မစ်တီး
Vol. 2 Ch. 20
ဆုမိုသည် အမြဲ အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်သည်။သူသည် အတန်းတွင်လည်း အမြဲတမ်း အဆင့်ကောင်းရသူဖြစ်သည်။သူသည် အပြင်းအထန်စာကြိုးစားလေ့ရှိပြီး အားလပ်ချိန်များတွင် အချိန်ပိုင်းအလုပ်တစ်ခု လုပ်ပေသည်။ဆုမိုတွင် လက်တွေ့မကျသော မျှော်လင့်ချက်များ မရှိပေ။သူကျောင်းဘွဲ့ရပြီးနောက် ကုမ္ပဏီကောင်းတစ်ခုတွင် အလုပ်ဝင်လိုကာ သူ့မိသားစု၏ဝန်ထုပ်ဝန်ပိုးများကို ဝေမျှထမ်းပေးချင်ရုံသာဖြစ်သည်။ဆုမိုသည် ဘွဲ့မရသေးသော်လည်း သူ့အနာဂတ် အလုပ်အကိုင်ဘဝအကြောင်းကို တွေးထားခဲ့ချေသည်...။
"ငါပြောတာ ကြားရဲ့လား "
ကောင်းမင်၏အသံကား အေးစက်နေ၏။ဆုမိုသည် တုန်လှုပ်နေ၏။လူငယ်လေး၏ဘဝသည် သူ့မျက်စိရှေ့တွင် ဖျတ်ပြေးသွားသည်။
"မကြားပါဘူး !"
ဆုမိုက ချက်ချင်းခေါင်းခါလိုက်သည်။
"ကျွန်တော် ဘာမှ မကြားခဲ့ပါဘူး ! "
"အရမ်း မစပ်စုနဲ့ "
ကောင်းမင်က သူ့ခန္ဓာကိုယ်ဖြင့် တံခါးဝကို ကွယ်ထားသည်။
"ဒီကမ္ဘာကြီးက မင်းတွေးထားတာထက် ပိုရှုပ်ထွေးတယ် ၊ အိမ်စောစောပြန်တော့ ၊ အရမ်းနောက်ကျတဲ့ထိ အလုပ်လုပ်မနေနဲ့ "
"ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ "
ဆုမိုသည် သူ့ဆိုင်ကယ်ဦးထုပ်ကို ဆွဲယူလိုက်ပြီး ထပြေးတော့သည်။နောက်ဆုံးအကြိမ်ကထက်ပင် မြန်နေသေးသည်။ဆုမိုက ဓာတ်လှေကားထဲပြေးဝင်လိုက်သည်။တံခါးပိတ်ရန် ခလုပ်နှိပ်လိုက်သည်။မီးခိုးရောင်တံခါးပိတ်သွားခါမှ သူသက်ပြင်းချမိလိုက်သည်။
"အလုပ်နေရာက ရူးချင်စရာပဲကွာ "
ရုံးခန်းအဆောက်အဦး၏ လေအေးပေးစက်များသည် အလွန်ကောင်းမွန်၏။ဆုမိုသည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ဓာတ်လှေကားထဲတွင် အရပ်ရှည်ရှည်လူတစ်ယောက်နှင့် အရပ်ပုသောလူတစ်ယောက်သည် အချင်းချင်းတီးတိုးပြောဆိုနေကြလေသည်။
"ပြီးတဲ့ညက ၁၁လွှာက ပရိုဂရမ်မာတစ်ယောက် အချိန်ပိုဆင်းတဲ့အချိန်မှာ သေသွားတယ်တဲ့ကွ ၊ သူ့လုပ်ဖော်ကိုင်ဖက်တွေက သူအိပ်နေတယ်လို့ပဲ ထင်ကြတာ ၊ တစ်ခုခုမှားနေတာကို သူတို့မသိမပြုမိခင်အထိ သူ့အလောင်းကို ဒီအတိုင်းထားထားကြတာတဲ့ဟ "
"ဒါက အရမ်းကြောက်စရာကောင်းတာပဲ ၊ ဒီလုပ်ငန်းက တော်တော်များပါတယ်ကွာ ၊ ငါတို့ရတဲ့လစာက ဆေးဖိုးတောင် မလောက်ဘူး "
"ပိုကြောက်စရာကောင်းတာက ဘာလဲဆိုတာ မင်းသိလား "
လူငယ်လေးက ခေါင်းသာငုံ့ထားသည်။
"ငါ့သူငယ်ချင်းဆီက ငါကြားခဲ့တာက မနေ့ညက သူရုံးခန်းက ထွက်လာတော့ ရုံးခန်းထဲမှာ လူတစ်ယောက်အလုပ်လုပ်နေတာ သူမြင်ခဲ့တယ်တဲ့ ၊ သူက မီးဖွင့်ပြီး ထားခဲ့မလိုလေ ၊ ဒါပေမယ့် အဲ့ဒီလူက ရုတ်တရက် ' အဆင်ပြေပါတယ် ၊ ကျုပ်က မီးမရှိပဲ မြင်နိုင်တယ်' လို့ပြောလိုက်တယ်တဲ့ "
"ချီးပဲ ၊ သေသွားတဲ့ ပရိုဂရမ်မာက ပြန်ရောက်လာတာလား "
"ငါလဲ မသိဘူးလေ ! ငါ့သူငယ်ချင်းလဲ ကြောင်အနေတာပေါ့ ၊ နောက်မှ သူသိလိုက်တာက အဲ့လူဟာ လူသေရဲ့ခုံပေါ်မှာ ထိုင်နေတာတဲ့ ၊ ပြီးတော့ မော်နီတာမှာလည်း ကြုံရာကျပန်းကုဒ်တွေ ပြည့်နေတာပဲတဲ့လေ ! "
ဓာတ်လှေကားက ရပ်တန့်သွားသည်။ထိုလူနှစ်ယောက်ထွက်သွားကြသဖြင့် ဆုမိုတစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။သူသည် တံခါးပေါ်မှ နံပါတ်များကို စိုက်ကြည့်နေလေသည်။နံပါတ်သည် ၁၁ဟု ပြောင်းလဲသွားခဲ့သည်။ဓာတ်လှေကားတံခါးသည် ပွင့်သွားသော်လည်း အပြင်ဘက်တွင် လူတစ်ယောက်မှ ရှိမနေချေ။အေးစက်စက်လေထုသည် သူ့ကော်လံမှတဆင့် စိမ့်ဝင်နေ၏။ဆုမိုသည် လူတစ်ယောက်မှ မရှိသော ကော်ရစ်ဒါကိုကြည့်ရင်း သူ့နှလုံးသားသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လာလေသည်။စက္ကန့်များစွာကြာပြီးနောက် တံခါးပိတ်ခါနီးအချိန်တွင် ရုတ်တရက် လက်တော့အိတ်တစ်လုံးသယ်ထားသောဝန်ထမ်းတစ်ယောက် ဓာတ်လှေကားထဲ ပြေးဝင်လာလေသည်။
ဆုမိုသည် သူနှင့်ဓာတ်လှေကားအတူတူစီးမည့် နောက်တစ်ယောက်ကို မြင်လိုက်ရသဖြင့် စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။သူသည် ဆိုင်ကယ်ဦးထုတ်ကို ဖက်ထားပြီး နောက်ထပ်အော်ဒါများ လက်ခံရန် ဖုန်းကို ထုတ်လိုက်သည်။
ဖုန်းစခရင်ကိုကြည့်နေရင်း ဆုမိုသည် ထူးထူးဆန်းဆန်းခံစားနေရသည်။သူက ဖုန်းကို အနည်းငယ်စောင်းကာ ကင်မရာကို ဖွင့်လိုက်သည်။ ဓာတ်လှေကားထဲဝင်လာကတည်းက ထိုဝန်ထမ်းအမျိုးသားသည် သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်ကြောင်း သူသိလိုက်ရသည်။သူ့လည်ချောင်းသည် တလှုပ်လှုပ်ဖြစ်သွားသည်။ဆုမိုက ထိုလူကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။ဖြည်းဖြည်းချင်း သူနောက်ဆုတ်လိုက်သည်။အမျိူးသားဝန်ထမ်းသည် မလှုပ်ရှားသော်လည်း သူ့ပါးစပ်က တဖြည်းဖြည်းပွင့်ဟလာ၏။
"ဒါဆို မင်း ငါ့ကိုတကယ်မြင်ရတယ်ပေါ့ "
.....
ကောင်းမင်က ဆုမိုနောက် ပြေးလိုက်မသွားပေ။သူသည် စတိုခန်းကို စောင့်ကြပ်နေပြီး သူ့မစ်တီးကို တိတ်ဆိတ်စွာသောက်လိုက်သည်။
ငါတို့ရဲ့သေဆုံးနေတဲ့ချစ်ခြင်းအတွက်ဂိမ်းကို လူတွေ ပိုဒေါင်းလုဒ်လုပ်သည်နှင့်အမျှ ရွှမ်ဝမ့်အခြေအနေမှာ ပိုဆိုးဝါးလာခဲ့သည်။သူမ၏ကိုယ်ပိုင်အသိစိတ်ကြီးထွားလာသည်နှင့် အဆိုးမြင်ခံစားချက်များကို ဝါးမြိုခြင်းမှ သူမရူးသွပ်သွားနိုင်ပေသည်။ည ကိုးနာရီခွဲတွင် အခန်းအများစုမှာ မီးပိတ်သွားပြီဖြစ်သည်။နောက်ဆုံးဝန်ထမ်းကြိုပို့ကားတစ်စီးသာ ကျန်တော့သည်။
ညအလင်းရောင်ဂိမ်းစတူဒီယိုသာမက ငါးလွှာမှ မှောဝင်မြေပုံနည်းပညာလက်အောက်ရှိ ယူနီကွန်းဂိမ်းစတူဒီယိုသည်လည်း ဖွင့်လှစ်နေဆဲ ဖြစ်သည်။ညအလင်းရောင်တွင် လူအနည်းသာရှိသည်။သူတို့သည် လုပ်စရာများများစားစားမရှိသောကြောင့် ပုံမှန်အားဖြင့် အချိန်ပိုဆင်းလေ့မရှိပေ။ယခုတွင် သူတို့၌ လုပ်စရာတစ်ခုခုရှိနေသဖြင့် အားလုံးအလုပ်ကြိုးစားနေကြလေသည်။
ညအလင်းရောင်နှင့်နိူင်းယှဉ်ပါက ယူနီကွန်းဂိမ်းစတူဒီယိုတွင် ဝန်ထမ်းပေါင်းများစွာရှိသည်။ယင်းသည် သုံးလွှာတစ်ခုလုံးကို နေရာယူထားပေသည်။သူတို့၏စတူဒီယိုသည် မှော်ဝင်မြေပုံနည်းပညာ အောက်တွင် အခွန်အများဆုံးရခဲ့သည်။ လူတိုင်းသည် တစ်နာရီတိုင်းရူးသွပ်စွာအလုပ်လုပ်ကြသည်။သူတို့သည် ပုံမှန်အားဖြင့် ၉ နာရီ၌ အလုပ်ဆင်းခြင်းဖြစ်သည်။
"သူတို့က အသက်ထပ်မရှင်ချင်ကြတော့တာလား ၊ ထောင်တွေတောင်မှ ဒီအချိန်ဆို ထောင်သားတွေကို အိပ်ရာဝင်ခိုင်းနေပြီ "
ကောင်းမင်သည် ရွှမ်ဝမ်အတွက် စိတ်ပူနေခြင်းဖြစ်သည်။လူတိုင်း ရုံးဆင်း၍ အိမ်ပြန်သွားကြရန် သူမျှော်လင့်ထားသော်လည်း အားလုံးအချိန်ပို ဆင်းနေကြပေသည်။
"ကောင်းမင် ငါတို့ဂိမ်းပုံစံငယ်က ဒေါင်းလုဒ် ၁၅၀၀၀ ကျော် ရောက်နေပြီကွ ! "
ဝေတယိုသည် စိတ်လှုပ်ရှားနေသည်။သူက တံခါးဆီသို့ပြေးသွားလိုက်ပြီး ပျော်ရွှင်စရာကို ကောင်းမင်အားဝေမျှလိုက်သည်။
"ပရိုမိုးရှင်းတောင် အများကြီးမလုပ်လိုက်ရဘူးကွ ၊ ကစားသမားတွေက ဂိမ်းကို သူတို့အချင်းချင်း ဝေမျှကြတော့တာပဲ ၊ ဒီဂိမ်းအောင်မြင်ဖို့ အခွင့်အရေးရှိနေပြီကွ ! "
"ကောင်းပါတယ်ကွာ "
"မင်းတိုက်တွန်းတာ အမှန်ပဲကွာ ၊ ငါတို့ ဒီဂိမ်းကို ဆက်လုပ်သင့်တယ် ! "
ဝေတယိုက ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။
"စတူဒီယိုက ဒီလိုလှုပ်လှုပ်ရှားရှားမဖြစ်တာ ခုနှစ်လရှိပြီကွ ၊ လူတိုင်း စိတ်လှုပ်ရှားနေကြတာ "
"သူတို့ ထုတ်မပြောပေမယ့် ညအလင်းရောင်ကို ဂရုစိုက်ကြပါတယ်ကွာ "
ကောင်းမင်သည် ညအလင်းရောင်နှင့် အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ပြီးဖြစ်သောကြောင့် ထိုစတူဒီယိုတွင် ဂုဏ်သရေရှိသည့် သမိုင်းကြောင်းရှိကြောင်းကို သူသိပေသည်။
"ဒီတစ်ခါတော့ ငါတို့ အပြင်းအထန် ပြန်လုပ်ပြမယ်"
ဝေတယိုသည် လုံးဝ ထွက်သွားမည့်ဟန် မရှိပေ။ကောင်းမင်မှာ ဒုက္ခများနေတော့သည်။
"တယို အားလုံးကို အိမ်ပြန်ပြီး နားခိုင်းလိုက်တော့လေ ၊ နောက်ကျနေပြီကွ "
"ငါတို့ ထွက်မသွားဘူး ! ငါတို့ တိုက်ခိုက်ဖို့ ဆက်နေရမယ် ! "
ဝေတယိုသည် ကော်ဖီကို သောက်လိုက်ပြီးနောက် သူ့ထိုင်ခုံဆီပြန်သွားလိုက်သည်
"ဘာလိုခေါင်းမာတဲ့ အုပ်စုလဲကွာ "
ကောင်းမင်သည် တိုးမြင့်လာနေသော ဒေါင်းလုဒ်အရေအတွက်ကို ကြည့်လိုက်ပြီး စတိုခန်းတံခါးကို ခေါက်လိုက်သည်။
"ရွှမ်ဝမ် မင်းအဆင်သင့်ဖြစ်ပြီလား "
ကောင်းမင်သည် ပြန်ဖြေသံမကြားရသဖြင့် စိုးရိမ်သွားခဲ့သည်။သူက တံခါးကို ခပ်ဟဟဖွင့်လိုက်သည်။
အလင်းရောင်များလိမ်တွန့်နေ၏။အခန်းထဲတွင် အလင်းရောင်မရှိချေ။အရိပ်များ ခုန်ဝင်လာခဲ့သည်။
"ရွှမ်ဝမ်လား "
ခေတ်ဟောင်းဝတ်စုံဖြင့်အမျိုးသမီးတစ်ယောက်အား အရိပ်များဖုံးလွှမ်းနေသည်။သူမမျက်လုံးများကို တင်းတင်းပိတ်ထားသည်။သူမ အရေပြားထဲမှ နက်မှောင်နေသည့်သွေးကြောငယ်များ ထွက်လာနေကြသည်။သွေးများသည် အရိပ်ဆီသို့ တွယ်ဆက်နေကြခြင်းဖြစ်သည်။
"ဒါက ငါနဲ့ကျောက်ရှီကို ဆက်သွယ်ထားတဲ့ ချိန်းကြိုးတွေလိုပဲ "
ကျောက်ရှီသည် အရိပ်ကမ္ဘာက ဖန်တီးခဲ့သော သရဲတစ်ကောင်ဖြစ်သည်။သူ၏ထူးဆန်းသောစွမ်းအားသည် အခြားကမ္ဘာမှ လာခြင်းဖြစ်သည်။သူ့မှတ်ဉာဏ် ၊ နောင်တ နှင့် စွဲလမ်းမှုတို့သည် အနက်ရောင်ချိန်းကြိုးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကျောက်ရှီသည် အစစ်အမှန်ကမ္ဘာမှ ဖြစ်သော်လည်း ရွှမ်ဝမ်မှာ ကောင်းမင်ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။သူမသည် အရှိတရားနှင့်ဆက်စပ်မှုမရှိသော်လည်း တစ်သောင်းထက်ပိုသောလူများက သူမ၏တည်ရှိမှုကို သိပေသည်။သူမခန္ဓာကိုယ်တွင် အနက်ရောက်သွေးကြောငယ်များ ဖောင်းကြွနေပေသည်။
"ပြင်းထန်တဲ့ စိတ်ခံစားချက်တွေက လူတွေရဲ့ နှလုံးသားထဲမှာ ခြောက်ခြားဇာတ်လမ်းတွေကို ထွင်းထုပေးနိုင်တယ် ၊ သရဲတွေက အကြောက်တရား ဖြန့်ရတာကို ကြိုက်တာက အံ့သြစရာတော့ မဟုတ်ဘူး "
ကောင်းမင် အရိပ်ထဲဝင်လိုက်သည်။ရွှမ်ဝမ်၏ ချောမွတ်နေသော လည်တိုင်ကို သူကြည့်လိုက်သည်။သွေးကြောများအားလုံးသည် ချိန်းကြိုကဲ့သို့ တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်အထိ ထိုနေရာတွင် စုစည်းနေကြသည်။ ယင်းသည် ရွှမ်ဝမ့်မှတ်ဉာဏ်၏ ဗဟိုချက်ဖြစ်သည်။
"ချိန်းကြိုးတွေကို ငါဖျက်ဆီးလိုက်ရင် ရွှမ်ဝမ့်ကို အရိပ်ကမ္ဘာထဲ ပြန်ပို့နိုင်လိမ့်မယ် ဒါမှမဟုတ် သူအသိစိတ်လွတ်သွားလိမ့်မယ် ၊ ချိန်းကြိုးတွေကို ဆက်ပေးလိုက်ရင်တော့ သူ့စွမ်းအားတွေကို ငါလုယူနိုင်လိမ့်မယ် "
ရွှမ်ဝမ်ကို သတ်ဖြတ်၍ ထိန်းချုပ်နိုင်မည့်အခွင့်အရေးသည် သူ့ရှေ့တွင် ရှိနေပေသည်။ကောင်းမင်သည် သူ့လက်ကို ဖြည်းညင်းစွာမြောက်လိုက်သော်လည်း မဖောက်ရသေးသော မစ်တီးကို ရွှမ်ဝမ်ဘေးတွင်သာ ချထားလိုက်သည်။
"ပုံစံပေါ်လာတဲ့ အသိစိတ်ကို ဖျက်စီးပစ်ရတာ ရက်စက်လွန်းပါတယ်"
ကောင်းမင်က အဖုံးဖွင့်ပြီး မစ်တီးကို စုပ်သောက်လိုက်သည်။
"အခန်းထဲအပူချိန်က မစ်တီး သောက်မကောင်းဘူး"
ကောင်းမင်သည် မစ်တီးနှင့်အတူ စတိုခန်းထဲမှ ထွက်လာခဲ့သည်။သူအဝေးရောက်သွားပြီးနောက် ရွှမ်ဝမ်က မျက်လုံးဖွင့်လိုက်သည်။
"ကျွန်မရှင့်ကို အခွင့်အရေးတစ်ခုပေးခဲ့တာတောင် ရှင်က မစ်တီးသောက်ဖို့ပဲ ရွေးချယ်တာလား "