ဖိတ်ကြားချက်
Vol. 39 Ch. 565
[သင်သည် ငရဲမှ နဂါးများနှင့် ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ခဲ့ပါသည်။]
[သင်သည် ထူးခြားသော အောင်မြင်မှုတစ်ခု ရရှိခဲ့ပါသည်။]
[ထို့ကြောင့် သင်သည် လမ်းကြောင်းအသစ်များကို နှိုးဆွနိုင်ခဲ့သည်။]
[လမ်းကြောင်း (၁): နဂါးများနှင့် ပူးပေါင်းကာ ပထမ မူလကြယ်ကို ဖျက်ဆီးပါ။]
[လမ်းကြောင်း (၂): နဂါးများနှင့် ပူးပေါင်းပြီး ပထမ မူလကြယ်နှင့် ရင်းနှီးရန် အခွင့်အရေးကို ရှာဖွေကာ နဂါးများ၏ အကြံအစည်များကို ဖော်ထုတ်ပါ။]
[လမ်းကြောင်း (၃): ဤကမ္ဘာမှ မထွက်ခွာမီ မူလကြယ်တစ်ပါး ဖြစ်လာပါ။]
[လမ်းကြောင်း (၄): သင်သည် မူလကြယ်များကို မယုံကြည်ပါ။ ထို့ကြောင့် အဖမ်းမခံရဘဲ ခိုးထွက်နိုင်ရန် နည်းလမ်းတစ်ခုခုကို ရှာဖွေပါ။]
အာရန်သည် ဤငရဲဘုံသို့ ရောက်စဥ်ကတည်း သူ့တွင် အဘယ်အရာကို လုပ်ဆောင်လိုကြောင်း အတွေးတစ်ခု ရှိနှင့်ပြီးသား ဖြစ်၏။
ထို့ကြောင့် အာရန်သည် ယခင်ကကဲ့သို့ ပေါ်လာသော ရွေးချယ်စရာများထဲမှ တစ်ခုကို မရွေးချယ်မီ အချိန်ယူ၍ စဉ်းစားစရာပင် မလိုအပ်တော့ဘဲ ဤကမ္ဘာသစ်အတွက် သူ၏ စနစ်ဖြင့် လမ်းစဥ်တစ်ခုကို စတင်ခဲ့တော့သည်။
ဤငရဲဘုံတွင်လည်း ခွန်အားသည်သာ အရာရာ ဖြစ်လေ၏။
သူသည် အခြားသူများအတွက် အလုပ်လုပ်ပေးခြင်းဖြင့်သာ အချိန်ကုန်ခံမည်ဆိုပါက သူ၏ အသုံးဝင်မှု ကုန်ဆုံးသွားသောအခါ အသတ်ခံရခြင်း သို့မဟုတ် ကျွန်ပြုခံရခြင်းဆိုသည်မှာ အချိန်တစ်ခုသာ လိုအပ်ပေမည်။
မည်သည့်ကမ္ဘာတွင်မဆို သူ့အား အကျိုးဖြစ်ထွန်းစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ ကိုယ်ပိုင် ခွန်အားအပေါ် အာရုံစိုက်ထားရန်သာ ဖြစ်လေသည်။
[သင်သည် တတိယမြောက် လမ်းကြောင်းကို ရွေးချယ်ခဲ့ပါသည်။]
[ထိုရွေးချယ်မှုအတွက် သင်သည် ဆုလက်ဆောင်တစ်ခု ရရှိလိုက်ပါသည်။]
[သင်သည် ဒီမွန်မျိုးစေ့တစ်စေ့ကို ရရှိခဲ့ပါသည်။]
'ဒီမွန်မျိုးစေ့ဆိုပါလား'
အာရန်သည် ဒီမွန်မျိုးစေ့က ဘာလဲဆိုတာကိုပင် သိမနေခဲ့ချေ။
မည်သည့် ပစ္စည်းအသစ်များ ပေါ်လာမည်နည်းဟု စစ်ဆေးရန် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်ကြည့်လိုက်သော်လည်း သူ၏ စနစ်သိုလှောင်ခန်းအတွင်း၌ မည်သည့် ပစ္စည်းအသစ်ကိုမျှ မတွေ့ခဲ့ရပေ။
အာရန်သည် ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဆုလာဘ်သည် သူ၏ စနစ်သိုလှောင်ခန်းထဲတွင် ရှိမနေပါက ၎င်း ရှိနိုင်သည့် အခြားနေရာတစ်ခုသာ ကျန်ရှိတော့၏။
အာရန်တစ်ယောက် မျက်နှာအနည်းငယ် မဲ့စပြုလာစဥ်မှာပင် သူသည် အသိပေးချက်တစ်ခုကို ကြားလိုက်လေရသည်။
[ဒီမွန်မျိုးစေ့သည် သင်၏ နှလုံးသားအတွင်း၌ နေရာယူလိုက်ပါပြီ။]
[ထိုဒီမွန်မျိုးစေ့ လုံးဝ နိုးထလာသည်နှင့် သင်သည် မူလကြယ်တစ်ပါး ဖြစ်လာပေလိမ့်မည်။]
[ထိုဒီမွန်မျိုးစေ့အား ကောင်းမွန်စွာ ကြီးထွားလာစေရန် ဂရုတစိုက် ကျွေးမွေးပါ။]
'ကောင်းမွန်စွာ ကြီးထွားလာစေရန် ဂရုတစိုက် ကျွေးမွေးပါ ဆိုပါလား ငါက ဘာကို ကျွေးမွေးရမှာလဲ ငါ့သွေးနဲ့လား'
အာရန်သည် ထိုဒီမွန်မျိုးစေ့ကြီးထွားလာစေရန် လုပ်ဆောင်ရန် လိုအပ်သည့် ထူးခြားသော အရာတစ်ခုခု ရှိမရှိကိုပင် သိမနေခဲ့ချေ။
သို့မဟုတ် ထိုမျိုးစေ့သည် သူ၏ နှလုံးသားတွင်း၌ သည်အတိုင်းထားကာ သူနဂိုအတိုင်း စားသောက်ပေးရုံဖြင့် အလိုအလျောက် ကြီးထွားလာမည်လား။
ထို့နောက်အာရန်သည် စနစ်မျက်နှာပြင်ကို ထပ်မံမွှေနှောက်ကာ ထိုဒီမွန်မျိုးစေ့အကြောင်း ပိုမို စစ်ဆေးရန် ကြိုးစားလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် အာရန်သည် ၎င်းအတွက် သီးခြားရေးပေးထားသော စာပိုဒ်အချို့ကို ရှာတွေ့ခဲ့လေ၏။
.......
အမည်: မူလကြယ် မျိုးစေ့ (Seed of Primordial)
အဆင့်: ဒဏ္ဍာရီအဆင့်
ဖော်ပြချက်: ငရဲ၏ အသက်သွေးကြောဖြစ်သော ကျိန်စာသင့် သေခြင်းသစ်ပင်မှ စတင်ပေါက်ဖွားလာသည့် အမည်မသိ မျိုးစေ့တစ်ခု။ ထိုမျိုးစေ့မှာ တဖြည်းဖြည်း ကြီးထွားလာသည်နှင့်အမျှ သင်သည် အခြား မူလကြယ်များကဲ့သို့ ကျိန်စာသင့် သေခြင်းသစ်ပင်နှင့် ချိတ်ဆက်နိုင်လာလိမ့်မည်။
ပြုစုပျိုးထောင်နည်း: မျိုးစေ့ကို ပြုစုပျိုးထောင်ရန် ငရဲမှ ဒီမွမ်များ၏ အဆီအနှစ်ကို ကျွေးမွေးရန် လိုအပ်ပါသည်။ အဆီအနှစ်မှာ ပို၍ သန့်ရှင်းလေလေ ကြီးထွားမှု ပိုမို မြန်ဆန်လေလေပင် ဖြစ်ပေလိမ့်မည်။
.......
'ဒါက... ငါ ထင်တာထက် အများကြီး ပိုပြီး ရှုပ်ထွေးနေတာပဲ' ဟု အာရန်သည် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဒီမွန်များ၏ အဆီအနှစ်သည် ဒီမွန်မျိုးစေ့၏ ကြီးထွားမှုကို အထောက်အကူ ပြုမည်ဆိုပါက ၎င်းသည် သူ့အား မူလကြယ်ဒီမွမ်များကို ပစ်မှတ်ထားရန် သွယ်ဝိုက်၍ ပြောနေခြင်းများ ဖြစ်နေမလား။
မူလကြယ်ဖြစ်သည့် ဒီမွမ်များတွင် အခြား ဒီမွမ်များထက် အဆထောင်ချီ ပို၍ သန့်ရှင်းသော အဆီအနှစ်များ ရှိနေပေလိမ့်မည်။
အာရန်အနေဖြင့် အခြား ဒီမွမ်များကို သတ်နိုင်ခဲ့လျှင်ပင် သူ မည်မျှအထိ သတ်ရမည်ကို မသိနေချေ။
အခြားသူများ၏ သံသယဖြစ်မှုများအား ရှောင်ရှားကာ ထိုအရေအတွက်ကို ပြည့်မှီအောင် သူအမှန်တကယ်ပင် လုပ်ဆောင်နိုင်ပါ့မလား။
ဤသို့ဖြင့် အာရန်တစ်ယောက် အတွေးများတွင် နစ်မြောနေစဉ် သူ၏ ပတ်ဝန်းကျင်ကို မေ့လျော့နေခဲ့သည်။
မိန်းကလေးနှစ်ဦးလုံးသည် သူ့အား ဟင်းလင်းပြင်ထဲသို့ ကြည့်၍ တစ်ခါတစ်ရံ အရူးတစ်ယောက်ကဲ့သို့ သူ၏ လက်ချောင်းများကို ဟိုဟိုဒီဒီ လှုပ်ရှားနေသည်ကို မြင်နေကြရသည်။
"သူက ဒုတိယ မူလကြယ်နဲ့ ပူးပေါင်းရမှာကို တွေးမိပြီး သွေးပျက်သွားတာလား"
ထိုအရာက အာရန် အဘယ်ကြောင့် ဤမျှ ထူးဆန်းစွာ ပြုမူနေသည်ကို နားမလည်နိုင်ဘဲ ယဲ့ဗ်နီ တစ်ယောက် တွေးမိလိုက်ခြင်းဖြစ်၏။
သူမသည် သူ ထိုသို့ လုပ်ဆောင်သည်ကို မြင်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ချေ။
သူသည် ယခင်က သူမနှင့် အတူတကွခရီးထွက်စဥ်ကလည်း မကြာခဏ ဤကဲ့သို့ မိုက်မဲစွာ ကြည့်နေတတ်သည့် အချိန်များ ရှိခဲ့ဘူးလေသည်။
"ကျုပ်တို့ ဒီမြို့တော်ကနေ ဘယ်တော့လောက် ထွက်သွားကြမလဲ"
အာရန်သည် သူ၏ လက်ကို ဝှေ့ယမ်းကာ စနစ်မျက်နှာပြင်ကို ပြန်ပိတ်လိုက်သည်။
သူသည် ဒီမွမ်များကို သတ်ရမည်ဆိုလျှင်ပင် မြို့တော်သည်သာ သူ့အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်လေသည်။
ထိုနေရာတွင် သန့်စင်သောသွေးမျိုးဆက်ရှိသည့် ဒီမွမ်များစွာ နေထိုင်ကြလေသည်။ ထို့ပြင် သူသည် ဒုတိယ မူလကြယ်မ်၏ ကာကွယ်မှုကိုလည်း ရရှိပေဦးမည်။
'ငါ့ရဲ့ ချစ်လှစွာသော ညီလေး ရှာဖွေဖို့ ကျိုးစားနေတဲ့အချိန် ငါ့အနေနဲ့ ဒီမျိုးစေ့ကိုလည်း ပြီးပြည့်စုံအောင် တစ်ခါတည်း လုပ်ဆောင်ထားသင့်တယ်။ အဲ့ဒီ အဓိက ဇာတ်လိုက်ကို ကိုင်တွယ်တဲ့အချိန်ကျရင် တတ်နိုင်သမျှ ခွန်အားကြီးမားနေမှဖြစ်မယ်'
"ကျွန်မတို့ ဒီညပဲ ထွက်ခွာကြမယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ကျွန်မတို့ အနေနဲ့ ကိစ္စတစ်ခုကို ဖြေရှင်းရဦးမယ်ထင်တယ်"
မိန်းကလေးသည် ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသဖြင့် တံခါးဘက်သို့ လှည့်ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။
သူမ၏ တည်ရှိမှုကို ဖော်ထုတ်မိလိုက်ပြီးဖြစ်သဖြင့် လူများစွာသည် ဤနေရာသို့ ရောက်ရှိလာမည်ကို သူမ သိနှင့်ပြီးသား ဖြစ်လေသည်။
ယခုရောက်ရှိလာကြသူများသည် ငရဲခွေးများသာ ဖြစ်ရပေမည်။
ဤသို့ဖြင့် မကြာမီမှာပင် တံခါးခေါက်သံတစ်ခု ကြားလိုက်ရသည်။
အစောင့်တစ်ဦးက ငရဲခွေးများ နဂါးမင်းသမီးကို ဖိတ်ကြားရန် ဤနေရာသို့ ရောက်ရှိနေကြကြောင်း အကြောင်းကြားလာခဲ့၏။
"ဖိတ်ကြားချက်ကို လက်ခံလိုက်ပါ"
မိန်းကလေးသည် တံခါးပင် မဖွင့်တော့ဘဲ သူမ၏ အစောင့်များကို ပြောလိုက်သည်။
ငရဲခွေးများသည် ထိုကဲ့သို့အပြုအမူကို မကြိုက်နှစ်သက်သော်လည်း သူတို့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။
သူတို့သည် ဖိတ်ကြားချက်ကို အစောင့်များထံတွင်သာ ပေးအပ်ရန် ဆုံးဖြတ်လိုက်ကြရသည်။
အစောင့်များထဲမှတစ်ဦးကလည်း ငရဲခွေးမျိုးနွယ်စု၏ ဖိတ်ကြားချက်ကို လက်ခံရန် သူ၏ လက်တစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။
သို့သော် ထိုဖိတ်ကြားလွှာကို မထိနိုင်မီမှာပင် ဖိတ်ကြားလွှာသည် တစ်စုံတစ်ယောက်၏ လုယူခြင်းကို ခံလိုက်ရသည်။
"ဘာလို့ ဒီလို အဖိုးတန် ဖိတ်ကြားချက်ကို သာမန် အစောင့်တွေကို ပေးခဲ့လို့ဖြစ်မလဲ" အမျိုးသားတစ်ဦးသည် အစောင့်များကို ဒေါသတကြီး စိုက်ကြည့်ရင်း သူ၏ တည်ရှိမှုကို ဖော်ပြလိုက်သည်။
"မင်းသမီး မင်းက ကျုပ်တို့ မြို့မှာ ဧည့်သည်တစ်ဦးပါ။ ဖိတ်ကြားချက်ကို မင်းကိုယ်တိုင် လက်ခံပြီး ယဉ်ကျေးမှုကို ပြသရမယ် မဟုတ်ဘူးလား။ ဒါမှမဟုတ် မင်းရဲ့ မိသားစုနောက်ခံကြောင့် ကျုပ်တို့ ငရဲခွေးတွေကို အထင်သေးနေတာလား" ဒေါသထွက်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့ရာ အစောင့်များကိုပင် အံ့အားသင့်သွားစေခဲ့သည်။
အာရန်သည်ပင် ထိုအသံကြောင့် အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။
အကြောင်းမှာ ထိုအသံသည် သူ့အား အစောပိုင်း တိုက်ခိုက်ခဲ့သော ငရဲခွေးသခင်လေးဆိုသူနှင့် တူညီနေသောကြောင့်ပင် ဖြစ်၏။
နဂါးမင်းသမီးသည် မလိုအပ်သော ကိစ္စများကို ကိုယ်တိုင်ဖြေရှင်းလိုခြင်း မရှိသော်လည်း သူမသည် တံခါးကို ဖွင့်ပေးလိုက်သည်။
"တစ်စုံတစ်ဦး အနားယူနေချိန်မှာ အနှောင့်အယှက် မပေးတာကလဲ ယဉ်ကျေးမှု ပဲ မဟုတ်ဘူးလား။ ကျွန်မက အနားယူနေတဲ့အချိန်မှာ ကိုယ်တိုင် ဖိတ်ကြားချက်ကို ထွက်ပြီး လက်ခံမှ ရမှာလား။ ဒီလို အရာမျိုးကို တောင်းဆိုနိုင်ရအောင် ရှင်က ငရဲခွေး မိသားစုရဲ့ ခေါင်းဆောင်လား"
သူမသည် အရပ်ရှည်ရှည် ထိုငရဲခွေးအမျိုးသားအား အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူမ၏ ကိုယ်ပိုင် အစောင့်တစ်ဦးသည် အရိပ်ထဲမှ ထွက်လာပြီး ပြင်းထန်သော အော်ရာတစ်ခုသည် လူငယ်ငရဲခွေးအပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုအော်ရာ၏ ဖိနှိပ်မှုအောက်တွင်ပင် ငရဲခွေးသည် အပြုံးတစ်ပွင့်ကိုသာ ဖော်ပြခဲ့သည်။
၎င်းက သူ၏ မျက်လုံးများတွင် ပြင်းပြသော ရန်လိုမှုတစ်ခု ရှိနေကြောင်း သိသာနေခဲ့၏။
သူသည် မိန်းကလေးနောက်ကွယ်မှ မိသားစုကို ဂရုမစိုက်ခဲ့ပေ။
သူမကို မထိခိုက်သေးသရွေ့ သူမ၏ မိသားစုက ဤကိစ္စလောက်နှင့် သူတို့အား အရေးတယူလုပ်မည် မဟုတ်ချေ။
ထိပ်ပိုင်း မူလကြယ်များသည် တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေကြကြောင်း သူကောင်းစွာ သိထားသည်။
မည်သည့် ထိပ်ပိုင်းမူလကြယ်ကမျှ မြို့တော်မှ ထွက်ခွာရန် အချိန်အားယားနေမည် မဟုတ်ချေ။