လာလေ … ငါ့ကို သေသွားအောင် ပစ်လိုက်စမ်းပါ
Vol. 5 Ch. 62
ငှားရမ်းခသည် အလွန်ချိုသာသည့်အတွက် အန်လင်းမှာ တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူများအား ပိုမိုငှားရမ်းချင်စိတ်ပင် ဖြစ်မိသည်။
သို့သော်လည်း လူများပြီး ပွဲမစည်ခြင်းအား မဖြစ်လိုပေ။
ထို့ကြောင့် ထိုစိတ်ကူးအား ငြင်းပယ်လိုက်သည်။
တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူ ဆယ်ယောက်နှင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူ သုံးယောက်သည် အကူတပ်ဖွဲ့အတွက် အလွန်အားကောင်းနေပြီ ဖြစ်သည်။
ရန်သူသည် မျက်လုံးတစ်ရာပင့်ကူ တစ်ကောင်မျှသာ ဆိုလျှင် လွယ်လင့်တကူပင် ဖမ်းဆီးကာ အနိုင်ယူနိုင်သည်။ စစ်ကူများအား စုဆောင်းရခြင်းမှာ ကြိုတင်မမြင်နိုင်သည့် အန္တရာယ်များအား ဖြေရှင်းနိုင်ရန် အတွက် ဖြစ်သည်။
ဧကရာဇ်အဆင့်ရှိ မကောင်းဆိုးဝါး မပေါ်လာသေးသမျှ သူတို့သည် ရန်သူအား အနိုင်မယူနိုင်လျှင်ပင် ထွက်ပြေးနိုင်စွမ်း ရှိကြသည်။ ဧကရာဇ်အဆင့်ရှိ မကောင်းဆိုးဝါးသာ ပေါ်ထွက်လာလျှင် တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူ အများအပြား ရှိနေလျင်တောင် အသုံးမဝင်ပေ။
အန်လင်းသည် သူ၏ အကူအဖွဲ့အား ပြင်ဆင်ချိန် နှစ်ရက်ပေး လိုက်သည်။ နှစ်ရက်ကြာပြီးသည့် နောက်တွင် သူတို့သည် ချန်တု၌ တွေ့ဆုံကြမည်ဖြစ်ပြီး ခွန်းလွန်တောင်တန်းများ ဆီသို့ အတူတကွ ခရီးဆက်ကြမည် ဖြစ်သည်။
ထျန်းလင်းလင်း၊ စုရှောင်လန်နှင့် အခြားသူများသည် အကူအဖွဲ့အား အလွန်ကျေနပ်လျက် ရှိကြသည်။ ထို့နောက်တွင် သူတို့ အားလုံးတို့သည် ကိုယ်ပိုင်ကိစ္စများ ပြုလုပ်ရန် ထွက်ခွာ သွားကြတော့သည်။
တစ်ရက်သည် အလျင်အမြန်ပင် ကုန်ဆုံးသွားသည်။
နောက်တစ်နေ့တွင် ထျန်းလင်းလင်းသည် ကြီးမားသည့် သေတ္တာကြီး များကိုမကာ အန်လင်း အခန်းအတွင်း ဝင်လာသည်။ သေးသွယ်သည့် ခန္ဓာကိုယ်လေးမှာ သူမခန္ဓာကိုယ်ထက် ကြီးမားသော သေတ္တာအား သယ်လာသည်ကို မြင်လိုက်သည့်အခါ အန်လင်းသည် အလွန်အမင်း သဘောကျ နေလေသည်။
ထျန်းလင်းလင်း သယ်ဆောင်လာသည့် သေတ္တာ အတွင်းတွင် အန်လင်း ဝယ်ယူခိုင်းလိုက်သည့် ကုန်ပစ္စည်းများ ပါရှိသည်။ ပစ္စည်းများသည် ပုံသဏ္ဌာန်အမျိုးမျိုး အရွယ်အစား အမျိုးမျိုး ဖြစ်ကြပြီး စုစုပေါင်း အမျိုးအစား ရာကျော်ခန့် ရှိမည်။
အန်လင်းသည် ပစ္စည်းများအား စစ်ဆေးကြည့်လိုက်ပြီး တစ်ခုတစ်လေပင် ကျန်မနေခဲ့သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ပျော်ရွှင်စွာဖြင့် ထျန်းလင်းလင်းအား စိတ်ဝိညာဉ် ကျောက်တုံး ၁၀တုံး ဘောက်ဆူး ပေးလိုက်သည်။
ထျန်းလင်းလင်းသည် စိတ်ဝိညာဉ်ကျောက်တုံး ၁၀တုံးအား ဖက်ကာ အိပ်ယာပျော်တွင် ပျော်ရွှင်စွာ လှိမ့်နေသည်ကို မြင်ရသည့်အခါတွင် သူက အတွေးထဲ နစ်မျော သွားပြန်သည်။
ဖြစ်နိုင်တာက … ကမ္ဘာပေါ်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေက တကယ်ကြီး အဲလောက်တောင် ဆင်းရဲကြတာလား …။
အန်လင်းသည် ပစ္စည်းအားလုံးကို သိုလှောင် လက်စွပ်အတွင်း ထည့်လိုက်သည်။ ထို့နောက်တွင် လူတစ်ရပ်စာ ရှည်သည့် ပြတင်းပေါက်အနီးသို့ လျှောက်သွားလိုက်ပြီး ကန့်လန့်ကာ ဆွဲဖွင့်လိုက်သည်။
ကောင်းကင်တွင် တိမ်မည်းများ ထူထပ် အုံ့ဆိုင်းနေလေသည်။ မြင်မြင်သမျှ အရာအားလုံးသည် မည်းမှောင်လျက်ရှိသည်။
တိမ်မည်းများ အတွင်းမှ မိုးခြိမ်းသံများ၊ မိုးကြိုးပစ်သံများကိုလည်း ကြားနေရသည်။
“မိုးကြိုးတွေ ပစ်နေတယ် … မိုးရွာတော့မယ် … ကြည့်ရတာ ငါတို့တော့ ဟိုတယ်ထဲမှာပဲ နေရတော့မယ် …”
သူမက အိပ်ယာပေါ်တွင် မှောက်လျက်နေရင်း ခြေကို လှုပ်ယမ်းကာ နူးညံ့စွာ ပြောနေသည်။
ကောင်းကင်အား ကြည့်နေရင်းနှင့် သူ့အနောက်တွင် ရှိနေသည့် မိန်းမပျိုလေးမှ ‘မိုးကြိုး’ ဟု ပြောသည်ကို ကြားလိုက်သည့်အခါတွင် သူ့စိတ်ထဲ၌ အတွေးတစ်စသည် ရုတ်တရက် ပေါ်လာတော့သည်။
ထိုအတွေးသည့် အလွန်လေးနက်ပြီး သူ့ကို အန္တရာယ်များသည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်စေသည်။
***
အဆောက်အဦထိပ်တွင် ကြမ်းတမ်းသည့် လေပြင်းများ တိုက်ခတ်နေပြီး မိုးကလည်း သည်းထန်စွာ ရွာသွန်းလျက်ရှိသည်။
ရွှမ်ယွမ်ချန်၊ စုရှောင်လန်နှင့် ထျန်းလင်းလင်း တို့သည် သူတို့အရှေ့တွင် ရှိနေသည့် အမျိုးသားလေးအား စိုးရိပ်ပူပန်စွာဖြင့် ကြည့်နေကြသည်။
“ကျောင်းသားအန်လင်း … ဒါက အရမ်းကို အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်ပဲ … သေချာလေး ပြန်စဉ်းစားသင့်တယ်လို့ ငါထင်တယ် …” ရွှမ်ယွမ်ချန်သည် လေးနက်စွာ ပြောသည်။
စုရှောင်လန်၏ မျက်နှာတွင်လည်း စိုးရိမ်မှုများဖြင့် ပြည့်နေသည်။ “အန်လင်းရေ … နင်က ဘာလို့များ အခုလို လုပ်ရတာတုန်း … နင့်ရဲ့အသက်ကို အခုလိုမျိုး ကစားလို့ ရနိုင်တယ်လို့ ထင်နေတာလား … ငါပြောတာကို နားထောင်နော် … အခုပြန်လာခဲ့ …” စုရှောင်လန်က အော်ပြောလိုက်သည်။
ထျန်းလင်းလင်း သည်လည်း စိတ်လှုပ်ရှားစွာဖြင့် “အတုအယောင် တာအိုသခင်ရေ … နင့်မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိနေသေးလား … ဘာလို့များ နင့်ပိုင်ဆိုင်မှုတွေကို အရင်ဆုံး မလှူတာလဲ … ငါတို့က တော်တော်လေး ရင်းနှီးတာကို စဉ်းစားကြည့်မယ်ဆို ငါ့ကို စိတ်ဝိညာဉ် ကျောက်တုံး ၁၀တုံးလောက် ထပ်မပေးချင်ဘူးလား …”
စုရှောင်လန်၏ ပုခုံးပေါ်တွင် ထိုင်နေသည့် ရှောင်းဟုန် သည်လည်း “ဝါး ဝါး ဝါး … သခင်ရေ … ရှင်သေဆုံးသွားရင်တော့ ရှောင်းဟုန်ကလည်း အသက်မရှင်နိုင်တော့ပါဘူး … ဘာလို့များ ရှောင်းဟုန်လေးကို အတူမခေါ် သွားရတာလဲရှင် … ဟင့် ဟင့် …”
ရှောင်းဟုန်သည် အန်လင်း၏ အိတ်ကပ်ထဲမှ ထွက်လာသည်မှာ အတော်ကြာပြီ ဖြစ်သည်။
သူမသာ မထွက်ခွာဘူး ဆိုလျှင် ခဏလေး အတွင်းမှာပင် အန်လင်း မသေလျှင်တောင် သူမ သေသွားလိမ့်မည်။
သူတို့၏ စကားများအား ကြားလိုက်သည့်အခါတွင် အန်လင်းသည် ဖျော့တော့စွာ ပြုံးလိုက်သည်။ ထို့နောက်တွင် ယုံကြည်မှုအပြည့် ပူပန်မှုမရှိသည့် အပြုအမူဖြင့် သူတို့အား ကျောခိုင်းကာ … စွန့်လွှတ်နေလေသည်။
ရံဖန်ရံခါတွင် တိမ်မည်းများ အကြား၌ လျှပ်စီးများကို မြင်နေရသည်။ ကြမ်းတမ်းစွာ တိုက်ခတ်လျှက် ရှိသော လေပြင်း သည်လည်း စွန်ကို မြင့်သထက် မြင့်အောင် ပင့်တင်နေသည်။
အန်လင်းသည် ကြိုးတဖြည်းဖြည်း လျှော့ကာဖြင့် စွန်ကို အမြင့်တွင် ပျံဝဲနေစေသည်။
ထိုအချိန်မှာပင် သူ့ရင်ထဲတွင် ဂုဏ်ယူသည့် ခံစားချက်များ မြင့်တက် လာတော့သည်။
ယခင်တုန်းက ဖရန်ကလင် ဆိုသူသည် လျှပ်စစ်အား ရရှိနိုင်ရန် စွန်ကို အသုံးပြုခဲ့သည်။ ယနေ့တွင်တော့ အန်လင်းသည် မိုးကြိုးလျှပ်စီးအား စွန်တစ်ကောင်ကို အသုံးပြုကာ ဆွဲဆောင် နေလေပြီ။
ဟုတ်သည်။ အန်လင်းသည် မိုးကြိုးပစ်ခံရန် ကြံစည် အားထုတ်နေခြင်း ဖြစ်သည်။
သူသည် ကျင့်ကြံခြင်း နည်းစနစ်နှစ်ခု တတ်မြောက်ပြီး ဖြစ်သည်။ အဆင့်တစ် အထွတ်အထိပ် မြေကြာပန်း အတတ်နှင့် နတ်ဘုရားခွန်အား တို့ဖြစ်သည်။ နောက်ထပ် ကျင့်ကြံခြင်း နည်းစနစ် တစ်ခုသာ တတ်မြောက်ပါက တာအိုခန္ဓာ အဆင့်၁၀သို့ ရောက်ရှိမည် ဖြစ်သည်။
အဆင့်တစ် မိုးကြိုးလျှပ်စီး အနှစ်သာရ ကျင့်ကြံခြင်း နည်းစနစ် သတ်မှတ်ချက် - ကောင်းကင်နှင့် မြေပြင်မှ ဖြစ်ပေါ်လာသော သဘာဝလျှပ်စီးကြောင်း၏ ပစ်ခတ်ခြင်း ခံယူရမည်။
တာအိုခန္ဓာ ဒဿမအဆင့် သတ်မှတ်ချက် - စနစ်မှ ထောက်ပံ့ထားသည့် ကျင့်ကြံခြင်း နည်းစနစ် သုံးမျိုးအား ကျွမ်းကျင် တတ်မြောက်ရမည်။
မိုးကြိုးလျှပ်စီး ပစ်ခတ်မှုအား ခံယူပြီးပါက ထိုစစ်ဆင်ရေး နှစ်ခုစလုံး တစ်ပြိုင်နက် ပြီးဆုံးသွားမည် ဖြစ်သည်။
ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်။ ဘာလို့များ မဖြစ်နိုင်ရမှာလဲ။
ပြဿနာ တစ်ခုသာလျှင် ရှိသည်။ ထိုပြဿနာမှာ မိုးကြိုးပစ်ခံပြီးသည့် နောက်တွင် သူအနေနှင့် အသက်ရှင်သန် နိုင်ပါဦးမည်လား။
အန်လင်း၏ သူငယ်ချင်းများသည် အမှောင်ထုတွင် ရှိနေကြပြီး အန်လင်း၏ အပြုအမူများအား ထိတ်လန့်မှုအပြည့်ဖြင့် ကြည့်နေကြလေသည်။
အန်လင်းသည် သူတို့အား ကုသခြင်းမန္တန်ဝင်္ကဘာ ပြင်ဆင်ထားပေးရန် တောင်းဆိုထားခြင်း မဟုတ်လျှင် သူတို့သည် အန်လင်း တစ်ယောက် စိတ်ဖောက်ပြန်သွားပြီဟု ထင်ကြမည် ဖြစ်သည်။
အိုး…။ မဟုတ်ဘူး။ သူတို့က အန်လင်းအား စိတ်ဖောက်ပြန် သွားပြီဟု ထင်နေကြဆဲပင်။
ဖရန်ကလင်သာ ထိုမြင်ကွင်းအား မြင်ခဲ့မည်ဆိုလျှင် သူသည်လည်း အန်လင်းအား စိတ်ဖောက်ပြန်သွားပြီဟု ထင်ပေလိမ့်မည်။ ထိုအပြုအမူသည် သိပ္ပံပညာ အတွက် စွန့်လွှတ်ခြင်း မဟုတ်ဘဲ သေခြင်းတရားအား ရှာဖွေနေခြင်းသာ ဖြစ်သည်။
အန်လင်း၏ စွန်ကို ထူးခြားသည့် သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည်။ ကြိုးသည်လည်း သတ္တုဖြစ်ပြီး ကြိုး၏ အစွန်းတစ်ဖက်အား အန်လင်း လက်တွင် ရစ်ပတ်ထားသည်။
ထိုစွန်အား မိုးကြိုးပစ်လိုက်သည်နှင့် လျှပ်စစ်စီးကြောင်းသည့် သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းလာမည် ဖြစ်သည်။
သူက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်နေလေသည်။ တိမ်တိုက်များ အကြားတွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်များ စုဝေးနေသည်ကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းသည် သူ့အား ကြောက်ရွံ့မှုကြောင့် တုန်ရီနေစေသည်။
ယခုအချိန်တွင် သူခံစားနေရသမျှအား ဖော်ပြ၍ပင် မရနိုင်ချေ။
မည်သည့်အချိန်တွင် မိုးကြိုးပစ်ခံရမည်မှန်း မသိသည့်အပြင် မိုးကြိုးပစ်ခံပြီး နောက်တွင် သူဘာဖြစ် လာမည်ကိုလည်း မသိချေ။ မိုးကြိုးပစ်ခံပြီးနောက် သေမလား ရှင်မလားလည်း မသိ။
ယခုအချိန်တွင် ဖော်ပြနိုင်သည့် တစ်ခုတည်းသော ခံစားချက်မှာ - သောက်ရမ်းကို ရင်ဖိုနေရတယ် …။
စွန်သည် မြင့်သထက် မြင့်လာနေပြီး တိမ်တိုက်များနှင့် ပိုပိုပြီး နီးကပ်နေပြီ ဖြစ်သည်။
တိမ်တိုက်များ အတွင်း ကျယ်လောင်သည့် မိုးခြိမ်းသံ ထွက်ပေါ်လာသည့် အခါတွင် အန်လင်း၏ နှလုံးသားလေးမှာ မြန်ဆန်စွာ ခုန်လာတော့သည်။
လာနေပြီ … လာနေပြီ … တကယ်ကြီး လာနေပြီ …
သူ့လက်များသည် အနည်းငယ် တုန်ရီလျက် ရှိနေသည်။ အထွတ်အထိပ် မြေကြာပန်း အတတ်သည် သူ့ခန္ဓာကိုယ်အား အခြားသော ကျင့်ကြံသူများထက် ပိုမိုသန်မာစေသည် ဆိုသော်ငြား ယခုရင်ဆိုင် နေရသည်မှာ မိုးကြိုးလျှပ်စီး ဖြစ်သည်။ ဗို့အား သန်းရာနှင့်ချီသည့် မိုးကြိုးလျှပ်စီး ဖြစ်သည်။ ခင်ဗျားဆိုရင်ကော မကြောက်ဘဲ နေမလား။
ထိုစွမ်းအားသည် အန်လင်းအား အားကုန်ပစ်ခတ်မည် မဟုတ်သော်ငြား အလွန်အမင်း ကြောက်ဖို့ကောင်းဆဲ ဖြစ်သည်။ ဟုတ်ပလား။ အန်လင်း အလွန်အမင်း ကြောက်ရွံ့နေစဉ်မှာပင် ကောင်းကင်တွင် လျှပ်တစ်ပြက် လက်သွားသည်။
ထိုအရာအား စစ်ဆေး နေစဉ်မှာပင် သူ့ခန္ဓာကိုယ် အတွင်းသည့် ကြီးမားသည့် အဖျက်အဆီး စွမ်းအင်တစ်ခု ဝင်ရောက်လာသည်။ ချက်ချင်းဆိုသလိုပင် အလွန်ကြီးမားသည့် နာကျင်မှုနှင့် ထုံကျင်မှုတို့ကို ခံစားလိုက်ရသည်။
အန်လင်းသည် မိုးကြိုးလျှပ်စီး ပစ်ခတ်မှုကြောင့် လောင်ကျွမ်းမည်းတူး မသွားခင် စုရှောင်လန်နှင့် အခြားသူများသည် လျှပ်ပြက်သည်ကိုသာ မြင်လိုက်ကြရသည်။ စွန်သည်လည်း ဖြည်းညင်းစွာ ပြုတ်ကျလာနေပြီ။
ဂျိန်း …
ကျယ်လောင်သည့် မိုးကြိုးပစ်ခတ်သံသည် သူတို့နားများအတွင်း ရောက်ရှိလာသည်။
“တင်းတောင် … အဆင့်တစ် မိုးကြိုးလျှပ်စီး အနှစ်သာရ ကျင့်ကြံခြင်း နည်းစနစ်အား ကျွမ်းကျင် တတ်မြောက်ပါပြီ … လျှပ်စီးကြောင်းအား လိုသလို အသုံးပြုနိုင်သည့် နည်းစနစ် နိုးထလာပါပြီ …”
“တင်းတောင် … စနစ်မှ ထောက်ပံ့ပေးသော ကျင့်ကြံခြင်း နည်းစနစ် သုံးမျိုးအား ကျွမ်းကျင် တတ်မြောက်သွားသဖြင့် အဆင့်မြှင့်တင်ခြင်း စတင်ပါပြီ …”
အန်လင်း၏ ခန္ဓာကိုယ်သည် မီးသွေးကဲ့သို့ နက်မှောင်ပြီး သူ့ဦးနှောက်သည် ပျော့ပြဲ နေသည်ဟု ခံစားနေရသည်။
စကားပြောရန် ပါးစပ်ဖွင့် လိုက်သည့် အခါတွင် မီးခိုးများ ထွက်လာသည်။ “ပြီးသွားပြီ …”
ထိုစကားအား ပြောပြီးနောက် မျက်ဖြူလန်ကာ ကြမ်းပြင်ပေါ်သို့ ဖုတ်ခနဲ ပြုတ်ကျပြီးနောက် သတိလစ်သွားတော့သည်။
“အန်လင်း …”
အန်လင်း၏ သူငယ်ချင်းများသည် အံ့ဩမှုကြောင့် အော်ဟစ်ကာ အန်လင်း ဘေးသို့ ပြေးလာကြသည်။ ထို့နောက်တွင် တစ်ယောက်ပြီး တစ်ယောက် ကုသခြင်းမန္တန်အား အဆက်မပြတ် အသုံးပြုလိုက်ကြသည်။
***
အချိန်တချို့ ကုန်လွန်ပြီးသည့် နောက်တွင် အန်လင်းသည် တဖြည်းဖြည်းနှင့် သတိပြန်လည်လာပြီ ဖြစ်သည်။
သူ့အား ဆီးကြိုနှုတ်ဆက်နေသည့်မှာ ကြီးမားကာ ဝဖိုင့်ပြီး နှာခေါင်း နှိုက်နေသည့် မျက်နှာတစ်ခု ဖြစ်သည်။ ထိုမျက်နှာသည့် သူ့အား အလွန်တရာ နီးကပ်စွာ စိုက်ကြည့်နေလေသည်။
“ဒီဖေ … ခင်ဗျားက ဘယ်သူတုန်း …”
အန်လင်းသည် အထိတ်တလန့်ဖြင့် ထထိုင်လိုက်သည်။
“ဟီး … တာအိုသခင် အန် … ငါက ကမ္ဘာမြေကို ကာကွယ်မယ် ဂရုပ်ထဲက ကယ်တင်ရှင်ပါ …” ထိုဖက်တီးသည် ရယ်မော လိုက်ပြီးနောက် ကိုယ်ကိုမတ်လိုက်သည်။
ထိုစကားအား ကြားလိုက်သည့်အခါတွင် အန်လင်းသည် ပြောစရာစကား မရှိလောက်အောက် ဆွံ့အသွားမိသည်။
သောက်ကျိုးနည်း … ဒီကောင်ကြီးက ကယ်တင်ရှင်တဲ့လား …
သူစိတ်ကူးထားသည်မှာ အမေရိကန်မှ နည်းပညာများအား ခိုးယူနိုင်စွမ်း ရှိသည့် လူစွမ်းကောင်းသည် အာနိုးကဲ့သို့ သွင်ပြင်ရှိမည် ဟူ၍ပင်။ ဘာလို့များ သူ့အရှေ့တွင် ရှိနေသည့် ဖက်တီးလဲ။
အန်လင်း၏ စိတ်အား ဖတ်လိုက် သကဲ့သို့ပင် ထိုဖက်တီးသည် လေထဲသို့ လက်သီး အနည်းငယ် ထိုးသွင်းလိုက်ပြီး “ငါ့ကို လျှော့မတွက်နဲ့နော် … ငါက အရမ်းကို လျင်မြန်တဲ့ ဖက်တီးကွ …”
“အန်လင်း …”
နိုးထလာ ပြီးနောက်တွင် ကယ်တင်ရှင်၏ ပြောကြားချက်အရ သူမေ့လျော့ နေသည်မှာ တစ်ရက်ရှိပြီဟု သိလိုက်ရသည်။
ယခုအခါ သေမျိုးကမ္ဘာမှ ကျင့်ကြံသူ အများစုသည် ဟိုတယ်တွင် ရောက်ရှိနေကြပြီ ဖြစ်သည့်အပြင် မနက်ဖြန်တွင် ခွန်းလွန် တောင်တန်းများဆီသို့ ထွက်ခွာရန် စောင့်ဆိုင်း နေကြသည်။
အန်လင်းသည် သူ့ခန္ဓာကိုယ်အား စစ်ဆေး ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ အားကောင်းသည့် ခွန်အားများအား အာရုံခံမိသည့်အခါ ပျော်ရွှင်လာတော့သည်။
တာအိုခန္ဓာ အဆင့်၁၀သို့ အောင်မြင်စွာ ချိုးဖြတ်ဝင်ရောက်သွားပြီ ဖြစ်သည်။
သူ့မျက်လုံးတွင် စူးရှသည့် အကြည့်ပေါ်လာပြီး “အရမ်းကောင်းတယ် … ငါ့ရဲ့ ခွန်အား အစစ်အမှန်ကို ထုတ်ဖော်ရမယ့် အချိန်ရောက်ပြီ …”
***