← Chapters

အကျိုးအမြတ်တွက်သော သဘောတူညီမှု

Vol. 39 Ch. 564

အကျိုးအမြတ်တွက်သော သဘောတူညီမှု

Vol. 39 Ch. 564

"ကျွန်ပြုမခံရဘဲနဲ့များ ရှင် ဘယ်လိုလုပ် ဒီလောက်ကြာအောင်အထိ ရှင်သန်နေနိုင်ရတာလဲ"

ဤငရဲဘုံတွင် ပြင်ပမှရောက်ရှိလာသူတစ်ဦး ကြာရှည်စွာ ရှင်သန်နိုင်ရန်မှာ လွန်စွာ ခက်ခဲလေသည်။

အာရန်မှာမူ ကောင်းစွာ ရှင်သန်နိုင်ခဲ့ရုံသာမက ကျွန်ပြုခြင်း လက်ဝတ်တန်ဆာကိုပင် တစ်စုံတစ်ဦးထံမှ ရယူနိုင်ခဲ့သေး၏။

ဤငရဲဘုံတွင် ရာထူးမြင့်သူ အနည်းငယ်သာ ကျွန်ပြုခြင်း လက်ဝတ်တန်ဆာ အပိုများ ပိုင်ဆိုင်နိုင်ကြခြင်းဖြစ်သည်။

ထိုသူအားလုံးသည် ငရဲအား သစ္စာဖောက်မည့်သူများ မဟုတ်ကြပေ။

သို့သော်လည်း အာရန်သည် တစ်ခု ရယူနိုင်ခဲ့၏။

ထိုထက်ပို၍ထူးဆန်းသည်မှာ ဤလောက၌ အာရန်ကဲ့သို့သော တစ်စုံတစ်ဦး တည်ရှိနေခြင်းကိုပင် မည်သူမျှ မသိနိုင်ခဲ့ကြခြင်းပင်။

အခြားသော မူလကြယ်များသာ သူ့အကြောင်း သိခဲ့ပါက သူတို့သည် သူ့ကို ကျွန်ပြုရန် သို့မဟုတ် သတ်ပစ်ရန် မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်ကြပေလိမ့်မည်။

အာရန်၏ ရှင်သန်နိုင်မှုသည်ပင် အံ့အားသင့်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်နေပေပြီမဟုတ်ပါလား....။

"ညတောင်ပံမျိုးနွယ်စုလား" သူမသည် အာရန်အား မေးလိုက်သည်။

ဤနေရာတွင် ဤစံနှုန်းနှင့် ကိုက်ညီသော မျိုးနွယ်စုနှစ်ခုသာ ရှိလေသည်။

၎င်းသည် ညတောင်ပံမျိုးနွယ်စုနှင့် ငရဲခွေးမျိုးနွယ်စုတို့ ဖြစ်ကြသည်။

အာရန်အနေဖြင့် ငရဲခွေးများနှင့် ရန်ငြိုးရှိနှင့်ပြီးသားဖြစ်သဖြင့် သူတို့ ဖြစ်နိုင်မည် မဟုတ်ပေ။

ထိုအခါ ညတောင်ပံမျိုးနွယ်စုသာ ကျန်တော့သည်။

သူမသည် ညတောင်ပံမျိုးနွယ်စု နယ်မြေတွင် ပြင်ပလူအချို့ ပေါ်လာခြင်းအကြောင်းကိုလည်း ကြားသိထားခဲ့ပြီးဖြစ်သည်။

သတ္တမ မူလကြယ်သည်ပင် ထိုမိသားစုနယ်မြေတွင် ရောက်ရှိနေသဖြင့် အခြေအနေမှာ မည်မျှ ပြင်းထန်မည်ကို သူမ မသိနိုင်ခဲ့ချေ။

နဂါးမိန်းကလေးသည် ယဲ့ဗ်နီအား စိုက်ကြည့်လိုက်သည်။

ယဲ့ဗ်နီ၏ မျက်နှာတွင် ဒဏ်ရာများစွာ ရှိနေသော်လည်း ၎င်းသည် သူမ၏ သွေးမရှိသကဲ့သို့ ဖြူဖျော့နေသော ပုံစံကို အကဲခပ်ခြင်းဖြင့် ခန့်မှန်းရန်မှာ သိပ်တော့ မခက်လှပေ။

ဤသို့ဖြင့် ယဲ့ဗ်နီအား ညတောင်ပံမျိုးနွယ်စုမှ ဖြစ်ကြောင်း နဂါးမိန်းကလေးသည် သူမ၏ သံသယများကို အတည်ပြုနိုင်ခဲ့သည်။

သူမ၏ မျိုးနွယ်စုထံသို့ အာရုံစိုက်မှုတစ်ခု ရောက်ရှိလာသည်ကို ကြားသိလိုက်ရသောအခါ ယဲ့ဗ်နီသည် လွန်စွာ တုန်လှုပ်သွားခဲ့ရသည်။

ထို့ကြောင့် သူမသည် အာရန်အား မိန်းကလေးကို ဘာမှ ဆက်လက်မပြောရန် လက်ဟန်ပြလိုက်သည်။

၎င်းသည် သူမ၏ မျိုးနွယ်စုနှင့် ဆက်စပ်သွားပြီဖြစ်ကြောင်း သူမ သိနေခဲ့သည်။

၎င်းသည် သေးငယ်သော ပြဿနာတစ်ခု မဟုတ်တော့ပေ။

ဤအခြေအနေတွင် အာရန်ကို ဤမြို့သို့ ခေါ်ဆောင်လာခဲ့မိခြင်းအတွက်ပင် သူမ ကိုယ့်သူမ ပြန်လည်၍ ကျိန်ဆဲနေမိခဲ့သည်။

ဤသို့ ဖြစ်လာမည်ကို သူမသာ ကြိုသိခဲ့ပါက ညတောင်ပံမျိုးနွယ်စု နယ်မြေကိုသာ ပြန်လည် ဖြတ်သန်းရန် ရွေးချယ်ခဲ့ပေလိမ့်မည်။

ယခုမှမူ သူမတွင် အခြားရွေးချယ်စရာများ မရှိတော့ချေ။

သူမသည် ဓားစာခံအဖြစ်ပင် ဟန်ဆောင်၍ မရနိုင်တော့ပေ။

ထို့အပြင် ဤအဖြစ်မှန်ကို သိရှိထားသူမိန်းကလေးမှာလည်း သာမန်ပါတီပါချက် မဟုတ်ချေ။

၎င်းသည် ဒုတိယ မူလကြယ်နှင့် ဆက်စပ်နေသူ တစ်ဦး ဖြစ်လေသည်။

ဟန်ဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။

သူမသည် အမှန်အတိုင်း ဝန်ခံရုံသာတတ်နိုင်တော့ပြီး သူမတွင် ရွေးချယ်စရာမရှိခဲ့သောကြောင်းနှင့် သူမ၏ မျိုးနွယ်စုနှင့် မည်သို့မျှ မပတ်သက်ကြောင်းကို မိန်းကလေးအား ပြောပြရမည် ဖြစ်လေသည်။

အာရန်သည် စကားပြောရန် သူ၏ နှုတ်ခမ်းများကို ဟလိုက်မိစဥ်မှာပင် ယဲ့ဗ်နီက ချက်ချင်း ဖြတ်၍ ပြောလိုက်သည်။

"ရှင် အရှုပ်ထုပ်တွေ လျှောက်လုပ်နေတာ တော်လောက်ပြီ။ စကားတစ်လုံးတောင် ထပ်ပြောဖို့ မကျိုးစားနဲ့"

သူမသည် သတ္တမ မူလကြယ် ရောက်ရှိလာခြင်းအကြောင်းမှအစပြု၍ သူမ၏ မိသားစုနယ်မြေအတွင်းမှပင် အာရန်မှ သူမအား ပြန်ပေးဆွဲသည့် အကြောင်းအရာများ အပါအဝင် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ရှင်းပြလိုက်သည်။

သူမသည် သတ္တမမူလကြယ်လက်မှလွတ်မြောက်ရန်အတွက် ကိုယ့်မျက်နှာကိုကိုယ် ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရအောင် ပြုလုပ်ခဲ့ခြင်းအကြောင်းကိုမူ ချန်လှပ်ထားခဲ့သည်။

သူမသည် အာရန်မှ သူမအား ပြန်ပေးဆွဲခဲ့ခြင်းနှင့် သူမ မိသားစုကို ကာကွယ်လိုလျှင် သူပြောသည့်အတိုင်းဆက်လက်လုပ်ဆောင်ရန် ခြိမ်းခြောက်ခဲ့ခြင်းအတွက် အပြစ်အားလုံးကို အာရန်ဆီသို့သာ ပုံချရန်ကျိုးစားခဲ့သည်။

သူမသည် ဤကိစ္စတွင် ရွေးချယ်စရာမရှိခဲ့ကြောင်း ရှင်းလင်းအောင် ပြောပြခဲ့သည်။ သူ၏ မိသားစုသည် အပြစ်ကင်းစင်ကာ ငရဲကို သစ္စာဖောက်ခြင်းအတွက် အပြစ်ဒဏ်ပေးခံရမည်ဆိုပါကလည်း ၎င်းသည် သူမကိုယ်တိုင်သာ ဖြစ်သင့်သည် ဆိုသည့်အရာကိုပါ ထည့်သွင်းပြောကြားခဲ့သေး၏။

သူမသည် ငရဲကို သစ္စာဖောက်ခြင်းနှင့် ပြင်ပလူတစ်ဦးနှင့် ပူးပေါင်းခြင်းအတွက် မိန်းကလေးမှ သူမကို ချက်ချင်း သတ်ပစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

ပြင်ပလူတစ်ဦးအား ကျွန်တံဆိပ်မချိတ်နှိပ်ရသေးဘဲ ကျွန်ပြုခြင်း လက်ဝတ်တန်ဆာ ကို ပေးအပ်ခြင်းသည် သေဒဏ်သင့်စေနိုင်သည့် ပစ်ဒဏ်တစ်ခုဖြစ်လေသည်။ ၎င်းသည် ငရဲတွင် အဓိက မိသားစုများပင် ကြောက်ရသော ကြီးမားသော ရာဇဝတ်မှု တစ်ခုလည်း ဖြစ်နေသည်။

၎င်းက မူလကြယ်များကိုယ်တိုင် ဖန်တီးခဲ့သာ စည်းမျဉ်းများဖြစ်သဖြင့် မိသားစုတစ်ခုလုံး သုတ်သင်ခံရလောက်အောင် ကြီးမားသော ရာဇဝတ်မှုလည်း ဖြစ်လေ၏။

သူမသည် ထိုရှင်းပြချက်အရ သူမ၏ မိသားစုကို ကယ်တင်နိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။

"ဟမ်"

သူမသည် အပစ်ပေးခံရမည့်အချိန်ကို စောင့်ဆိုင်းခဲ့သော်လည်း ဘာမှ ဆက်ဖြစ်မလာခဲ့ပေ။

သူမသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်ရာ နဂါးမိန်းကလေးသည် သူမကို အာရုံအနည်းငယ်မျှပင် စိုက်နေခြင်း မရှိကြောင်း တွေ့ရှိလိုက်ရသည်။

ထိုအစား သူမသည် အာရန်ကိုသာ ပိုမို၍ စိတ်ဝင်စားသွားဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။

အာရန်အကြောင်း သူမ ပိုမို သိလာလေလေ သူသည် သူမအတွက် ပို၍ပင် မယုံနိုင်စရာ ကောင်းလာလေလေ ဖြစ်နေ၏။

ယခုအချိန်အထိ သူသည် ငရဲခွေးအချို့ကို သတ်ခဲ့သူ ဖြစ်နေဆဲပင်။

သို့သော် ယခုမူ သူသည် ငရဲခွေးများနှင့် အဆင့်တူသည်ဟု ယူဆနိုင်သော ညတောင်ပံမျိုးနွယ်စု၏ မင်းသမီးလေးကိုပင် ပြန်ပေးဆွဲလာနိုင်ခဲ့သူ ဖြစ်နေ၏။

သတ္တမ မူလကြယ်သည် ပြင်ပလူများကို ရှာဖွေရန် ကြိုးစားရင်း ညတောင်ပံမျိုးနွယ်စု နယ်မြေတွင် နေထိုင်နေစဉ်အတောအတွင်းမှာပင် ထိုလူငယ်သည် ထိုအရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်လေသည်။

သူမသည် အာရန်ကို ပို၍ပင် လိုချင်လာမိသော်လည်း အာရန်၏ အ‌စောပိုင်း စကားများကိုမူ မမေ့သေးပေ။

ထိုအမျိုးသားသည် ကျွန်အဖြစ်ရှင်သန်ရခြင်းထက် သေဆုံးရန်သာ ပို၍ ဆန္ဒရှိနေဟန်ရလေသည်။

သူမသည် သူ့အား ကျွန်အဖြစ် ပြောင်းလဲရန် အတင်းအကျပ် လုပ်ဆောင်လိုက်မိပါက သူ့အား ထာဝရ ဆုံးရှုံးသွားနိုင်ချေရှိနေခဲ့သည်။

ထိုကဲ့သို့သော ရတနာတစ်ခုကို သူမအနေနှင့် လွယ်လွယ်ကူကူ ဆုံးရှုံးလိုခြင်း မရှိခဲ့ပေ။

"ခဏနေဦး ကျွန်မတို့ ဒီဟန်ဆောင်မှုကို ဆက်ထိန်းထားမယ်ဆိုရင်ကော အဆင်ပြေမလား"

သူမသည် အာရန်၏ လက်ကောက်ဝတ်ရှိ လက်ဝတ်တန်ဆာကို ပြန်လည် သတိပြုမိပြီးနောက် ထပ်မံ၍ ပြောလိုက်သည်။

သူမနှင့် သူမ၏ သီးသန့်သက်တော်စောင့်အနည်းငယ်သာ အာရန်၏ ကျွန်တံဆိပ်သည် အတုဖြစ်ကြောင်း သိထားလေသည်။

အခြားသူများမှာမူ ဤကိစ္စကို လုံးဝ မသိရှိထားကြသေးပေ။

သူမကိုယ်တိုင်သာ ထိုအရာကို ဖော်ထုတ်ခြင်း မပြုခဲ့ပါက သူမသည် သူ့အား ကျွန်ပြုစရာပင် မလိုအပ်ဘဲ သူမ၏ မျိုးနွယ်စုထံသို့ အာရန်အား ကျွန်တစ်ဦးအနေဖြင့် ခေါ်ဆောင်သွားနိုင်လေသည်။

၎င်းသည် သူတို့နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိသော ဘုံသဘောတူညီချက်တစ်ခုပင် ဖြစ်နေလေသည်။

အာရန်သည် သူ၏ ဘေးကင်းမှုအတွက် စိုးရိမ်စရာမလိုဘဲ ဤကမ္ဘာတွင် ဆက်လက် နေထိုင်နိုင်မည်ဖြစ်သည်။

သူမသည်လည်း အနာဂတ်တွင် ဖြစ်လာမည့်အရာများအတွက် သူ၏ အကူအညီကို ရယူနိုင်ပေလိမ့်မည်။

"ရှင့်ကို ကျွန်မက အစစ်အမှန် ကျွန်မပြုဘူးဆိုရင်ကော ရှင်လက်ခံနိုင်မလား" သူမသည် အာရန်အား မေးလိုက်သည်။

"ကျွန်မအနေနဲ့ ရှင့်ကို ကျွန်မတို့ မျိုးနွယ်စုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေး အဆင့်မှာပဲ ထားရှိပေးမယ်။ ရှင့်အနေနဲ့ ပြန်လုပ်ပေးရမှာက ကျွန်မဆီမှာ ကျွန်တံဆိပ်ခပ်နှိပ်ထားတယ်ဆိုပြီး ဆက်လက်ဟန်ဆောင်ပေးဖို့ပဲ"

အာရန်သည် မည်သည့် တုံ့ပြန်မှုပြန်မပြခဲ့သော်လည်း အတွင်းစိတ်၌မူ အလွန် ကျေနပ်နေခဲ့သည်။

၎င်းက သူ လိုချင်သည့် ရလဒ်ပင် အတိအကျဖြစ်နေခဲ့သည် မဟုတ်ပါလား...။

၎င်းသည် သူ၏ လွတ်လပ်မှုကို သေချာစေသည့် သဘောတူညီချက်လည်း ဖြစ်လေ၏။ ထို့အပြင် အစစ်အမှန်ကျွန်ပြုခံရခြင်းမှ ကင်းလွတ်နေသော လူတစ်ဦးအနေဖြင့် သူ့အား အခြားမိသားစုခေါင်းဆောင်များ အနေဖြင့်မူ စိုးရိမ်မှုများ ရှိနေနိုင်မည် ဖြစ်သော်လည်း မူလကြယ်များဆိုပါမူ ကွဲပြားလေသည်။

သူတို့သည် ဤငရဲဘုံတွင် အသန်မာဆုံး ဖြစ်တည်မှုများ ဖြစ်ကြလေသည်။

အကယ်၍ သူသည်သာ ၎င်းတို့ဘက်တွင် ရှိနေသရွေ့ မူလကြယ်တစ်ပါးသည် ၎င်းကို အမှန်တကယ်ဂရုစိုက်လိမ့်မည်ဟု သူမထင်ချေ။

ဤသို့ဖြင့် အာရန်သည် မိန်းကလေး၏ အကူအညီဖြင့် သတ္တမ မူလကြယ်မှ လိုက်လံဖမ်းဆီးနေသော အပြစ်သားတစ်ဦးဘဝမှ ဒုတိယ မူလကြယ်နှင့် သက်ဆိုင်သူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည့် လမ်းကြောင်းတစ်ခုကို ဖန်တီးယူနိုင်ခဲ့သည်။

ထို့ပြင် အာရန်သည် မြို့တော်သို့ တိုက်ရိုက် ဦးတည်သွားနိုင်သည့် လမ်းကြောင်းတစ်ခုကိုပါ အလိုလို ဖန်တီးမိလျက်သား ဖြစ်သွားခဲ့ပြီမဟုတ်ပါလော...။

ဒုတိယမူလကြယ်၏ အရင်းအမြစ်များဖြင့် ဆိုပါက အာရန်သည် သူ၏ ညီဟု ခေါ်ဆိုခံရသူအကြောင်း ပိုမို၍ ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

"ကျုပ်သဘောတူတယ်" အအောင့်ကြာပြီးနောက် အာရန်သည် ပြန်လည်၍ သ‌ဘာတူကြောင်း ပြောလိုက်ကာ လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။

နဂါးမိန်းကလေးသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ကာ အာရန်၏ လက်ကို ပြန်လည်ဆုပ်ကိုင်ကာ သဘောတူညီခြင်းအထိမ်းအမှတ်အဖြစ် လက်ဆွဲ၍ နှုတ်ဆက်လိုက်သည်။

နောက်ဆုံးတွင်တော့ သူမသည် လိုချင်နေသည့်အရာကို ရယူနိုင်ခဲ့ပြီဖြစ်၏။

ယခုသည် မြို့တော်၏ ချိန်ခွင်လျားကို ပြောင်းလဲပစ်ရန် အချိန်ကျရောက်တော့မည် ဖြစ်လေ၏။

All Chapters