ အလွန်ကြာညောင်းသော အချိန်ကာလဖြစ်သည်။
ဉာဏ်အလင်းပွင့်နေသည့် ငပျင်းလေး “တာအိုသခင် အန်က တစ်ခုခု မေးစရာရှိနေတာလား … ဘာပြဿနာရှိနေလို့လဲ … ပြောလေ …”
ဟူး … ထိုကဲ့သို့ သဘောပေါက်လွယ်သည့် လူမျိုးမှာ အန်လင်း အကြိုက်ပင်။ ပြောရဆိုရ လွယ်ကူသည် မဟုတ်ပါလား။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် “ဟဟ … တကယ်ပဲ လူတိုင်းရဲ့ အကူအညီကို လိုအပ်နေတာဗျ … ကျွန်တော် လက်ရှိလုပ်နေတဲ့ တာဝန်နဲ့ ပတ်သက်လို့ အခက်အခဲ ရှိနေတယ် …”
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး “တာအိုသခင် အန်က ဘယ်လို အကူအညီ လိုအပ်လို့တုန်း …”
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး၏ မက်ဆေ့ချ် အဆုံးတွင် အခြားသော ကျင့်ကြံသူ အနည်းငယ်သည် ဂရုပ်အတွင်း ဝင်ရောက်လာကြသည်။
သူတို့သည် အန်လင်းပြောလာမည့် စကားများကို အလွန်အမင်း စိတ်ဝင်စား နေကြသည်မှာ သိသိသာသာပင် ဖြစ်သည်။
ဂရုပ်အတွင်းရှိ တုံ့ပြန်ချက်များအား မြင်လိုက်သည့်အခါတွင် အန်လင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းရှိုက် လိုက်မိသည်။ ဒီဂရုပ်ထဲက စီနီယာတွေ အားလုံးက အတော်လေး ချစ်ဖို့ကောင်းပြီး နွေးထွေးကြတာပဲ …။
ထို့နောက်တွင် တစ္ဆေဘုရင်ဖြစ်သည့် မျက်လုံးတစ်ရာ ပင့်ကူအား သုတ်သင်ရမည့် တာဝန်ကို ဂရုပ်မှနေ ပြောပြလိုက်သည်။ ဟောင်စီရွာတွင် ဖြစ်ပျက်ခဲ့သည့် အသေးစိတ်ကိုလည်း ပြောပြလိုက်သည်။
တာဝန်ထမ်းဆောင်နေစဉ် တွေ့ကြုံနိုင်သည့် အခက်အခဲများနှင့် ပတ်သက်၍မူ ကျင့်ကြံသူများအနေဖြင့် မိမိသဘောနှင့်မိမိ ရွေးချယ်နိုင်ပေသည်။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် “အခုပြောသွားတာ တွေက အကုန်လုံးပါပဲ … စီနီယာတွေအနေနဲ့ ကျွန်တော့်ကို ကူညီလို့ အကျိုးမယုတ် စေရပါဘူး … ဒီတာဝန်မှာ ကူညီပေးတဲ့ သူတိုင်းကို စိတ်ဝိညာဉ် ကျောက်တုံးတွေ အဖိုးအခအနေနဲ့ ပေးမှာပါဗျ …”
အန်လင်းသည် ထျန်းလင်းလင်း ထံမှတစ်ဆင့် သိထားသည်မှာ ကမ္ဘာပေါ်ရှိ ကျင့်ကြံခြင်း လောကတွင် စိတ်ဝိညာဉ် ကျောက်တုံးများသည် အလွန်တန်ဖိုးရှိသည့် ငွေကြေးတစ်မျိုး ဖြစ်သည်။
ကျင့်ကြံခြင်း အဆင့်မြင့်သည် အကြီးအကဲများ အတွက်ပင်လျှင် စိတ်ဝိညာဉ် ကျောက်တုံးများသည် စွဲမက်ဖွယ် ကောင်းလွန်းသည်။
သူသည် အဖွဲ့ခေါင်းဆောင် ဖြစ်သည့်အတွက် ထိုတာဝန်အား ပြီးမြောက်စေရန် အကူအညီ ရရှိနိုင်ရန် သူတတ်နိုင်သမျှ အားလုံးကို လုပ်ကိုင် ဆောင်ရွက်ရမည်ဟု နားလည်ထားသည်။
စိတ်ဝိညာဉ် ကျောက်တုံများအကြောင်း ပြောလိုက်သည်နှင့် ကျင့်ကြံသူ အများအပြားသည် ဂရုပ်အတွင်း ပေါ်လာကြပြီး ဂရုပ်သည် ချက်ချင်းဆိုသလို အသက်ဝင် လှုပ်ရှား လာတော့သည်။
ရွှေကျောက်စိမ်း “တာအိုသခင် အန်က ဘယ်အဆင့်ရောက်နေတဲ့ ကျင့်ကြံသူတွေကို လိုချင်တာလဲ …”
တစ္ဆေဘုရင်အား သုတ်သင်ခြင်းသည် မည်သည့် ကျင့်ကြံသူမဆို ထမ်းဆောင်နိုင်သည့် တာဝန်တစ်ခု မဟုတ်ချေ။ အထူးသဖြင့် မမြင်နိုင်သည့် အန္တရာယ်များစွာ ရှိနေပေသည်။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် “ကျွန်တော်က တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူ ၁၀ယောက်နဲ့ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူ ရသလောက် လိုချင်တယ် … စိတ်ဝိညာဉ်ကျောက်တုံးတွေ အတွက်ကတော့ ကျွန်တော်က သိပ်မသိတဲ့အတွက် စီနီယာတို့ကပဲ ဆုံးဖြတ်ပေးပါ …”
အန်လင်းသည် သိုလှောင်လက်စွပ်အား စိုးရိမ်စွာ ပွတ်နေမိသည်။ ငါ့မှာက စိတ်ဝိညာဉ် ကျောက်တုံး သုံးသောင်းတည်း ရှိတာရယ် … လောက်မှာပါနော် …။
ထျန်းလင်းလင်းထံမှ ရရှိထားသည့် သတင်းအရ ဂရုပ်အတွင်းတွင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ရှစ်ယောက်သာလျှင် ရှိသည်။ သူတို့ အားလုံးသည် အင်မော်တယ် ဂိုဏ်းကြီးများမှ ခေါင်းဆောင်များ အကြီးအကဲများ ဖြစ်သည့် အတွက်ကြောင့် အမြဲတမ်း အလုပ်များလေ့ရှိကြသည်။
ထို့ကြောင့် အန်လင်းသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်ရှိ ကျင့်ကြံသူ ရသလောက် လက်ခံမည်ဟု ပြောရဲခြင်း ဖြစ်သည်။ အန်လင်းမှာ ရင်တထိတ်ထိတ်နှင့် ဖြစ်နေသော်ငြား ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့သည် အေးအေးသက်သာဖြင့် မုန့်စားကာ သတင်းအသစ်များကို စောင့်မျှော်လျက် ရှိကြသည်။
ရုတ်တရက်ဆိုသလို အနည်းငယ်ပင် နောင်တရမိလာသည်။ ဟူး … အဖွဲ့ခေါင်းဆောင် ဖြစ်ရတာ အရမ်းခက်ပါ့လား …။
စောစောသာ သိရင် အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ လက်မခံပါဘူးနော် … မဟုတ်ရင် ခုချိန် ဘေးမှာရှိနေတဲ့ ဟိုနှစ်ယောက်လို မုန့်စားရင်း အေးအေးဆေးဆေး နေနေရမှာ …။
အန်လင်းသည် အဖိုးအခအား ကိုယ်တိုင်သတ်မှတ်ရန် ပြောလိုက်သဖြင့် ဂရုပ်သည် ပိုလို့ပင် တက်ကြွလာတော့သည်။
အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် “တာအိုသခင် အန် … ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တာအိုခန္ဓာ အဆင့်၁၀ပါ … စိတ်ဝိညာဉ်ကျောက်တုံး ၅၀ ဆိုရင် ငါပါမယ် …”
ထိုမက်ဆေ့ချ်အား မြင်လိုက်သည့်အခါတွင် အန်လင်းသည် အနည်းငယ် ဆွံ့အ သွားမိသည်။
ဟမ် … တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူတစ်ယောက်ကို ငှားရမ်းဖို့ အဲလောက်တောင် ဈေးပေါရတာလား …
စိတ်ဝိညာဉ်ကျောက်တုံး ၅၀ ဟုတ်လား … ဘော်ဒါချင်းမို့ လျှော့ပေးတာများလား …
ဉာဏ်အလင်းပွင့်နေသည့် ငပျင်းလေး “သေလိုက် …”
ထင်တဲ့အတိုင်းပဲ … စပြီးတော့ ကန့်ကွက်ပါပြီ။ အန်လင်းက သူ့ဘာသာ တွေးနေမိသည်။
အဲလောက်နည်းတဲ့ ဈေးက တခြားကျင့်ကြံသူတွေကို အတော်လေး မကျေမနပ် ဖြစ်စေပုံရတယ် … အခြားသူတွေက ဘယ်လိုများ ပြောကြဦးမယ် မသိဘူး …
ဉာဏ်အလင်းပွင့်နေတဲ့ ငပျင်းလေး “အကြားအမြင်ပညာရှင် … မင်းက တာအိုသခင် အန်ကို လှည့်စားချင်နေတာလား … တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူတစ်ယောက်ရဲ့ အဖိုးအခက စိတ်ဝိညာဉ်ကျောက်တုံး ၂၀ထက် နည်းနည်းလေးတောင် မပိုဘူးကွ …”
အနုမြူနတ်သမီးလေး “အမှန်ပဲ … အကြားအမြင်ပညာရှင်ရေ … နင်က စိတ်ဝိညာဉ်ကျောက်တုံး တွေကြောင့် ရူးသွားတာလား …”
သာယာတဲ့ အသံပိုင်ရှင် နတ်သမီးလေး “စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ် တောင်းမဲ့အစား ဘဏ်မှာ ဓားပြသွားတိုက်ပါ့လား … တာအိုသခင် အန်ရဲ့ ခံစားချက်တွေကို နင်စဉ်းစားမိရဲ့လား …”
အန်လင်းသည် အလွန်အံ့အားသင့် နေမိသည်။
သောက်ကျိုးနည်း … ငါ့ခံစားချက်ကို စဉ်းစားမယ် ဟုတ်လား … ငါက အရမ်းကြီး ပျော်နေတာပါနော် …
အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် “တာအိုသခင် အန်ရေ … တောင်းပန်ပါတယ်ကွာ … ငါတောင်းဆိုတာ အရမ်းများသွားတယ် … စိတ်ဝိညာဉ် ကျောက်တုံး ၂၀က လုံလောက်ပါပြီ … ငါလိုက်မယ် …”
သူ့အား တောင်းပန်စရာ မလိုအပ်ဟု အန်လင်းမှာ ပြောချင်နေမိသည်။
ထိုအချိန်မှာပင် ကယ်တင်ရှင်ထံမှ မက်ဆေ့ချ်တစ်စောင် ရောက်လာသည်။ သူသည် ဂရုပ်အတွင်း စကားမပြောသည်မှာ ကြာမြင့်နေလေပြီ။ “စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ရောက်လာပါပြီ … စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ပဲကွာ … ငါက ကလေးလေးအန်နဲ့ အတူလိုက်ပြီး ဒီအခွင့်အရေးကနေ ငါခိုးလာတဲ့ လက်နက်အသစ်ကို စမ်းသပ်ကြည့်ချင်နေပြီ …”
အန်လင်း မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်လာသည်။
လခွမ်းကွာ … စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူကို စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာတည်းနဲ့ ငှားရမ်းနိုင်တယ်တဲ့လား …
ဓားအင်မော်တယ်မြစ်စိမ်း “စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ … ငါလည်းပါမယ် …”
“အန်လင်း …”
***
ထိုသို့ဖြင့် အန်လင်းသည် ကံကြမ္မာ၏ ဖေးမမှုကြောင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးရာသာလျှင် ကုန်ကျခဲ့သည်။ ထိုကျောက်တုံး ငါးရာဖြင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်ရှိ ကျင့်ကြံသူ သုံးယောက်နှင့် တာအိုခန္ဓာ အဆင့်၁၀ရှိ ကျင့်ကြံသူ ဆယ်ယောက်တို့အား ငှားရမ်းနိုင်ခဲ့သည်။
သူက ခံစားချက်များ ရှုပ်ထွေးစွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
လောကကြီးက ဘာတွေများ ဖြစ်ပျက်နေပါလိမ့် …
ငါက သောက်ရမ်းတွေ ချမ်းသာနေတာလား … ဒီကမ္ဘာပေါ်က ကျင့်ကြံသူတွေက သောက်ရမ်း ဆင်းရဲနေကြတာလား …။
***