ပုံစံလက်သီး ၁၂ မျိုး။ အားပြင်းသော သွေးဆေး (၂)
Vol. 13 Ch. 181
စူးချန်ခုန်း အကျပ်အတည်းကို ကျော်ဖြတ်နိုင်ဖို့ မုန့်စန်း လှုပ်ရှားတဲ့အခါ စစ်ခုန်းယုံ အယောင်ဆောင်ဖို့ လိုအပ်သည်။
အနီးအနားတွင် ရပ်နေသော စစ်ခုန်းဟွမ်က စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေမိသည်။ "တတိယမောင်လေး၊ အခု အစ်မတို့ရဲ့အစ်ကိုကြီးက ရှင်လား သေလားမသိရသေးဘူး။ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ မင်းကူညီချင်စိတ်ရှိသရွေ့ မင်းလိုချင်တဲ့ သိုင်းပညာအရင်းအမြစ်တွေ ဒါမှမဟုတ် စစ်ခုန်းမိသားစုရဲ့ ရှေးဟောင်းစာအုပ်တွေကို မင်းလိုသလောက် ယူလို့ရတယ်။"
စစ်ခုန်းဟွမ်၏ တောင်းဆိုချက်ကိုကြားတော့ စူးချန်ခုန်းသည် သူ၏နှလုံးသားလေး လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။
တကယ်တော့ သူတို့သုံးယောက်ဟာ သွေးသောက်ညီအစ်ကိုမောင်နှမတွေ ဖြစ်နေကြလေပြီ။ စစ်ခုန်းကျန့်က သူ့အတွက် အဖိုးတန် သွေးသန့်စင်ဆေး ၃ လုံးကို ပေးခဲ့ပြီး စစ်ခုန်းဟွမ်က သူကျွမ်းကျင်သော လေမိုးကြိုးမြှားအတတ်ကို မတွန့်မဆုတ်ဘဲ သင်ပေးခဲ့သည်။
သူက သူတို့၏ ဂရုစိုက်မှုကို တစ်ဖက်သတ်သာ ခံယူနေခဲ့ရသည်။ ပြဿနာ ပေါ်လာသောအခါ အဆက်အသွယ်ဖြတ်လိုက်တာက သူ၏မူနှင့် မကိုက်ညီပေ။ (သူ၏မူ=တစ်ဖက်လူ၏ ကျေးဇူးတရားကို အရေးကြုံလာပါက တုံ့ပြန်တတ်ခြင်း)
ထို့အပြင် စစ်ခုန်းမိသားစုမှ ကမ်းလှမ်းသော အခြေအနေများက စူးချန်ခုန်းကို သွေးဆောင်ခဲ့လေ၏။ ချီသွေးပြောင်းလဲခြင်းအဆင့်လေးကို အောင်မြင်ပြီးတာနဲ့ စစ်ခုန်းမိသားစုရဲ့ အစီအစဉ်ဟာ အောင်မြင်ဖို့ အခွင့်အလမ်းရှိသလို သူကိုယ်တိုင်ဟာလည်း ရန်သူဖြစ်တဲ့ မုန့်စန်းကို ခါးခါးသီးသီး မုန်းတီးနေတာဖြစ်သည်။ မုန့်စန်းကို ကိုင်တွယ်ဖို့ စစ်ခုန်းမိသားစုနှင့် ပူးပေါင်းတာက ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဟု ထင်ရသည်။
"ကောင်းပါပြီ။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။ ဒါပေမယ့် ဘာကိုမှ အာမမခံနိုင်ပါဘူး။ အဲဒီအချိန်မှာ တစ်ခုခုများ အမှားအယွင်းဖြစ်ခဲ့ရင် ကျွန်တော်ဘေးကင်း လုံခြုံဖို့ကိုပဲ ဦးစားပေးသွားမှာပါ" ဟု သူက ပြောလိုက်သည်။
နောက်ဆုံးတော့ စူးချန်ခုန်းသည် ဖြည်းညှင်းစွာ ခေါင်းညိတ်ကာ ကူညီရန် သဘောတူခဲ့သည်။ သူအစွမ်းကုန် လုပ်ဆောင်မည်ဆိုသော်လည်း သူ့ကိုယ်ပိုင်လုံခြုံရေးကို ဦးစားပေးနေဆဲဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ကြိုပြောထားသည်။
"ကောင်းတယ်! မိတ်ဆွေလေးစူး ကူညီပေးလိုတာက အဖိုးတို့ စစ်ခုန်းမိသားစုရဲ့ ထာဝရမိတ်ဆွေလို့ ဆိုလိုတာပဲ!" စစ်ခုန်းဝမ်က ဝမ်းသာအားရ ပြောလိုက်သည်။
စစ်ခုန်းဟွမ်၏ မျက်တွင်း အနည်းငယ် ချောင်ကျနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ သူတို့ရဲ့ တတိယမောင်လေးက စစ်ခုန်းကျန့် အသက်ရှင်မရှင် မသိရသေးသော်လည်း ခက်ခဲနေသည့် အချိန်များတွင် အကူအညီပေးလိုသောကြောင့် စိတ်သက်သာရာရမိသည်။
"ဒီမှာ ယုံအာ ကျန်ခဲ့တဲ့ သွေးအားကောင်းဆေးသုံးလုံး။ ကျန့်အာနဲ့ ဟွမ်အာက သုံးခဲ့တဲ့ ခုနစ်လုံးထဲက သုံးလုံးပဲ။ သွေးအားကောင်းဆေးရဲ့ အာနိသင်က အရမ်းစွမ်းတယ်။ သွေးသန့်စင်ဆေးတွေထက် စုစည်းရပိုလွယ်တယ်။ လူလေး အဲဒါတွေကို သန့်စင်ပြီးတာနဲ့ ချီသွေးပြောင်းလဲခြင်းအဆင့်လေးထဲကို လှမ်းနိုင်ဖို့ ကူညီနိုင်မှာပါ။"
စူးချန်ခုန်းက စစ်ခုန်းမိသားစုကို ခက်ခဲနေတဲ့အချိန်မှာ ကူညီဖို့ သဘောတူလိုက်တာကြောင့် စစ်ခုန်းဝမ်က တွန့်ဆုတ်မနေဘဲ သူ့အင်္ကျီလက်ထဲက လက်ရာမြောက်လှတဲ့ ကျောက်စိမ်းပုလင်းလေးကို ထုတ်ယူလိုက်သည်။
စစ်ခုန်းယုံ ရထားသော သွေးအားကောင်းဆေးများသည် ဧရာမဝေလငါးဂိုဏ်းအတွင်းရှိ အဆင့်အမြင့်ဆုံး ချီသွေးနယ်ပယ်ဆေးအဖြစ် သတ်မှတ်ခံရသည်။ အခုတော့ သုံးလုံးသာ ကျန်တော့တာဖြစ်ပြီး စူးချန်ခုန်း အချိန်တိုအတွင်း နောက်ထပ်အောင်မြင်မှုတွေရနိုင်စေဖို့ စစ်ခုန်းဝမ်က ထုတ်ပေးလိုက်တာဖြစ်သည်။
“ဟုတ်… ကျေးဇူးတင်ပါတယ်” ဟု သူက ပြန်ပြောလိုက်သည်။
စူးချန်ခုန်းက ပုလင်းလေးကို လက်ထဲတွင် ကိုင်ထားရင်း ဒီတာဝန်ဟာ တော်တော် ကြီးလေးတယ်လို့ ခံစားလိုက်ရသည်။
စစ်ခုန်းမိသားစုက သူ့အတွက် အရာအားလုံးကို လောင်းကြေးထပ်နေသည်။
အကြောင်းအရင်းခံကတော့ စူးချန်ခုန်း၏ကိုယ်ပိုင်စွမ်းရည်ကြောင့်ဖြစ်သည်။ သူဟာ အချိန်တိုတိုလေး အတွင်းမှာ ဧရာမဝေလငါးနည်းပညာကို နယ်ပယ်တစ်ခုထိ ကျင့်ကြံပြီး အလွန်ခက်ခဲသော လေမိုးကြိုးမြှားအတတ်ကိုပင် တစ်လ နှစ်လအတွင်း သင်ယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအရာများအားလုံးက စူးချန်ခုန်း၏စွမ်းရည်နှင့် အလားအလာကို သက်သေပြနေ၏။
သူ့ကို ရင်းနှီးမြုပ်နှံတာက သူတို့ လိုအပ်တာတွေ ရနိုင်တဲ့ အခွင့်အလမ်းရှိသည်။
"လူလေးတစ်ခုခုလိုအပ်ရင် အားနာနေစရာမလိုဘဲ အဖိုးတို့ စစ်ခုန်းမိသားစုကို တောင်းဆိုလို့ရတယ်" ဟု အဘိုးအိုက ပြောလိုက်သည်။
ဒီကိစ္စကို ပြေလည်အောင်ဖြေရှင်းပြီးတော့ စစ်ခုန်းဝမ်က သတိပေးစကားတစ်ခွန်း ပြောပြီးနောက် ထွက်သွားလေတော့သည်။
ထို့နောက် စစ်ခုန်းဝမ်နှင့် စစ်ခုန်းဟွမ်တို့ ထွက်သွားကြသည်။
“ဟမ်း… ယုံအာသာ အမည်မသိ စွမ်းအားကြီးရန်သူနဲ့ မကြုံခဲ့ရဘဲ မဆုံးပါးသွားခဲ့ရင် ငါတို့လည်း လူငယ်လေးတစ်ယောက်အပေါ် မျှော်လင့်ချက်ထားစရာ မလိုတော့ဘူး” စစ်ခုန်းဝမ်က စိတ်ထဲ သက်ပြင်းချလိုက်သည်။
စစ်ခုန်းမိသားစုသည် ဧရာမဝေလငါးဂိုဏ်း၏ ပြိုင်ဘက်ကင်းသော အာဏာရှင်ဖြစ်ခဲ့ဖူးသော်လည်း စစ်ခုန်းယုံ မတော်တဆ သေဆုံးသွားသည့် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်မှစပြီး အခြေအနေက လျင်မြန်စွာ ကျဆင်းသွားခဲ့သည်။
ဂိုဏ်းခေါင်းဆောင် စစ်ခုန်းကျန့်သည် အလားအလာရှိသော်လည်း မုန့်စန်းက သူ့ကို ပိုပြီး အာဏာမရစေလိုသောကြောင့် ပင်လယ်ဓားပြများနှင့် ပူးပေါင်းကာ မိုးပြာပင်လယ်က ထိုအဖြစ်အပျက်ကို ဖြစ်ပေါ်စေခဲ့သည်။
“တတိယမောင်လေး… သူက သာမန်လူမဟုတ်ဘူး။ သူက အံ့ဩဖွယ်ရာတစ်ခုကို အမှန်တကယ် ဖန်တီးနိုင်လိမ့်မယ်။” စစ်ခုန်းဟွမ်လည်း တိတ်တဆိတ် တွေးနေမိသည်။ သူက စူးချန်ခုန်းနဲ့ အချိန်တွေ အကြာကြီး ဖြတ်သန်းခဲ့တာ မဟုတ်ပေမယ့် သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ စွမ်းဆောင်ရည်တွေက သူ မျှော်လင့်ထားတာထက် ကျော်လွန်သည်။
ခန်းမကြီးထဲမှာ စူးချန်ခုန်းတစ်ယောက်ပဲ ကျန်ရစ်ခဲ့သည်။ သူ့စိတ်ကို ငြိမ်အောင်ထားကာ သူ့လက်ထဲက ကျောက်စိမ်းပုလင်းကို စိုက်ကြည့်လိုက်သည်။ "မုန့်စန်း ဘယ်တော့ လှုပ်ရှားမယ်ဆိုတာ မသိဘူး။ အဲ့ဒီမတိုင်ခင် အချိန်ဖြုန်းလို့ မဖြစ်ဘူး။ မုန့်စန်းနဲ့ ယှဉ်နိုင်ဖို့ ဒီဆေးကို အမြန်ဆုံး သန့်စင်ပြီး ချီသွေး အသွင်ပြောင်းလဲရမယ်။ "
စူးချန်ခုန်းသည် သွေးအားကောင်းဆေးကို လောင်းချလိုက်သည်။ ဆေးလုံးသည် သွေးနီရောင် ကြည်ကြည်လေးနှင့် ပတ္တမြားကဲ့သို့ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ၎င်းကို အဖိုးတန် ဆေးဖက်ဝင်အပင်များဖြင့် ပြုလုပ်ထားရုံ သာမက အောင်မြင်စွာ ဖန်တီးနိုင်စေရန် အဂ္ဂိရတ်ဆရာ၏ ကျွမ်းကျင်မှုလည်း လိုအပ်ပါသည်။
စစ်ခုန်းယုံပင်လျှင် သူ့သားသမီးများအတွက် ပုလင်းတစ်လုံးသာ ချန်ခဲ့သည်။
“ဂလု!”
စူးချန်ခုန်းသည် သွေးအားကောင်းဆေးကို မျိုချလိုက်ပြီး ၎င်းကို စတင်သန့်စင်လိုက်သည်။
သွေးအားကောင်းဆေး၏ အာနိသင်သည် ယခင်က သူသောက်ဖူးခဲ့သော သွေးသန့်စင်ဆေးများထက် အဆများစွာ အစွမ်းထက်ပြီး ခန္ဓာကိုယ်ကို ထိခိုက်စေကာ စုပ်ယူရန် ပိုမိုခက်ခဲသည့် သွေးသန့်စင်ဆေးများ၏ ပြင်းထန်သော သဘာဝနှင့် မတူပေ။
ဆေးစွမ်းက တစ်မျှင်ချင်းစီနှင့် စူးချန်ခုန်း၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး ချီနှင့်သွေးအဖြစ် ပြောင်းလဲသွားကာ သူ့ကိုယ်ပိုင် ခွန်အားကို တိုးစေသည်။
အကယ်၍ သာမန် ချီသွေးနယ်ပယ် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်ပါက သွေးအားကောင်းဆေးသုံးလုံးကို သန့်စင်ရန် တစ်နှစ်နီးပါး အချိန်ယူရသော်လည်း စူးချန်ခုန်း၏ အထူးဖွဲ့စည်းပုံအရ ဧရာမဝေလငါးစွမ်းရည်ကို ကျင့်ကြံထားသောကြောင့် နှစ်လမှ သုံးလခန့် အချိန်ယူရမည်ဟု ခန့်မှန်းထားသည်။
ထိုအချိန်တွင် စူးချန်ခုန်းသည် ချီသွေးပြောင်းလဲခြင်းဖြစ်စဉ်ဖြစ်သော ချီသွေးဝံပုလွေမြူ နယ်ပယ်ထဲသို့ လှမ်းဝင်သွားမည်ဖြစ်သည်။
"မလုံလောက်သေးဘူး... မလုံလောက်သေးဘူး။ ချီသွေးပြောင်းလဲခြင်းအဆင့်လေးနယ်ပယ်ထဲကို ရောက်သွားရင်တောင်မှ ငါနဲ့ မုန့်စန်းကြားမှာ သိသိသာသာ ကွာဟနေသေးတယ်။ အဲဒီအချိန်မှာ ဧရာမဝေလငါးဂိုဏ်းရဲ့ ထိပ်တန်းတွေကို မတားဆီးနိုင်ခဲ့ရင် ငါ့ရဲ့သရုပ်မှန် ဖော်ထုတ်ခံရပြီး အားလုံးရဲ့ ပစ်မှတ်ဖြစ်လာမှာ သေချာတယ်။ ငါ့ကိုယ်ငါ အတတ်နိုင်ဆုံး သန်မာအောင်လုပ်ဖို့ လိုတယ်"
တင်ပျဉ်ခွေထိုင်နေရင်း စူးချန်ခုန်းသည် အနည်းငယ် စိတ်မငြိမ်ဖြစ်နေသည်။
စစ်ခုန်းယုံအယောင်ဆောင်ပြီး မုန့်စန်းကိုရင်ဆိုင်ပါက မုန့်စန်းက စရိုက်မကောင်းပေမဲ့ ဧရာမဝေလငါးဂိုဏ်းမှာ ဒုတိယအဆင့်ရှိသူဖြစ်ပြီး သူနဲ့ အသေအကြေ တိုက်ပွဲဝင်ရဖို့ ဖြစ်နိုင်ခြေများသည်။