သူမ၏ လောဘ
Vol. 39 Ch. 561
အာရန်သည် နောက်သို့ လှည့်ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
စကြဝဠာတစ်ခုလုံးက သူ့အား ဆန့်ကျင်ရန် ကြံစည်နေသကဲ့သို့ပင် ထင်လိုက်ရသည်။ သူ၏ ကံကြမ္မာသည် ဆက်တိုက်ကို ဆိုးရွားနေဟန်ရ၏။
အာရန်သည် အစောပိုင်း ရင်ဆိုင်ခဲ့ရသော ငရဲခွေးများထက် များစွာ ပြင်းထန်သော အော်ရာများ ဖြာထွက်လျက်ရှိသည့် တည်ရှိမှုများစွာ ရောက်ရှိလာနေသည်ကို ခံစားမိလိုက်လေသည်။
ဤသူများသည် သူအစောပိုင်း အာရုံခံမိခဲ့သော အထူးကိုယ်ရံတော်တပ်ဖွဲ့ဝင်များ ဖြစ်ကြလေသည်။
သူတို့သည် နဂါးသွေးပါသူဟု လူအများပြောဆိုနေကြသော မိန်းကလေး၏ အစောင့်များပင် ဖြစ်လေ၏။
"ရှင် ကျွန်မကို ဘယ်လိုလုပ်ပြီး သတိပြုမိသွားတာလဲ"
မိန်းကလေး၏ အသံတွင် အံ့အားသင့်ခြင်းများ ပြည့်နှက်နေခဲ့သည်။
သူမသည် နဂါးလျှာအစွမ်းကို အသုံးပြုကာ သူမ၏ တည်ရှိမှုအား ဖုံးကွယ်ထားခဲ့ပါလျက် အဘယ်သို့ အာရုံခံမိခဲ့သနည်း။
ထိုလူငယ်ကျွန်သည် ခွန်အားကြီးမည်ဆိုလျှင်ပင် ယခုကဲ့သို့ အခြေအနေမျိုးတွင် သူမအား ထောက်လှမ်းသိရှိနိုင်ခြင်းသည် မဖြစ်သင့်ပေ။
သူမသည် ရန်လိုမှု သို့မဟုတ် သတ်ဖြတ်လိုသော အော်ရာအချို့ကို မထုတ်ဖော်မိသရွေ့ သိရှိနိုင်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် ထိုလူငယ်သည် သူမ၏ ရောက်ရှိလာခြင်းကို သိရှိနေခဲ့ပုံရ၏။
သူသည် သူမ အစောပိုင်း ထင်ထားသည်ထက် ပို၍ ခွန်အားကြီးသူတစ်ဦး ဖြစ်နေသောကြောင့်ပင်လားဟု တွေးမိလိုက်သည်။
အာရန်သည် တိတ်ဆိတ်စွာပင် ဆက်လက်ရပ်နေခဲ့သည်။
သူ၏ မျက်လုံးများတွင် စိတ်မသက်မသာဖြစ်နေသော အရိပ်အယောင်အချို့ ရှိနေခဲ့သည်။
အာရန်သည် ဝန်ခံမည် မဟုတ်သော်လည်း အစောပိုင်းက ထိုမိန်းမပျို၏ တည်ရှိမှုကို လုံးဝ အာရုံခံမိခဲ့ခြင်းမရှိပေ။
၎င်းသည် ကံကောင်းမှုတစ်ခုသာဖြစ်လေသည်။
သူမ၏ အစောင့်များဘက်မှ ထုတ်ဖော်ပြသမိလိုက်သော အခန့်မသင့်မှုလေး တစ်ခုကြောင့်သာ သိရှိသွားခဲ့ခြင်း ဖြစ်နေ၏။
သူတို့သည် သူတို့၏ ကိုယ်ပိုင် အော်ရာများကို ဖုံးကွယ်ရန် မကျိုးစားမိပဲ အာရန်တစ်ယောက် အာရုံခံနိုင်သည့် အကွာအဝေးအတွင်းသို့ ဝင်ရောက်မိခဲ့ကြသည်။
သူတို့၏ တည်ရှိမှုသည် အာရန်အတွက် ထင်ရှားလွန်းနေပြီး သူတို့ ဤနေရာတွင် ရှိနေပါက ထိုမိန်းကလေးနောက်သို့ လိုက်နေခြင်းဖြစ်ကြောင်းမှာ ရှင်းလင်းနေ၏။
နောက်ဆုံးတွင် သက်တော်စောင့်များသည် သူတို့ ကာကွယ်ရမည့်သူထံမှ ခွဲခွာသွားစရာ အကြောင်းမရှိချေ။
သူတို့စောင့်ရှောက်ရမည့် ဒုတိယမူလကြယ်၏ ညီမဖြစ်သူထက် ငရဲခွေးအချို့၏ ကံကြမ္မာကို ပိုမို စိတ်ဝင်စားစရာအကြောင်း တစ်စက်မျှပင်မရှိပေ။
မိန်းကလေးသည်လည်း သူမ၏ ပုန်းကွယ်နေမှုကို ရပ်တန့်လိုက်ရသည်။
အကြောင်းမှာ ဆက်လက်၍ ပုန်းကွယ်နေစရာ အကြောင်းမရှိတော့သောကြောင့် ပင်ဖြစ်၏။
သူမ ဖော်ထုတ်ခံလိုက်ရပြီမဟုတ်ပါလော....။
မူလက အာရန်သည် ငရဲခွေးများကို အလျင်အမြန် သုတ်သင်ပြီးနောက် ဖြစ်ရပ်များကို စုံစမ်းရန် အခြားငရဲခွေးများရောက်မလာမှီ ဤမြို့တွင်းမှ ထွက်ခွာနိုင်မည်ဟု ထင်ထားခဲ့သည်။
ထို့ကြောင့် အာရန်သည် ငရဲခွေးများကို သတ်ဖြတ်ရာတွင် သူ၏ အကောင်းဆုံးပုံစံဖြစ်သော မူလနဂါးအသွင်ကိုပင် ထုတ်ဖော်ပြသမိခဲ့သည်။
သို့သော် သူသည် လုံလောက်စွာ မမြန်ဆန်မိခဲ့ပေ။
ယခုတွေ့ရှိသွားသူသည် အခြား ငရဲခွေးတစ်ဦးဦး ဖြစ်နေမည်ဆိုလျှင်ပင်ရင် အာရန်အနေနှင့် ၎င်းအားနှုတ်ပိတ်ရန် ယုံကြည်ချက်ရှိနိုင်သေး၏။
သို့သော် ၎င်းသည် လူအများအပြား၏ အကာအကွယ်ပေးမှုကို ခံထားရသော နဂါးသွေးပါသူ မိန်းကလေး ဖြစ်နေခဲ့လေသည်။
သူမကိုသာ သူ တိုက်ခိုက်မိခဲ့ပါက သူမ၏ သက်တော်စောင့်များသည် ချက်ချင်း ဝင်ပါကြပေလိမ့်မည်။
အာရန်အနေနှင့် မည်မျှလျှင်မြန်သည် ဆိုစေကာမူ သူ၏ ထိန်းချုပ်နိုင်စွမ်း အပြင်ဘက်သို့ ရောက်ရှိသွားပေလိမ့်မည်။
"မင်း ငါ့ဆီက တစ်ခုခု လိုချင်နေလို့လား"
အာရန်သည် ပဝါတစ်ထည်ကိုထုတ်ယူလိုက်ကာ သူ၏ လက်မှ ပေနေသော သွေးများကို လူကြီးလူကောင်းဆန်စွာ ပြန်သုတ်ရင်း မိန်းကလေးအား မေးလိုက်သည်။
သူမသည် သူ ရင်မဆိုင်ချင်သောသူတစ်ဦး ဖြစ်နေသော်လည်း သူမသည် သူ့အပေါ် ရန်လိုမှုများ ယခုအချိန်ထိ ပြသခြင်း မရှိသေးချေ။
သူမသည် ငရဲခွေးများ၏ သေဆုံးမှုကို ဂရုမစိုက်သကဲ့သို့ပင် ဖြစ်နေသည်။
သူမသည် ငရဲခွေးများ သေဆုံးခြင်းထက် သူ့အပေါ်တွင်သာ ပို၍ စူးစမ်းလိုပုံရ၏။
သူသာ သူမကို မြင်ခဲ့ရသမျှ အရာအားလုံးကို လျစ်လျူရှုပေးရန် စည်းရုံးနိုင်ခဲ့ပါက ၎င်းသည် အကောင်းဆုံးပင် ဖြစ်ပေမည်။
သို့မဟုတ်ပါက သူသည် ဒုတိယ ဓားစာခံတစ်ဦး ထပ်မံလိုအပ်ပေဦးတော့မည်။
အာရန်တစ်ယောက် စကားပြောနေစဉ်မှာပင် မိန်းကလေးရှိရာဘက်သို့ ခြေတစ်လှမ်း ချင်း လှမ်းသွားခဲ့သည်။
အာရန်သည် သူ၏ ခြေလှမ်းအချို့ မိန်းကလေးအနားသို့ မကပ်နိုင်မှီမှာပင် သတ်ဖြတ်လိုစိတ်ပြင်းထန်သော အော်ရာအချို့ သူ့ထံသို့ ကျရောက်လာပြီး သူမအနားသို့ ဆက်လက်မချဉ်းကပ်နိုင်ရန် သူ့အား သတိပေးလိုက်သကဲ့သို့ပင်။
အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် နဂါးသွေးပါသူ အဆိုပါ မိန်းကလေး၏ နောက်တွင် ပေါ်လာခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင် သွေးနီရောင် သန်းနေခဲ့သည်။
သူမ၏ သတ်ဖြတ်လိုစိတ်သည် အပြင်းထန်ဆုံးအနေအထားတွင် တည်ရှိနေပြီး သူမသည် ယခင်က အာရန်ကဲ့သို့ ခွန်အားကြီးမားသူများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်နေသကဲ့သို့ပင်။
"မင်းရဲ့ အစောင့်တွေက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ ဒီနှုန်းအတိုင်းဆို ငါ့ နှလုံးသားလေးတောင် ခုန်နေတော ရပ်တန့်သွားနိုင်လောက်တယ်"
အာရန်သည် သွေးများစွန်းပေနေသော ပဝါပါးလေးအား သူ၏ စနစ်သိုလှောင်ခန်းထဲသို့ ပြန်ထည့်ရင်း ပြုံးပြလိုက်သည်။
အာရန်သည် သူ၏ စကားအသွားအလာအရ ကြောက်နေသည်ဟု ပြောလိုက်ခြင်းဖြစ်သော်လည်း သူ၏ မျက်နှာတွင်မူ ကြောက်ရွံ့သော အရိပ်အယောင်အနည်းငယ်မျှပင် မရှိခဲ့ချေ။
"အပြောင်းအလဲ မရှိဘဲ ဟင်းလင်းပြင်မှော်ပညာကို သုံးနိုင်တာလား"
နဂါးသွေးပါသူ မိန်းကလေးသည် ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။
ဟင်းလင်းပြင်မှော်ပညာသည် ငရဲတွင် အထူးခြားဆုံး မှော်ပညာတစ်မျိုးဖြစ်လေသည်။
၎င်းသည် နဂါးလျှာထက်ပင် တစ်ဆင့် ပိုမြင့်သည်ဟု ယူဆနိုင်သော မှော်အစွမ်းတစ်ခု ဖြစ်လေ၏။
ဤကမ္ဘာတွင် ပြင်ပကိရိယာများ၏ အကူအညီကို မယူဘဲ ဟင်းလင်းပြင်မှော်ပညာကို အသုံးပြုနိုင်သူသည် တစ်ဦးတည်းသာ ရှိ၏။
ထိုသူမှာ အခြားသူ မဟုတ်ဘဲ ပထမ မူလကြယ်ပင် ဖြစ်လေသည်။
အာရန်သည် သူ၏ နဂါးသွေးမျိုးဆက်ကြောင့် သူမ၏ မျက်လုံးထဲတွင် အလွန် ထူးခြားနေပြီးသား ဖြစ်၏။
သို့သော် ယခုတွင်မူ သူသည် ဟင်းလင်းပြင်မှော်ပညာကိုပါ အသုံးပြုနိုင်ကြောင်း သိရှိလိုက်ရသဖြင့် သူ၏ တန်ဖိုးသည် မယုံနိုင်လောက်အောင် မြင့်တက်သွားခဲ့ပြီဖြစ်သည်။
၎င်းက အာရန်သည် ပထမ မူလကြယ်နှင့် ဒုတိယ မူလကြယ်နှစ်ဦးလုံး၏ ပေါင်းစပ်မှု တစ်ခု ဖြစ်နေသကဲ့သို့ပင် မဟုတ်ပါလော...။
သူသည် ဟင်းလင်းပြင်စွမ်းအင်များကို မည်မျှ ကောင်းစွာ ထိန်းချုပ်နိုင်သည်ကို သူမ မသိထားချေ။
သူသည် ၎င်းကို အနည်းငယ်ခန့်သာ အသုံးပြုမည်ဆိုပေဦးတော့ ၎င်းသည် မယုံနိုင်စရာ စွမ်းဆောင်ချက်တစ်ခု ဖြစ်နေဆဲပင်။
"ကျွန်မ... ကျွန်မ ရှင့်ကို လိုချင်တယ်"
ထိုကဲ့သို့သော ကျွန်တစ်ဦးသည် သူမ၏ မိသားစုကို ပထမ မူလကြယ်ထက်ပင် ပိုမို မြင့်မားသော အဆင့်အတန်းတစ်ခုသို့ ရောက်အောင် တိုးမြှင့်ပေးနိုင်းကြောင်း သဘောပေါက်လိုက်မိသဖြင့် စိတ်မထိမ်းနိုင်ပဲ ထုတ်ပြောလိုက်မိခြင်းဖြစ်၏။
မူလကြယ်ဒီမွန် ရှစ်ပါးသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးသည်ဟု ပြောနေကြသော်လည်း အတွင်းလူများသာ ၎င်းတို့ကြားတွင်အထူးသဖြင့် ထိပ်ဆုံးပိုင်းများကြားတွင် ပွတ်တိုက်မှုများ အမြဲတစေ ရှိနေခဲ့ကြောင်း သိရှိထားကြသည်။
၎င်းက ပထမ မူလကြယ်နှင့် ဒုတိယ မူလကြယ်ကြားတွင်မူ ပိုမို၍ပင် ဆိုးရွားလေသည်။
ငရဲရှိ လူအများက ပထမ မူလကြယ်အား အသန်မာဆုံးဟု လက်ခံထား ခဲ့ကြသည့်အပြင် ငရဲ၏ ဘုရင်တစ်ပါးအဖြစ်ပင် သတ်မှတ်ထားကြခြင်း ဖြစ်လေသည်။
သူမ၏ အစ်ကိုဖြစ်သူ ဒုတိယမူလကြည်သည် ထိုအချက်ကို လွန်စွာ မုန်းတီးသူဖြစ်၏။ ကံမကောင်းစွာဖြင့် သူသည် အားနည်းချက် လုံးဝမရှိသော ပထမ မူလကြယ်အား ဖိနှိပ်ရန် နည်းလမ်းကို ယခုအချိန်ထိ ရှာမတွေ့နိုင်ခဲ့ပေ။
ပထမ မူလကြယ်တွင် သူ၏ အားနည်းချက်အဖြစ် သတ်မှတ်နိုင်သော ချစ်သူတစ်ဦးနှင့် ယောက်ဖတစ်ဦး ရှိနေကြောင်း လူတိုင်းထင်မှတ်ထားကြသော်လည်း ၎င်းသည် အမှန်တကယ် ထိုသို့ မဟုတ်ကြောင်း သူမ၏ အစ်ကိုမှာ ကောင်းစွာသိထားလေသည်။
ထိုအားနည်းချက်ဖြင့် ပထမ မူလကြယ်ကို ထိန်းချုပ်၍ ရနိုင်မည်မဟုတ်ပေ။
သူသည် ဟင်းလင်းပြင်အစွမ်းကို ကောင်းစွာအသုံးပြုနိုင်သော စစ်မှန်သည့် ဟင်းလင်းပြင်သခင်တစ်ဦး ဖြစ်လေသည်။
သူတို့အနေဖြင့် ငရဲ၏ လက်ရှိအခြေအနေကို ပြောင်းလဲပစ်နိုင်ရန် တစ်စုံတစ်ယောက်ကို စစ်ကူအနေနှင့် လိုအပ်နေခဲ့ခြင်းဖြစ်၏။
သူမ၏ ရှေ့တွင် ထိုကဲ့သို့ တစ်စုံတစ်ယောက်ဟု ယူဆရသော သူတစ်ဦးအား တွေ့လိုက်ရပြီဖြစ်သည်။
မိန်းကလေးသည် အာရန်အား ဖြတ်ကျော်ကာ ယဲ့ဗ်နီ၏ ရှေ့တွင် ပေါ်လာခဲ့သည်။
"မင်းက သူ့ရဲ့ ပိုင်ရှင်လား။ မင်း လိုချင်သလောက်ကို ငါ ပေးနိုင်တယ်။ သူ့ရဲ့ ကျွန်တံဆိပ်ကို ငါကိုရောင်းပါလား"
ယဲ့ဗ်နီသည် ထိုစကားကြောင့် ဘာပြန်ပြောရမှန်းပင် မသိ ဖြစ်သွားခဲ့ရသည်။
အာရန်တွင် ထိုကဲ့သို့ ကျွန်တံဆိပ် ဆိုသော အရာမျိုး ရှိမနေခဲ့ပေ။
သူမ ရောင်းလိုလျှင်ပင် အာရန်အား ထိန်းချုပ်နိုင်မှုကို လွှဲပြောင်းပေးနိုင်ခြင်း သူမတွင် ရှိမနေချေ။
အဘယ်ကြောင့်ဆိုသော် အစကတည်းက သူမသည် အာရန်၏ ပိုင်ရှင် တစ်ဦးဟုတ်မနေခဲ့သောကြောင့်ပင်တည်း။
အာရန်သည် ယဲ့ဗ်နီကဲ့သို့ပင် ဘာပြောရမှန်းမသိဖြစ်သွားခဲ့ပြီး သူ၏ ဦးခေါင်းကိုသာ ပြန်ကုတ်နေလိုက်သည်။
ထိုနဂါးသွေးပါသူ မိန်းကလေးထံမှ ရန်လိုမှုကို သူ ဘာကြောင့် မခံစားရသည်ကို အာရန်တစ်ယောက် နောက်ဆုံးတွင်တော့ နားလည်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ အကြည့်များတွင် လောဘ၏ အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ပြီး ရန်လိုမှုအတွက်ပင် နေရာလွတ် မရှိတော့သောကြောင့်ပင်တည်း။