ဝေလငါးဘုရင်။ တုနှိုင်းမရသော နတ်ဘုရားရဲစွမ်းသတ္တိ။ (၁)
Vol. 13 Ch. 189
"ဂိုဏ်း...ဂိုဏ်းခေါင်းဆောင်!"
အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောင်းသတိရရင်း မုန့်စန်းရဲ့ ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့သည်။
မုန့်စန်းသည် အသက်ငါးနှစ်အရွယ်တွင် ဧရာမဝေလငါးဂိုဏ်းသို့ စတင်ဝင်ရောက်ခဲ့စဉ်က သူ၏ဆင်းရဲနွမ်းပါးသော ဇစ်မြစ်နှင့် နှိုင်းယှဉ်ပါက စစ်ခုန်းယုံသည် မိသားစုနောက်ခံနှင့် သိုင်းပညာစွမ်းရည်နှစ်ခုစလုံးတွင် သူ သာလွန်နေတာ သေချာပါသည်။
စစ်ခုန်းယုံရှေ့မှာ မုန့်စန်းဟာ ပင်ကိုယ်သိမ်ငယ်တဲ့ခံစားချက်ကို ခံစားခဲ့ရတာကြောင့် ရာထူးတက်ဖို့ အလွန်စိတ်အားထက်သန်နေပြီး ဂိုဏ်းခေါင်းဆောင်ရာထူးကို လုယူဖို့ ကြိုးစားနေသူပင်။ အားလုံးက သူ့ကိုယ်သူ သက်သေပြချင်သောကြောင့် ဖြစ်သည်။ စစ်ခုန်းယုံလည်း ထိုရာထူးတွင် ထိုင်နိုင်လျှင် သူလည်း ဖြစ်နိုင်သည်။
သို့သော် ယခုအချိန်တွင် စစ်ခုန်းယုံသည် သူ့ရှေ့တွင် အသက်ရှင်လျက် ရှိနေသဖြင့် မုန့်စန်း၏ နဖူးပေါ်မှ ချွေးများ တသီးသီး ကျလာသည်။ "စစ်ခုန်းယုံက... ဒဏ်ရာမရခဲ့ဘူးလား။ သူက ငါ့ကို ကိုင်တွယ်ဖို့။ ငါ့ကို မျှမျှတတ ရှင်းပစ်ဖို့ပဲ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတာလား။"
မုန့်စန်းက ဒီထောင်ချောက်ဟာ စစ်ခုန်းယုံက သူ့အတွက် အထူးပြုလုပ်ထားတဲ့ ထောင်ချောက်တစ်ခုလို့ ခံစားလိုက်ရသည်။ အခုတော့ သူ့ကို လက်ပူးလက်ကြပ် ဖမ်းမိသွားခဲ့လေပြီ။
"ဂိုဏ်း... ဂိုဏ်းခေါင်းဆောင် တကယ်အဆင်ပြေနေတယ်ပေါ့။"
အချိန်အတော်ကြာပြီးနောက် မိုးကြိုးဝေလငါးခန်းမခေါင်းဆောင်က သတိပြန်ဝင်လာပြီး သူပြောနေရင်း ထိတ်လန့်တကြား တံတွေးမျိုချလိုက်သည်။
တခြားသူတွေက တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။ ယခုအချိန်တွင် စစ်ခုန်းယုံ ပေါ်လာတာက သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ စစ်ခုန်းယုံဟာ ကံဆိုးမှုအချို့နဲ့ ကြုံခဲ့ရတယ်လို့ သူတို့ထင်တဲ့အတွက် မုန့်စန်းကို ဂိုဏ်းခေါင်းဆောင်အဖြစ် ထောက်ခံပေးခဲ့တာဖြစ်သည်။
စူးချန်ခုန်းသည် ဝေလငါးအရိုးထိုင်ခုံကို မှီကာ “ဒီတောနက်စီရင်စုမှာ ငါက ဘာဖြစ်နိုင်မှာလဲ။ ငါက သိုင်းပညာအသစ်တစ်ခုမှာ စိတ်နစ်ထားရုံပါ။ ဒါပါပဲ။"
စူးချန်ခုန်း၏ လေသံမှာ ဘာမှမထူးခြားသော်လည်း တောနက်စီရင်စုရှိ မည်သူမျှ သူ့အား ခြိမ်းခြောက်မှု မပြုနိုင်ကြောင်း ညွှန်ပြနေသည့် ဂုဏ်ယူဝံ့ကြွားမှုတို့ အထင်းသား။
လူအုပ်ကြီးကလည်း ဒီသဘောထားကို ပြင်းပြင်းထန်ထန် သဘောတူကြသည်။ စစ်ခုန်းယုံ၏ သိုင်းပညာစွမ်းရည်ဖြင့် သူသည် အမှန်တကယ်ပင် တောနက်စီရင်စုမြို့တော်ရှိ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီး သူ့ကို မည်သူကမျှ မခြိမ်းခြောက်နိုင်ပေ။ သူ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့တာက သိုင်းပညာလေ့လာမှုနယ်ပယ်ထဲ နစ်မြုပ်နေခဲ့တာ အမှန် ဖြစ်နိုင်သည်။
"ဒါပေမယ့် မင်းတို့အားလုံးကရော။ အရည်အချင်းတွေ ပိုတိုးတက်လာပြီလား။ ငါက မင်းတို့ရဲ့ နောက်ခံထက် မင်းတို့ရဲ့ စွမ်းရည်ကို အမြဲတန်ဖိုးထားခဲ့ပြီး ဆွေမျိုးကောင်းစားရေးဝါဒကို ဘယ်တော့ကမှ မကျင့်သုံးခဲ့ဖူးဘူး။ မင်းတို့ ခန်းမခေါင်းဆောင် လေးယောက်ထဲက တစ်ဝက်နီးပါးလောက်ကို ငါကိုယ်တိုင်က ရာထူးတိုးပေးခဲ့တာ။ အခု မင်းတို့က ငါ့ကို ဝိုင်းဖွဲ့ပြီး ပုန်ကန်နေတယ်ပေါ့လေ။"
စူးချန်ခုန်း၏အကြည့်များက မီးဝေလငါးခန်းမခေါင်းဆောင် ကျောက်ထျန်းဟောက်နှင့် လျှပ်စီးဝေလငါးခန်းမခေါင်းဆောင် ကုန်းအန်းတို့ကို ကျော်ဖြတ်သွားခဲ့သည်။
ဧရာမဝေလငါးဂိုဏ်းတွင် စစ်ခုန်းမိသားစုသည် ခေါင်းဆောင်ဂိုဏ်းဖြစ်ပြီး စစ်ခုန်း မိသားစုမှ ဂိုဏ်းခေါင်းဆောင် အဆက်ဆက် ပေါ်ထွက်လာသည်။ သို့ရာတွင် စစ်ခုန်းမိသားစုသည် ဧရာမဝေလငါးဂိုဏ်းကို အာဏာရှင်စနစ်အဖြစ် အမှန်တကယ် မအုပ်ချုပ်ခဲ့ဘဲ အရေးကြီးသော ရာထူးများကို စွမ်းရည်ရှိသူများကို ပေးအပ်ထားခဲ့သည်။
ခန်းမခေါင်းဆောင်လေးယောက်ထဲတွင် စစ်ခုန်းမိသားစုမှ တစ်ယောက်မျှမပါပေ။
စူးချန်ခုန်း၏စကားကြောင့် ကုန်းအန်းနှင့် ကျောက်ထျန်းဟောက်တို့ နှစ်ဦးစလုံး ထိတ်လန့်သည့်စိတ်နှင့် မလုံမလဲဖြစ်သည့်စိတ်တို့က မျက်နှာမှာ အထင်းသား ပေါ်လာ၏။ သူတို့အား စစ်ခုန်းယုံက ရာထူးတိုးပေးခဲ့သော်လည်း စစ်ခုန်းယုံ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေစဉ်တွင် မုန့်စန်းကို ထောက်ခံပေးခဲ့ရာ တကယ်ကို တရားမမျှမတဖြစ်ခဲ့သည်။
“ကျွန်တော်က…ဂိုဏ်းခေါင်းဆောင်…” ကုန်းအန်း အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ကုန်းအန်းက ရှင်းမပြနိုင်ဘဲ စကားထစ်နေ၏။ စစ်ခုန်းယုံဒုက္ခရောက်နေပြီလို့ အားလုံးက ယုံကြည်ခဲ့ကြတာကြောင့် မုန့်စန်းကို ထောက်ခံခဲ့ကြတာပင်။
စစ်ခုန်းဝမ်က ဝမ်းသာအားရဖြင့် သူ့ကိုယ်သူ တွေးလိုက်သည်။ "မိတ်ဆွေလေးစူးရဲ့ ဩဘာက တကယ်ကို အားကောင်းတယ်။ ယုံအာ အသက်ပြန်ရှင်လာသလိုပဲ။ ဒီမှာ ရှိနေတဲ့လူတိုင်းကို ချက်ချင်း ခြိမ်းခြောက်နိုင်တယ်။ သူ တကယ် အောင်မြင်နိုင်တယ်ဟ။"
စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းမှ အကြီးတန်းအဖွဲ့ဝင်များအားလုံးကို ထိတ်လန့်ကြောက်ရွံမှု စိုးစဉ်းမျှမရှိဘဲ တင်းမာစွာ ပြောဆိုကာ စင်မြင့်ထက်တွင် ရင်ဆိုင်ခဲ့သည်။ စကားအနည်းငယ်ပြောရုံဖြင့် ခန်းမခေါင်းဆောင်အားလုံးကို စိုးရိမ်ထိတ်လန့်စေပြီး သူတို့အားလုံး ပြန်လည်ချေပနိုင်စွမ်းမရှိတော့။ အဓိကအချက်ကတော့ တစ်ချိန်ကဂုဏ်သိက္ခာကြီးမားလှတဲ့ စစ်ခုန်းယုံကြောင့်ပင်ဖြစ်သည်။
"မုန့်စန်း၊ မင်းက ငါတို့ဂိုဏ်းရဲ့ ရိုးသားကြိုးစားတဲ့ အဂ္ဂိရတ်ပညာရှင်နှစ်ယောက်ကို ဒုက္ခပေးခဲ့ရုံသာမကဘူး။ အဲဒီထဲက တစ်ယောက်ဖြစ်တဲ့ ကုန်းကျန့်ဆိုတာက ငါမမွေးခင်ကတည်းက ဂိုဏ်းမှာ အမှုထမ်းနေတာ။ ဆယ်စုနှစ်တွေကြာအောင် သူဘယ်တော့မှ မပျင်းရိ မခိုကပ်ခဲ့ဘူး။ သူက ဘက်မလိုက်ချင်တော့ မင်း သူ့ကို အန္တရာယ်ပြုခဲ့တယ်ပေါ့။"
စူးချန်ခုန်း၏ အကြည့်များသည် မုန့်စန်းကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများက ငြိမ်သက်နေကာ သူ့အမူအရာမှာ တုန်လှုပ်ခြင်းမရှိပေ။ သူ ထုတ်ပြောလိုက်သည့်စကားကြောင့် မုန့်စန်း၏ ခန္ဓာကိုယ်ကို အနည်းငယ် တုန်လှုပ်သွားလေ၏။
ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်ဖြစ်သူ ကုန်းကျန့်သည် လူငယ်ဘဝတည်းက ဂိုဏ်းထဲဝင်ခဲ့ပြီး ဂိုဏ်းအတွက် ဆေးပြားများကို သန့်စင်ပေးခဲ့သည်။ သူသည် ဂိုဏ်းတွင် အသက်အကြီးဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တပည့်အားလုံးက အသိအမှတ်ပြုကြသည်။
သို့သော်လည်း မကြာသေးမီက သူ၏ အသက်အရွယ်ကြောင့် ကုန်းကျန့် အနားယူခဲ့ပေမယ့် သူထွက်သွားတဲ့နေ့မှာ ဧရာမဝေလငါးဂိုဏ်းနဲ့ သိပ်မဝေးတဲ့နေရာမှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။ ထိုအချိန် တုန်းက ဂိုဏ်းအတွင်း တုန်လှုပ်ချောက်ချားခဲ့ကြပြီး လူသတ်သမားကို ဖမ်းဆီးရန် လူတိုင်းက ကတိပြုကြသဖြင့် နောက်ဆုံးတွင် ပြေလည်သွားခဲ့သည်။
သက်သေအထောက်အထားမရှိသော်လည်း ဧရာမဝေလငါးဂိုဏ်းမှ ထိပ်သီးအဖွဲ့ဝင်များစွာက အဓိကအချက်ကို နားလည်ကြသည်။ ကုန်းကျန့်သည် သူ၏ကြားနေမှုကြောင့် မုန့်စန်း၏ထိန်းချုပ်မှုအောက်ရှိ အဂ္ဂိရတ်ပညာရှင်တစ်ဦးထံသို့ ရာထူးလွှဲပြောင်းဖို့ မရွေးချယ်ခဲ့သည့်အတွက် အသတ်ခံခဲ့ရသည်။ ဒါဟာ မုန့်စန်းရဲ့ လက်တုံ့ပြန်တဲ့ လုပ်ရပ်ဖြစ်ပြီး တခြားသူတွေကို သတိပေးလိုက်တာ ဖြစ်သည်။
အခု 'စစ်ခုန်းယုံ' က ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြလိုက်တာနဲ့ မုန့်စန်းရဲ့ ရင်ထဲတင်းကြပ်သွားကာ ပြန်လည် ချေပချင်ပေမယ့် ပတ်ဝန်းကျင်က မထီမဲ့မြင်ပြုပြီး အေးစက်နေတဲ့ အကြည့်တွေကို တွေ့လိုက်ရတော့ ဘာအသံမှ မထွက်နိုင်တော့ပေ။
ဂိုဏ်းသားများကို ထိခိုက်စေခြင်းသည် မည်သည့်ဂိုဏ်းတွင်မဆို ကြီးလေးသော ရာဇ၀တ်မှုတစ်ခုဖြစ်သည်။ အရင်ကတော့ လူတိုင်းက မျက်ကွယ်ပြုထားပေမယ့် အခုတော့ ဂိုဏ်းခေါင်းဆောင် 'စစ်ခုန်းယုံ' က ဒီကိစ္စကို ကိုယ်တိုင် ထုတ်ပြောလာတဲ့အတွက် ကန့်လန့်ကာကြီး ဖယ်ရှားလိုက်သလိုပင်။
"ဆရာကုန်းက ပြဿနာတက်ပြီး မကြာခင်မှာပဲ... အဂ္ဂိရတ်ပညာရှင် ဆရာကြီးစူးဟာ တောက်ပတဲ့အနာဂတ်နဲ့ ဆရာကုန်းထက်တောင် ပိုကောင်းတဲ့ အရည်အချင်းတွေရှိတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူလည်း ထူးထူးဆန်းဆန်း ထွက်သွားတယ်။ ဒါတွေအကုန်လုံးက မုန့်စန်းလုပ်နေပုံရတယ်။"
အချို့သော ဒုတိယခန်းမခေါင်းဆောင်များက သူတို့ကိုယ်သူတို့ စဉ်းစားလာကြသည်။
ကုန်းကျန့် ပျောက်ကွယ်သွားပြီးနောက် မကြာမီတွင် အဂ္ဂိရတ်ပညာရှင်အသစ် ဆရာစူး ထွက်ပြေးသွားပြီဟု ကောလဟာလများ ထွက်ပေါ်ခဲ့သည်။ ဆရာစူးရာထူးကို လွှဲပြောင်းရယူခဲ့သူမှာ မုန့်စန်း၏လက်အောက်ခံ လျိုကန်းဖြစ်သည်။ ဒီနေရာမှာ ပြဿနာမရှိဘူးလို့ ပြောရင် သူတို့ ငတုံးငအတွေလို ဆက်ဆံရလိမ့်မည်။
"မုန့်စန်း၊ မင်းက နှိမ့်ကျတဲ့ ဇာတိက လာပြီး မင်းရဲ့ အရည်အချင်းကို ငါ တန်ဖိုးထားခဲ့တယ်။ မင်းရဲ့ ဒုခေါင်းဆောင်ရာထူးကို မြှင့်တင်ဖို့ ငါထောက်ခံပေးခဲ့တယ်။ ငါ့ရာထူးကို လိုချင်တာ မမှားပါဘူး။ ဧရာမဝေလငါးဂိုဏ်းမှာ ဂိုဏ်းခေါင်းဆောင်ရဲ့ ရာဇပလ္လင်ကို သိမ်းပိုက်ဖို့ အိပ်မက်မမက်တဲ့သူ ဘယ်သူရှိလို့လဲ.. ဒါပေမယ့် အဲ့တာက စွမ်းဆောင်ရည်အပေါ်မှာ မူတည်တာ။ မင်းရဲ့ပန်းတိုင်ကို ရဖို့အတွက်နဲ့ ပင်လယ်ဓားပြတွေနဲ့ တိတ်တဆိတ် ပူးပေါင်းပြီး ကိုယ့်ဂိုဏ်းကိုတော့ သစ္စာမဖောက်ခဲ့သင့်ဘူး”