နေရာမရှိဘူး
Vol. 39 Ch. 562
အာရန်သည် မိန်းကလေး၏ ရည်ရွယ်ချက်အမှန်ကို မသိထားခဲ့ချေ။
သူသည်သာ ထိုကဲ့သို့သော အရာမျိုး ပြုလုပ်မထားကြောင်း သိလိုက်ရမည်ဆိုပါက သူမသည် သူ့အား ကျွန်ပြုရန် ချက်ချင်း ကြိုးစားလာမည်လား။
လက်ရှိ အခြေအနေတွင် ၎င်းက ဖြစ်နိုင်ခြေအများဆုံး အခြေအနေတစ်ခု ဖြစ်နေပုံရ၏။
"သူမက ကျုပ်ရဲ့ ပိုင်ရှင်မဟုတ်ဘူး"
အာရန်သည် နဂါးမိန်းကလေး အားအကဲခပ်နေဟန်ဖြင့် စိုက်ကြည့်ရင်း ပြန်ပြောလိုက်ရာ သူမသည် အတော်လေး အံ့အားသင့်သွားခဲ့ပုံရသည်။
"သူမက ရှင့်ရဲ့ ပိုင်ရှင်မဟုတ်ဘူးလား"
နဂါးမိန်းကလေးသည် သူမရှေ့ရှိ အမျိုးသမီးမှာ အာရန်၏ ပိုင်ရှင်မဟုတ်လျှင် အဘယ်ကြောင့် သူသည် သူမအား ထိုသို့ ကာကွယ်နေသေးသည်ကို နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။
"ဒါဆို ရှင့်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ"
သူမသည် အခြား မူလကြယ်များထဲမှ တစ်ဦး မဟုတ်ရန် တိတ်တဆိတ် မျှော်လင့်ရင်း အာရန်အား ထပ်မံ၍ မေးလိုက်သည်။
ထိုသို့ဖြစ်သွားပါက သူမအနေနှင့် ကိုင်တွယ်ရသည်မှာ အတော်လေး ခက်ခဲသွားပေလိမ့်မည်။
"မင်း ကျုပ်မေးတဲ့ မေးခွန်းကို အရင် ဖြေမယ်ဆိုရင် မင်းမေးတာကို ပြန်ပြောပြပါ့မယ်။ မင်း ကျုပ်ရဲ့ သခင်အမည်ကို သိရင် ဘာလုပ်မလို့လဲ"
အာရန်သည် မိန်းကလေး၏ ရည်ရွယ်ချက်အမှန်ကို ခန့်မှန်းနိုင်ရန် ကြိုးစားရင်း သူမအား မေးခွန်းအချို့ထပ်မံ၍ မေးလိုက်သည်။
"ကျွန်မ ရှင့်ရဲ့ ကျွန်တံဆိပ်ကို သူ့ဆီကနေ ဝယ်ချင်တယ်။ ဒါပေမဲ့ ရှင် စိုးရိမ်စရာ မလိုပါဘူး။ ရှင်သာ ကျွန်မနောက်လိုက်မယ်ဆိုရင် ရှင့်ဘဝက ခုထက် အဆတစ်ထောင်လောက် ပိုကောင်းလာလိမ့်မယ်"
သူမသည် အာရန်အား ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပင် ပြန်လည် ပြောလိုက်သည်။
၎င်းသည် အာရန်တစ်ယောက် အစောပိုင်း ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖြစ်လေသည်။
သူ၏ စွမ်းဆောင်ရည်များကို မြင်ပြီးနောက် သူ့ကဲ့သို့သော ကျွန်မျိုးကို သူမအနေဖြင့် မလိုချင်ဘူးဆိုပါမှသာ အံ့သြစရာ ဖြစ်နေပေလိမ့်မည်။
ကံမကောင်းစွာဖြင့် အာရန်အတွက်မူ သခင်ဟူသည် အစကတည်းက ရှိမနေခဲ့ပေ။
သူသည် မည်သည့် တံဆိပ်ဖြင့်မျှ ထိန်းချုပ်ခံထားရခြင်းမျိုးမရှိဘဲ တစ်စုံတစ်ယောက်ထံတွင် ကျွန်အဖြစ် အမှုထမ်းရန်လည်း စီစဉ်ထားခြင်း မရှိခဲ့ချေ။
"ကျုပ်အတွက်က လက်ရှိ သခင်နဲ့နေရတာ ပျော်ရွှင်မိပါတယ်။ ကျုပ်အတွက် စိုးရိမ်ပေးစရာ မလိုပါဘူး"
အာရန်သည် ထိုသို့ပြောပြီးနောက် ရုတ်တရက်ပျောက်သွားကာ ယဲ့ဗ်နီဘေးတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
အာရန်၏ နေရာကူးပြောင်းခြင်းအစွမ်းကို မြင်လိုက်ရသောအခါ နဂါးမိန်းကလေးသည် ပို၍ပင် တုန်လှုပ်သွားခဲ့ရသည်။
သူမ၏ မျက်လုံးများအတွင်း၌ စိတ်ဝင်စားမှုများဖြင့် တောက်ပနေခဲ့သည်။ အာရန်သည် ဟင်းလင်းပြင် မှော်ပညာကို အမှန်တကယ်ပင် အသုံးပြုနေနိုင်ခြင်းလော...။
အာရန်သည် ယဲ့ဗ်နီ၏ လက်ကို ဆွဲကိုင်လိုက်ကာ သူမအား မတ်တတ်ထရပ်နိုင်ရန် အတွက် ကူညီပေးလိုက်သည်။
နဂါးမိန်းကလေးသည် သူမ၏ နှုတ်ခမ်းများကို ဖွင့်လိုက်မိကာ တစ်စုံတစ်ရာကို ထုတ်ပြောရန်ပြင်လိုက်မိစဥ်မှာပင် သူမ၏ ပါးစပ်မှ စကားလုံးတစ်လုံးပင် မပြောနိုင်မီ အာရန်က တစ်စုံတစ်ခုကို ပိတ်ပြောလိုက်၏။
"မင်း ဒီမှာ ဖြစ်ပျက်ခဲ့တာကို ငရဲခွေးတွေကို ပြန်ပြီးတိုင်ပြောမယ်လို့ ကျုပ်ကို ခြိမ်းခြောက်ချင်တယ်ဆိုရင် မင်းအနေနဲ့ အပင်ပန်းခံနေစရာ မလိုပါဘူး။ မင်း လိုချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်"
သူမသည် သူ့အား စည်းရုံးချင်နေသည်မှာ သိသာလွန်းလေသည်။
သူမသည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သော အရာများကို အသုံးချကာ ငရဲခွေးများထံမှ သူမသာ သူ့အား ကာကွယ်နိုင်ကြောင်း ပြောရန်ပင် တွေးတောနေခဲ့ခြင်းဖြစ်လေသည်။
သို့သော် သူမအနေဖြင့် ထိုသို့ပြောရန် အခွင့်အရေး မရလိုက်မီမှာပင် အာရန်က သူမ ကမ်းလှမ်းချင်သည့်အရာကို ဘာမှမပြောခင် ငြင်းပစ်လိုက်သည်။
၎င်းက သူသည် သေခြင်းတရားကို လုံးဝ မကြောက်သကဲ့သို့ ထင်မှတ်သွားစေခဲ့သည်။
အမှန်တကယ်မှာမူ ထိုအရာသည် လုံးဝ မှားယွင်းလေသည်။
အာရန်သည် သေခြင်းတရားကို လွန်စွာကြောက်ရွံ့သူဖြစ်၏။
သူသည် သူ၏ အသက်ကို လွန်စွာ တန်ဖိုးထားသူတစ်ဦး ဖြစ်သည်။
သူမ၏ အကူအညီကို မယူချင်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူမသည် သူ့အား ဖော်ထုတ်မည် မဟုတ်ကြောင်း သေခြာနေခဲ့သောကြောင့် ပင်တည်း။
သူမသည်သာ သူ့အား အမှန်တကယ် အလိုရှိသူဆိုပါက ငရဲခွေးများအား တိုင်ကြားလိမ့်မည် မဟုတ်ပေ။
ထိုအကြောင်းရင်းကြောင့်ပင် သူမသည် သူ့အား သတ်ရန်အတွက် သူမ၏ အစောင့်များကို အသုံးမပြုခဲ့ခြင်း ဖြစ်လေသည်။
သူမသည် သူမ၏ အစောင့်များကို အသုံးပြု၍ အာရန်အား မထိခိုက်စေဘဲ ဖမ်းဆီးရန် ကြိုးစားနိုင်သော်လည်း ၎င်းသည် ယခုအခြေအနေအရ မဖြစ်နိုင်သလောက်ပင်။
အာရန်သည် နဂါးမျိုးနွယ်ဝင်တစ်ဦး ဖြစ်လေသည်။
သူသည် ယခု ဖော်ပြခဲ့သည်ထက် သေချာပေါက် ပိုမို သန်မာပေလိမ့်မည်။
အမျိုးသမီးသည် သူမ၏ အစောင့်များအနေဖြင့် အာရန်အား မသတ်ဘဲနှင့် ဖိနှိပ်ထားနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိမနေခဲ့ပေ။
ထိုအကြောင်းကြောင့်လည်း သူမအတွက် ရွေးချယ်စရာများသည် အလွန် ကန့်သတ်ချက်များနေခဲ့ခြင်း ဖြစ်၏။
သူမသည် သူမ၏ ပြင်းပြသော ဆန္ဒကို ထုတ်ဖော်ပြသခဲ့ပြီးပြီဖြစ်သည်။
၎င်းသည် အာရန်အား ဤညှိနှိုင်းမှုတွင် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ပြောပြခဲ့ပြီးဖြစ်သည်။
အာရန်တစ်ယောက် မျှော်လင့်ထားသည့်အတိုင်းပင် မိန်းကလေး၏ အစောင့်များထဲမှတစ်ဦးသည် ဓားသွားဖြင့် သူ၏ ရင်ဘတ်အား လက်မအနည်းငယ်အကွာမှ ရုတ်တရက် ချိန်ရွယ်ထားလိုက်သည်။
တုံ့ပြန်မှုအနေဖြင့် အာရန်သည် ပြုံးရုံသာပြုံးပြခဲ့သည်။
အာရန်သည် ထိုဓားသွားအား လက်ဖြင့် ထိလိုက်ပြီးနောက် ၎င်းကို သူ၏ လည်ပင်းရှိရာဆီသို့ ဦးတည်ချက်ပြောင်းပေး လိုက်သည်။
"နဂါးတစ်ကောင်ဟာ သူတို့ရဲ့ နှလုံးကို ဓားနဲ့ ထိုးစိုက်ခံရပြီးရင်တောင် ချက်ချင်း မသေနိုင်သေးဘူး။ မင်းအနေနဲ့ နဂါးတစ်ကောင်ကို ရှင်းပစ်ချင်တယ်ဆိုရင် သူတို့ရဲ့ လည်ပင်းကိုသာ ပစ်မှတ်ထားသင့်တယ်" အာရန်သည် သူ့အား ဓားဖြင့်ချိန်ရွယ်ကာ စိုက်ကြည့်နေသော သက်တော်စောင့်အမျိုးသမီးအား ပြန်ပြောလိုက်၏။
ယဲ့ဗ်နီသည် အာရန်၏ အပြုအမူကြောင့် အသက်ရှုကျပ်သကဲ့သို့ပင် ခံစားလိုက်ရသည်။
"လုံလောက်ပြီ မင်းတာဝန်က ဒီမှာ ငါ့ကို ကာကွယ်ဖို့ပဲ လူတွေကို ဒုက္ခလိုက်ပေးဖို့ မဟုတ်ဘူး"
နဂါးမိန်းကလေးသည် သူမ၏ သက်တော်စောင့်အား ချက်ချင်း အော်ဟစ်၍ သတိပေးလိုက်သည်။
"ဒါပေမဲ့ သခင်မလေး သူက..."
"နင် ထပ်ပြောနေစရာ မလိုတော့ဘူး။ ဒီကိစ္စကို ငါ ကိုယ်တိုင် ဖြေရှင်းနိုင်တယ်။ သူ့တို့ကို သွားခွင့်ပြုလိုက်ပါ"
အစောင့်သည် မျက်မှောင်ကြုတ်လိုက်မိသော်လည်း မိန်းကလေး၏ အမိန့်ကို မလွန်ဆန်နိုင်ခဲ့ပေ။
သူမသည် သူမ၏ ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် အာရန်၏ လမ်းအား ပိတ်ရပ်နေခြင်းမှ ဖယ်ပေးလိုက်သည်။
အာရန်သည် နောက်သို့ တစ်ချက်မျှပင် ထပ်မံ၍ မကြည့်တော့ဘဲ လက်ကို ဝှေ့ယမ်း၍ နှုတ်ဆက်ပြလိုက်ကာ ဆက်လက်၍ လျှောက်ထွက်သွားခဲ့သည်။
သူ၏ အစီအစဉ်သည် အောင်မြင်ခဲ့သည်ဟု ယူဆ၍ ရနိုင်သော်လည်း တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေ၏။
အာရန်သည် ထိုမိန်းကလေးဆီမှ တစ်စုံတစ်ရာကို မျှော်လင့်နေသေးဟန်ဖြင့် သူ၏ နှုတ်ခမ်းပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေဆဲဖြစ်၏။
ထိုနဂါးမိန်းကလေးသည် အာရန်အား ထွက်သွားခွင့် ပေးလိုက်သော်လည်း ထိုအရာက သူမသည် သူ့အား လွှတ်ပေးလိုက်သည်ဟု မဆိုလိုပေ။
"မင်း ကျုပ်နောက်ကို ဘယ်လောက်ကြာကြာအထိ ဆက်လိုက်နေဦးမှာလဲ"
အာရန်၏ လေသံတွင် သူ၏ အစစ်အမှန် အတွေးများကို ဖော်ပြနိုင်ခြင်း မရှိသော်လည်း အနည်းငယ် ဒေါသထွက်နေဟန်တော့ ထင်ရှားနေခဲ့သည်။
"ရှင် ကျွန်မကို ရှင့်ရဲ့ သခင်အကြောင်း မပြောပြ မချင်းပေါ့" နဂါးမိန်းကလေး၏ အသံသည် အာရန်၏ နောက်မှ ထွက်ပေါ်လာခဲ့သည်။
မိန်းကလေးသည် အလျော့ပေးလိုစိတ်မရှိသေးဟန်ဖြင် အာရန်၏ နောက်သို့ ဆက်လက်၍ လိုက်နေခဲ့လေသည်။
ထိုအရာကလည်း အာရန်တစ်ယောက် မျှော်လင့်နေခဲ့သော အရာပင်မဟုတ်ပါလော...။
၎င်းက သူ့အပေါ်တွင် အခြားလူများ၏ အာရုံစိုက်မှုများ ပိုမိုများပြားလာစေမည် ဖြစ်သော်လည်း လက်ရှိ အခြေအနေအရမူ သူ၏ ဘေးကင်းမှုအတွက် ထိုအရာက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပင် ဖြစ်၏။
အာရန်အနေဖြင့် ငရဲဘုံ၏ မြို့တော်သို့ သွားရောက်နိုင်ရန် လိုအပ်နေလေသည်။
သူ့အား လောဘတကြီးအလိုရှိနေသော ထိုမြို့တော်မှ မိန်းကလေးတစ်ဦးနှင့် ရင်းနှီးမှုတစ်ခု ရယူခြင်းသည် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်နေဆဲပင်။
"ကျုပ်မှာ သခင်မရှိဘူးလို့ ပြောရင် မင်းယုံမှာလား"
အာရန်သည် မိန်းကလေးကို ယုန်ထင် ကြောင်ထင် ဖြစ်သွားစေနိုင်သော မေးခွန်းတစ်ခု ထပ်မံ၍ မေးလိုက်သည်။
"အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ကျွန်မအနေနဲ့ အတိုင်းမသိ ပျော်ရွှင်မိမှာပဲ။ ဒါက ရှင့်ကို ကျွန်မအနေနဲ့ အလွယ်တကူ ရယူနိုင်တယ်လို့ ဆိုလိုတာပဲ မဟုတ်ဘူးလား"
"ကျုပ်ကို ကျွန်ပြုချင်နေတာလား" ဟု အာရန်က ဖြတ်၍ မေးလိုက်သည်။
"ဒါက ရှင့်ကို ကာကွယ်ပေးချင်တာလဲ တစ်စိတ်တစ်ပိုင်း ပါပါတယ်။ ဒီငရဲဘုံမှာ ပြင်ပက လူစိမ်းတစ်ယောက်ကို ထိန်းချုပ်မှုမရှိဘဲ ဒီအတိုင်း လွတ်လပ်စွာ လျှောက်သွားခွင့် မပေးထားဘူး။ ဒါပေမဲ့ ရှင်သာ ကျွန်မရဲ့ ကျွန်တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် ရှင့်အတွက်လည်း အခွင့်အရေးတွေ ဆုံးရှုံးသွားလိမ့်မယ်လို့ မဆိုလိုဘူးနော်"
"ကျုပ်အနေနဲ့ ကျွန်ပြုမခံချင်ဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ။ မင်းတို့လူတွေအနေနဲ့ အခြားလူတွေကို ကျွန်ပြုခဲ့သလိုမျိုး ကျုပ်ကို အတင်းအကျပ် ကျွန်ပြုနိုင်မယ်လို့များ ထင်နေတာလား" ဟု အာရန်က ထပ်မံ၍ မေးလိုက်သည်။
အာရန်၏ စကားများသည် ဆက်လက်၍ ပြောလာလေလေ အဓိပ္ပါယ်မှာ တစ်စုံတစ်ခုကို ဦးတည်နေကြောင်း ပိုမို၍ ပေါ်လွင်လာလေလေ ဖြစ်နေ၏။
၎င်းက အာရန်သည် ဤအခြေအနေအား ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ပုံမှန်အားဖြင့် ၎င်းသည် မိုက်မဲသော ဆုံးဖြတ်ချက်တစ်ခုဟု ခေါ်ဆို၍ ရလေသည်။
ထို့ကြောင့် ယဲ့ဗ်နီသည် အာရန်အား သတိပေးရန် ကြိုးစားရင်း သူ၏ လက်မောင်းအား ခပ်ပြင်းပြင်းလေးတစ်ချက် ဆွဲညှစ်လိုက်သည်။
သို့သော် အာရန်သည် ကိုယ်ပိုင်အစီအစဉ်တစ်ခု ရှိနှင့်ပြီးဖြစ်သောကြောင့် သူမအား လုံးဝ လျစ်လျူရှုထားလိုက်သည်။
"ရှင်...ရှင်...."
ထိုအချိန် နဂါးမိန်းကလေးသည်လည်း အာရန်၏ စကားများ အတွင်း၌ တစ်စုံတစ်ခု မှားယွင်းနေသည်ကို စတင်၍ သတိပြုမိလာခဲ့သည်။