မြှားဦးပြန်လှည့်ခြင်း
Vol. 39 Ch. 570
အာရန်သည် ငရဲခွေးသခင်လေးကို လွှတ်ပေးရန် သဘောတူသောအခါ ဒုတိယ ခေါင်းဆောင်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
သူ့တူအား လုံခြုံစွာ ပြန်လည်ရယူနိုင်သရွေ့ အရာအားလုံးသည် အဆင်ပြေသွားပေလိမ့်မည်။
သူတူ၏ ဘေးကင်းမှုကို သေချာစေပြီးနောက် အာရန်ကို အချိန်မရွေး သတ်၍ရလေသည်။
ကံမကောင်းစွာဖြင့် အမှန်တကယ်ဖြစ်ပျက်သွားသည်မှာ သူစိတ်ကူးထားသည့်နှင့် လုံးဝကို ကွဲပြားနေခဲ့၏။
အာရန်သည် ငရဲခွေးသခင်လေးကို လူတိုင်း၏ ရှေ့မှောက်မှာပင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ရာ သူ့အား မျက်ခွက်လှမ်း ရိုက်လိုက်သကဲ့သို့ စော်ကားလိုက်ခြင်း ဖြစ်ပြီး သူ့စကားအား အနည်းငယ်မျှပင် အလေးမထားသည်မှာ သိသာလွန်းနေခဲ့သည်။
ဒုတိယ ခေါင်းဆောင်သည် တအောင့်ကြာသည်အထိ မိမိရှေ့မှမြင်ကွင်းကို မယုံနိုင်ဖြစ်နေမိဆဲပင်။
၎င်းက တကယ် ဖြစ်ပျက်သွားခဲ့တာလား။
ဒါမှမဟုတ် သူ အိပ်မက်မက်နေတာလား။
မြို့သခင်ဖြစ်သူ သူ၏ အကိုကိုကော သူ မည်သို့ ဖြေရှင်းချက်ပေးရတော့မည်နည်း။
သူ့တူသည် သူ၏ ရှေ့မှောက်မှာပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းကို သူမည်သို့ ပြောမည်နည်း။
ဒုတိယ ခေါင်းဆောင်သည် ရူးသွပ်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။
ယခုမှတော့ သူ့အနေနှင့် အာရန်အား သတ်နိုင်ခဲ့လျှင်ပင် သူ၏ အပြစ်ကို ရှောင်ရှားနိုင်တော့မည် မဟုတ်ပေ။
၎င်းကိစ္စများသည် ထိုအာရန်ကြောင့်ပင် ဖြစ်လေ၏။
သူသည် ဤအရာအားလုံးအား ပြုမူခဲ့သော နောက်ကွယ်မှ ထိုမျိုးမစစ်ကောင်ကို အရင်ဦးဆုံး သတ်မှရပေတော့မည်။
ထို့နောက် ဒုတိယခေါင်းဆောင်သည် သူ၏ သားရဲပုံစံသို့ အသွင်ပြောင်းလဲလိုက်ပြီး ရှေ့သို့ တဟုန်ထိုး ပြေးတက်သွားခဲ့သည်။
သူသည် အစောပိုင်း သူ၏ တူဖြစ်သူ ငရဲခွေးသခင်လေးနှင့် မတူဘဲ အာရန်အား အနည်းငယ်မျှပင် အထင်မသေးခဲ့ချေ။
သူ့တူအား သတ်ဖြတ်ခဲ့သော ထိုမျိုးမစစ်ကောင်ကို သူအလွတ်ပေး၍ မဖြစ်ပေ။
ဤသို့ဖြင့် ဒုတိယခေါင်းဆောင်သည် ပြေးလွှာနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်မှ မည်းနက်သော မီးလျှံများ ပေါက်ကွဲထွက်လာခဲ့ကာ လမ်းကြားတစ်ခုလုံးအား မီးလျှံငရဲတစ်ခုအဖြစ်သို့ ပြောင်းလဲစေခဲ့၏။
ဧရိယာတစ်ခုလုံးသည် ထို ဒုတိယခေါင်းဆောင် ငရဲခွေး၏ အနက်ရောင် မီးလျှံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
အစောပိုင်းက ဤလမ်းတစ်ခုလုံးသည် အာရန်၏ ရေခဲများဖြင့် ဖုံးလွှမ်းနေခဲ့ခြင်းဖြစ်လေသည်။
သို့သော် ငရဲ မီးလျှံများ ပြည့်နှက်သွားသည့် အခိုက်အတန့်တွင်မူ ထိုရေခဲများသည် ချက်ချင်း အငွေ့ပျံသွားကြကာ အနက်ရောင် မီးလျှံများသာ ကျန်ရစ်ခဲ့တော့၏။
အာရန်သည်လည်း ထိုငရဲခွေးမိသားစု၏ ဒုတိယ ခေါင်းဆောင်ကို အထင်မသေးရဲပေ။ ထိုလူသည် ငရဲခွေးသခင်လေးကဲ့သို့ ဘဝင်လေဟပ်ကာ မာနကြီးနေသူ တစ်ဦး မဟုတ်ပေ။
သူသည် တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ပြီးဖြစ်ကာ သူ၏ ခွန်အားကို တိကျစွာ အသုံးပြုနိုင်သည့်အပြင် အတွေ့အကြုံများစွာလည်း ရှိထားလေသည်။
သူသည် ရိုးရှင်းသော လှည့်ကွက်များဖြင့် တိုက်ခိုက်နိုင်မည့်သူတစ်ဦး မဟုတ်ပေ။
နဂါးမျိုးနွယ်စု၏ မင်းသမီးလေးသည် အာရန်အား စိုက်ကြည့်နေခဲ့ကာ နောက်ဆုံးတွင်တော့ အာရန်၏ အစွမ်းကုန် ထုတ်သုံးသည်ကို မြင်ရတော့မည်ဟု ထင်မှတ်ခဲ့သည်။
အာရန်အနေဖြင့် သူမ၏ အကူအညီကို တောင်းခံရမည့် အချိန်သည် တဖြည်းဖြည်း ပိုမို နီးကပ်လာနေပြီ ဖြစ်၏။
.......
"ဟမ်"
အာရန်တစ်ယောက် သူ၏ နဂါးပုံစံကို ထုတ်ဖော်မိတော့မည့်ဆဲဆဲအချိန်မှာပင် သူသည် များပြားသော အော်ရာများ သူရှိရာသို့ ဦးတည်ကာ ချဉ်းကပ်လာနေသည်ကို ခံစားမိလိုက်သည်။
ငရဲခွေးများစွာသည် ဤနေရာသို့ အပြေးလာနေကြပြီး အော်ရာအရှိန်အဝါများအရ သူတို့သည် ဒုတိယ ခေါင်းဆောင်ထက် များစွာ အားနည်းသူများ ဟုတ်မည့်ဟန်မရပေ။
မဟုတ်သေးဘူး....
ငရဲခွေးများသည် သူတို့၏ ခေါင်းဆောင်တစ်ဦးတည်းကိုသာ ချန်လှပ်ကာ ကျန် ငရဲခွေးအားလုံးနီးပါး အာရန်ထံသို့ ချဉ်းကပ်လာနေကြခြင်းဖြစ်လေသည်။
၎င်းသည် အဓိပ္ပာယ်မရှိပေ။
ငရဲခွေးအကြီးအကဲသည် မျှော်စင်သခင်ကို အဘယ်ကြောင့် တစ်ယောက်တည်း ရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့သနည်း။
သူသည် မသိသေးသော ရန်သူသည် မျှော်စင်သခင်ထက်ပင် ပို၍ အားကောင်းသည်ဟု အမှန်တကယ်ပင် ထင်နေခဲ့ခြင်းလား။
၎င်းသည် သူ၏ သားအပေါ် စိုးရိမ်မှုသက်သက်သာ ဆိုပါက ဒုတိယ ခေါင်းဆောင်နှင့်ပင် လုံလောက်နေပြီမဟုတ်ပါလား...။
ငရဲခွေးခေါင်းဆောင် သိရှိနိုင်မည့် သတင်းအချက်အလက်အရဆိုလျှင် ဤကဲ့သို့ ဖြစ်မလာသင့်ပေ။
တစ်စုံတစ်ဦးက သူ့အား ပိုမို ရှုပ်ထွေးအောင် ပြုမူနေသည်မှာ သေချာနေပြီး သူ၏ စိတ်ထဲတွင်လည်း လူတစ်ဦး၏ ပုံသာပေါ်လာခဲ့လေသည်။
ဤနေရာတွင် စစ်မြေပြင်တစ်ခုလုံးအား ပရိသတ်တစ်ဦးကဲ့သို့ စောင့်ကြည့်နေသူသည် တစ်ဦးတည်းသာ ရှိလေသည်။
၎င်းသည် ဒုတိယ မူလကြယ်၏ ညီမဖြစ်သူ နဂါးမင်းသမီးလေး ဆိုဖီယာပင် ဖြစ်လေ၏။
"သူမက ငါ့ကို သေလုနီးပါး အခြေအနေရောက်အောင် တွန်းပို့နေတာလား။ ဒါပေမဲ့ ဒါက သူ့အတွက် ဘာအကျိုးရှိနိုင်မှာမို့လဲ။ နေဦး.... ဟုတ်ပြီ သိပြီ။ သူလေးက သံချပ်ဝတ်စုံဝတ် သူရဲကောင်းဇာတ်ထုတ်ကပြဖို့ စီစဉ်နေတာကို..."
အာရန်သည် သူ၏ ဦးခေါင်းကို ပြန်ရိုက်လိုက်မိရင်း ရေရွတ်လိုက်သည်။
အာရန်သည် ယခင်က အခြားသူများအား ယခုကဲ့သို့ အခြေအနေမျိုးတွင် သူရဲကောင်းအဖြစ် ထွက်လာပြီး မျက်နှာသာပေးမှု ရရှိရန် ဤအစီအစဉ်ကို အသုံးပြုခဲ့လေသည်။
သို့သော် သူ့အနေနှင့် ထိုအစီအစဥ်၏ သားကောင်ဖြစ်ရခြင်းမှာတော့ ယခုသည် ပထမဆုံးအကြိမ် ဖြစ်လေ၏။
"မင်းလေးက သံချပ်ဝတ်စုံဝတ် သူရဲကောင်း လုပ်တန်း ကစားချင်နေတယ်ဆိုမှတော့ ကိုယ်ကလဲ မင်းလေးရဲ့ ဆန္ဒကို ပြည့်ဝစေရမှာပေ့ါ ကိုယ့်ရဲ့ ချစ်လှစွာသော နဂါးသူရဲကောင်းမလေး"
အာရန်သည် သူ့ထံသို့ နွားသိုးကျိုးပြတ် အလျင်အမြန် ပြေးဝင်လာနေသော ဒုတိယခေါင်းဆောင် ငရဲခွေးအား လျစ်လျူရှုလိုက်ပြီးနောက် နဂါးမင်းသမီးရှိရာ ဘက်သို့ လိုက်လိုက်သည်။
ထို့နောက် ရုတ်တရက် အာရန်၏ ကျောနောက်ဘက်တွင် နဂါး အတောင်ပံနှစ်ခု ပေါ်လာခဲ့ပြီး သူသည် ရုတ်တရက် လေထဲသို့ မြင့်တက်သွားခဲ့သည်။
သူသည် ငရဲခွေးများအား ဆက်လက်တိုက်ခိုက်ရန် မကျိုးစားတော့သည့်အပြင် ငရဲခွေးမြို့၏ ထွက်ပေါက်ရှိရာ ဆီသို့လည်း ထွက်ပြေးမသွားခဲ့ပေ။
ထို့နောက် လူတိုင်းအား တုန်လှုပ်သွားစေသည်မှာ အာရန်သည် နဂါးမင်းသမီး တည်ရှိရာ နေရာဆီသို့ တည့်တည့်မက်မက်ပင် ပျံသန်းသွားခဲ့ခြင်း ဖြစ်၏။
သူသည် ငရဲခွေးသခင်လေး၏ ခန္ဓာကိုယ်ကိုပါ မှ သူ့နှင့်အတူ သယ်ဆောင်သွားခဲ့ပြီး ယခင်နေရာတွင် ထားခဲ့ခြင်း မရှိပေ။
ဒုတိယခေါင်းဆောင် ငရဲခွေးသည် အာရန်အား အလွတ်မပေးဘဲ အဆောက်အအုံများ တစ်ခုပြီးတစ်ခု ခုန်ကျော်၍ အာရန် ပျံသန်းသွားရာ နောက်သို့ လိုက်ပါလာခဲ့သည်။
အခြား ငရဲခွေးများသည်လည်း ငရဲခွေး သားရဲများ အသွင်ပြောင်းလဲလိုက်ကြပြီး ဒုတိယ ခေါင်းဆောင် အသဲအသန် လိုက်နေသော ကောင်းကင်ရှိ အနက်ရောင် ပုံရိပ်ထွက်ခွာသွားရာ ဘက်သို့ လိုက်ပါသွားကြလေသည်။
အာရန်သည် ငရဲခွေးမြို့၏ အသန်မာဆုံး ငရဲခွေးများ၏ အမဲလိုက်ခြင်းကို ခံနေရသော်လည်း သူ၏ မျက်နှာအမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။
သူ့တွင် အနည်းငယ်မျှပင် ထိတ်လန့်နေသည့် ပုံမရပေ။
ထိုအချိန်တွင် အာရန်အစား ထိတ်လန့်နေရသူမှာတော့ နဂါးမင်းသမီးကိုယ်တိုင်ပင် ဖြစ်လေ၏။
အထူးသဖြင့် အာရန်သည် သူမထံသို့ ဦးတည်၍ ပျံသန်းလာနေသောကြောင့် ဖြစ်လေသည်။
"ဘာ... ဘာလို့ သူ ဒီကို လာနေရတာလဲ"
သူမသည် အာရန်အား သူ၏ ခွန်အားအလုံးစုံကို အသုံးပြု၍ ပြန်လည် တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ပြီး နောက်ဆုံးတွင် ရှုံးနိမ့်သွားပေလိမ့်မည်။
ထိုအခါမှသာ သူမသည် အာရန်၏ ရှေ့တွင် ပေါ်လာမည်ဖြစ်ပြီး သူသာ သူမ၏ အကူအညီကို လိုချင်ပါက သူမ၏ ကျွန်တံဆိပ်ခပ်နှိပ်ခြင်းကို လက်ခံရန်သာ ရွေးချယ်ရပေလိမ့်မည်။
အရာရာသည် ထိုသို့သာ ဖြစ်ခဲ့သင့်သည် မဟုတ်ပါလား....။
ထိုသို့ဆိုပါက အဘယ့်ကြောင့် အာရန်သည် ဆက်လက်မတိုက်ခိုက်တော့ဘဲ သူမဆီသို့ သာ လာနေရသနည်း။
သူမသည် သူ၏ ပြေးလမ်းတွင် ရှိနေခဲ့၍လော။
၎င်းသည် အမှန်တကယ်ပင် တိုက်ဆိုင်မှုသက်သက်ပင်လား။ သူမ မသေချာခဲ့ပေ။
ကံမကောင်းစွာဖြင့် ၎င်းသည် တိုက်ဆိုင်မှုသက်သက်မဟုတ်ကြောင်းကိုမူ သူမအနေနှင့် မကြာမီမှာပင် သဘောပေါက်သွားခဲ့ရသည်။
....
အာရန်သည် မင်းသမီးထံသို့ ရောက်ရှိလာပြီး သူမတည်ရှိရာ အဆောက်အအုံ၏ ခေါင်မိုးထက်တွင် ဆင်းသက်လိုက်သည်။
သူသည် ငရဲခွေးသခင်လေး၏ ရုပ်အလောင်းကို မင်းသမီး၏ ခြေရင်းတွင် ပစ်ချထားလိုက်ပြီး ချက်ချင်း ဒူးတစ်ဖက်ထောက်၍ အရိုအသေပေးလိုက်သည်။
"သခင်မလေးခင်ဗျာ ကျွန်တော်မျိုးကို ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီးပါပြီ။ သခင်မလေးရဲ့ ညွှန်ကြားချက်အတိုင်း သခင်မလေးကို မလေးမစား လုပ်ခဲ့တဲ့ အဲ့ဒီ ငရဲခွေးသခင်လေးဆိုတဲ့ကောင်ကို သုတ်သင်ပြီးပါပြီ။ ကျွန်တော်မျိုး သခင်မလေးကို စိတ်မပျက်စေရပါဘူး"
အာရန်သည် သူ၏ အသံကိုပင် နှိမ့်ချရန် မကြိုးစားတော့ဘဲ ထိုစကားကို ခပ်ကျယ်ကျယ်ပင် ပြောဆိုလိုက်သည်။
ငရဲခွေးမိသားစုမှ ဒုတိယ ခေါင်းဆောင်နှင့် အခြား အကြီးအကဲများသည် အာရန်၏ လျှောင်တင်ချက်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရသည်။
သူတို့သည် ထိုအရာကို ကြားလိုက်သောအခါ ရုတ်တရက် တောင့်တင်း သွားခဲ့ကြသည်။
ဒုတိယ မူလကြယ်၏ ညီမသည် ၎င်းဖြစ်ရပ်၏ နောက်ကွယ်တွင် တစ်ချိန်လုံး ရှိနေခဲ့သည်တဲ့လား။
သူမအား လွန်ခဲ့သည့်ရက်က အနည်းငယ် မလေးမစား ပြုလုပ်မိခဲ့ခြင်းအတွက် သူမသည် ငရဲခွေးမိသားစု၏ အမွေဆက်ခံသူ ငရဲခွေးသခင်လေးကို သတ်ဖြတ်ရန် ပင် အမိန့်ပေးခဲ့သည်တဲ့လား။
သူတို့သည် ဖိတ်ကြားလွှာကို လာပို့စဥ်အခါက ထိုသခင်လေး၏ မာနကြီးသော လုပ်ရပ်အကြောင်း အစေခံများထံမှ ကြားသိခဲ့ရပြီးဖြစ်၏။
သို့သော် သူတို့သည် ၎င်းကို ပြဿနာကြီးတစ်ခုဟုတော့ မယူဆခဲ့ကြပေ။
သူတို့သည် နဂါးမင်းသမီးအား သူတို့၏ သခင်လေးအား သေစေချင်လောက်သည်အထိ ရက်စက်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ကြပေ။
"ဒီလို အားကောင်းတဲ့ ကျွန်တစ်ယောက်ကိုတောင် ပိုင်ဆိုင်ထားနိုင်တာ နောက်ကွယ်ကသခင်က ဘယ်သူများလဲလို့ တွေးနေမိခဲ့တာ။ အခုတော့ အရာအားလုံး ရှင်းသွားခဲ့ပါပြီ" ဒုတိယ ခေါင်းဆောင်သည် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"ကျွန်မ... ကျွန်မ..."
မင်းသမီးသည် ဘာပြောရမှန်းပင် မသိတော့ပေ။
သူမသည် ဤကစားပွဲတွင် ရှုံးနိမ့်သွားခဲ့ပြီဖြစ်၏။
အာရန်သည် သူမအား ရိုးရှင်းစွာပင် ကိစ္စများအားလုံးအတွက် မြှားဦးလှည့်လိုက်နိုင်ပြီ မဟုတ်ပါလား...။