နဂါးသွေးပါသူတစ်ဦး
Vol. 39 Ch. 558
ဤ ပုံစံကွက် စက်ဝိုင်းသည် ဤနေရာတွင် မြူခိုးများ ရှိမနေရခြင်း၏ အဓိက အကြောင်းရင်းများ ဖြစ်နေမည်လား..။
အာရန် တစ်ယောက် မသေချာနိုင်ခဲ့ပေ။
ထိုသို့ဖြစ်ပါက မြို့တော်တစ်ခုလုံးသည် သေခြင်းအဆီအနှစ်များကို စုပ်ယူနေသည့် ပုံစံကွက် စက်ဝိုင်းကြီး တစ်ခု ဖြစ်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား..။
သို့သော် မည်သည့် ရည်ရွက်ချက်ဖြင့်နည်း။
အာရန်၏ အာရုံသည် ဈေးရှိ ပိုမိုဝေးသောနေရာတစ်ခုဆီမှ ဆူညံသံတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
လူအုပ်ကြီးတစ်ခုသည် စင်မြင့်တစ်ခု၏ ပတ်ပတ်လည်တွင် စုဝေးနေကြပြီး သူတို့၏ အော်ဟစ်သံများသည် ကျယ်လောင်လွန်းနေခဲ့သည်။
စူးစမ်းလိုစိတ်ဖြင့် အာရန်သည် လူအုပ်ဆီသို့ သွားခဲ့သည်။
သူ ပိုမို နီးကပ်လာသည်နှင့်အမျှ စင်မြင့်ပေါ်တွင် ရပ်နေသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
သူ၏ အသံသည် ဈေးတစ်လျှောက်လုံး ကြားနေရလေသည်။
သူသည် အနီးနားရှိ ကုန်သည်တစ်ဦး၏ ကုန်ပစ္စည်းများကို ကြော်ငြာနေခြင်း ဖြစ်လေသည်။
အာရန်သည် စိတ်ပျက်စွာဖြင့် ခေါင်းတစ်ချက် ခါလိုက်မိသည်။
စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်နေသည်ဟု ထင်မိခဲ့သော်လည်း ယခုအရာမှာမူ သူ့အတွက် အတော်လေး ပျင်းစရာကောင်းနေခဲ့သည်။
ဤသို့ဖြင့် အာရန်သည် မြောက်ဘက်အရပ်သို့ ဆက်လက်၍ ထွက်ခွာလာခဲ့သည်။
ရုတ်တရက် ထိုအမျိုးသား၏ အသံသည် တိမ်ဝင်သွားခဲ့သည်။
သူ၏ မျက်လုံးများ မယုံနိုင်စွာ ပြူးကျယ်လာပြီး တုန်ယင်နေသော လက်ချောင်းဖြင့် လူအုပ်ကြီး၏ အစွန်းဘက်နေရာတစ်ခုဆီသို့ ထိုးပြလိုက်သည်။
"ကြည့်စမ်း"
သူ၏ လေသံသည် အနည်းငယ် တိုးညှင်းနေခဲ့ကာ အနည်းငယ်ပင် ထစ်အနေခဲ့သည်။
"သူမက... သူမက နဂါးသွေးပါသူတစ်ယောက်လား..."
လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
သူတို့၏ အာရုံများသည် ထိုအမျိုးသားညွှန်ပြနေသည့်နေရာသို့ ပြောင်းလဲသွားခဲ့သည်။ ပတ်ဝန်းကျင်၏ ရုတ်ခြည်း ပြောင်းလဲမှုကို ခံစားမိလိုက်သောကြောင့် အာရန်သည်လည်း လူအများအား ထိုမျှ လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သူအား ကြည့်ရှုရန် နောက်သို့ ပြန်လှည့်လိုက်သည်။
ထိုအခါ လူအုပ်ကြီး၏ အစွန်းတစ်ဖက်တွင် ရပ်နေသည့် မိန်းမပျိုတစ်ဦးကို မြင်လိုက်ရလေသည်။
သူမ၏ အရပ်သည် အနည်းငယ်ရှည်ထွက်နေခဲ့ကာ ခန္ဓာကိုယ်မှာ သွယ်လျလျက် ကျက်သရေရှိသော အော်ရာအချို့သည် သူမဆီမှ ဖြာထွက်နေလေသည်။
သူမ၏ အသားအရေသည် ကျောက်စိမ်းရောင်ဘက် အနည်းငယ်သန်းနေပြီး သူမ၏ မျက်လုံးများသည် မီးလျှံကဲ့သို့ ဝင်းပနေခဲ့ကာ သူမ၏ သွင်ပြင်ကို ခြုံပြောရလျှင် အတော်လေး လှပနိုင်လွန်းသော မိန်းကလေးတစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။
သို့သော် လူအများ၏ အာရုံကို အဓိက ဖမ်းစားနိုင်သည့်အရာမှာ သူမ၏ ဆံနွယ်များပင် ဖြစ်၏။
သူမ၏ ကျောဘက်တွင် ကွေ့ကောက်စွာတည်ရှိနေသော အစိမ်းရောင် ဆံပင်ခွေများသည် အသက်ဝင်နေသော ရေတံခွန်တစ်ခုပမာ တူညီနေခဲ့၏။
"ဒီဘဝမှာ နဂါးသွေးပါသူတစ်ဦးကို တွေ့ခွင့်ရလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့ဘူး ဒီကမ္ဘာမှာ နဂါးသွေးပါတဲ့သူက နှစ်ယောက်တည်းပဲ ကျန်တော့တာ မဟုတ်ဘူးလား"
"ဆိုလိုတာက သူမက..."
"သူမက 'သူ့' ရဲ့ ညီမပေ့ါ"
အာရန်သည် လူအုပ်ကြီးကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရပဲ ဖြတ်ကျော်သွားနေသော ထိုမိန်းကလေးကို စိတ်ဝင်တစား ငေးကြည့်နေမိ၏။
ဤမြို့ရှိ သူမ၏ ရည်ရွယ်ချက်သည် ဘာလဲဆိုသည်ကို သူ မတွေးမိဘဲ မနေနိုင်ခဲ့ချေ။ သူ၏ ပတ်ပတ်လည်ရှိ လူများ၏ စကားပြောဆိုမှုမှ သူမသည် ဤငရဲတွင်ပင် အတော်လေး အဆင့်အတန်းမြင့်ကာ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်မှန်း သဘောပေါက်လိုက်သည်။
သူမသည် ဤငရဲတွင် ဒုတိယမြောက် အသန်မာဆုံး ပုဂ္ဂိုလ်၏ ညီမ ဖြစ်လေသည်။
ယခု သူမသည် မြို့တော်နှင့် အဝေးဆုံး မြို့များထဲမှ တစ်ခုဖြစ်သည့် ငရဲခွေးမြို့တွင် လျှောက်သွားနေခဲ့ခြင်းဖြစ်လေ၏။
"သူမ ပတ်ပတ်လည်မှာ အစောင့်အရှောက် တစ်ယောက်တောင် မတွေ့မိပါလား"
အာရန်သည် ထိုမိန်းကလေး၏ ရည်ရွယ်ချက်အပေါ် အမှန်တကယ် စိတ်ဝင်စားနေခဲ့မိသည်။
"မဟုတ်သေးဘူး သူမမှာအစောင့်အရှောက်တွေ ရှိနေတယ်"
အာရန်သည် လူအုပ်ပတ်ပတ်လည်တွင် လျှို့ဝှက်စွာ ပုန်းအောင်းနေပြီး ထိုမိန်းကလေး၏ နောက်ကို ခိုးလိုက်နေသည့် အားကောင်းသော အော်ရာများစွာကို သတိပြုမိခဲ့သည်။
အနီးနားရှိ အဆောက်အအုံများ၏ ထိပ်တွင်လည်း သူမကို စောင့်ကြည့်နေသူများစွာ ရှိလေသည်။
"သူတို့ ပုန်းအောင်းနေကြတာပေ့ါ။ သူတို့ သူမကို လျှို့ဝှက်ပြီး လိုက်ပါ စောင့်ရှောက်နေကြတာပဲ သူမကို နည်းနည်းလောက် ရန်လိုမှုကို ပြလိုက်မိတာနဲ့ အသတ်ခံရဖို့ အသင့်ပြင်ထားပေတော့"
အာရန်အနေဖြင့် မြင်ခဲ့ဖူးသည့် နဂါးများမှာ ပင်လယ်နဂါးများသာ ဖြစ်လေသည်။
ငရဲရှိ နဂါးများသည် ထိုပင်လယ်နဂါးများနှင့် အတော်လေး ကွဲပြားနေဟန်ရလေ၏။
ပုံမှန်ဆိုလျှင် သူသည် နဂါးသွေးပါသူကို ပို၍ပင် စိတ်ဝင်စားနေမိမည်ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူ့၌ အချိန်ဖြုန်းရန် အချိန်များစွာ ရှိမနေခဲ့ချေ။
ယဲ့ဗ်နီ တစ်ယောက်လဲ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီဖြစ်သည်။
သူမသည် သူ့အား သစ္စာဖောက်သွားသည်မှာ သေချာနေသည်။
မြို့သခင်ထံသို့ သူမ ရောက်ရှိသွားခဲ့ခြင်းဆိုပါက သူ့ထံရောက်လာနိုင်သည့် အန္တရာယ်များကို ခန့်မှန်းကြည့်လိုက်လျှင် သူ့၌ ဖြုန်းတီးစရာအချိန် အနည်းငယ်မျှပင် မကျန်ရှိတော့ပေ။
မြို့ကို ပိတ်ဆို့ခြင်းများ မပြုလုပ်မီ သူ့အနေနှင့် ဤမြို့မှ အမြန်ဆုံး ထွက်ခွာရမည်ဖြစ်၏။
ဤသို့ဖြင့် အာရန်သည် လှည့်ထွက်လာခဲ့ကာ အစောပိုင်းရည်ရွယ်ထားရာ မြောက်ဘက်ပိုင်းသို့ ဆက်လျှောက်သွားခဲ့သည်။
သူသည် တစ်စုံတစ်ဦး၏ အာရုံစိုက်မှုကို ခံလိုက်ရကြောင်းကိုမူ သတိမပြုမိခဲ့ချေ။
လူတိုင်း၏ အာရုံကို ဖမ်းစားထားနိုင်သည့် မိန်းကလေးသည် အာရန်ရှိရာဘက်သို့ စိုက်ကြည့်နေမိခဲ့သည်။
သူမသည် အဘယ့်ကြောင့်မှန်း ရှင်းမပြတတ်သော်လည်း သူမ၏ သွေးမျိုးဆက်က တစ်စုံတစ်ရာ၏ လှုံ့ဆော်မှုကို ခံနေရဟန်တူ၏။
ဤငရဲဘုံတွင် သူမ၏ သွေးမျိုးဆက်သည် မြင့်မြတ်သော သွေးမျိုးဆက်များထဲမှ တစ်ခု ဖြစ်လေသည်။
သူမ၏ သွေးမျိုးဆက်ကို လှုံ့ဆော်နိုင်သည့အရာသည် ရှားပါး၏။
သူမ၏ သွေးမျိုးဆက် အနေဖြင့် ဤကဲ့သို့ လှုံ့ဆော်ပေးခံရသည့် အကြိမ်အရေအတွက်သည် လက်ချိုးရေ၍ပင် ရနိုင်လေသည်။
၎င်းသည် အမြဲတမ်း အခြား မူလကြယ်များ၏ ရှေ့တွင်သာ ဖြစ်ပေါ်လေ့ရှိခြင်းဖြစ်သည်။
ထိုလူငယ်သည် ဟန်ဆောင်ထားသော မူလကြယ်တစ်ပါးများ ဖြစ်နေလား။
သူမသည် ထိုသို့ခဏတာ သံသယဝင်မိလိုက်သော်လည်း အာရန်၏ ဘယ်ဘက်လက်ကောက်ဝတ်တွင်တည်ရှိနေသော ကျွန်အမှတ်အသား လက်ဝတ်တန်ဆာတစ်ခုကို မြင်လိုက်မိလေသည်။
"ပြင်ပလူတစ်ယောက်လား"
တစ်ခဏအတွင်း သူမ၏ မျက်လုံးများသည် မယုံနိုင်ဖြစ်သွားခဲ့ရလေသည်။
၎င်းသည် အမှန်တကယ်ပင် ကျွန်ပြုခြင်း လက်ဝတ်တန်ဆာတစ်ခု ဖြစ်နေခဲ့လေသည်။
မူလကြယ်တစ်ပါးသည် အကြောင်းကိစ္စတစ်စုံတစ်ရာအတွက် ဟန်ဆောင်ကာ ရုပ်ဖျက်လာမည်ဆိုလျှင်ပင် ထိုကဲ့သို့သော အရာမျိုးကို ဝတ်ဆင်မည်မဟုတ်ပေ။ သူတို့သည် ကျွန်ပြုခြင်း လက်ဝတ်တန်ဆာကို သူတို့၏ လက်ထဲတွင် ဝတ်ဆင်ရမည်ဆိုခြင်းအား တွေးကြည့်ရုံဖြင့်ပင် ရွံရှာမိကြပေလိမ့်မည်။
၎င်းသည် သံသယဖြစ်စရာ မရှိတော့ပေ။
အာရန်သည် သူမ၏ သွေးမျိုးဆက်ကိုပင် လှုံ့ဆော်နိုင်သည့် သွေးမျိုးဆက် ပိုင်ရှင်ဖြစ်ကာ အန္တရာယ်ရှိသော အခြားကမ္ဘာတစ်ခုခုမှ ရောက်ရှိလာသည့် ပြင်ပလူတစ်ဦးသာ ဖြစ်ရပေမည်။
ထိုကဲ့သို့သော သွေးမျိုးဆက်မျိုးပိုင်ဆိုင်ထားသဖြင့် ထိုလူငယ်သည် တကယ်တမ်း အားနည်းနေနိုင်ပါမည်လော။
သူသည် သူ၏ သွေးမျိုးဆက်အား မည်သို့ အသုံးပြုရမည်ကိုပင် မသိခြင်းကြောင့်လား။
သူတို့၏ ထူးခြားသော စွမ်းရည်များအကြောင်း မသိဘဲ သာမန်လူသားတစ်ဦး ဘဝဖြင့် နေထိုင်သွားကြသူများကို သူမအနေနှင့် မြင်ဖူးခြင်းမှာ ယခုသည် ပထမဆုံးအကြိမ် တော့ မဟုတ်ပေ။
ထိုသို့ဖြစ်ပါက သူမသည် ထိုကျွန်အား အရယူရပေလိမ့်မည်။
သူမသည် လူအုပ်ကြီးကြားမှပင် အာရန်အား အမိဖမ်းနိုင်ရန် အလျင်အမြန်ပင် အာရန်နောက်သို့ လိုက်သွားခဲ့လေသည်။
သို့သော် သူမသည် သူ့ထံသို့ ပိုမို နီးကပ်လာသည်နှင့်အမျှ သူ၏ သွင်ပြင်သည် ပိုမို၍ မှုန်ဝါးသွားသည်ကို မြင်တွေ့လိုက်ရသည်။
ဤသို့ဖြင့် သူမ၏ မျက်လုံးရှေ့တွင်ပင် အာရန်သည် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
မိန်းကလေးသည် ရုတ်တရက် ရပ်တန့်သွားပြီး အံ့အားသင့်စွာဖြင့် ပတ်ပတ်လည်ကို ရှာကြည့်လိုက်မိသည်။
ထိုသူသည် သူ၏စွမ်းရည်များကို အမှန်တကယ်ပင် အသုံးပြုနိုင်ခဲ့သည်တဲ့လား။
သူ၏ ပိုင်ရှင်က သူ၏ ထိုစွမ်းရည်များကို စိတ်ကြိုက်အသုံးပြုရန် အမှန်တကယ်ပင် ခွင့်ပြုပေးထးခြင်းများလား။
ပုံမှန်အားဖြင့် ပိုင်ရှင်များသည် ထိုသို့ ခွင့်မပြုထားကြပေ။
ဤလူငယ်ကျွန်နှင့် ပတ်သတ်၍ တစ်စုံတစ်ရာသည် ထူးဆန်းနေလေသည်။
...
အာရန်သည် မိန်းကလေးတစ်ဦး၏ အာရုံစိုက်မှုကို ခံနေရကြောင်းပင် သတိမပြုမိဘဲ ဤမြို့တွင်းမှ အမြန်ဆုံး ထွက်ခွာရန် ပြင်ဆင်နေခဲ့သည်။
မိန်းကလေးတစ်ဦး သူ့နောက်ကို လိုက်ရန် ကြိုးစားနေကြောင်း သူ မသိခဲ့ချေ။
သူ၏ စိတ်သည် ယဲ့ဗ်နီအကြောင်းစဥ့်စားရင်းဖြင့် အာရုံပျံ့လွင့်နေခဲ့လေသည်။
ထိုစဥ်အာရန်သည် ထူးခြားသောအရာတစ်ခုကို အာရုံခံမိလိုက်သည်။
၎င်းက ယဲ့ဗ်နီ၏ တည်ရှိမှုကို အာရုံခံမိလိုက်သောကြောင့်ပင်။
သို့သော် ထိုအရာသည် သူမ၏ တည်ရှိမှုတစ်ခုမျှသာ မဟုတ်ခဲ့ပေ။
အာရန်သည် သူ၏ ထက်မြက်သော အာရုံခံနိုင်မှုကြောင့် ထိုနေရာရှိ သွေးညှီနံ့အချို့ကိုလည်း သူ ခံစားမိခဲ့သည်။
သူသည် နဂါးသွေးပါသူ၏ ရောက်ရှိလာခြင်းကြောင့် အာရုံပျံ့လွင့်နေကြသော လူအုပ်ကြီးရှိရာ လမ်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ဤသို့ဖြင့် အာရန်သည် သူ၏ ပုံသဏ္ဌာန်မှာ မှုန်ဝါးသွားသည်အထိ အလွန် လျင်မြန်သော အမြန်နှုန်းတစ်ခုဖြင့် ပြေးထွက်သွားခဲ့သည်။
လမ်းကြားတစ်ခု၏ ဝင်ပေါက်သို့ရောက်သောအခါမှသာ သူ၏ ရွေ့လျားနေသော အရှိန်ကို ရပ်တန့်လိုက်သည်။
အာရန်သည် လမ်းကြားအတွင်းသို့ လှမ်းကြည့်လိုက်သည်နှင့် သူ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
ထိုမြင်ကွင်းကို သူ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။
လမ်းကြားအတွင်း၌ သူသည် ငရဲခွေးသုံးကောင်အား မြင်တွေ့လိုက်ရသည်။
သူတို့သည် သူ အစောပိုင်း မြင်လိုက်ရသည့် သခင်းလေးဆိုသူ ငရဲခွေးနှင့် မတူပေ။
၎င်းတို့သည် ၎င်းတို့၏ ငရဲခွေးအဖြစ် အစစ်အမှန် သွင်ပြင်ကို ထုတ်ဖော်ထားကြပုံ ရလေသည်။
အစစ်အမှန် ငရဲခွေးများ၏ သွင်ပြင်သည် ခြေလေးချောင်းရှိကာ ကြောက်မက်ဖွယ်ကောင်းသော သားရဲများ အသွင်ဖြစ်လေသည်။
အကယ်၍ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ ငရဲမီးလျှံများကိုသာ လျစ်လျူရှု၍ ကြည့်မည်ဆိုပါက ဝံပုလွေများနှင့်ပင် ဆင်တူနေလေသည်။
သို့သော် ၎င်းတို့သည် ပုံမှန် ဝံပုလွေများထက်မူ များစွာ ပိုမို၍ ကြီးမားကြလေသည်။
၎င်းတို့၏ အရပ်သည် သုံးမီတာကျော် ရှည်လျားပြီး အာရန်သည် ၎င်းတို့နှင့်ယှဥ်ပါက သေးငယ်သော ကလေးတစ်ဦးပမာ ဖြစ်နေခဲ့၏။