← Chapters

မျှော်စင်သခင်၏ ကံကြမ္မာ

Vol. 39 Ch. 566

မျှော်စင်သခင်၏ ကံကြမ္မာ

Vol. 39 Ch. 566

ငရဲခွေးသခင်လေးသည် ထိုဖိတ်ကြားလွှာကို မိန်းကလေးထံသို့ တိုက်ရိုက်ပေးရန် ဟန်ပြင်လိုက်သည်။

သူသည် သူမ၏ ပြောစကားများ သို့မဟုတ် သူ၏အစောပိုင်း အပြုအမူများကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။

သူ၏ ဖခင်သည် ဤမိန်းကလေးကို ဂရုစိုက်ကောင်းစိုက်နိုင်သော်လည်း သူ့အတွက်မူ ကွဲပြားလေသည်။

၎င်းသည် သူ၏ မိသားစုကို ပျက်စီးစေနိုင်မည့်ကိစ္စတစ်ခု မဟုတ်သရွေ့ သူသည် ထိုကဲ့သို့ ဆက်ဆံ‌ရေးများကို မည်သည့်အခါမျှ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

"ကျုပ်တို့တာဝန် ဒီမှာ ပြီးပြီ"

သူသည် ဖိတ်ကြားလွှာကို နဂါးမင်းသမီး၏ လက်ထဲသို့ အပ်ပြီးနောက် နောက်ပြန်လှည့်ရန် သူ့လူများအား ပြောလိုက်သည်။

နဂါးမိန်းကလေးသည် မာနကြီးသော ငရဲခွေးသခင်လေးအား စူးရှစွာ စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ရှင် သူတို့ကို ဘာလို့ လိုက်သတ်ချင်နေတာလဲဆိုတာ ကျွန်မ နောက်ဆုံးတော့ နားလည်သွားပြီထင်တယ်။ သူတို့က တကယ့်ကို စိတ်အနှောင့်အယှက်ပေးလွန်းတယ်"

သူမသည် ထိုဖိတ်ကြားလွှာကို အာရန်အား ပေးလိုက်သည်။

"ရှင် သူတို့ဖိတ်ကြားတာကို တက်ရောက်ချင်လား"

ပုံမှန်အားဖြင့် သူမသည် ၎င်းကို ဂရုစိုက်မည် မဟုတ်ပေ။

သူမသည် ဤမြို့မှ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ထွက်သွားချင်နေပြီဖြစ်၏။

သို့သော် ယခုမူ အခြေအနေများသည် ကွဲပြားသွားပြီဖြစ်သည်။

အာရန်သည် ငရဲခွေးအချို့ကို သတ်ခဲ့သည်။

သူတို့သာ ယခုအချိန် ထွက်ခွာသွားပါက သံသယဖြစ်စရာများ ဖြစ်လာပေလိမ့်မည်။

ဤဖြစ်ရပ်ကြောင့် သူမသည် ငရဲခွေးများနှင့် ပဋိပက္ခအချို့ ရှိခြင်းဖြစ်မည်ဟုလည်း အထင်ခံရနိုင်လေသည်။

သူမသည် သူတို့အား ထိုကဲ့သို့ အပြစ်ဖို့နိုင်ရန် မည်သည့်အခွင့်အရေးကိုမျှ မပေးလိုပေ။

"ကျုပ်မှာ ငြင်းပယ်စရာ အကြောင်းမရှိပါဘူး"

အာရန်သည် ဖိတ်ကြားလွှာကို ကြည့်လိုက်ပြီး သူ၏ ဘယ်ဘက်လက်သည် အစောပိုင်း သူအထိုးခံခဲ့ရသော ဝမ်းဗိုက်နေရာကို ပွတ်သပ်နေမိ၏။

ထိုအချိန်က သူသည် သာမန်ကျွန်တစ်ဦးသာ ဖြစ်နေသင့်သောကြောင့် မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ယခုမူ သူသည် ဒုတိယ မူလကြယ်၏ မိသားစုနှင့် သက်ဆိုင်သူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်၏။

သူသည် ငရဲခွေးများကို လူမြင်ကွင်းတွင် ပေါ်တင် မသတ်သရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်လေသည်။

၎င်းသည် သူ၏ ဒီမွန်မျိုးစေ့ ကြီးထွားမှုကို စမ်းသပ်ရန် အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်နေသည်။

သူသည် ငရဲခွေးအချို့ကို သတ်ခဲ့ပြီးဖြစ်သည်။

အတော်များများ အမြင်၌ လူသတ်သမားသည် မြို့ထဲတွင်သာ ရှိနေဦမည်မှာ ရှင်းနေသည်။

ယခု သူ့တွင် နောက်ခံအင်အားစုတစ်ခု ရှိနေပြီဖြစ်သောကြောင့် သူ အစွမ်းကုန် ထုတ်သုံးခြင်းမှ တားဆီးရန် မည်သည့်အရာမျှ ရှိမနေတော့ချေ။

ထို့အချိန်တွင် ရင်းနှီးသော မျက်နှာတစ်ခု သူ၏ မျက်လုံးများအတွင်း ပေါ်လာခဲ့လေသည်။

နစ်ခရိုမန်ဆာများသည် တနှာရူး မူလကြယ်တစ်ပါးတည်ရှိနေသော ညတောင်ပံမျိုးနွယ်စု နယ်မြေတွင် ရှိနေခဲ့ခြင်းဖြစ်လေသည်။

သူတို့သည် ထိုနယ်မြေကို ဖြတ်ကျော်ရန် သေချာပေါက် ပြုလုပ်ဝံ့မည်မဟုတ်ကြပေ။ အကယ်၍ သူတို့သာ ငရဲ၏ ဗဟိုဧရိယာများဆီသို့ မဖြစ်မနေသွားရန် လိုအပ်ပါက သူတို့အတွက် အခြား လမ်းကြောင်းတစ်ခုတည်းသာ ကျန်ရှိတော့သည်။

၎င်းက ဤငရဲခွေးမြို့ကို ဖြတ်၍သွားရန်ပင် ဖြစ်၏။

သူတို့သာ အသက်ရှင်နေသေးပြီး ထိုမူလကြယ်၏ ဖမ်းဆီးခြင်းကို မခံရသေးပါက ဤလမ်းအတိုင်း ရောက်ရှိလာရန်မှာ အချိန်တစ်ခုသာ လိုအပ်ပေမည်။

ထိုသို့ဆိုပါက ဤမြို့၌ ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များအတွက် သူ့အစား ခေါင်းခံပေးမည့်သူတစ်ဦး ရှိသွားပြီဟုလည်း ယူဆ၍ ရနိုင်ပေပြီ။

...

အာရန်တစ်ယောက် နစ်ခရိုမန်ဆာများကို ဒုက္ခပေးရန် စီစဉ်နေစဉ်မှာပင် နစ်ခရိုမန်ဆာ မျှော်စင်သခင်သည် ငရဲခွေးမြို့၏ ရှေ့တွင် ရောက်ရှိနေပြီဖြစ်သည်။

သူ၏ ဘယ်ဘက်လက်သည် ပျောက်ကွယ်နေခဲ့ပြီး သူ၏ အဝတ်အစားများတွင် လည်း သွေးများပေပွလျက်ရှိနေသည်။

သူ၏ ပုံစံသည် ပို၍ပင် ဖြူဖျော့နေခဲ့ပြီး သူ၏ နောက်တွင်လည်း မည်သည့် နစ်ခရိုမန်ဆာမျှ ရှိမနေတော့ပေ။

သူ၏ ညာလက်ရုံးအစောင့်အရှောက်မှာ သေဆုံးသွားခဲ့ပြီလား သို့မဟုတ် မူလကြယ်၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံနေရပြီလား ဆိုသည်ကိုပင် သူ မသိနိုင်ခဲ့ချေ။

ထိုအခြေအနေတွင် သူသည်ပင်လျှင် ထိုမူလကြယ်အမှတ်တမဲ့ဖြစ်နေသည့် အခိုက်အတန့်တွင် မနည်းပင် လွတ်မြောက်အောင် ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည် မဟုတ်ပါလော။

ထိုအချိန်တွင် နစ်ခရိုမန်ဆာ မျှော်စင်သခင်သည် အာရန်မှ သူတို့အတွက် စီစဉ်ပေးထားသော အရာများအကြောင်းကို လုံးဝ သိမနေခဲ့ပေ။

သူသာ သိခဲ့မိပါက ချက်ချင်းပင် သွေးအန်မိပေလိမ့်မည်။

ပထမဦးစွာ သူသည် အာရန်ကြောင့် မူလကြယ်တစ်ပါး၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရလေသည်။

၎င်းက သူနှင့်အတူ လိုက်ပါလာခဲ့သော နစ်ခရိုမန်ဆာ တပ်ဖွဲ့ဝင်အများစုကို သေဆုံးစေခဲ့၏။

ယခုမူ အာရန်သည် ငရဲခွေးများကို သူ့နောက်သို့ ထပ်မံအမဲလိုက်စေရန် စီစဉ်နေသည်တဲ့လား...။

ထိုအထိ ဖြစ်ပျက်သွားခဲ့သော်လည်း အရာရာတိုင်း အဘယ်ကြောင့် ဤမျှ မှားယွင်းနေသည်ကို သူ့အနေနှင့် လုံးဝ မသိနိုင်ခဲ့ပေ။

သူသည် ငရဲခွေးနယ်မြေကို ဖြတ်ကျော်ရန်မှအပ အခြားရွေးချယ်စရာ မရှိကြောင်း သဘောပေါက်ရင်း အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။

ငရဲခွေးများသည် နစ်ခရိုမန်ဆာများအတွက် ဆိုးရွားသောဖြစ်တည်မှုများ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း သူတို့သည် မူလကြယ်တစ်ပါးနှင့် နှိုင်းယှဉ်လျှင်မူ များစွာတော်သေးသည်ဟု ဆိုရပေမည်။

ဤသည်မှာ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာလည်း ဖြစ်လေ၏။

မျှော်စင်သခင်သည် သူ၏ ဘယ်ဘက်လက်ကို ပြန်လည်ကုသလိုက်ပြီးနောက် သူ၏ အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်သည်။

သူသည် ဖုတ်ကောင်မှော်ပညာကို အသုံးပြု၍ ယခင်ကမ္ဘာမှ ရှင်သန်ခြင်းအော်ရာများ ကို ဖယ်ရှားပစ်ခဲ့ပြီး သူ့ကိုယ်သူ ဤကမ္ဘာတွင် နေထိုင်သော ဖုတ်ကောင် မျိုးနွယ်ဝင်များကဲ့သို့ အသွင်ယူလိုက်သည်။

ထိုမှော်အစွမ်းကို အသုံးပြုလိုက်သည်နှင့် သူ၏ နှလုံးသည်ပင် ခုန်နေခြင်းအား ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ကာ ၎င်းကို သူသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်လေသည်။

သူသည် သူ၏ ကိုယ်တွင်းအင်္ဂါအချို့ကိုလည်း ပြန်လည် ပြုပြင်ခဲ့၏။

သူသည် အာရန်နှင့် ကွဲပြားသော နည်းလမ်းတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ကျွန်တစ်ဦးအဖြစ် ဟန်ဆောင်ရမည့်အစား သူသည် ဤငရဲမှ လူတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ခြင်းဖြစ်လေသည်။

အရာအားလုံး ပြင်ဆင်ပြီးနောက် သူသည် နောက်မှလိုက်လာသော မူလကြယ်၏ တည်ရှိမှုအား ပိုမို နီးကပ်လာသည်ကို ခံစားမိလိုက်သဖြင့် ငရဲခွေးမြို့အတွင်းသို့ အလျင်အမြန်ပင် ဝင်ရောက်သွားတော့သည်။

ငရဲခွေးမြို့သည်သာ သူ့ကို ယခု အချိန်တွင် ကာကွယ်နိုင်တော့မည်ဖြစ်လေသည်။

...

"ဘာလို့ ဒီနေရာက ဒီလောက် အစောင့်တွေ တင်းကျပ်နေရတာလဲ"

နစ်ခရိုမန်ဆာ မျှော်စင်သခင်သည် မြို့အတွင်းသို့ ဝင်ရောက်မိလိုက်သည်နှင့် အတော်လေး တုန်လှုပ်သွားခဲ့မိသည်။

သူသည် နေရာတိုင်းတွင် စစ်‌ဆေးနေသော ငရဲခွေးများကို မြင်တွေ့နိုင်ခဲ့သည်။ သူတို့သည် တစ်စုံတစ်ဦးကို ရှာဖွေနေကြသည် ရှင်းနေ၏။

သူတို့သည် မြို့ရှိ လူတိုင်း၏ အချက်အလက်များကို တစ်စုံတစ်ရာနှင့် တိုက်၍ စစ်ဆေးနေကြသည်။

နစ်ခရိုမန်ဆာ မျှော်စင်သခင်သည် ငရဲခွေးများမှ သံသယရှိသည်ဟု ယူဆသောကြောင့် ငရဲမီးဖြင့် လောင်မြိုက်စေကာ လူတစ်ဦး အရှင်လတ်လတ် မီးရှို့ခံလိုက်ရသည့် မြင်ကွင်းကိုပင် မြင်လိုက်ရသည်။

"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ" ဟု သူသည် စတင်တွေးတောမိလာခဲ့သည်။

ထိုစဥ်ငရဲခွေးတစ်ကောင်က ရုတ်တရက် သူ့ဘက်သို့ လက်ညှိုးထိုးလိုက်သောအခါ သူ၏ မျက်နှာအမူအရာများ ပို၍ပင် ဆိုးရွားသွားခဲ့သည်။

"ဟိုမှာ အဲ့ဒါ သူပဲ"

မျှော်စင်သခင်တစ်ယောက် မည်သည့်အရာကိုမျှ နားမလည်နိုင်မီမှာပင် သူသည် ငရဲခွေးများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

သူ၏ စိတ်သည် လုံးဝ ရှုပ်ထွေးသွားခဲ့သည်။

ဤလူများသည် သူ့အား အဘယ့်ကြောင့် လက်ညှိုးထိုးနေကြသနည်း။

သူတို့သည် အကြောင်းတစ်ခုခုကြောင့် သူ့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေကြဟန်တူ၏။

သို့သော် အဘယ်ကြောင့်နည်း။

သူသည် သူ၏ မျက်နှာကို မပြောင်းလဲမိခဲ့ပေ။

သူသည် ဤကမ္ဘာ၏ ဖုတ်ကောင် မျိုးနွယ်ဝင်တစ်ဦးကဲ့သို့ ဟန်ဆောင်ရန် ကျိုးစားခဲ့သည်။

သို့သော် ၎င်းက သူ့အား ဤကဲ့သို့လွယ်ကူစွာ မမှတ်မိသင့်ပေ။

သူ လွန်ခဲ့သော အခေါက်က ငရဲသို့ လာရောက်ခဲ့စဥ် သူနှင့်ဆုံတွေ့ခဲ့ကြသော ငရဲရှိ လူအတော်များများသည် သူ့အား မှတ်မိကြတော့မည်မဟုတ်ဟု သူယူဆမိခဲ့သည်။

ဤမျှအချိန်ကြာပြီဖြစ်သဖြင့် သူနှင့်အစောပိုင်း ရင်ဆိုင်ခဲ့ရသော မူလကြယ်မှအပ မည်သူမျှ သူ၏ မျက်နှာကို မှတ်မိမနေသင့်ပေ။

"ဟမ် သူ တကယ်ပဲ ဒီကို ရောက်နေတာလား"

အာရန်ပင် အရိပ်ထဲတွင် ပုန်းအောင်းနေစဉ် မျှော်စင်သခင်၏ တည်ရှိမှုအား သတိပြုလိုက်ရာ သူ၏ ကံကို မယုံကြည်နိုင်ခဲ့ချေ။

သူသည် ဤတစ်နေ့လုံး၌ ငရဲခွေးများကို ဆက်တိုက် အမဲလိုက်နေခဲ့ပြီး အချို့ကိုသာ ရည်ရွယ်ချက်ရှိရှိ လွတ်မြောက်စေခဲ့သည်။

ထိုငရဲခွေးအချို့ကို လွှတ်ပေးလိုက်စဉ် သူသည် နစ်ခရိုမန်ဆာ မျှော်စင်သခင်အဖြစ် အသွင်ပြောင်းလဲထားခဲ့ခြင်းဖြစ်ပြီး အနာဂတ်အတွက် အစီအစဥ်များကို ကြိုတင် အကွက်ချခဲ့ခြင်းလည်း ဖြစ်လေသည်။

အာရန်သည် သူ၏ အစီအစဥ်များ ဤမျှလောက် လျင်မြန်စွာ အကျိုးသက်ရောက်နိုင်လိမ့်မည်ဟု သူပင် မမျှောင်လင့်မိခဲ့ချေ။

နစ်ခရိုမန်ဆာ မျှော်စင်သခင်သည် ဆက်တိုက် ကံဆိုးနေခဲ့ခြင်းသာဖြစ်လေ၏။

တစ်နည်းအားဖြင့် သူ၏ ကံသည် အာရန်ထက်ပင် ပို၍ ဆိုးရွားနေဟန်ရလေသည်။

သူသည် အိပ်မက်ဆိုးတစ်ခုမှ လွတ်မြောက်နိုင်ခဲ့စဥ် နောက်ထပ် အိပ်မက်ဆိုးတစ်ခုအတွင်း သက်ဆင်းမိလျက်သား ဖြစ်ခဲ့ရသည်။

ထို့အပြင် အာရန်ကိုယ်တိုင်သည်ပင် သူ့အား ရှာတွေ့ခဲ့ပြီဖြစ်သည်။

သူကတော့ အာရန်၏ တည်ရှိမှုကိုပင် သတိမထားမိခဲ့ချေ။

အာရန်တွင် ယခုအချိန်၌ ဆက်လက် လုပ်ဆောင်စရာအရာများ ရှိသွားခဲ့ပြီဖြစ်သည်။

သူ၏ ညီဖြစ်သူ ဇာတ်လိုက်နှင့်ပတ်သတ်၍ သူနှင့် မျှော်စင်သခင်ကြားတွင် ဆက်သွယ်မှုတစ်ခု ရှိနေလေသည်။

ပုံမှန်အားဖြင့် သူ၏လုပ်ဆောင်ချက်များကြောင့် အရာရာလွဲမှားသွားခဲ့မည်ကို စိုးရိမ်နေမိခဲ့သော်လည်း မျှော်စင်သခင်မှာ သူထင်ထားသည်ထက် များစွာပိုမို သန်မာကြောင်း ယုံကြည်ထား၏။

ငရဲခွေးများလောက်ဖြင့် မျှော်စင်သခင်အား သတ်နိုင်မည်မဟုတ်ပေ။

သူတို့သည် မျှော်စင်သခင်အား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့မည်ဆိုလျှင်ပင် သူ၏ ထွက်ပြေးခြင်းအား တားဆီးနိုင်မည်မဟုတ်ပေ။

အဆုံး၌ သူသည် အရှင်သခင်တစ်ဦးပင် ဖြစ်နေသေးဆဲ မဟုတ်ပါလော...။

All Chapters