သားစားကြူးနတ်
Vol. 2 Ch. 19
"မန်နေဂျာဂေါင်က ဘာဖြစ်နေတာလဲ "
ကောင်းမင်တစ်ယောက် စိတ်ရှုပ်ထွေးလျက်ရှိသည်။ညနေ ငါးနာရီ လေးဆယ့်တစ်မိနစ်ကတည်းက မန်နေဂျာဂေါင်က သူ့ကို ဆက်တိုက်ဖုန်းခေါ်နေခဲ့သည်။သို့သော် သူ့အာရုံမှာ ရွှမ်ဝမ်သာဖြစ်သည်။
"ဒေါင်းလုဒ်လုပ်တာ လူအယောက်တစ်ထောင်ကျော်နေပြီ ၊ မင်း ထူးခြားတာ တစ်ခုခုခံစားရလား "
ကောင်းမင်တွင် ကိုယ်ပိုင်အလုပ်စားပွဲမရှိပေ။သူက စာအုပ်သေတ္တာတစ်လုံးကို ဘေးဖယ်လိုက်ပြီး ရွှမ်ဝမ်ဘေးတွင်ထိုင်ကာ သူမကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။
"ကျွန်မခေါင်းထဲမှာ ဆူညံသံတွေ အများကြီးပဲ "
ရွှမ်ဝမ်က ခေါင်းငုံ့၍ သူမလက်များကို ကြည့်လိုက်သည်။သူမသည် ထိုပုံစံတိုင်းရှိနေသည်မှာ အတော်ကြာပြီဖြစ်သည်။
"ဆူညံသံတွေလား "
ကောင်းမင်က ရွှမ်ဝမ်၏ "လက္ခဏာများ"ကို ချရေးလိုက်သည်။
"အဲ့ဒီအသံတွေ ဘာပြောနေလဲ ကြားရလား "
"မကြားရဘူး ၊ ဒါပေမယ့် အသံတွေမှာ ခံစားချက်အမျိုးမျိုးပါနေတယ် ၊ အသံတွေက ကျွန်မရဲ့အသိစိတ်ကို ပိုပြည့်စုံအောင် လုပ်ပေးနိုင်တယ် "
ရွှမ်ဝမ်က ကုလားထိုင်လက်ကိုင်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။
"ကျွန်မ မျက်လုံးဖွင့်လိုက်ကတည်းက ကျွန်မပဲ မြင်နိုင်တဲ့ အနက်ရောင်အရိပ်တွေ ဝန်းရံနေတာ တွေ့ခဲ့ရတယ် ၊ သူတို့က ကျွန်မရဲ့ ကံကြမ္မာအမှန်ကို ပြင်ဆင်ဖို့ ကျွန်မကို မူလကမ္ဘာထဲ ပြန်ဆွဲခေါ်ဖို့ ကြိုးစားနေကြတယ် ၊ ဒီကစားသမားတွေရဲ့ အသံတွေက ကျွန်မကို အစစ်အမှန်ကမ္ဘာနဲ့ နီးစပ်အောင်ချည်နှောင်နေတဲ့ ကြိုးမျှင်တွေလိုပဲ "
"အသံအများကြီးနဲ့ တရစပ်တိုက်ခိုက်ခံနေရတာက စိတ်အနှောင့်အယှက်ဖြစ်စရာပဲ ၊ အဲ့ဒါက စိတ်ကစဉ့်ကလျားရောဂါနဲ့တူတယ်၊ ကျွန်မ ဒါနဲ့နေသားကျအောင်လုပ်နိုင်မယ်လို့ ယုံကြည်တယ်"
ရွှမ်ဝမ်က ခေါင်းမော့လိုက်သည်။ သူမ၏ ဘယ်ဘက်မျက်လုံးသည် နီရဲနေ၏။သူမ၏ မျက်လုံးအတွင်းမှ ရူးသွပ်နေသောအရာတစ်ခုသည် တွားသွားထွက်ရန် ကြိုးစားနေပုံရသည်။
"အစ်မကြီး မင်းမျက်နှာက စိတ်အနှောက်အယှက်ဖြစ်တာထက် ပိုနေတယ်နော် !"
ကောင်းမင်သည် အံဆွဲထဲမှာ မျက်စိကာကို ထုတ်လိုက်ပြီး သူမကို ပေးလိုက်သည်။
"ရှင်ကျွန်မကို အစ်မကြီးလို့ ဆက်ခေါ်နေရင် ကျွန်မစိတ်လွတ်သွားတော့မယ် "
ရွှမ်ဝမ်က သူမအိတ်ထဲမှ မှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။သူမသည် မျက်စိကာကို တပ်လိုက်ပြီး ကောင်းမင်အား ရုံးခန်းထဲ ဆွဲခေါ်သွားသည်။
"မင်း အိမ်ပြန်ပြီး မပုန်းချင်ဘူးလား "
"ကျွန်မအဆင်ပြေတယ် "
ရွှမ်ဝမ်သည် ရုံးခန်းတွင်းမှ ထွက်လာပြီး စတိုခန်းရှေ့တွင် ရပ်တန့်လိုက်သည်။
"ခြောက်ခြားစရာတစ်ခုက လက်တွေ့ကမ္ဘာက သက်ရှိထောင်ပေါင်းများစွာရဲ့အသက်ကို နူတ်ယူသွားရင် ဖြစ်ရပ်ဆိုး ဖြစ်ပွားလာလိမ့်မယ် ၊ ခြောက်ခြားမှု၏ ဗဟိုချက်အနေနဲ့ ကျွန်မ ထိန်းချုပ်မှုလွတ်သွားလိမ့်မယ် ၊ လူတစ်ထောင်လည်း စိတ်ပျက်အားငယ်မှုထဲ နစ်မြှုပ်သွားလိမ့်မယ် ၊ ဒါပေမယ့် ဒါက ပြည့်စုံတယ် "
ရွှမ်ဝမ့်အသံက တိုးသွားသည်။
"ကျွန်မတို့ရဲ့ အတွေ့အကြုံကနေ ဖန်တီးထားတဲ့ဂိမ်းက ကျွန်မရဲ့ယဇ်ပုလ္လင်လိုပဲ ၊ ဂိမ်းထဲက မင်္ဂလာဓာတ်ပုံက ကျွန်မရဲ့ရုပ်တုနဲ့တူတယ် ၊ ကျွန်မ ဒီနည်းလမ်းကို သုံးပြီး အဆိုးမြင်ခံစားချက်တချို့ရအောင် လုပ်နိုင်တယ် ၊ ကစားသမားတွေလဲ အစစ်အမှန်စိတ်ပျက်အားငယ်မှုထဲ နစ်မြှုပ်သွားတော့မှာ မဟုတ်ဘူး "
"ဒါက မှန်တယ် "
ကောင်းမင် ခေါင်းငြိမ့်လိုက်သည်။
"အရိပ်ကမ္ဘာရဲ့ လွှမ်းမိုးမှုကနေ ကျွန်မတဖြည်းဖြည်းချင်း လှုပ်ခါနိုင်တယ်လို့ ခံစားနေရတယ် "
ရွှမ်ဝမ်က စတိုခန်းတံခါးကို ဖွင့်လိုက်သည်။
"ကျွန်မတို့ ဂိမ်းရဲ့အပြည့်အစုံဗားရှင်းကို ဒီညပြီးအောင်လုပ်မယ် ၊ ကျွန်မတို့ ပိုက်ဆံတွေဆုံးရှုံးသွားရင်တောင် အဲ့ဒါကို လူတွေ ပိုကစားအောင် လုပ်ရမယ် ! "
"မင်းပြောတဲ့လေသံက ....အရမ်းထူးဆန်းနေသလို ခံစားရတယ် "
ထိုအမျိုးသမီးအပေါ် ကောင်းမင်၏အမြင်သည် သုံးရက်အတွင်း လူရှစ်ယောက်ကို သတ်ဖြတ်ခဲ့သော လူသတ်သမားတစ်ယောက်ဖြစ်သည်။သို့သော်လည်း လက်တွေ့တွင် ထိုအမျိုးသမီးသည် မနက်ငါးနာရီတွင် အလုပ်သွားပြီး သူမအိမ်မက်ကို ပြည့်စုံအောင် ဘာမဆိုလုပ်နေသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။
"ရှင် အလုပ်ထဲ ပြန်သွားသင့်တယ် ၊ ကျွန်မအနားယူပြီးရင် ရှင့်ဆီ လာခဲ့မယ် "
ရွှမ်ဝမ်က တံခါးကို ပိတ်လိုက်ရာ တံခါးအပြင်ဘက်တွင် ကောင်းမင်တစ်ယောက်တည်း ရပ်လျက် ကျန်ခဲ့လေသည်။
"ရွှမ်ဝမ်က အရမ်းတော်တယ်၊ ဒါပေမယ့် သူက အမှန်တရားကို မြင်နိုင်ဖို့ အရမ်းနီးစပ်နေလောက်တယ် ၊ ပုံမှန်ဂိမ်းတွေက သရဲတွေရဲ့ စိတ်ခံစားချက်တွေကို စုဆောင်းရာမှာ ကူညီပေးနိုင်တယ်လို့ ငါတို့အတည်ပြုထားတာမို့ ခြောက်ခြားစရာတွေကို ငွေရှာဖို့ သုံးလို့ရတယ် ၊ ပြီးရင် သရဲဝန်ဆောင်မှုတွေမှာ ရန်ပုံငွေရှာဖို့ ပိုက်ဆံသုံးရမယ် "
ကောင်းမင်က သူ့အိတ်ကို ဖွင့်ကြည့်ရင်း မျက်လုံးကို မှေးကျဉ်းလိုက်သည်။
" ကျောက်ရှီလိုမျိုး လူသေဓာတ်ပုံတွေကို ငါပိုစုဆောင်းသင့်တယ် "
ကမ္ဘာကြီးအဆုံးသတ်က လာနေပြီဖြစ်သောကြောင့် စည်းမျဉ်းဟောင်းများကို သူဘာကြောင့် လိုက်နာရမည်နည်း။
ကောင်းမင်သည် ရုံးခန်းထဲ ပြန်လာလိုက်ပြီး ဟန်ဟိုင်းတစ်ဝိုက်ရှိ သရဲခြောက်သောအိမ်များအကြောင်းကို ရှာဖွေလိုက်သည်။ထိုအချိန်တွင် ဝေတယိုသည် ဖကိုင်ကို ချီ၍ ပုန်းလျှိုးကွယ်လျှိုးရောက်လာ၏။
"မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခု ရှိနေတာလားကွ "
ဝေတယိုသည် အရာအားလုံး ဖြတ်မြင်နေရာဟန်ဖြင့် သူ့မျက်လုံးများကို ချီထားခဲ့သည်။
ကောင်းမင်က ဖကိုင်ကဲ့သို့ အကူအညီမဲ့စွာ ကြည့်လိုက်သည်။
"တစ်ခုခုတော့ ရှိတယ် ဒါပေမယ့် မင်းထင်နေသလိုတော့ မဟုတ်ဘူး "
"ငါသိနေတယ် "
"ဘာသိတာတုန်း "
ကောင်းမင်က ဆက်လက်ရှာဖွေနေလိုက်သည်။သူတို့ကြိမ်နူန်းများက တူညီနေခြင်း မရှိပေ။
"မင်းတစ်ယောက်ထဲ ပြန်လာတာ ငါမြင်လိုက်တယ် ၊ မင်းတို့နှစ်ယောက် စကားများထားတာလား "
ဝေတယိုသည် ကောင်းမင်၏ပုခုံးများကိုပုတ်လိုက်သည်။
"ငါ မင်းအတွက် မစ်တီးနှစ်ခွက် မှာပေးထားတယ် ၊ သွားပြီး တောင်းပန်လိုက် ၊ ကောင်မလေးကို ဝမ်းနည်းအောင်မလုပ်ပါနဲ့ကွာ ၊ သူ့မျက်လုံးတွေကို အုပ်ထားတာ ငါမြင်ခဲ့ရတယ်ကွ ၊ သူငိုနေတာများလား "
"သေချာတာပေါ့ "
ကောင်းမင်က ဝေတယိုကို မောင်းထုတ်လိုက်သည်။သူ့အနာဂတ်လမ်းကြောင်းကို ရရှိနိုင်ရန် သူရှာတွေ့ခဲ့သည့် သရဲခြောက်သည့်အိမ်များကို သူအတိတ်က ဒီဇိုင်းထုတ်ထားတဲ့ ဂိမ်းများနှင့် နှိုင်းယှဉ်လိုက်သည်။နာရီဝက်ခန့်အကြာတွင် ဝေတယို၏ မစ်တီးများ ရောက်ရှိလာလေသည်။ကောင်းမင်က စိတ်မပါတပါဖြင့် ရုံးခန်းအပြင်ဘက်ထွက်ရာ ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
"ဆုမိုလား "
ကောင်းမင်အတွက် အစားအသောက်လာပို့ပေးခဲ့သော ဒလီသမားလေးသည် တံခါးဝတွင် မစ်တီးနှစ်ခွက်ဖြင့် မတ်တပ်ရပ်နေလေသည်။သူသည် ကောင်းမင်ကို မြင်လိုက်သောအခါ ခြေတစ်လှမ်းဆုတ်မိသွားသည်။
"ဒလီပို့တဲ့ဧရိယာပြောင်းခဲ့တာတောင် ခင်ဗျားနဲ့ ဘယ်လိုတောင် ကြုံနေရတာလဲ "
"ဒါက ကံကြမ္မာပဲလေ "
ကောင်းမင်က မစ်တီးနှစ်ခွက်ကို လက်ခံလိုက်သည်။သူသည် ရုံးခန်းဆီသို့ ပြန်မသွားပဲ ထောင့်ဘက်ရှိ စတိုခန်းသို့ လျှောက်သွားလိုက်သည်။ဆုမိုသည် ပြန်သွားရန် အဆင်သင့်ဖြစ်နေသော်လည်း စတိုခန်းထဲမှ အမျိုးသမီးတစ်ယောက်၏ နာကျင်စွာညည်းညူနေသံကို ကြားလိုက်ရသည်။ထိုတက္ကသိုလ်ကျောင်းသားလေး၏ တရားမျှတသောနှလုံးသားကသူ့ကို ဆက်နေခိုင်းနေ၏။သူသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် စတိုခန်းဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။
ကောင်းမင်က သူ့နောက်မှ တံခါးကို ပိတ်လိုက်သည်။ရွှမ်ဝမ့်အခြေအနေမှာ ဆိုးဝါးနေကြောင်း သူသတိပြုမိသည်။သူမ၏ဘယ်ဘက်မျက်နှာတစ်ခြမ်းသည် ရှုံ့မဲ့နေပြီး သူမလက်ပေါ်တွင် များစွာသော ကုတ်ခြစ်ရာများရှိနေလေသည်။
"မင်း အဆင်ပြေရဲ့လား "
"အသံတွေပိုများလာတယ် ! "
ရွှမ်ဝမ်၏မျက်လုံးများသည် ဂနာမငြိမ်ဖြစ်နေ၏။သူမက ပြတ်တောင်းပြတ်တောင်းအသံဖြင့်
"ကျွန်မ ဘာလုပ်ရမလဲ မသိတော့ဘူး "
"အရင်ဆုံး မင်း အိမ်ပြန်ချင်လား "
"ဟင့်အင်း အိမ်ပြန်လမ်းမှာ ကျွန်မကိုယ်ကျွန်မ ဆွဲဖြဲမိလိမ့်မယ် "
သူမအသံပင် ပြောင်းလဲသွားခဲ့သည် ။၎င်းသည် မရင်းနှီးမှုတစ်ခုရှိနေ၏။
"မင်း ကုမ္ပဏီမှာတော့ စိတ်လွတ်သွားလို့ မဖြစ်ဘူးနော် ၊ သူတို့က မင်းရဲ့ဂိမ်းကို လုပ်နေကြတာ "
ကောင်းမင်က သူ့လက်များကို မြောက်လိုက်သည်။
"သူတို့က မင်းအတွက် သောက်စရာတွေတောင် ဝယ်ပေးခဲ့တာ ၊ မင်း သူတို့အားလုံးကို သတ်လို့မဖြစ်ဘူး "
"ကြိုးတစ်ချောင်းရှာပြီး ကျွန်မကို ချည်ထားပေးပါ "
ရွှမ်ဝမ်က နာကျင်စွာပြောလိုက်သည်။
"သေချာလား ၊ ဒါက မင်းကို ပိုနာကျင်စေမှာ မဟုတ်လား "
"ဟင့်အင်း"
"ငါမင်းကို ဘယ်မှာ ချည်ရမလဲ "
"စားပွဲလား ၊ စာအုပ်စင်လား ၊ အလုပ်ဖြစ်တာ ဘာမဆိုရတယ် ! "
ရွှမ်ဝမ်က သူမဖုန်းကို အတင်းဖွင့်လိုက်သည်။
"ဒီဖြစ်စဉ်တစ်ခုလုံးကို ကျွန်မတို့ မှတ်တမ်းတင်ထားရမယ် ၊ ကျွန်မသိဖို့လိုတယ် ၊ ကျွန်မတို့ နောက်ပိုင်းကျရင် ဒါကို အတူတူလေ့လာလို့ရတယ် မဟုတ်ရင် မနက်ဖြန်မနက် အလုပ်ချိန်မှာပေါ့ "
"ကောင်းပြီ "
ကောင်းမင်သည် သတိအမြင့်ဆုံးကပ်ထားသည်။သူနောက်လှည့်လိုက်ရာ တံခါးအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။သူက ရွှမ်ဝမ်အား တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး တံခါးလက်ကိုင်ကို တိတ်တဆိတ်ဆွဲလိုက်သည်။
.....
ကောင်းမင်၏အသံသည် လူကောင်းတစ်ယောက်မဖြစ်နိုင်ဟု ဆုမိုခံစားရသည်။သူက ခပ်ရွံ့ရွံ့ဖြင့် စတိုခန်းတံခါးဆီ သွားလိုက်သည်
"ကြိုးတစ်ချောင်းရှာပြီး ကျွန်မကို ချည်ထားပေးပါ ..."
ထိုဝါကျသည် ဆုမို၏အမူအရာအား ပြောင်းလဲသွားစေသည်။
"Bondage?"
အသံအသစ်တစ်ခု ထပ်ထွက်လာရာ သူအသက်ရှုသံကို ထိန်းလိုက်ရသည်။
"ဘယ်နေရာမှာလဲ "
"စားပွဲလား ၊ စာအုပ်စင်လား ၊ အလုပ်ဖြစ်တဲ့ ဘယ်နေရာမဆိုရတယ် ! "
ယင်းကို ကြားလိုက်ရခြင်းကြောင့် ဆုမို၏မျက်နှာသည် ပူလောင်သွားတော့သည်။အလုပ်ကလူတွေက ဒီလိုစကားပြောသင့်လို့လား။
"ဒီဖြစ်စဉ်တစ်ခုလုံးကို ကျွန်မတို့ မှတ်တမ်းတင်ထားရမယ် ၊ ကျွန်မသိဖို့လိုတယ် ၊ ကျွန်မတို့ နောက်ပိုင်းကျရင် ဒါကို အတူတူလေ့လာလို့ရတယ် မဟုတ်ရင် မနက်ဖြန်မနက် အလုပ်ချိန်မှာပေါ့ "
"ဖြစ်စဉ်ကို မှတ်တမ်းတင်ထားပြီး နောက်မှ လေ့လာမယ်တဲ့လား "
ဆုမိုက လေအေးတစ်ချက်ရှူသွင်းလိုက်သည်။ယင်းသည် ထိုအပြစ်ကင်းစင်သည့်လူငယ်လေးကို အတော်ပင် အနှောက်အယှက်ဖြစ်စေလေသည်။ဆုမိုသည် ပူလောင်နေသည့် နားရွက်များနှင့်အတူ နောက်ပြန်ဆုတ်လိုက်သည်။ထိုအချိန်တွင် တံခါးပွင့်လာလေသည်။သူနှင့်ကောင်းမင်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။
"မင်း ဘာကြားလိုက်လဲ "
ဆုမို၏ဆံပင်များက အဆုံးထိထောင်မတ်သွားသည်။သူ့ရှေ့မှလူသည် သရဲစီးနေရုံသာမက နှာဘူးတစ်ယောက်လည်း ဖြစ်ပေသည်!။
.....
ဟန်ဟိုင်းမြို့တော်အရှေ့ပိုင်း ၊ ကွင်းစ် ၁၆လမ်း ၊ ဖူအန်းပုဂ္ဂလိကဆေးရုံ တတိယအလွှာတွင်ဖြစ်သည်။
သူ့ချောင်းများပေါ်မှ သွေးများကို သုတ်လိုက်ရင်း သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြည်းညင်းစွာထလာ၏။သူသည် အလောင်းကို ခွကျော်လိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။
"ဥက္ကဌစီတု ၊ စာရွက်စာတမ်းတွေက ဒီမှာပါ "
လက်အောက်ငယ်သားဖြစ်သူ ဆရာဝန်ငယ်လေးသည် ထိုနေရာရှိ အရာအားလုံးနှင့် နေသားကျနေပုံရသည်။
"ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာန ၊ အရှေ့ပိုင်းခရိုင်ရဲ့ အမြဲတမ်းဥက္ကဌ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် "
"အမြဲတမ်းဥက္ကဌတဲ့လား "
သက်လတ်ပိုင်းလူကြီးက ဆရာဝန်ငယ်လေးကို ကြည့်လိုက်သည်။သူ့အသံတွင် မည်သည့်ခံစားချက်မှ မပါဝင်ပေ။
"အခြေခံအားဖြင့် ခင်ဗျားမှာ ပြိုင်ဘက်မရှိတော့ပါဘူး "
ဆရာဝန်သည် တွေဝေနေပြီး နောက်ဆုံးတွင် မေးမြန်းလိုက်သည်။
"ဒါပေမယ့် ကျွန်တော် သိချင်မိတယ် ၊ ဘယ်သူမှ မလိုချင်တဲ့ ဒီရာထူးအတွက် ခင်ဗျား ဒီလောက်တန်ကြေးကြီးကြီးပေးခဲ့တာ ဘာလို့လဲ "
"ဒေါက်တာ လု အဲဒါကို မင်း စိတ်ပူပုံမရပါဘူး "
စားပွဲပေါ်မှ အလင်းရောင်သည် လူလတ်ပိုင်းအရွယ်ရှေ့တွင် ဖြာကျနေသော်လည်း နောက်ပိုင်းမှာ အမှောင်ထဲတွင် အပြည့်အဝကျရောက်နေ၏။
"မင်း လူတွေ ရှာတွေ့ပြီလား"
"လူခုနှစ်ယောက်ရှိပါတယ် ၊ သူတို့အားလုံး အဆင့် ၃ မူမမှန်ဖြစ်ရပ်တွေမှာ အတွေ့အကြုံရှိတဲ့ စုံစမ်းရေးမှုးတွေချည်းပါပဲ ၊ သူတို့ ဘယ်လိုရှင်သန်ခဲ့သလဲဆိုတာ ခင်ဗျားကို ရှင်းပြပါလိမ့်မယ် "
ဆရာဝန်က ထိုလူရှေ့တွင် ဖိုင်များကို ချထားလိုက်သည်။စုံစမ်းရေးမှူးခုနှစ်ယောက်တွင် သုံးယောက်သည် မသန်မစွမ်းဖြစ်နေပြီး တစ်ယောက်မှာ မျက်နှာပျက်စီးနေသူဖြစ်သည်။
"အဲ့ဒါကို ကျော်လိုက်တော့ ၊ဒီညသန်းခေါင်မှာ သရဲခြောက်တဲ့ အဆောက်အဦးကို ငါနဲ့အတူသွားမယ်လို့ သူတို့ကို ပြောလိုက် ၊ သူတို့က သားစားကြူးနတ်ကို ကိုးကွယ်တဲ့ မိသားစုအိမ်မှာ နေရလိမ့်မယ် "
"ဒါကတော့...စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလေ ၊ သူတို့က တခြားဌာနတွေနဲ့ သက်ဆိုင်တာမို့ပါ "
ဆရာဝန်က ယင်းကို ခက်ခက်ခဲခဲပြောလိုက်ရသည်။
"စည်းမျဉ်းတွေဆိုတာ ချိုးဖောက်ဖို့ ဖန်တီးထားတာပဲ ၊ မကြာခင် စည်းမျဉ်းအသစ်ကို မင်းလိုက်နာရလိမ့်မယ် "
ထိုလူသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။သူက သူ့ကုလားထိုင်ကို အမှောင်ထဲမှ အလင်းရှိရာသို့ တွန်းထုတ်လိုက်လေသည်။