← Chapters

တစ္ဆေဘုရင်အား နှိမ်နင်းခြင်း

Vol. 5 Ch. 63

တစ္ဆေဘုရင်အား နှိမ်နင်းခြင်း

Vol. 5 Ch. 63

ခွန်းလွန်တောင်သည် တရုတ်ပြည်တွင် ကြောက်မက်ဖွယ် အကောင်းဆုံး တောင်ဖြစ်သည်။ တောင်တန်းသည် ကီလိုမီတာ နှစ်ထောင်ကျော် ရှည်လျားပြီး ပင်လယ်ရေ မျက်နှာပြင်အမြင့် မီတာငါးထောင်ကျော်တွင် တည်ရှိသည်။

တရုတ်ပြည် သမိုင်းကြောင်းတွင် အရေးပါသည့် အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်နေပြီး ရှေးခေတ်လူများသည် ‘နဂါးသွေးကြော’ ဟုပင် ခေါ်ဆိုကြသည်။

သို့ပေမဲ့လည်း သာမန်လူများသည် ထိုတောင် တည်ရှိသည်ဟု သိရှိထားရုံမျှသာ ဖြစ်သည်။

ကျင့်ကြံသူများ အတွက်မူ ခွန်းလွန်တောင်တန်း၏ တည်ရှိမှုသည် အလွန်မြင့်မြတ် ပေသည်။ ခွန်းလွန် တောင်တန်းသည် နတ်ဘုရားတို့၏ ဒေသဖြစ်သည်။ ကမ္ဘာကြီး၏ အသက်သွေးကြော ဖြစ်သည်။

ထိုနေရာသည် စိတ်စွမ်းအင်များ အကြွယ်ဝဆုံးနှင့် အပေါများဆုံး ရှိသည့်နေရာ ဖြစ်သည့်အပြင် အဆုံးမဲ့ စမ်းချောင်းအတွင်း အလွန်အမင်း ရှားပါးသည့် ရတနာပစ္စည်းများ ထွက်ပေါ် လာတတ်သည်။

မြင့်မြတ်ကာ စွမ်းအားကြီးသည့် သူများသည် ထိုနေရာတွင် ကျင့်ကြံကြပြီး အဆင့်မြင့် မကောင်းဆိုးဝါး များသည် တောင်ကြောတစ်လျှောက် ဒေါသတကြီး ရမ်းကားကြသည်။ ထို့အပြင် သဘာဝအလျှောက် ဖြစ်ပေါ်နေသော သေစေနိုင်သည့် နယ်မြေများ ရှိသလို များပြားလှစွာသော လျှို့ဝှက် နယ်မြေများလည်း ရှိသည်။

ထိုနေရာသည် မရေမတွက်နိုင်သည့် ကျင့်ကြံသူများအား ဆွဲဆောင်နိုင်သော ကြီးမားသည့် ဘေးအန္တရာယ်များနှင့် ကံတရားများ စုဆုံနေသည့် နေရာဟု ဆိုကြသည်။

အန်လင်း၊ စုရှောင်လန်၊ ရွှမ်ယွမ်ချန်၊ ထျန်းလင်းလင်းနှင့် ဟောင်ရှန့်ရှန့် တို့သည် ခွန်းလွန် တောင်တန်းများသို့ ရောက်ရှိလာကြသည်။

မြေပုံအညွှန်းအတိုင်း လျှောက်လာပြီး နောက်တွင် သူတို့သည် ခွန်းလွန်တောင်တန်း များအတွင်း တည်ရှိနေသည့် နတ်ဆိုးစေတီအား ရှာတွေ့ပြီ ဖြစ်သည်။

စစ်ကူ ၁၃ယောက်တို့သည် သူတို့၏ အငွေ့အသက်များအား ဖိနှိပ်ထားပြီး သူတို့၏ တည်ရှိမှုအား ဖုံးကွယ်ထားကြသည်။ မမျှော်လင့်ထားသည့် အခြေအနေများ ရှိမလာလျှင် သူတို့အနေနှင့် မည်သည့်အရာမျှ ပြုလုပ်ရန် မလိုအပ်ပေ။

အန်လင်းနှင့် အခြားသူများသည် အဆိပ်မန္တန်ဝင်္ကဘာ တစ်ခုအား ဖြတ်ကျော်ခဲ့ပြီးနောက် ကြက်သွေးရောင် စေတီကြီးတစ်ခုအား တွေ့လိုက်ရသည်။

ထိုစေတီအား အလွန်အားကောင်းသည့် တံဆိပ်တော်နှင့် ဖိနှိပ်ထားသော်ငြား နတ်ဆိုးများ ရှိနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။

ရွှမ်ယွမ်ချန်သည် မျက်လုံးအား မှေးကျဉ်း လိုက်ပြီးနောက် အဆင့်၆ ဆင့်ရှိ နတ်ဆိုးစေတီအား ကြည့်လိုက်သည်။ “ငါကြားဖူးတာတော့ အဲဒီစေတီထဲမှာ တစ္ဆေဧကရာဇ် သုံးကောင်ကို ချိပ်ပိတ်ထားတယ်တဲ့ … ပြီးတော့ ကောင်းကင်ဘုံပိုင်နက်ရဲ့ အလင်းသခင် ယီစီက သူတို့ကို မှော်ရတနာ သန့်စင်တဲ့အခါ အသုံးပြုတယ်တဲ့လေ … ဒီစေတီက မှော်ရတနာရဲ့ အခြေခံပုံစံတဲ့ … ငါက အခု သူ့ရဲ့ အငွေ့အသက်ကို အာရုံခံမိနေတော့ အဲဒီမှော်ရတနာကို သန့်စင်ပြီးသွားရင် အဆင့်မြင့် စိတ်ဝိညာဉ် လက်နက်အထိတောင် ရောက်ရှိနိုင်တယ်ဆိုတာ အခုမှ နားလည်တော့တယ် …”

“ကောင်းပြီ … ကြီးမြတ်တဲ့ အလင်းသခင် ယီစီရေ … ကျွန်တော်တို့လို ငယ်သားတွေကို သနားပါဦးနော် …” အန်လင်းသည် ညည်းတွား နေလေသည်။

“ချိပ်တံဆိပ်တော်ကို ခိုင်ခံ့အောင် မလုပ်ခင် ငါတို့မှာ အချိန်နည်းနည်း ရသေးတယ် … ပြီးတော့ နတ်ဆိုးစေတီရဲ့ တည်နေရာကို အတည်ပြုပြီးပြီဆိုတော့ မျက်လုံး တစ်ရာပင့်ကူကို အရင်ဆုံး သွားသတ်ကြတာပေါ့ …” ဟောင်ရှန့်ရှန့်သည် နှင်းဘုရင်ပင့်ကူမျှင် အထွေးအား သူမ၏ လက်တွင် ကိုင်ထားလျက် ပြောသည်။

မျက်လုံးတစ်ရာပင့်ကူသည် အမြဲလိုလို နတ်ဆိုး စေတီတစ်ဝိုက်တွင် လှည့်လည်သွားလာ နေတတ်သည်။

သို့ပေမဲ့လည်း တစ္ဆေဧကရာဇ် သည်ပင်လျှင် နတ်ဆိုးစေတီ၏ တံဆိပ်တော်အား မချိုးဖောက်နိုင်ပါက တစ္ဆေဘုရင်အား ထည့်ပြောနေရန် မလိုတော့ချေ။

တစ္ဆေဘုရင်အား သုတ်သင်ရန် သွားမည်ဟု ကြားလိုက်သည့်အခါတွင် ထျန်းလင်းလင်းသည် ချက်ချင်း ဆိုသလိုပင် စေတနာ့ဝန်ထမ်း လုပ်တော့သည်။ “ငါက အငွေ့အသက် တွေနောက် လိုက်တဲ့နေရာမှာ အတော်ဆုံးပဲ … ငါလုပ်မယ် … ငါလုပ်မယ် …”

ထျန်းလင်းလင်း၏ အလွန်အမင်း စိတ်အား ထက်သန်နေမှုအား မြင်ရသည့်အတွက် ဟောင်ရှန့်ရှန့်သည် ရွေးချယ်စရာ မရှိတော့ဘဲနှင့် နှင်းဘုရင်ပင့်ကူမျှင်အား သူမကို ပေးလိုက်ရသည်။

နှင်းဘုရင်ပင့်ကူမျှင်အား ရသည့်အခါတွင် ထျန်းလင်းလင်းသည် သူမ၏ အိတ်ထဲမှနေ ထူးဆန်းသည့် ဝင်္ကဘာပြား တစ်ချပ်အား ထုတ်ယူလိုက်သည်။

စိတ်စွမ်းအင်အား အသုံးပြုကာ အသက်သွင်းလိုက်ပြီး နောက်တွင် ထိုဝင်္ကဘာပြားသည် ရုတ်တရက်ဆိုသလို ပါးစပ်ပွင့်လာပြီး နှင်းဘုရင်ပင့်ကူမျှင်အား ဝါးစားလိုက်သည်။ ထို့နောက်တွင် ဝင်္ကဘာပြား ထိပ်၌ တပ်ဆင်ထားသည့် အပ်သည် ခေတ္တမျှ လှည့်ပတ်နေ ပြီးနောက် ဦးတည်ရာ တစ်ခုတွင် ရပ်တန့်သွားသည်။

“သွားကြစို့ …” ထျန်းလင်းလင်းသည် အောင်နိုင်စွာဖြင့် သွားဖြီး လိုက်ပြီးနောက် ဝင်္ကဘာပြားမှ ညွှန်ပြထားသည့် လမ်းကြောင်းသို့ လျှောက်သွားလိုက်သည်။

တောင်တန်း အနည်းငယ်အား ဖြတ်ကျော်ပြီး နောက်တွင် ပတ်ဝန်းကျင်တွင် ပါးလွှာသည့် အဖြူရောင်မြူခိုးများ ပေါ်လာသည်။

ထိုနေရာတွင် ရှိနေသည့် စိတ်စွမ်းအင်များသည် အလွန်အမင်း ပေါကြွယ်ဝသဖြင့် ကျင့်ကြံဖို့ရာ ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်ကြောင်း အန်လင်းနှင့် အခြားသူများက အာရုံခံမိကြသည်။

ကျင့်ကြံဖို့ရန် သင့်တော်သည့် နေရာတစ်ခု ဖြစ်သည့်အတွက် အမျိုးမျိုးသော မကောင်းဆိုးဝါးများနှင့် သားရဲများ တို့သည်လည်း ထိုနေရာအား နှစ်သက် သဘောကျသည်မှာ သဘာဝပင် ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ပို၍ သတိရှိလာကြသည်။

ရုတ်တရက် ဆိုသလိုပင် ဝင်္ကဘာပြားထိပ်ရှိ အပ်သည် အလွန်လျင်မြန်စွာ လှည့်ပတ်လာသည်။ ပစ်မှတ်၏ အငွေ့အသက်နှင့် တည်နေရာသည် တည်ငြိမ်ခြင်း မရှိခြင်းကြောင့် ထိုသို့ဖြစ်ရခြင်း ဖြစ်သည်။

“မျက်လုံးတစ်ရာပင့်ကူက ငါတို့နား ရောက်နေပြီ …” ထျန်းလင်းလင်းက အော်လိုက်သည်။

သူမပြောပြီးသည့် အချိန်မှာပင် သူမလက်ထဲရှိ နှင်းဘုရင်ပင့်ကူမျှင်သည် ရုတ်တရက် ဆိုသလို အသက်ဝင်လာပြီး ပိုးမျှင်များ အန်ထုတ်ကာ ထျန်းလင်းလင်း၏ သေးသွယ်သည့် ခန္ဓာကိုယ်လေးအား တင်းကျပ်စွာ ချည်နှောင်လိုက်သည်။

“အား …” ထျန်းလင်းလင်းသည် ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။

သူမသည် လွတ်မြောက်ရန် အတွက် လူးလွန့်ကာ ကြိုးစားလေသည်။ သူမ အံ့ဩမိသည်မှာ ပင့်ကူမျှင်များသည် သူမအား တင်းသထက် တင်းအောင် ချည်နှောင်နေကြခြင်းပင်။

ရွှမ်ယွမ်ချန်သည် ပထမဆုံး တုံ့ပြန်လိုက်သူ ဖြစ်သည်။ ချက်ချင်း ဆိုသလိုပင် ဓားအား ဆွဲထုတ်ကာ ထျန်းလင်းလင်းထံ ပြေးသွားလိုက်ပြီး အချက်ရာချီ ခုတ်လွှဲကာ သူမအား ချည်နှောင်ထားသည့် ပင့်ကူမျှင်များကို အပိုင်းပိုင်း ပြတ်စေသည်။

ထျန်းလင်းလင်းသည် သက်ပြင်းမချ နိုင်ခင်မှာပင် တရှူးရှူး မြည်သံသည် ပို၍ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။

သူတို့သည် နှင်းဘုရင်ပင့်ကူမျှင်အား အသုံးပြုကာ တစ္ဆေဘုရင်အား ခြေရာခံ နေချိန်တွင် တစ္ဆေ ဘုရင်သည်လည်း နှင်းဘုရင်ပင့်ကူမျှင်မှတစ်ဆင့် သူတို့အား ခြေရာခံနိုင်စွမ်း ရှိသည်။ ထို့အပြင် တစ္ဆေ ဘုရင်သည် ယင်းအား ထိန်းချုပ်နိုင်စွမ်းလည်း ရှိသည်။

ရွှမ်ယွမ်ချန်သည် ထျန်းလင်းလင်းအား သူ့အနောက်သို့ပို့ကာ ကာကွယ် လိုက်ပြီးနောက် သတိအပြည့်နှင့် ရှိနေသည်။

သူက ထိုအဖွဲ့တွင် အသန်မာဆုံးသူ ဖြစ်သည်။ ဆိုလိုသည်မှာ တစ္ဆေဘုရင်နှင့် ရင်ဆိုင်ရပါက သူ့အနေနှင့် သေချာပေါက် တိုက်ခိုက်ရမည်ပင်။

အန်လင်းနှင့် စုရှောင်လန် တို့သည် သူ့အားကူညီကာ တိုက်ခိုက်ပေး ကြလိမ့်မည်။

ထျန်းလင်းလင်းနှင့် ဟောင်ရှန့်ရှန့် တို့မှာမူ အစီအစဉ်အတိုင်းသာ ဖြစ်လာမည်ဆိုလျှင် သူမတို့ နှစ်ဦးသည် ဘေးတွင်ရပ်ကာ သူတို့ကို အားပေးကြမည် ဖြစ်သည်။

ဧရာမ ပုံရိပ်တစ်ခုသည် မြူများအကြားမှ ထွက်လာသည်။ ယင်းသည် ပေသုံးဆယ် အမြင့်ရှိသည့် ကြောက်မက်ဖွယ်ရာ ပင့်ကူကြီး တစ်ကောင်ပင်။ ထိုအမြင့်သည် သုံးထပ် အဆောက်အဦ တစ်ခု၏ အမြင့်နှင့် ညီမျှသည်။

ဓားများကဲ့သို့ ချွန်ထက်နေသည့် ခြေရှစ်ချောင်းသည် မြေပြင်အား ထိုးစိုက်ထားသည်။ မြောက်များစွာသော မျက်လုံးများ သည်လည်း အဆုံးမသတ်နိုင်အောင် လည်နေလေသည်။ ယင်းသည် ရုပ်ဆိုးကာ ကြောက်မက်ဖွယ် ကောင်းလွန်းသည်။

ဇကာပေါက်ကဲ့သို့ အကွက်များအား ကြည့်ရခြင်းကို ကြောက်ရွံ့သူ တစ်ယောက်သည် ထိုပင့်ကူအား မြင်ပါက ချက်ချင်းဆိုသလို မူးမေ့ သွားမည် ဖြစ်သည်။

ထိုပင့်ကူ ရောက်ရှိလာသည်နှင့် ကြောက်မက်ဖွယ် အငွေ့အသက်ကို ခံစားရသည်။ ထိုအငွေ့အသက်သည် တစ္ဆေ ဘုရင်တစ်ကောင်တွင် ရှိသည့် အငွေ့အသက် ဖြစ်သည်။

သူ့အရှေ့တွင် ရှိနေသည့် ကျင့်ကြံသူများသည် အလွန်သန်မာခြင်း မရှိသည်ကို အာရုံခံမိသဖြင့် မျက်လုံး တစ်ရာပင့်ကူသည် ထွက်ပြေးလိုစိတ် မရှိချေ။

ကျင့်ကြံသူများ၏ အသားသည် အလွန်အရသာရှိသည်။ ထို့ကြောင့် ယင်းသည် ထိုအခွင့်အရေးအား မည်သို့မျှ လက်လွှတ် ဆုံးရှုံးမခံနိုင်ပါ။

မျက်လုံး တစ်ရာပင့်ကူသည် ပါးစပ်ကိုဟကာ ကြီးမားသည့် အရွယ်အစားရှိ ပင့်ကူမျှင်များအား ပစ်လွှတ်လေသည်။

သူတို့အားလုံးအား ဖုံးအုပ် လိုက်နိုင်သည့် ပေတစ်ရာခန့်ရှိ နှင်းကဲ့သို့ ဖြူဖွေးနေသော ပင့်ကူအိမ်ကြီး ပေါ်လာပြီး လျင်မြန်သည့် အရှိန်ဖြင့် ကျလာသည်။ သိသာစွာပင် ထိုပင့်ကူသည် သူတို့အားလုံးအား ဦးစွာ ချည်နှောင်လိုနေခြင်း ဖြစ်သည်။

“အင်မော်တယ်မန္တန် မီးလျှံဇာမဏီလက်ဝါး …”

စုရှောင်လန်သည် လက်ဝါးကို မြှောက်ကာ ပင့်ကူအိမ်ကို ဒေါသတကြီး ရိုက်ချလိုက်သည်။

ဘုန်း …

အလွန်အမင်း သန့်စင်သည့် မီးလျှံလက်ဝါး တစ်ခုသည် ပင့်ကူအိမ်အား ပြာအဖြစ်သို့ လောင်ကျွမ်းပစ်လိုက်သည်။

ဟောင်ရှန့်ရှန့်၏ မျက်နှာတွင် အံ့ဩသည့် အရိပ်အယောင်များ ဖြတ်သန်းသွားပြီး “အရမ်းအားကောင်းတာပဲ … ဒီကောင်မလေးက တစ္ဆေဘုရင်ရဲ့ ပင့်ကူအိမ်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီး လိုက်နိုင်တယ် …”

ထိုတိုက်ကွက်မှာ အကျိုးသက်ရောက်မှု မရှိသည်ကို မြင်လိုက်ရသဖြင့် မျက်လုံး တစ်ရာပင့်ကူသည် အန်လင်းနှင့် အခြားသူများထံသို့ ခုန်အုပ်လာသည်။

ထိုပင့်ကူ၏ ခန္ဓာကိုယ်မှာ ကြီးမားသော်လည်းပဲ သူ၏ ခုန်အုပ်ချက်သည် အထင်ကြီး လောက်စရာပင် ဖြစ်သည်။ လေထဲသို့ မီတာရာပေါင်းများစွာ မြင့်တက်သွားပြီး လှံများနှင့်တူသော နက်မှောင်နေသည့် ခြေရှစ်ချောင်းသည် အန်လင်းနှင့် အခြားသူများထံသို့ ထိုးဆင်းလာသည်။

ရွှမ်ယွမ်ချန်သည် ခြေဆောင့်နင်းကာ လေထဲသို့ ခုန်လိုက်သည်။ လေထဲရှိ ကြောက်မက်ဖွယ် ပုံရိပ်ကြီးနှင့် ရင်ဆိုင်ရသော်လည်း သူ့အမူအရာသည် ပြောင်းလဲခြင်း မရှိဘဲ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

သူ၏ဓားမှနေ အဖြူရောင်ဓားတစ်ချောင်း ထွက်လာသည်။ ထိုခုတ်ချက်သည် အကြီးအကျယ် ထိခိုက်စေသည့် တိုက်ကွက် မဟုတ်သော်လည်း ပင့်ကူ၏ ကြီးမားသော ပုံရိပ်ကြီးအား လေထဲတွင် လည်နေစေသည်။

ထို့နောက်တွင် ပင့်ကူသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ဘုန်း …

ပြုတ်ကျသည့် အရှိန်ကြောင့် မြေကြီး ဟက်တက် ကွဲသွားသည်။

ပင့်ကူ၏ ဦးခေါင်းပိုင်းသည် ဦးစွာ ကျဆင်းလာပြီး ခြေထောက်များသည် လေပေါ်တွင် ထောင်လျက် ရှိနေသည်။ အလွန်နာကျင် ခံစားနေရပုံပင်။

“ဝိုး … ဒီတိုက်ကွက်က အရမ်းကို အံ့ဩဖို့ကောင်းလိုက်တာ … အခုလို ဓားနည်းစနစ်မျိုး တစ်ခါမှတောင် မတွေ့ဖူးဘူး … ဝူတန်းတောင်က ဦးဦးချန်း ဆီမှာတောင် အခုလို မမြင်ဖူးဘူး …” ထျန်းလင်းလင်းက ချီးကျူးလိုက်သည်။

“အမှန်ပဲ … အင်မော်တယ် သံတမန် ရွှမ်ယွမ်ချန်က ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ထိုက်ချီ နည်းစနစ်ကို နားလည် သဘောပေါက်ထားတယ် … တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ပါရမီရှင်ပဲ …” ဟောင်ရှန့်ရှန့်၏ လေသံတွင် လေးစားသည့် အရိပ်အယောင်များ ပြည့်နေသည်။

သူ့ဘေးတွင် ရပ်နေသည့် အလှလေး နှစ်ယောက်သည် လိုသည်ထက် ပိုမိုကာ မြှောက်ပင့် နေကြသည်ကို မြင်ရသည့်အခါတွင် အန်လင်းမှာ အတော်လေး ဆွံ့အနေမိသည်။

အဲတော့ သူတို့နှစ်ယောက်က တကယ်ကြီး အားပေးဖို့ပဲသိတဲ့ ငတုံးတွေ ဖြစ်သွားကြတာလား … ထျန်းလင်းလင်း … နင့်ရဲ့ တံဆိပ်တော်တွေ ဘယ်မှာတုန်း … ဟောင်ရှန့်ရှန့်ကကော … နင့်ရဲ့ နည်းပညာမြင့် နောက်ဆုံးပေါ် သေနတ်က ဘယ်မှာလဲ … အခုလိုမျိုး တိုက်ပွဲနဲ့ ရင်ဆိုင်နေတဲ့ အချိန်မှာ တစ်ခုခုလုပ်ဖို့ လိုအပ်တယ်လို့ နင်တို့နှစ်ယောက်က မခံစားရဘူးလား … ဟမ် …

အန်လင်းက သက်ပြင်း အသာချလိုက်ပြီး ပြုတ်ကျနေသည့် ပင့်ကူအား တောင်ခွင်းလက်သီး အသုံးပြုလိုက်သည်။

ဘုန်း …

ကြီးမားသည့် စွမ်းအားများ ပါဝင်သော ရွှေရောက လက်သီးသည် မျက်လုံး တစ်ထောင်ပင့်ကူ၏ ဝမ်းဗိုက်သို့ ထိုးဖောက်သွားသည်။

ပင့်ကူ၏ ဝမ်းဗိုက်အောက်ပိုင်းသည် အကာအကွယ် မဲ့သည့်အတွက် လက်သီးချက်ကြောင့် ကြေမွကာ ကွဲထွက်သွားသည်။

“ရှူး …” ပင့်ကူသည် စိတ်မချမ်းသာဖွယ် အော်ဟစ်နေလေသည်။ ခန္ဓာကိုယ်မှာ လက်သီး၏ ပြင်းအားကြောင့် တုန်ရီနေပြီး ပါးစပ်အတွင်းမှ သွေးစိမ်းများ တစိမ့်စိမ့်စီး ကျလာသည်။

“အရမ်း အားကောင်းတာပဲ … အင်မော်တယ်သံတမန် အန်လင်းက တစ္ဆေဘုရင်ရဲ့ ခံစစ်ကို လက်သီး တစ်ချက်တည်းနဲ့ ဖောက်ဖျက် လိုက်နိုင်တယ် … အဲဒီ ရွှေရောင်လက်သီးမှာ ပါဝင်တဲ့ စွမ်းအားက စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက် နိုင်စွမ်းနဲ့တောင် ယှဉ်လို့ရတယ် …” ဟောင်ရှန့်ရှန့်သည် အန်လင်းအား ချီးကျူးနေစဉ် သူမ မျက်လုံးထဲတွင် အံ့ဩသည့် အရိပ်အယောင်များ ပေါ်လေသည်။

“အဲဒီတိုက်ကွက်ကို အရင်က မြင်ဖူးခဲ့တယ်…  အခု ပိုပြီး အားကောင်းလာတယ် … အတုအယောင် တာအိုသခင်ကွ …” ထျန်းလင်းလင်း သည်လည်း ဘေးမှနေကာ အားပေးလျက် ရှိသည်။

အန်လင်းက မျက်နှာမဲ့ လိုက်သည်။ အခုတော့ နားလည် သဘောပေါက် သွားလေပြီ။ ထိုနှစ်ယောက်သည် စကတည်းက ကူညီဖို့ အစီအစဉ် မရှိခဲ့ကြချေ။

ထားလိုက်ပါတော့လေ … သူတို့ဘာသာ ပါးစပ်အဟောင်းသားနဲ့ ရပ်ကြည့် နေကြပါစေတော့ …

အန်လင်းက ခေါင်းခါ လိုက်ပြီးနောက် တိုက်ပွဲအတွင်း ပြန်လည် ဝင်ရောက်ကာ တစ္ဆေဘုရင်အား တိုက်ခိုက်နေသည့် သူများနှင့် ပူးပေါင်းလိုက်တော့သည်…။

***

All Chapters