← Chapters

နဂါးမင်းသမီး၏ အကြံအစည်

Vol. 39 Ch. 569

နဂါးမင်းသမီး၏ အကြံအစည်

Vol. 39 Ch. 569

"သခင်မလေးကတကယ့်ကို ဉာဏ်အမျှော်အမြင်ရှိတာပဲ။ ရိုင်းစိုင်းတဲ့ သားရဲတစ်ကောင်က တကယ်ကို အန္တရာယ်များတယ်။ ဒါက သူ့ကို ယဉ်ပါးစေဖို့ အခွင့်အရေးကောင်းလည်း ဖြစ်နိုင်တယ်"

ကိုယ်ရံတော်မ‌လေးသည် သူမ၏ သခင်မလေးမှ ဤပြဿနာကို ဖြေရှင်းနေပုံကို ကြားသိရသောအခါ သခင်မလေးကိုယ်စား ဂုဏ်ယူသလိုပင် ခံစားမိလိုက်သည်။

ဒုတိယ မူလကြယ်သာ သခင်မလေး၏ ဤကိစ္စ ဖြေရှင်းပုံကို ကြားသိရသောအခါ အတော်လေးကျေနပ်လိမ့်မည်မှန်း သူမ သေချာနေခဲ့သည်။

"အော် ငါ့ရဲ့ သဲအိတ်လေး ပြန်လာပြီပဲ"

အာရန်သည် သူ့ဆီသို့ အလျင်အမြန် ပြေးဝင်လာနေသော တစ်ကိုယ်လုံး မီးတောက်လောင်နေသော သားရဲတစ်ကောင်ကို ကြည့်ရင်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"အေးခဲစမ်း"

အာရန်သည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူအတော် ကြာကြာကတည်းက အသုံးမပြုခဲ့သော လအရိပ်ရေခဲခန္ဓာကို အသုံးပြုလိုက်သည်။

သူသည် ထိုငရဲခွေးကို တန်ပြန်တိုက်ခိုက်ရန် သူ၏ ခန္ဓာကိုယ်ကိုသာ အသုံးပြုခြင်း မဟုတ်ပဲ လမ်းတစ်လျှောက်လုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ထိုရေခဲအစွမ်းဖြင့် အေးခဲပစ်လိုက်၏။

ငရဲခွေးသခင်လေးသည် အာရန်ဆီသို့ ပြေးလာနေခဲ့သော်လည်း ရုတ်တရက် လမ်းတစ်ခုလုံး ရေခဲပြင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်သည်။

သူသည် ရေခဲပြင်ကြောင့် ပြေးလွှားနေစဉ်မှာပင် ဟန်ချက်ပျက်ကာ ချော်လဲကျခဲ့သည်။

သို့တိုင် သူသည် အာရန်အပေါ် အာရုံစိုက်မှုကို ဆက်လက်ထိမ်းထားရန် ကျိုးစားလိုက်ပြီး သူ၏ ချွန်ထက်နေသော စွယ်များကို ဖြဲ၍ မန်ဖီရန် သူ၏ မေးရိုးများကို ခပ်ကျယ်ကျယ် ဖွင့်လိုက်သည်။

ကံမကောင်းစွာဖြင့် ထိုကဲ့သို့ သူ၏ အာရုံစူးစိုက်မှု ခဏတာ ပျောက်ဆုံးသွားသော အချိန်လေးမှာပင် အာရန်အတွက် အခွင့်အရေး ယူရန် လုံလောက်ခဲ့လေ၏။

အာရန်သည် ဘေးသို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး စကားလုံးအချို့ကို တိုးတိုးလေး ရေရွတ်လိုက်သည်။

"ခွန်အားတိုးခြင်း"

"အဲ့ဒါ နဂါးလျှာအစွမ်းမလား..."

အဝေးတစ်နေရာဆီမှ စောင့်ကြည့်နေသော ဆိုဖီယာ၏ မျက်လုံးများသည် အရောင်တောက်ပလာခဲ့သည်။

၎င်းသည် ခန္ဓာကိုယ်ကို ခွန်အားတိုးလာစေရန်အသုံးပြုသော နဂါးလျှာ၏ အခြေခံ အစွမ်းအချို့သာ ဖြစ်သော်လည်း ၎င်းသည် နဂါးများသာ အသုံးပြုနိုင်သည့် အထူးစွမ်းအင်တစ်ခု ဖြစ်နေဆဲပင်။

အာရန်သည် အနည်းငယ်မျှပင် အချိန်မဖြုန်းပဲ နောက်ထပ် နဂါးလျှာအစွမ်းကို ထပ်မံ၍ အသုံးပြုလိုက်သည်။

"တည်ငြိမ်ခြင်း"

အာရန်သည် သူ၏ ဘယ်ဘက်ခြေထောက်ကို မြေပြင်ပေါ်သို့ ခိုင်မြဲနေရန် ခြေကုတ်ယူထားလိုက်ပြီး သူ၏ ညာဘက်ခြေထောက်ကိုမူ ခန္ဓာကိုယ်မှ နာရီလက်တံ အနေအထားအတိုင်း လှည့်လိုက်၏။

အားဖြည့်ထားသော အာရန်၏ ညာဘက်ခြေထောက်သည် နဂါးအကြေးခွံများ ပေါ်လာပြီး ငရဲခွေး၏ မျက်ခွက်တည့်တည့်ကို ဖြတ်ကန်လိုက်သည်။

ငရဲခွေးသခင်လေးသည်လည်း အာရန်၏ ခြေကန်ချက်ကြောင့် ဘေးနားရှိ အဆောက်အအုံတစ်ခုဆီသို့ လွင့်စင်သွားခဲ့သည်။

" ဒါက... တစ်ဝက်တစ်ပျက် နဂါးအသွင်ပြောင်းလဲခြင်းပဲ။"

အာရန်၏ တိုက်ခိုက်မှုများကို မြင်ပြီးနောက် စက္ကန့်တိုင်း၌ ဆိုဖီယာသည် အာရန်အား ပို၍ပင် အထင်ကြီးလာခဲ့မိ၏။

သူမအတွက်ပင် ထိုကဲ့သို့ တစ်ဝက်တစ်ပျက် နဂါးအသွင်ပြောင်းလဲခြင်းသည် အချိန်အတော်လေး ကြာမြင့်အောင် သင်ယူခဲ့ရလေသည်။

သို့သော် အာရန်သည် ၎င်းကို ကောင်းစွာ အသုံးပြုနိုင်နေပြီး အထူးသဖြင့် ဤမျှ တိကျသော ထိန်းချုပ်မှုမျိုးဖြင့် ဖြစ်လေ၏။

"ဒုတိယခေါင်းဆောင်အဆင့်လောက်နဲ့ မလုံလောက်နိုင်သေးဘူး။ မြို့သခင်ငရဲခွေး‌ခေါင်းဆောင်ကိုသွားပြောလိုက် ရန်သူက ရှင့်သားအတွက် အန္တရာယ်များလွန်းတယ်လို့။သူ့ဆီကို လူတွေထပ်ပို့ရမယ်"

ငရဲခွေးများ၏ ဒုတိယခေါင်းဆောင် တစ်ဦးတည်းဖြင့်ဆိုပါက အာရန်အား သေလုမျောပါး အခြေအနေထိ ရောက်စေနိုင်မည်မှာ မသေချာတော့သဖြင့် နဂါးမင်းသမီးသည် သူမ၏ အထူးကိုယ်ရံတော်ကို ရုတ်တရက် အမိန့်ပေးလိုက်သည်။

သူမသည် အာရန်အား နောက်ဆုံးအသက်ရှူသံမျှင်မျှင်လေးသာ ကျန်တော့သည်အထိ ခံစားရသည့် အခြေအနေမျိုးကို လိုချင်နေခဲ့ခြင်းဖြစ်လေသည်။

သူမသည် အာရန်အနေဖြင့် သူမကို အားကိုးရန်မှအပ အခြား ရွေးချယ်စရာမရှိကြောင်း မှတ်ယူစွားစေလိုခဲ့သည်။

သူမ၏ သက်တော်စောင့်ကိုယ်ရံတော်မလေးသည် မည်သည့် မေးခွန်းကိုမျှ ထပ်မံ၍ မမေးတော့ဘဲ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

သူမသည် ငရဲခွေးခေါင်းဆောင်ထံသို့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်တစ်ခု ပေးပို့လိုက်ပြီး သူ၏ သားမှာ အသက် အန္တရာယ်ရှိနိုင်သည့် အခြေအနေတွင် ရောက်ရှိနေကြောင်း သတိပေးလိုက်သည်။

ထိုငရဲခွေးခေါင်း‌ဆောင်အား သူမကို အကူအညီမတောင်းမိစေရန်အတွက်လည်း သူမသည် သူ၏ သခင်မလေး ဘေးကင်းမှုအတွက်သာ တာဝန်ရှိကြောင်း သူ့အား တစ်ဆက်တည်း အကြောင်းကြားလိုက်သေး၏။

ငရဲခွေးခေါင်းဆောင်တစ်ယောက်သည်သာ မျှော်စင်သခင်အား တားဆီးရန် ဤနေရာတွင် ကျန်ရစ်တော့သူ ဖြစ်သောကြောင့် သူ၏ သားကို ကူညီနိုင်ရန်အတွက် နောက်ထပ်ငရဲခွေးများစွာကိုတစ်ပြိုင်နက် စေလွှတ်ရန်မှအပ သူ့တွင် အခြားရွေးချယ်စရာ မရှိခဲ့ပေ။

ကနဦးတွင် နစ်ခရိုမန်ဆာ မျှော်စင်သခင်သည် ပတ်ပတ်လည်မှ ဝန်းရံခြင်းကို ခံထားရလေသည်။

သူသည် ဖိနှိပ်ခံထားရပြီး ဤနေရာမှ လွတ်မြောက်ရန် နည်းလမ်းများပင် အတော်လေး စဉ်းစားရ ကျပ်နေခဲ့သည်။

သူ့အတွက် ကံကောင်းသည်မှာ အံ့အားသင့်စရာကောင်းလောက်အောင်ပင် သူ့အား ဝန်းရံထားသူအတော်များများကို ငရဲခွေးခေါင်းဆောင်ကိုယ်တိုင် ထွက်သွားစေခဲ့ခြင်းပင်။

ဤသို့ဖြင့် ဤနေရာတွင် ငရဲခွေးခေါင်းဆောင် တစ်ဦးတည်းသာ ကျန်ရှိနေတော့ သဖြင့် ၎င်းသည် မျှော်စင်သခင်အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်လေသည်။

ချက်ချင်းပင် မျှော်စင်သခင်သည် သူ၏ ခွန်အားအများစုကို ထုတ်ဖော်လိုက်ပြီး ငရဲခွေးခေါင်းဆောင်အား သတ်ရန် အစွမ်းကုန်ထုတ်သုံးလိုက်သည်။

"ငါ ထင်ထားတဲ့အတိုင်းပဲ။ ငရဲခွေးခေါင်းဆောင်က သူ့သားကိုတော့ အတော်ချစ်ရှာသားပဲ။ ဟိုကျူးကျော်သူ လွတ်မြောက်သွားနိုင်တဲ့ အခွင့်အရေး ပိုရသွားတာတောင် စွန့်စားပြီး သူ့သားကို ကာကွယ်ဖို့ အခြားသူတွေကို ပို့လိုက်သေးတယ်။"

နဂါးမင်းသမီး ဆိုဖီယာသည် အာရန်ရှိရာဘက်သို့ ပြန်လှည့်လိုက်ပြီး သူမ၏ မျက်လုံးများအတွင်း၌ လောဘ၏ အ‌ငွေ့အသက်များ ပြည့်နှက်နေခဲ့၏။

အာရန်သည် သူ့အား နဂါးမင်းသမီးမှ စောင့်ကြည့်နေခြင်းကို သတိထားမိ လိုက်သော်လည်း ၎င်းကို သိပ်ပြီး မစဉ်းစားပေးခဲ့ပေ။

ထိုမိန်းကလေးသည် သူ၏ နဂါးအသွင်ပြောင်းလဲနိုင်သည့်လျှို့ဝှက်ချက်ကို သိနှင့်ပြီးသား ဖြစ်လေသည်။

ထိုမိန်းကလေးမှ သူ့အပေါ်ကြံစည်နေမှုများကိုတော့ လုံးဝ သိမနေခဲ့ပေ။

ယင်းအစား အာရန်သည် ငရဲခွေး သခင်လေးအပေါ်တွင်သာ ပိုမို အာရုံစိုက်ထားလိုက်သည်။

ဤတစ်ကြိမ်တွင် အာရန်သည် ထိုငရဲခွေး သခင်လေးအား ကန်ထုတ်လိုက်ပြီးနောက် လျှပ်စီးကဲ့သို့အလျှင်ဖြင့် ဆက်လက်၍ ထိုငရဲခွေးနောက်သို့ ပြေးလိုက်သွားခဲ့သည်။

အာရန်၏ လက်သီးချက်တိုင်းသည် ငရဲခွေးသခင်လေးပေါ်သို့ ကျရောက်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခွင်တွင် ပေါက်ကွဲမှုများစွာ ဆက်တိုက်ထွက်ပေါ်လာခဲ့ကာ ဒုံးကျည်များ ကျရောက်လာသကဲ့သို့ပင် ဖြစ်နေလေ၏။

ငရဲခွေးသခင်လေးသည် အခြားသူများ အားလုံးထက် သာလွန်သူအဖြစ် အချိန်တိုင်းတွင် သူ့ကိုယ်သူ မာနအလွန်ကြီးခဲ့သူလည်း ဖြစ်လေသည်။

နောက်ဆုံးတွင် သူသည် ခေတ်ပြိုင် လူငယ်မျိုးဆက်အတွင်းမှာပင် အရည်အချင်းအရှိဆုံးသူများထဲမှ တစ်ဦးအဖြစ် ပါဝင်နေခဲ့သူဖြစ်လေ၏။

သူ၏ ဘဝတွင် မည်သည့် ရှုံးနိမ့်မှုကိုမျှ မခံစားခဲ့ရဖူးသဖြင့် သူသည် အခြားသူများအပေါ် အမြဲတမ်း အထင်သေးသည့်ပုံဖြင့် ဆက်ဆံခဲ့ခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့် အာရန်သည် ထိုကဲ့သို့ အထင်သေး၍ ရသူတစ်ဦး ဟုတ်မနေခဲ့ပေ။

အချိန်တခုကြာပြီးနောက်တွင်တော့ နောက်ဆုံးတွင် ငရဲခွေးသခင်လေးသည် သူ မတက်သင့်သော နံရံတစ်ခုကို တက်ခဲ့မိကြောင်း သဘောပေါက်သွားခဲ့သည်။

"ဘာလို့ ပြန်မတိုက်တော့တာလဲ။ မင်းက တိုက်ခိုက်ရတာကိုပဲ ပျော်မွေ့နေတယ်လို့ ငါ ထင်ခဲ့တာ"

အာရန်သည် ထပ်မံ၍ သူ၏ လက်သီးချက်များကို ငရဲခွေး၏ မျက်နှာပေါ်သို့ ဆက်တိုက်ပစ်ကျွေးခဲ့ကာ သူ၏ ဦးခေါင်းခွံတစ်ခုလုံးသည်လည်း ကွဲအက်လုနီးပါး ပင် ဖြစ်သွားခဲ့ရသည်။

"မင်း ဘယ်သူလဲ"

ငရဲခွေးသည် ယခုကဲ့သို့ သေခြင်းနှင့် အလွန်နီးကပ်နေသည်ဟု မည်သည့်အခါမျှ မခံစားခဲ့ရဖူးပေ။

ဤလူသည် သူ၏ အသက်ကို လိုချင်နေသည်မှာ ရှင်းနေခဲ့လေသည်။

ထိုသူသည် သူ့အား အခြားကျူးကျော်သူကို ကယ်တင်ရန် ဓားစာခံအဖြစ် အသုံးချလိုခြင်းမဟုတ်ပေ။

ထိုအစား အာရန်သည် သူ့အား အမှန်တကယ်ပင် သတ်ဖြတ်လိုနေခြင်းဖြစ်၏။

"မင်း ငါ့ကို မေ့သွားပြီလား" ဟု အာရန်က ထပ်မံ မေးလိုက်သော်လည်း ရှင်းပြခြင်း တော့ မပြုခဲ့ပေ။

အာရန်သည် ငရဲခွေးသခင်လေးအား သဲအိပ်အဖြစ် ထိုးနှက်နေရသည်ကို သဘောအကျကြီးကျနေသဖြင့် သူ၏ လက်သီးချက်များကို မရပ်ခဲ့ချေ။

အာရန်သည် ထိုငရဲခွေးသခင်လေး၏ ဦးခေါင်းခွံ ကွဲအက်သွားစေရန် သူ၏ အခြား အထူးစွမ်းရည်များ မပါဘဲ လက်သီးသက်သက်ဖြင့် မည်မျှ ထိုးနှက်ရန် လိုအပ်မည်ကို သိရှိချင်နေခဲ့သည်။

"မင်း အဲဒီမှာ ရပ်လိုက်စမ်း"

အာရန်သည် လက်သီးချက်များအတွင်း စိတ်ရောကိုယ်ပါနစ်မြှုပ်နေမိသဖြင့် ငရဲခွေးမိသားစု၏ ဒုတိယ ခေါင်းဆောင် အော်သံကြောင့်ပင် အနည်းငယ်မျှ ရပ်နားခြင်းမရှိခဲ့ချေ။

"အာ ခင်ဗျားက ဟိုအဖိုးကြီး မဟုတ်လား။ အဆင်ပြေပါတယ်။ ခင်ဗျား စိုးရိမ်စရာ မလိုပါဘူး။ ကျုပ် သူ့ကို သတ်မိရင်တောင် ခင်ဗျားကို လျော်ကြေးကောင်းကောင်း ပေးနိုင်ပါတယ်"

အာရန်သည် လက်သီးထိုးရင်း စကားပြောနေစဉ်မှာပင် သူ၏ လက်တစ်ဖက်ကို လွှဲကာ ဒုတိယ ခေါင်းဆောင်ဆီသို့ တစ်စုံတစ်ရာကို ပစ်ပေးလိုက်သည်။

ဒုတိယ ခေါင်းဆောင်သည် အာရန် ပစ်ပေးလိုက်သည့်အရာကို ဖမ်းယူထားလိုက်၏။

သို့သော် သူပင် အာရန်ပစ်ပေးလိုက်သည့်အရာကို မနည်း ဖမ်းယူလိုက်ရပြီး ၎င်းက သူ၏ လက်ဖဝါးထဲသို့ တစ်ဝက်မျှပင် ဖောက်ဝင်သွားခဲ့သည်။

"ဒီ ဒင်္ဂါးပြားက..."

ဒုတိယ ခေါင်းဆောင် သည် သူ၏ သွေးထွက်နေသော လက်ဖဝါးမှ ဆွဲထုတ်ကြည့်လိုက်သော အခါ ဒင်္ဂါးပြားတစ်ပြားအား မြင်တွေ့လိုက်ရလေသည်။

ထိုအခါမှသာ တစ်စုံတစ်ရာကို မှတ်မိသွားခဲ့တော့သည်။

"အော် မင်းပဲကို"

ဒုတိယ ခေါင်းဆောင်သည် သူ၏ တူဖြစ်သူအား အနိုင်ကျင့်နေသော ပုဂ္ဂိုလ်သည် ဤမျှ အားကောင်းသော ကျူးကျော်သူတစ်ဦး ဖြစ်နေသည်ကို မယုံကြည်နိုင်ဖြစ်နေရဆဲပင်။

"မင်း ငါ့တူကို ချက်ချင်း လွှတ်ပေးလိုက်စမ်း ဒါမှမဟုတ် ငါ ငါ မင်းကို အရေးယူရလိမ့်မယ်"

သူသည် တုန်ယင်နေဆဲဖြစ်သော်လည်း သူ၏ တူ၏ အသက်သည် သူ့အတွက် အရေးကြီးဆုံး ဖြစ်နေဆဲ ဖြစ်သည်။

"သူ့ကို လွှတ်ပေးရမယ် ဟုတ်လား အင်ပါ ကျုပ်က ကြင်နာတတ်တဲ့ နှလုံးသားရှိသူတစ်ဦးမို့ ခင်ဗျားရဲ့ စကားကို နားထောင်လိုက်ပါ့မယ်။ ကဲကျုပ်သူ့ကို လွှတ်ပေးလိုက်ပြီ..."

အာရန်သည် သက်ပြင်းတစ်ချက် ချပြီးနောက် မတ်တပ်ရပ်ရန်ကျိုးစားနေသော ငရဲခွေးသခင်လေးကို လွှတ်ပေးလိုက်၏။

သို့သော် ဒုတိယ ခေါင်းဆောင်တစ်ယောက် အနည်းငယ် စိတ်သက်သာရာရစပြုနေစဉ် မှာပင် အာရန်သည် အာရန် ၏ လက်တစ်ဖက်သည် မီးတောက်လောင်နေသော ငရဲခွေး၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့လေသည်။

လူတိုင်း၏ မယုံကြည်နိုင်သည့် အကြည့်များ အောက်မှာပင် အာရန်သည် ငရဲခွေးသခင်လေး၏ နှလုံးသား လက်သည်းဖြင့် ထိုးဖောက်လိုက်လေ၏။

ထို့နောက်တွင်မှ သူ၏ ဝါကျကို အဆုံးသတ်လိုက်သည်။

"ခင်ဗျား တောင်းဆိုတဲ့အတိုင်းပဲ ကျုပ် သူ့ကို ဒီ ဘဝကနေ လွတ်မြောက်ခွင့်ပေးလိုက်ပြီ"

All Chapters