← Chapters

ကမ္ဘာ့ ပြိုင်ဘက်ကင်း ဝူချင်းရှီ။ ချီသွေးပြောင်းလဲခြင်းအဆင့်လေးမှ ချီသွေးဝံပုလွေမြူနယ်ပယ်သို့ (၅)

Vol. 13 Ch. 187

ကမ္ဘာ့ ပြိုင်ဘက်ကင်း ဝူချင်းရှီ။ ချီသွေးပြောင်းလဲခြင်းအဆင့်လေးမှ ချီသွေးဝံပုလွေမြူနယ်ပယ်သို့ (၅)

Vol. 13 Ch. 187

အခန်း (၁၈၇) ကမ္ဘာ့ ပြိုင်ဘက်ကင်း ဝူချင်းရှီ။ ချီသွေးပြောင်းလဲခြင်းအဆင့်လေးမှ ချီသွေးဝံပုလွေမြူနယ်ပယ်သို့ (၅)

ယနေ့၏ အဓိကမင်းသားမှာ မုန့်စန်းဖြစ်သည်ကို လူအုပ်ကြီးက နားလည်ကြပြီး နောက်ပိုင်းတွင် မုန့်စန်းသည် ဧရာမဝေလငါးဂိုဏ်း၏ ပဲ့ထိန်းဖြစ်လာမည်ဟု ခန့်မှန်းထားကြသည်။

မုန့်စန်းက သူ့နှုတ်ခမ်းထက်မှာ အပြုံးမပျက် ပြုံးပြရင်း စိတ်လှုပ်ရှားမှုတွေ သူ့မျက်လုံးထဲမှာ တောက်ပနေလျက်။ သူသည် ဧရာမဝေလငါးဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်က အသက်ငယ်ငယ်လေးသာရှိသေးသည်။ မျိုးရိုးတစ်ခုလုံး၏ပံ့ပိုးမှုဖြင့် စစ်ခုန်းမိသားစုတွင် မွေးဖွားခဲ့သော စစ်ခုန်းယုံနှင့်မတူဘဲ မုန့်စန်းသည် အဆင့်အတန်း သို့မဟုတ် နောက်ခံမရှိပေ။ သူသည် မိမိကိုယ်သာ အားကိုးပြီး ကြိုးစားရုန်းကန်ခဲ့ကာ တိုက်ရဲခိုက်ရဲ ယှည်ပြိုင်ရဲသူဖြစ်ပြီး ဧရာမဝေလငါးဂိုဏ်းတွင် အထာက်အပံ့များစွာရကာ နောက်ဆုံးတွင် စစ်ခုန်းယုံ၏ ရာထူးတိုးမြှင့်မှုအောက်၌ ဒုဂိုဏ်းခေါင်းဆောင် ဖြစ်လာခဲ့သည်။

မုန့်စန်းသည် အလွန်တရာ ရည်မှန်းချက်ကြီးမားသည်။ သူလိုချင်သမျှ အရာအားလုံးကို လွယ်လွယ်ကူကူရနိုင်သည့် စစ်ခုန်းယုံကို မနာလိုသော်လည်း ကြောက်မက်ဖွယ်ကောင်းသော စစ်ခုန်းယုံကို ရင်ဆိုင်ရပါက သူ့ရည်မှန်းချက်တွေကို မြိုသိပ်ထားခဲ့ရသည်။ စစ်ခုန်းယုံသည် ပြဿနာအချို့ကို ရင်ဆိုင်ခဲ့ရပြီး နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေတော့မှ သူ၏ ရည်မှန်းချက်ကို ပြန်လည်နိုးထလာစေခဲ့သည်။

"နောက်ဆုံးတော့... ငါ့ခေတ်၊ မုန့်စန်းရဲ့ခေတ် ရောက်လာပြီ!"

သူ့စိတ်ထဲတွင် မာန်မာနတရားတို့ ကြီးစိုးလာကာ အားလုံး၏အကြည့်များအောက်တွင် ကျွီယိခန်းမသို့ လျှောက်သွားခဲ့သည်။

…

ထိုအချိန်တွင် စူးချန်ခုန်းသည် မှန်တစ်ချပ်ရှေ့တွင် ထိုင်ကာ သူ့ရုပ်သူ ပြန်ကြည့်နေ၏။

သူ့မျက်နှာဖွဲ့စည်းပုံကို ပြောင်းလဲပြီး ရုပ်ဖျက်နည်းကို အသုံးပြုလိုက်သောအခါ စူးချန်ခုန်းသည် အသက်သုံးဆယ်ခန့်ရှိပုံရသည်။ သူ့မျက်နှာသည် အထူးတလည် ချောမောခြင်းမရှိသော်လည်း သူ့အသားအရည်သည် သူရဲကောင်းတစ်ယောက်၏ ကြေးဝါရောင်ဖြစ်သည်။ ထူထဲသော မျက်ခုံးမွှေးနှင့် မျက်လုံးကြီးများဖြင့် အနက်ရောင် ဝေလငါးဝတ်ရုံကို ၀တ်ဆင်ထားရာ သူသည် ကြီးမားသော ခွန်အားကို ထုတ်ဖော်ပြသနေလျက်။ သေချာတာကတော့ သူက ကြင်နာတတ်တဲ့သူပုံ မပေါ်ပေ။

“အဖေ…” သူ့ဘေးနားရှိ စစ်ခုန်းဟွမ်လည်း တွေဝေသွားသည်။ စူးချန်ခုန်းသည် ယခုအခါတွင် သူ့ကိုယ်သူ စစ်ခုန်းယုံအဖြစ် အသွင်ပြောင်းလိုက်ပြီဖြစ်ရာ သူ့ကို စိတ်ရှုပ်ထွေးစေခဲ့သည်။ စစ်ခုန်းယုံသည် သူအသက်မပြည့်သေးသည့် ညတစ်ညတွင် ဒဏ်ရာပြင်းထန်စွာရခဲ့သောကြောင့် ထိုအကြောင်း အိပ်မက်ဆိုးများမှ မကြာခဏ နိုးထလေ့ရှိသည်။

"ဘယ်လိုမြင်လဲ?" ခပ်ဩဩအသံထွက်ပေါ်လာသည်။ စူးချန်ခုန်းသည် စစ်ခုန်းဟွမ်နှင့် စစ်ခုန်းဝမ်တို့ထံမှ သင်ယူခဲ့သော စစ်ခုန်းယုံ၏ အသံကို တုပပြီး မေးလိုက်သည်။

“ကွက်တိပဲ… အစ်မအဖေက ပိုထွားပေမယ့် နှစ်အတော်ကြာတော့ ပြောင်းလဲသွားတာက သူ့အတွက် ပုံမှန်ပါပဲ။”

စစ်ခုန်းဟွမ်က သဘောကျစွာ ခေါင်းညိတ်သည်။ အပြင်ဘက်မှ ကြည့်လျှင် အပြစ်အနာအဆာမရှိသလောက်ပင်။ နောက်ထပ်လုပ်ရမှာက စူးချန်ခုန်းသည် မုန့်စန်းနှင့် ခန်းမခေါင်းဆောင် လေးယောက်ကို ဖုံးကွယ်ထားနိုင်မလားဆိုတာ စောင့်ကြည့်ရန်ဖြစ်သည်။

"ဒါဆို သွားဖို့ အချိန်တန်ပြီ" စူးချန်ခုန်းက ထရပ်ကာ အိမ်အပြင်ဘက်ဆီသို့ လျှောက်သွားကာ နဂါးတစ်ကောင်၏ ဝံ့ကြွားဟန်နှင့် ကျားတစ်ကောင်၏ ခြေလှမ်းများဖြင့် ဂုဏ်ယူဝံ့ကြွားစွာ လျှောက်လှမ်းကာ သူ့အမူအရာမှာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်၊ ဩဇာလွှမ်းမိုးမှုအပြည့်ဖြင့် ပြောလိုက်သည်။

စစ်ခုန်းဟွမ်၏မျက်လုံးများ အရောင်တောက်လာ၏။ တစ်စုံတစ်ဦးအား တုပရန် ရုပ်ရည်အားဖြင့် လွယ်ကူသော်လည်း စိတ်နေစိတ်ထားအားဖြင့် ခက်ခဲလှသည်။ သို့သော်လည်း ယခုအချိန်တွင် စူးချန်ခုန်းသည် စွမ်းအားကြီးသူတစ်ယောက်၏ အရောင်အဝါကို ဆောင်ကျဉ်းလာသည်။

စစ်ခုန်းဟွမ် မသိခဲ့တာက အဲ့ဒီယုံကြည်မှုက ခွန်အားကနေ လာတယ်ဆိုတာပင်။

စူးချန်ခုန်းသည် သူ့ကိုယ်ပိုင် ခွန်အားရှိသောကြောင့် ထုံးစံအတိုင်း ယုံကြည်မှုအပြည့်ရှိသည်။ ဒီလိုမှမဟုတ်ရင် ကြောက်ရွံ့ပြီး မသေချာမရေရာ လုပ်နေတာက သူ့သရုပ်မှန်ကို တခြားသူတွေကို သံသယဝင်သွားလိမ့်မည်။

"ငါ မုန့်စန်းက ငယ်ငယ်ကတည်းက မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရတယ်။ အသက်ရှင်ရုန်းကန်ဖို့အတွက် အသက်ငါးနှစ်အရွယ်မှာ ဧရာမဝေလငါးဂိုဏ်းမှာ ဝင်ခဲ့တယ်။ ငါ့ရဲ့ စိတ်ထဲမှာ ဧရာမဝေလငါးဂိုဏ်းက ငါ့ရဲ့ မိသားစုပဲ! အဲဒီ့အချိန်ကစပြီး ဧရာမဝေလငါးဂိုဏ်းကို ပိုတောက်ပအောင်လုပ်ဖို့ အားလုံးကို ကတိပြုတယ်။ အခု ဧရာမဝေလငါးဂိုဏ်းဟာ အတွင်းရော အပြင်ပါ အန္တရာယ်တွေနဲ့ ကြုံနေရပြီ။ ငါမုန့်စန်းက ဒီတာဝန်ကို မျက်ကွယ်မပြုနိုင်တဲ့အတွက်ကြောင့် ကျေပွန်အောင် ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်။”

ကျွီယိခန်းမတွင် မုန့်စန်းသည် အာပေါင်အာရင်းသန်သန်နှင့် စိတ်အားထက်သန်စွာ ပြောဆိုနေပြီး သူ၏ စိတ်ခံစားမှုများ မြင့်မားလာကာ တိတ်ဆိတ်နေသော ခန်းမကြီးကို ကူးစက်သွားခဲ့သည်။

"ကျေးဇူးပြုပြီး ငါမုန့်စန်းကို ယုံကြည်ကြပါ။ ငါ့ကိုယ်ငါ သက်သေပြဖို့ အခွင့်အရေး ပေးကြပါ။ ငါက ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံရဲ့ ရည်မှန်းချက်တွေကို ဓားတောင်ကိုကျော်ပြီး မီးပယ်လယ်ကိုဖြတ်ကာ အရပ်လေးမျက်နှာဆီ လွှမ်းမိုးသယ်ဆောင်ပြီး အကောင်အထည်ဖော်နိုင်ဖို့ ဦးဆောင်သွားမယ်!"

မိန့်ခွန်းအပြီးတွင် မုန့်စန်းသည် အသက်ပြင်းပြင်းရှူထုတ်ကာ သူ၏လေသံမှာ ရိုးသားမှုအပြည့်ဖြင့်။

နောက်တစ်ဆင့်ကတော့ မုန့်စန်းက ဂိုဏ်းခေါင်းဆောင် ရာထူးကို အမွေဆက်ခံနိုင်မလားဆိုတာ မဲခွဲဆုံးဖြတ်ရမှာ ဖြစ်သည်။

ဂိုဏ်းစည်းမျဥ်းများအရ ခန်းမခေါင်းဆောင် လေးဦးစလုံးက သဘောတူရမည်ဖြစ်ပြီး ဒုခန်းမခေါင်းဆောင်အများစုသည် မုန့်စန်းကို ဂိုဏ်းခေါင်းဆောင်ရာထူးတက်ရန် သဘောတူရမည်ဖြစ်သည်။

သို့သော် လက်တွေ့တွင် ခန်းမခေါင်းဆောင်လေးဦးသာ အတည်ပြုလိုက်လျှင် လုံလောက်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့လက်အောက်ရှိ ဒုခန်းမခေါင်းဆောင်များသည်လည်း သဘောတူမည်ဖြစ်သောကြောင့်ပင်။

"အခုလို ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ဧရာမဝေလငါးဂိုဏ်းမှာနောက်ထပ် မငြိမ်မသက်မှုတွေ မဖြစ်အောင် စည်းလုံးညီညွတ်လာဖို့အတွက် ခေါင်းဆောင်တစ်ယောက် လိုအပ်နေတယ်။ ဒီအခြေအနေနဲ့ ဆက်သွားလို့မဖြစ်တော့ဘူး။ ဂိုဏ်း‌ခေါင်းဆောင်ရာထူးကို မုန့်စန်း ဆက်ခံဖို့ ငါ သဘောတူတယ်။"

ပထမဆုံး ထုတ်ပြောမှာ ဆံပင်ဖြူဖြူ အသက်ကြီးကြီးနှင့် အဖိုးအိုတစ်ဦးဖြစ်ပြီး သူက စိတ်ဓာတ်ကြံ့ခိုင်နေဆဲပင်။ မိုးကြိုးဝေလငါးခန်းမခေါင်းဆောင် လေ့ကျယ်သည် မုန့်စန်းဂိုဏ်းခေါင်းဆောင်ဖြစ်လာရန် ပထမဆုံးသဘောတူခဲ့သည်။

လေ့ကျယ် ပြောခဲ့သည့်ပုံအရ ခေါင်းဆောင်ငယ်လေးစစ်ခုန်းကျန့်သည် သေလားရှင်လား မသိရသေးဘဲ စစ်ခုန်းယုံက နှစ်ပေါင်းများစွာ လူလုံးမပြဘဲ ပြဿနာများ ရှိနေကြောင်း သတင်းရသဖြင့် ဧရာမဝေလငါးဂိုဏ်းသည် ဝရုန်းသုန်းကားဖြစ်နေပြီး ဤရုန်းရင်းဆန်ခတ်အခြေအနေကို တည်ငြိမ်စေရန် ဂိုဏ်းခေါင်းဆောင်အသစ်ကို အမှန်တကယ် လိုအပ်နေပါသည်။

လေ့ကျယ် ရှေ့ထွက်လာတာကတော့ မုန့်စန်းက သူ့အတွက် သေချာပေါက် ကတိတွေပေးခဲ့တဲ့ဖြစ်လို့ သဘောတူခဲ့တာပင်။ လေ့ကျယ်သည် အသက်ကြီးနေပြီဖြစ်ပြီး နှစ်ပေါင်းများစွာ ထမ်းဆောင်နိုင်တော့မည် မဟုတ်သော်လည်း သူရာထူးမှ ဆင်းသွားသောအခါတွင် မုန့်စန်းသည် သူ၏တူဖြစ်သူကို မိုးကြိုးဝေလငါးခန်းမခေါင်းဆောင် ရာထူးကို လွှဲပြောင်းပေးရန် အခိုင်အမာထောက်ခံပေးမည်ဟု ကတိပြုခဲ့သည်။

"ကျွန်တော်လည်း သဘောတူပါတယ်။ မုန့်စန်းရဲ့ သိုင်းပညာစွမ်းရည်က ကျွန်တော့်ထက် သာလွန်တယ်။ မဟုတ်ရင် ကျွန်တော် သူနဲ့ သေချာပေါက် ယှဉ်ပြိုင်မိမှာပဲ။" ထို့နောက် မီးဝေလငါးခန်းမခေါင်းဆောင် ကျောက်ထျန်းဟောက်က သူ၏ ရပ်တည်ချက်ကို ထုတ်ပြောလာသည်။

“ငါ သဘောတူတယ်။”

“ကျွန်တော်လည်း သဘောတူတယ်။”

ကျန်ရှိနေသော ခန်းမခေါင်းဆောင်များဖြစ်ကြသည့် လေဝေလငါးခန်းမခေါင်းဆောင် ကျောက်လင်းဖုန်းနှင့် လျှပ်စီးဝေလငါးခန်းမခေါင်းဆောင် ကုန်းအန်းတို့လည်း သူတို့၏ ရပ်တည်ချက်များကို ပြောကြားခဲ့သည်။

တကယ်တော့ မုန့်စန်းဟာ ခန်းမခေါင်းဆောင် လေးယောက်စီကို ကြိုတင် ချဉ်းကပ်ပြီး ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးမည်ဟု ဆိုကာ သူတို့ကို အောင်အောင်မြင်မြင်နဲ့ ဆွဲဆောင်ဖို့ ကတိကဝတ်တွေ ပေးခဲ့ရသည်။

အကယ်၍ စစ်ခုန်းကျန့်သာ အရင်လိုရှိနေခဲ့ပါက ဤခန်းမမာခေါင်းဆောင်များ သဘောတူမည်မဟုတ်သော်လည်း စစ်ခုန်းကျန့်သည် လအတော်ကြာပျောက်ဆုံးနေခဲ့ပြီး ပိုမိုကောင်းမွန်သော ရွေးချယ်စရာများ မရှိတော့ပေ။

"ကျွန်တော်လည်း သဘောတူတယ်!"

"သဘောတူတယ်!"

ခန်းမလေးခုမှ အခြားသော လက်ထောက် ခန်းမခေါင်းဆောင် အယောက်နှစ်ဆယ်တို့သည်လည်း သူတို့၏ ခန်းမခေါင်းဆောင်များ သဘောတူကြသည်ကို မြင်ပြီး အချင်းချင်း တညီတညွတ်တည်း နီးပါးပင် သူတို့၏ သဘောတူညီချက်ကို ဖော်ပြခဲ့ကြသည်။

"ငါသဘောမတူဘူး။"

ထိုအချိန်တွင် ထိုင်ခုံတစ်ခုဆီမှ အသံအိုကြီးတစ်ခု ထွက်ပေါ်လာပြီး တော်တော်လေး နားထဲကန့်လန့်ဖြစ်နေသည်။

မုန့်စန်းသည် ထိုလူအား စိတ်ထဲတွင် မကျေမနပ်နဲ့ ထိုလူကို ကြည့်လိုက်သော်လည်း သူ့မျက်နှာမှာတော့ ရိုသေလေစားသော အပြုံးများဖြင့် ပြည့်နှက်နေ၏။ "ဂိုဏ်းခေါင်းဆောင်ဟောင်းခင်ဗျ၊ စစ်ခုန်းမိသားစုမှာ အရည်အချင်းရှိသူတွေနဲ့အများကြီးရှိတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် အခုအချိန်မှ အခြားဘယ်သူကမှ ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိဘူးလေ။ ဒီနေရာက လူတစ်ယောက်ရဲ့ စကားနဲ့ အုပ်ချုပ်ရမယ့် နေရာမဟုတ်ဘူး ခင်ဗျ။ ဂိုဏ်းခေါင်းဆောင်အသစ်ကို မြန်မြန်ဆန်ဆန် ရွေးချယ်တာက ဂိုဏ်းအတွက် အကောင်းဆုံးပဲ။ တစ်ဂိုဏ်းလုံးရဲ့ ကောင်းကျိုးကို ထိခိုက်စေဖို့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်တွေကို အသုံးမချသင့်ဘူး။”

All Chapters