သေခြင်းအလံ
Vol. 39 Ch. 556
"ငါ့ ကံက အဲ့လောက်ကြီးမဆိုးနိုင်သေးပါဘူးလေ။ ဘာလို့ သေခြင်းအလံကို ထောင်ပြနေသလိုမျိုး ခံစားနေရတာလဲ"
အာရန်သည် အတော်လေး စိတ်မသက်မသာဖြစ်မိသဖြင့် အမှတ်တမဲ့ ရေရွတ်လိုက်မိသည်။
ဤငရဲသို့ သူ ဝင်ရောက်လာပြီးကတည်းက သူ၏ ကံကြမ္မာသည် အကြိမ်ကြိမ် အဖန်ဖန် ဆိုးရွားလွန်းနေခဲ့၏။
"သေခြင်းအလံဟုတ်လား... ကျွန်မ ရုပ်ပြစာအုပ်တစ်အုပ်မှာ အဲ့ဒီအသုံးအနှုန်းတစ်မျိုး သုံးတာ မြင်ဘူးတယ်။ အဲဒါက ရှင်တို့ ကမ္ဘာမြေသားတွေသုံးတဲ့ မီးမ်(Meme) ဆိုတဲ့အရာ မဟုတ်ဘူးလား"
ယဲ့ဗ်နီသည် သူမ ဖတ်ဖူးသည့် Comic စာအုပ်တစ်အုပ်ထဲမှ ရင်းနှီးသော ဝေါဟာရတစ်ခုကို ကြားလိုက်ရသောကြောင့် အနည်းငယ် အံ့သြသွားဟန်ရလေသည်။
ပထမမူလကြယ်၏ ပါးစပ်ရာဇဝင် ဇာတ်လမ်းများစွာသည် သူမအား ငယ်စဥ်ကတည်းကပင် စူးစမ်းလိုစိတ်များကို မီးငြှိပေးလိုက်သလိုဖြစ်ခဲ့ရပြီး ကမ္ဘာမြေအကြောင်း သူမအား အလွန်စိတ်ဝင်စားလာစေခဲ့၏။
သူမ၏ ညွှန်ကြားချက်များအရ ညတောင်ပံမျိုးနွယ်စုဝင်များသည် လေလံပွဲများတွင် ပုံမှန် ပါဝင်ခဲ့ကြပြီး ကမ္ဘာမြေနှင့် ဆက်စပ်နေသည့် ပစ္စည်းများကို အခြားသူများထက် စျေးပိုမိုပေးကာ လိုလိုလားလားပင် ဝယ်ယူခဲ့ကြသည်။
ထိုပစ္စည်းများသည် မကြာခဏဆိုသလို စာအုပ်များနှင့် ရုပ်ပြများအပြင် တစ်ခါတစ်ရံ ထူးဆန်းသည့် အဝတ်အထည်များပင် ပါရှိတတ်လေသည်။
တစ်ခါက သူမသည် မီးလင်းနိုင်ပြီး သတင်းအချက်အလက် အမျိုးမျိုးကို ပြသပေးနိုင်သည့် ဖန်ပြားတစ်ချပ်အကြောင်းကိုပင် ကြားဖူးခဲ့သေးသည်။
ကံမကောင်းစွာဖြင့် သူမ၏ မိသားစုသည် ထိုပစ္စည်းကို ဝယ်ယူနိုင်ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ ၎င်းကို မူလကြယ်မျိုးနွယ်စုများထဲမှ တစ်ဦးက ဝယ်ယူသွားခဲ့သောကြောင့် ဖြစ်လေ၏။
အချိန်ကြာလာသည်နှင့်အမျှ သူမ၏ စိတ်ဝင်စားမှုများသည် ဝါသနာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ကမ္ဘာမြေနှင့် ချိတ်ဆက်ထားသော ဂိတ်တံခါးပေါက်ကို ပိတ်ပစ်လိုက်ပြီဟု ကြေညာချက်တစ်ခုကို ကြားသိလိုက်ရသောကြောင့် သူမအနေနှင့် အတော်လေး စိတ်မကောင်းဖြစ်သွားခဲ့ရ၏။
ဤသို့ဖြင့် အချိန်တစ်ခုကြာပြီးနောက်တွင် သူမအလွန်စိတ်ဝင်စားခဲ့သော ထိုကမ္ဘာမြေမှ ရောက်ရှိလာသည့် ကျူးကျော်သူတစ်ဦးနှင့် ယခုကဲ့သို့ နှဖူးတွေ့ ဒူးတွေ့ တွေ့ဆုံခွင့် ရလိမ့်မည်ဟု သူမအနေနှင့် အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ချေ။
"ဒီအခြေအနေမှာ ငါ့ဘဝက မီးမ် (Meme) တစ်ခုတောင် ဖြစ်သွားခဲ့ပြီလား.." အာရန်သည် ထိုရည်ညွှန်းချက်လေးကို ကြားလိုက်မိသည်နှင့် ထိုမိန်းကလေး အဘယ်ကြောင့် ထိုမျှ ပျော်ရွှင်သွားရသည်ကို နားမလည်ဘဲ ခေါင်းခါလိုက်မိသည်။
သူမသည် သူမတစ်ဦးတည်းသာ နားလည်နိုင်သည့် အဓိပ္ပါယ်ကို ရရှိလိုက်သော ကလေးငယ်တစ်ဦးနှင့် တူညီနေခဲ့သည်။
အာရန်သည် သူမမှာ သူ့အား သူမကို ချီးကျူးစေလိုခြင်း များလားဟုပင် သံသယဝင်မိလိုက်၏။
အာရန်သည် ထိုကျွန်ပြုခြင်း လက်ဝတ်တန်ဆာမှာ ဘေးကင်းကြောင်း အတည်ပြုနိုင်ပြီးနောက် သူ၏ ဘယ်ဘက်လက်မောင်းတွင် ဝတ်ဆင်လိုက်လေသည်။
ထိုလက်ဝတ်တန်ဆာ၏ ဖယ်ရှား၍ မရနိုင်သည့် ပြဿနာသည် သူ့အနေနှင့် ဤလောကမှ ထွက်ခွာပြီးနောက် လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။
ထို့ကြောင့် သူ့အနေနှင့် ၎င်းကို အလွန်အမင်း စိုးရိမ်ထားခြင်း မရှိပေ။
ထိုအရာဖြင့် သူသည် သူ၏ အသက်ဓာတ်ထွက်ပေါ်နေမှုအား လူမိသွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
တစ်စုံတစ်ဦးက သူ့အား ကျူးကျော်သူတစ်ဦးအဖြစ် သတိထားမိခဲ့လျှင်ပင် သူသည် အဖမ်းခံရပြီး တစ်စုံတစ်ဦးထံ ရောင်းချခံခဲ့ရပြီဖြစ်ကြောင်း သက်သေရှိနေပြီမဟုတ်ပါလား...။
ထို့ကြောင့် ထို ပြဿနာသည် ပြေလည်သွားခဲ့ပြီဖြစ်သည်။
ထို့နောက်အာရန်သည် ငရဲခွေးမြို့၏ ဝင်ပေါက်သို့ ချဉ်းကပ်သွားလိုက်သည်။
ငရဲခွေးမြို့တွင် ဝင်ပေါက်လေးခု ရှိပြီး တစ်ခုချင်းစီသည် သီးခြား အရပ်မျက်နှာတစ်ခုစီတွင် တည်ရှိလေ၏။
ထိုဝင်ပေါက် လေးခုစလုံးတွင် အစောင့်တစ်ဦးတယောက်မျှ ရှိနေပုံမရဘဲ လုံးဝ သည်အတိုင်းသာ ပွင့်နေကြသည်။
"ဒါက... လွယ်လွန်းနေသလိုပဲ"
အာရန်သည် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူ ညတောင်ပံကလန်ကိုရောက်ခဲ့စဥ်က လူအများအပြားဖြင့် စောင့်ကြပ်ခံထားရသော်လည်း ဤမြို့မှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
ဤဝင်ပေါက်တွင် ကာကွယ်ရန် အစောင့်တစ်ဦးမျှ မရှိသည့်အခါ ထိုမျှ မြင့်မားသော တံတိုင်းများ ထားရှိခြင်း၏ ရည်ရွယ်ချက်က ဘာအရေးပါဦးမည်နည်း။
သို့သော် ထိုမျှမရိုးရှင်းကြောင်း သူ၏ ဗီဇသိစိတ်အရ ခံစားမိနေဆဲပင်။
ဤမျှ အရေးကြီးသော မြို့တစ်မြို့၏ ဂိတ်ဝများတွင် လုံခြုံရေး တင်းကျပ်မှုများ ရှိကိုရှိရပေမည်။
မန္တာန်တစ်မျိုးမျိုးဖြင့် ကာကွယ်ထားခြင်းမျိုးဖြစ်နေလိမ့်မည်ဟုလည်း ယူဆထားခဲ့သည်။
သို့သော် လက်တွေ့တွင်မူ ဘာမှ ရှိမနေခဲ့ဟန်ပင်...။
ယဲ့ဗ်နီသည် အာရန်အား စိတ်ရှုပ်စရာကောင်းသော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
"လွယ်တယ်ဟုတ်လား ရှင် ဘာကို ဆိုလိုတာလဲ။ ဒီနေရာတွေက အမြဲတမ်း ဒီလိုပဲလေ"
"အမြဲတမ်း ဒီလိုပဲလား"
အာရန်သည် သူမ၏ စကားကို သံယောက်လိုက်မိလိုက်သည်။
ထိုစကားကြောင့် သူ၏ သံသယများ တိုးပွားလာခဲ့သည်။
"မင်း ဆိုလိုတာက မြို့ဝင်ပေါက်ကို စောင့်နေတဲ့သူ မရှိဘူးပေ့ါ စစ်ဆေးတာတွေ ဘာတွေ ဘာမှ မရှိဘူးလို့ဆိုလိုတာလား"
"ဟုတ်တယ်" သူမက ပြန်ဖြေသည်။
"ကျွန်မ အဖေတောင် ငရဲခွေးတွေကို ရန်စမိမဲ့ အဖြစ်မျိုး တတ်နိုင်သလောက် ရှောင်တယ်။ ညတောင်ပံမျိုးနွယ်စုကို ခေါက်ထားဦး။ ငရဲရဲ့ ဗဟိုဧရိယာမှာနေထိုင်တဲ့ မျိုးနွယ်စုတွေတောင် သူတို့နဲ့ ပတ်သက်မိမှာကို မကြိုက်ကြဘူး။ ဒါကြောင့် သူတို့ အနေနဲ့ ဒီလိုမျိုးဝင်ပေါက်မျိုးမှာ တကယ်လည်း အစောင့်တွေချထားဖို့ မလိုအပ်ပါဘူး။ ဒါ့အပြင်... ဘယ်သူ ဝင်လာပြီး ဘယ်သူ ထွက်သွားတယ်ဆိုတာ သိနိုင်တဲ့ တခြားနည်းလမ်းတွေအများကြီး သူတို့မှာ ရှိနေတယ်လေ"
"ငရဲခွေးမြို့က ညတောင်ပံမျိုးနွယ်စု နယ်မြေကို ဖြတ်သန်းသွားတာထက် ပိုအန္တရာယ်များနိုင်တယ်လို့ ကျွန်မပြောခဲ့တုန်းက ရှင်က ကျွန်မ နောက်ပြောင်နေတယ်လို့ ထင်ခဲ့တယ်မဟုတ်လား။ ထားလိုက်ပါ အဲ့ဒါတွေ ခု မြို့ထဲကို ဝင်တော့မယ်ဆိုတော့ တစ်ခုခုဆို ကျွန်မပဲ ပြောမယ် ရှင်ကနောက်မှ တိတ်တိတ်နေ ဒါဆို ကျွန်မတို့ အရာရာ အဆင်ပြေသွားလိမ့်မယ်"
"ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် မင်းက ဒီနေရာမှာ လမ်းပြတစ်ဦးပဲလေ"
အာရန်သည် ပထမကတည်းက မလိုအပ်ပဲ စကားပြောရန် ရည်ရွယ်ထားခြင်း မရှိခဲ့ချေ။
သူသည် ဤမြို့တွင် လူတိုင်းက အထင်သေးသည့် ကျွန်တစ်ဦး အနေဖြင့်သာ တည်ရှိသင့်သည် မဟုတ်ပါလော...။
သူသာ စကားပြောလိုက်ပါက အခြားသူများ၏ သံသယဝင်မှုများကိုသာ ကြုံတွေ့ရပေလိမ့်မည်။
သခင်လေးပါးရိုက် ဝတ္ထုများကို အလုံအလောက် ဖတ်ဖူးထားသဖြင့် လမ်းလျှောက်နေစဥ် မတော်တဆ သခင်လေးတစ်ဦးဦးနှင့် ကြုံတွေ့မိကာ သူတို့အား ရန်စမိမည်မှာ မည်မျှလွယ်ကူကြောင်းကိုလည်း သူ့အနေနှင့် ကောင်းစွာ နားလည်ထားလေသည်။
ဤမြို့တော်အကြောင်း ကောင်းစွာသိထားသော ယဲ့ဗ်နီကိုသာ ကိုင်တွယ်စေခြင်းဖြင့် များစွာပို၍ အန္တရာယ်ကင်းကာ ပိုမို ကောင်းမွန်ပေမည် မဟုတ်ပါလား...။
အာရန်သည် ဝင်ပေါက်နှင့် ပိုမို နီးကပ်လာသည်နှင့်အမျှ အဓိပ္ပါယ်မဖော်နိုင်သော တိုးညင်းသည့် အသံတစ်သံကို သူ၏ နားထဲတွင် ကြားလိုက်ရသည်။
သူသည် ယဲ့ဗ်နီနှင့်အတူ ဝင်ပေါက်ကို ဖြတ်ကျော်သွားမိသည်နှင့် ပတ်ဝန်းကျင် ကမ္ဘာတစ်ခုလုံးသည် ပုံပျက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် အခြားကမ္ဘာတစ်ခုထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရသကဲ့သို့ ထူးဆန်းသော ဆွဲငင်မှု တစ်ခုကို ခံလိုက်ရလေသည်။
အာရန်သည် ထိုခံစားချက်ကို လုံးဝ မုန်းတီးသည်။
သူသည် နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်၏။
သူ၏ ပတ်ဝန်းကျင်ရှိ အရာရာသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားခဲ့ပြီးနောက် အရာအားလုံးသည် မှောင်မိုက်ကျသွားခဲ့လေသည်။
အာရန်တစ်ယေက် သတိပြန်လည်လာသောအခါ သူသည် ပျားပန်းခပ်မျှ စည်ကားနေသော မြို့ဈေးတစ်ခုအတွင်း ရပ်လျက်သား ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
သူ၏ ပတ်ပတ်လည်တွင် ရင်းနှီးမှုမရှိသော အသံများနှင့်အတူ ရနံ့အမျိုးမျိုးဖြင့် ဝန်းရံနေလေသည်။
ခွေးကဲ့သို့အသွင်ရှိ၍ ရဲရဲနီနေသော မျက်လုံးကြီးများရှိနေသည့် အရပ်ရှည်ရှည် အထင်ကြီးစရာ ပုံသဏ္ဌာန်များသည် လူအုပ်ကြီးကြားထဲတွင် ဟိုဟို ဒီဒီ လျှောက်သွားနေကြသည်။
ဤနေရာရှိ အဆောက်အဦးများသည် ဂေ့ါသစ် (Gothic) ယဥ်ကျေးမှုဟန်ပန် ဗိသုကာ လက်ရာ များနှင့်အတူ ခေတ်မီဖွင့်ဖြိုးသောပုံဖော်ထားမှုများ ရောနှောလျက်ရှိနေပြီး အမြင်အရ သာမန်နှင့်မတူပဲ ထူးခြားသည့် ရှုခင်းတစ်ရပ်ကို ဖန်တီးပေးလျက်ရှိ၏။
ဤသို့ဖြင့်အရန်သည် ငရဲခွေးမြို့ထဲသို့ ဝင်ရောက်မိခဲ့ပြီဖြစ်သည်။
သို့သော် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
သူသည် ယဲ့ဗ်နီရှိရာဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူမအား မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
"ယဲ့ဗ်နီ"
အာရန်သည် ဈေး၏ ဆူညံသံများကြားတွင် သူ၏ အသံကို မနည်းထိမ်းကာ အော်ခေါ်မိလိုက်သည်။
သူသည် ပတ်ပတ်လည်ကို ကြည့်မိသော်လည်း ထိုမိန်းကလေးကို မည်သည့်နေရာမှာမှ မတွေ့ရတောပေ။
ဤသို့ဖြင့်အာရန်သည် အစွမ်းထက် ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေသော မြို့တစ်မြို့တွင် တစ်ယောက်တည်း ဖြစ်နေခဲ့ပြီး သူ ဘယ်နေရာတွင် ရှိနေသည် သို့မဟုတ် ယဲ့ဗ်နီကို မည်သို့ ရှာရမည်ဆိုသည်ကိုပင် မသိတော့ချေ။
"သူမ... ငါ့ကို သစ္စာဖောက်သွားတာလား"
ထိုသို့တွေးလိုက်မိသဖြင့် အာရန်၏ မျက်နှာသည် မှောင်မိုက်သွားခဲ့ရသည်။
"သူမ ငါ့အကြောင်းကို မြို့သခင်ဆီ တိုင်တန်းဖို့ ထွက်ပြေးသွားခဲ့တာများလား"
အာရန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
သူမသည် အခြေအနေကို သဘောပေါက်ပြီးနောက် သူ့အား အမှန်တကယ် ကူညီနေသည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် သူမသည် သူမ၏ မျိုးနွယ်စုကို ထိခိုက်စေနိုင်သည် ဆိုသော်ငြားလည်း ထိုလွတ်လပ်မှုကို တောင်းတနေဆဲပင် ဖြစ်ပုံရ၏။
အာရန်တစ်ယောက် ထိုသို့အတွေးထဲတွင် နစ်မျောနေစဉ် စကားသံတစ်ခုသည် သူ၏ နောက်မှ ထွက်ပေါ်လာခဲ့သည်။
အာရန်သည် နောက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ အရပ်ရှည်သော ငရဲခွေး စစ်သည်တော်တစ်ဦးနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။
၎င်း၏ မျက်လုံးများသည် ရဲရဲနီလျက်ရှိပြီး သံသယအချို့ဝင်နေဟန်လဲရလေသည်။
"မင်း"
ငရဲခွေးသည် ခြိမ်းခြောက်ဟန်ပါသော ရင်လှိုက်သံကြီးဖြင့် အာရန်အား ဟိန်းဟောက်လိုက်သည်။
"မင်း ငါ့လမ်းကို ပိတ်နေတယ်"
အာရန်သည် ချက်ချင်း ဘေးသို့ တိမ်းရှောင်ပေးလိုက်သည်။
သို့သော်ထိုလမ်းသည် ထိုငရဲခွေးသာ ဆန္ဒရှိပါက အလွယ်တကူပင် လျှောက်သွားနိုင်သည် အထိကျယ်ဝန်းနေခဲ့သည်။
အာရန် မျှော်လင့်ထားသည့်အတိုင်းပင် ငရဲခွေးသည် ထိုကိစ္စလေးဖြင့်ပင် ဒေါသထွက်နေပြီ ဖြစ်၏။
သူသည် အာရန်အား ဒီအတိုင်း ကျော်မသွားခဲ့ပေ။
ယင်းအစား ရွံရှာမုန်းတီးမှုအပြည့်ဖြင့် သူ့အား စိုက်ကြည့်နေခဲ့သည်။
"စိတ်ရှုပ်စရာကောင်းတဲ့ အပြင်ကောင်ကများ အရိပ်အကဲတောင် နားမလည်ဘူးလား။ မင်းရဲ့ သခင်ကိုယ်စား မင်းကို နည်းနည်းလောက်တော့ သင်ပေးဦးမှပဲ"
ထိုသို့ဆိုပြီးနောက် ငရဲခွေးသည် အာရန်အား ချက်ချင်းတိုက်ခိုက်လိုက်ရာ အာရန်အနေဖြင့် အနည်းငယ်ပင် တုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။