← Chapters

ဒုတိယပွဲဆက်

Vol. 39 Ch. 567

ဒုတိယပွဲဆက်

Vol. 39 Ch. 567

နစ်ခရိုမန်ဆာ မျှော်စင်သခင်သည် မူလကြယ်ထံမှပင် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သူ ဖြစ်လေသည်။

သူ့အား ငရဲခွေးများစွာ ဝန်းရံထားသော်လည်း သူသည် အရှုံးပေးရန် ငြင်းဆန်နေဆဲပင်။

သူ အဘယ်ကြောင့် တိုက်ခိုက်ခံနေရသည်ကို မသေချာသော်လည်း သူသည် ပြင်းထန်စွာ ပြန်လည်ခုခံခဲ့ရ၏။

၎င်းသည် အာရန်အနေဖြင့် နစ်ခရိုမန်ဆာ မျှော်စင်သခင် အစွမ်းကုန် တိုက်ခိုက်နေသည်ကို မြင်ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ငရဲခွေးများ၏ မီးလျှံများသည် မျှော်စင်သခင် အသုံးပြုသော သေခြင်းစွမ်းရည် အတွက် အဆိုးဆုံး သဘာဝရန်သူပင်ဖြစ်၏။

သို့သော် မျှော်စင်သခင်သည် ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။

ထိုသို့တိုက်ခိုက်နေစဥ်မှာပင် သူသည် ငရဲခွေးနှစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး သူတို့၏ နှလုံးသားများကို ဆုတ်ဖြဲပစ်ခဲ့သည်။

ထိုငရဲခွေးနှစ်ကောင်၏ အသက်မဲ့ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သေခြင်းအဆီအနှစ်များသည် သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ဖြည်းဖြည်းချင်း တိုက်စားဝင်ရောက်သွားခဲ့၏။

နစ်ခရိုမန်ဆာ မျှော်စင်သခင်သည် ငရဲခွေးများကို သတ်ရင်း ငရဲခွေးမြို့၏ မြို့တံခါးရှိရာဘက်ဆီသို့ ဦးတည်လမ်းရှင်းရန် ကျိုးစားလိုက်သည်။

တိုက်ခိုက်နေစဥ်အတွင်းမှာပင် သူသည် အစောပိုင်း သူသတ်ခဲ့သော ငရဲခွေးများကို ဖုတ်ကောင်များအဖြစ် ပြန်လည် အသက်သွင်းလိုက်ပြီး သူ့အတွက် တိုက်ခိုက်ပေးရန် အမိန့်ပေးလိုက်သည်။

ငရဲခွေးများတွင် တောက်ပပြီး အလွန်အားကောင်းသော မီးလျှံများသည် ပါးစပ်ပေါက်များအတွင်းမှ ပင် လျှံထွက်နေကြသည်။

သို့သော် ဖုတ်ကောင်များအဖြစ် အသွင်ပြောင်းသွားပြီးချိန်တွင်မူ သူတို့၏ မီးလျှံများသည် ပို၍ နက်မှောင်သွားခဲ့ကြ၏။

သူတို့သည် အစောပိုင်း မျှော်စင်သခင်၏ သေခြင် အဆီအနှစ်များကို တိုက်ခိုက်နိုင်သည့် မီးလျှံများကိုမူ အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

ယင်းအစား သူတို့သည် သေခြင်းအဆီအနှစ်များ ဝန်းရံနေသည့် မီးလျှံများကို အသုံးပြုလာခဲ့ကြသည်။

နစ်ခရိုမန်ဆာ မျှော်စင်သခင်သည် သူ့အား ယခု တိုက်ခိုက်နေသော ငရဲခွေးများသည် အားနည်းသော သာမန်အဆင့်အစောင့်များသာ ဖြစ်ကြောင်း ရိပ်မိထားသည်။

မြို့တော်သခင်နှင့် အခြားအထက်ပိုင်းပုဂ္ဂိုလ်များသည်သာ စစ်မှန်သော ခြိမ်းခြောက်မှုများ ဖြစ်ကြောင်းလည်း သိထားလေသည်။

ထိုသူများ ဤနေရာသို့ မရောက်ရှိမီ သူသည် ၎င်းတို့အတွက် လက်ဆောင်တစ်ခုခု ချန်ထားခဲ့ချင်နေ၏။

မျှော်စင်သခင်သည် ထိုငရဲခွေးများကို သူတို့၏ ခေါင်းဆောင်အကြီးအကဲများအား ပြန်လည်၍ ဆန့်ကျင်စေလိုနေခဲ့သည်။

သေခြင်း အော်ရာများသည် မျှော်စင်သခင်၏ ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း ပြန့်ကားသွားကြသည်။

မျှော်စင်သခင်သည် တိုက်ခိုက်နေစဥ်အချိန်မှာပင် သူ၏ အာရုံစူးစိုက်မှုများကို နေရာအသီးသီးသို့ ခွဲခြားပို့လွှတ်ထားခဲ့သည်။

ဤသို့ဖြင့် တစ်နေ့တာအတွင်း၌ ငရဲခွေး တစ်ရာကျော် သေဆုံးခဲ့ရလေသည်။

သူတို့ထဲမှ ငါးဆယ်ကျော်သည် နစ်ခရိုမန်ဆာ မျှော်စင်သခင်၏ လက်ဖြင့် သေဆုံးခဲ့ကြခြင်းဖြစ်ပြီး ကျန်သူများမှာမူ ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူရန်ချောင်းမြောင်းနေသော အာရန်၏ လက်ဖြင့် သေဆုံးခဲ့ကြခြင်း ဖြစ်၏။

မြို့အတွင်းရှိ မျှော်စင်သခင်ရှိရာ စစ်မြေပြင်ရှိရာဆီသို့ ဦးတည်နေသော ငရဲခွေးများစွာသည် မျှော်စင်သခင်ထံသို့ မရောက်နိုင်မီမှာပင် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။

သူတို့သည် ရုတ်တရက် အရိပ်ထဲမှ ထွက်လာကာ သူတို့ကို သတ်ပြီးနောက် အရိပ်အတွင်းသို့ ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားသော အမျိုးသားတစ်ဦး၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်လေသည်။

ဤသို့ဖြင့် အာရန်သည် သူ၏ နှလုံးသားအတွင်းရှိ ဒီမွန်မျိုးစေ့ကို အစာကျွေးနေခဲ့ခြင်း လည်း ဖြစ်လေ၏။

"ဒါက အရမ်း နှေးနေသေးတယ်။ ဒီနှုန်းနဲ့ဆို ဘယ်လောက်ထိကြာနိုင်မှာလဲ" အာရန်သည် စစ်မြေပြင်၏ အကောင်းဆုံး အနေအထားကို မြင်ရရန် ခေါင်မိုးပေါ်သို့ ပြန်တက်သွားခဲ့သည်။

ရုတ်တရက် ငရဲခွေးမြို့၏ ဗဟိုဧရိယာရှိ အိမ်တော်တစ်ခုအတွင်းမှ အားကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"အင်အားကြီးမားတဲ့သူတွေ ပါဝင်လာပြီ။ ဒါက ငါ လိုအပ်နေတဲ့ အခွင့်အရေးမဟုတ်လား"

အာရန်သည် သူ ယခင်က မြင်ခဲ့ဖူးသော ငရဲခွေးများထက် အဆရာပေါင်းများစွာ ပိုမို အားကောင်းသည့် အော်ရာထွက်ပေါ်လာရာ ရင်းမြစ်ကို ရှာဖွေကြည့်လိုက်၏။

ထိုအခါသူ့ဆိသို့ မီးတောက်လောင်နေသော အရိပ်တစ်ခု လျှင်မြန်စွာ ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။

အာရန်သည် ရုတ်တရက်မို့ ထိတ်လန့်သွားပြီး အရိပ်တစ်ခုအတွင်း လျှင်မြန်စွာ ဝင်ရောက်ပုန်းအောင်းနေလိုက်ကာ ထိုမီးများတောက်လောင်နေသော အရိပ်သည် သူ့အား ကျော်လွန်၍ ပြေးထွက်သွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့် နေလိုက်သည်။

ထို့နောက် အားကောင်းသော အော်ရာများသည် တစ်ဦးပြီးတစ်ဦး သူ့ကို ကျော်လွန်၍ ထွက်ခွာသွားခဲ့ကြသည်။

ထိုအင်အားစုများဆီမှ ထွက်ပေါ်လာသောအော်ရာများကြောင့် ငရဲခွေးတစ်မြို့လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

ထိုအင်အားစုများသည် အသီးသီးလျှင်မြန်စွာ ထွက်ပေါ်လာကြကာ နစ်ခရိုမန်ဆာ မျှော်စင်သခင်၏ ပတ်ပတ်လည်တွင် ဆင်းသက်လိုက်ကြသည်။

သူတို့ထဲမှ အထင်ရှားဆုံးမှာ ဤငရဲခွေးမြို့၏ မြို့တော်သခင်ဆိုသူပင် ဖြစ်၏။

သူ၏ ညီဖြစ်သူသည်လည်း သူ့ဘေးတွင် ရှိနေခဲ့သည်။

ထိုသူသည် အာရန်အား လျော်ကြေးအဖြစ် ဒင်္ဂါးပြားတစ်ပြား ပစ်ပေးခဲ့သူ ပုဂ္ဂိုလ် ပင် ဖြစ်နေလေသည်။

ငရဲခွေးသခင်လေးသည်လည်း ထိုအဖွဲ့ထဲတွင် ပါဝင်လာခဲ့သော်လည်း သူသည် နောက်ဘက်တွင်သာ ချန်နေခဲ့ရ၏။

သူသည် တိုက်ပွဲတွင် ပါဝင်ခွင့် မရသောကြောင့် အနည်းငယ် စိတ်ပျက်နေပုံရသည်။

ဤကဲ့သို့သော ခြိမ်းခြောက်မှုမျိုးသည် ငရဲခွေးမြို့တွင်း၌ ပေါ်ထွက်လာခြင်းမှာ ရှားပါးဖြစ်စဥ်တစ်ခု ဖြစ်သောကြောင့် အတွေ့အကြုံရရှိရန် သူ့အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းသာ ဖြစ်လေသည်။

"အဖေ ကျွန်တော်လဲ သူ့ကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ဖေဖေ ခွင့်ပြုပေး ..."

"မင်း နောက်မှာပဲ စောင့်ကြည့်နေ...ဒီကိစ္စကို အကြီးအကဲတွေပဲ ကိုင်တွယ်ဖြေရှင်းပါစေ"

သူသည် စကားပင်မပြီးဆုံးခင်မှာပင် သူ့ဖခင်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ဤသည်မှာ ပုံမှန် တိုက်ပွဲတစ်ခု မဟုတ်ပေ။

ထိုသူသည် ငရဲခွေးများကိုပင် ဖုတ်ကောင်များအဖြစ် ပြောင်းလဲနိုင်သူ ဖြစ်နေလေသည်။

သူတို့ ယခင်က ကြားခဲ့ဖူးသော ကျူးကျော်လာသူတစ်ဦးနှင့် ပုံသဏ္ဍာခြင်းတူညီနေသည့် လူနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အတိတ်က ပြဿနာများစွာ ဖန်တီးခဲ့သော ထိုကျူး‌ကျော်သူ တစ်ဦးအကြောင်း ကောလဟာလများသည် အချိန်အတော်ကြာသည်အထိ ဤငရဲဘုံတွင် သတင်းမွှေးခဲ့ဘူးလေသည်။

ထိုပုဂ္ဂိုလ်၏ မျက်နှာကို မြင်ဖူးသူ မည်သူမျှ အသက်ရှင်မကျန်ခဲ့ပေ။

ထိုပုဂ္ဂိုလ်ကို သိခဲ့သူတို့ကို ရုပ်အလောင်းများအဖြစ်သာ ရှာဖွေတွေ့ရှိခဲ့ကြပြီး ၎င်းရုပ်အလောင်းများဆီမှ ထွက်ပေါ်နေခဲ့သည့် သေခြင်းအော်ရာများသည် ယခု ဖုတ်ကောင်များထံမှ ခံစားနေရသော သေခြင်းအော်ရာများနှင့် လုံးဝဆင်တူနေခဲ့၏။

အတိတ်က လူများစွာသည် ထိုပုဂ္ဂိုလ်ကို ရှာဖွေရန် ကြိုးစားခဲ့ကြသော်လည်း သူ့အား မည်သည့်နေရာတွင်မျှ အစအနရှာမရခဲ့ချေ။

သူသည် လေထဲမှာပင် ရုတ်တရက်ပျောက်ကွယ်သွားသော တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ရသည်။

"မင်း နောက်ဆုံးတော့ ပြန်ပေါ်လာပြီပေ့ါ။ ငါ ထင်တဲ့အတိုင်းပဲ မင်းက အရင်တစ်ခါ နာမည်ကြီးခဲ့တဲ့ ကျူးကျော်သူ လူစိမ်းတစ်ယောက်ပဲဖြစ်ရမယ်"

မြို့သခင်သည် သူ၏ ဝံပုလွေကဲ့သို့ ချွန်ထက်နေသော သွားများကို ဖော်ပြလိုက်ကာ တစ်ဆက်တည်း သူ၏ သားရဲတစ်ကောင် ပုံစံသို့ အသွင်ပြောင်းလဲလိုက်သည်။

"မင်းတို့ ငါ့အကြောင်း ဘယ်လို သိသွားခဲ့တယ်ဆိုတာတော့ ငါ မသိဘူး။ ဒါပေမဲ့ မင်းတို့ ခုလို ငါ့ကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ အတွက်တော့ ကြိမ်းသေ နောင်တရရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီတစ်ခေါက်တော့ ငါ ရှုံးနိမ့်မှာ မဟုတ်တော့လို့ပဲ"

မျှော်စင်သခင်သည် သူ၏ ဖုတ်ကောင် ငရဲခွေးများကို မိသားစု၏ အခြား အကြီးအကဲများ အလုပ်ရှုပ်စေရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်မှာမူ မြို့သခင်ဖြစ်သူ ငရဲခွေးနှင့် စတင်တိုက်ခိုက်တော့သည်။

သူသည် ဤမြို့သခင်ကို ရှင်းထုတ်လိုက်နိုင်သည်နှင့် တိုက်ပွဲသည် ပြီးဆုံးသလောက် ဖြစ်သွားပေလိမ့်မည်။

နောက်ဆုံးတွင် မြို့သခင်သည် မူလကြယ်တစ်ပါးကဲ့သို့ အားကောင်းသူတစ်ဦး ဟုတ်မနေပေ။

နဂါးမိန်းကလေးနှင့် သူမ၏ အစောင့်များသည်လည်း ဆူညံသံများကြောင့် သူတို့၏ စံအိမ်တော်မှ ထွက်လာပြီး အခြေအနေများကို ကြည့်ရှုနေကြသော်လည်း ဝင်ရောက်ပါဝင်ခြင်းတော့ မရှိခဲ့ကြချေ။

အာရန်ကဲ့သို့ပင် သူတို့သည်လည်း အဝေးတစ်နေရာမှသာ စောင့်ကြည့်နေခဲ့ကြသည်။

ဤမြို့၏ အရေးကိစ္စများသည် သူတို့နှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည် မြို့သခင် အနေနှင့် ဤမျှ လွယ်ကူစွာ ရှုံးနိမ့်နိုင်မည်ဟုလည်း မယုံကြည်ခဲ့ကြပေ။

ထိုအချိန် ၎င်းတို့နှင့် မတူဘဲ ငရဲခွေးသခင်လေးမှာမူ တိုက်ပွဲတွင် ပါဝင်လိုနေခဲ့သော်လည်း သူသည်လည်း အဝေးမှသာ စောင့်ကြည့်နိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ့အတွက် တိုက်ပွဲတွင်ဝင်ပါရန် နေရာမရှိသောကြောင့် ပင်တည်း။

သူသည် ပထမဦးစွာ ဤနေရာတွင် ရှိမနေခဲ့မိသည့် သူ၏ ကံကြမ္မာကိုသာ ကျိန်ဆဲနိုင်တော့သည်။

သူသာ ဤနေရာတွင် ရှိနေခဲ့ပါက ဤတိုက်ပွဲတွင် ဝင်ပါရန် အခွင့်အရေးတစ်ခု ရခဲ့ပေလိမ့်မည်။

"သူတို့ကို မေ့ထားပြီး ကျုပ်တို့ဖာသာ ဒုတိယပွဲတစ်ခု ဆက်ကြမလား"

လူငယ် ငရဲခွေးသည် သူ၏ ကံကို ကျိန်ဆဲနေစဉ် ရုတ်တရက် သူ၏ နောက်ဘက်ဆီမှ တည်ရှိမှုတစ်ခုကို ခံစားလိုက်ရသည်။

ထိုသခင်လေးသည် နောက်ပြန်၍ လှည့်မကြည့်နိုင်မှီမှာပင် တစ်စုံတစ်ဦးက သူ၏ လည်ဂုတ်ကို ကိုင်ဆွဲပြီး တိုက်ပွဲကွင်းပြင်မှ ဝေးရာဆီသို့ ပစ်လွှတ်လိုက်လေသည်။

ငရဲခွေးသခင်လေးသည် ထိုအရှိန်ဖြင့် ပစ်လွှတ်ခံရမှုမှရုံးထွက်ကာ မြေပြင်ပေါ်သို့ ပြုတ်မကျမှီမှာပင် သူ၏ ဟန်ချက်ကို ပြန်လည် ထိန်းထားနိုင်ခဲ့၏။

"မင်း ဘယ်သူလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ မင်းရဲ့ အသက်ကို ရင်းပြီး ငါ့ရဲ့ ပျင်းရိနေမှုကို ဖယ်ရှားပေးတဲ့အတွက် မင်းကို ကျေးဇူးတော့တင်မိသားပဲ"

ငရဲခွေးသခင်လေးသည် သူ၏ လက်ဆစ်များကို ချိုးနေလိုက်ပြီး သူ့အား မျက်နှာမူထားသော မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးအား စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

All Chapters