ဘာက ပိုကြောက်စရာကောင်းတာလဲ
Vol. 2 Ch. 22
"အဲ့လိုမဟုတ်ဘူး ! သူလိမ်နေတာပဲ ! "
ဆုမိုက ခေါင်းယမ်းလိုက်သည်။
"သရဲက ဘာခြေရာလက်ရာမကျန်ပဲ သတ်သွားတာ ! "
"မင်းက ဒီမှာအလုပ်လုပ်တာ မဟုတ်ဘူးဆို မာမျိုးရိုးနာမည်ကို ဘယ်လိုသိတာလဲ ၊ သူ့ကိုဘာလို့ မန်နေဂျာမာလို့ ခေါ်တာလဲ "
ရှရန်က ဆုမိုဘက် လှည့်လိုက်သည်။
" ကျွန်တော့်ကို သရဲက ပြောခဲ့တာ ! သရဲက မန်နေဂျာမာကို သိနေတာပဲ ! သရဲက အချိန်ပိုအများကြီးလုပ်ရလို့ သေသွားတာတဲ့ ၊ ကျွန်တော် တကယ်ဘာမှ မလုပ်ရပါဘူး ! "
ဆုမိုသည် ငိုတော့ မတတ်ဖြစ်နေလေသည်။သူသည် အသက်ရှင်ချင်ရုံသာ ဖြစ်သော်လည်း ကံကြမ္မာက သူ့အား မှားယွင်းသည့်လမ်းကြောင်းသို့ တွန်းချနေလေသည်။
"ကျွန်တော်တို့ သူတို့ကို အရင်ထိမ်းသိမ်းထားလိုက်တာ ပိုကောင်းမယ် "
ကောင်းမင်က ကြိုးတစ်ချောင်းရှာရန် ပတ်ဝန်းကျင်ကို ကြည့်ရှူလိုက်သည်။
"မင်းတို့ ငါ့ကို ယုံရမယ်ကွ ! သူက သရဲပဲ ၊ ဒီကောင်လေးက ဓာတ်လှေကားထဲမှာ အလောင်းနဲ့အတူ ရှိနေခဲ့တာ ၊ ငါ့ကိုတောင် သတ်ချင်နေသေးတယ် ! "
သူ့အား ကြိုးချည်မည်ဟုကြားသောအခါ မန်နေဂျာမာက စိုးရိမ်သွားသည်။သူက အော်ဟစ်လိုက်ပြီး လုံခြုံသည့်စင်္ကြန်ဆီသို့ ထွက်ပြေးသွားလေသည်။
"မင်းတို့ သူသတ်တာ ခံရလိမ့်မယ် ! သူ့ဆီမှာ သရဲရှိတယ်ကွ ! "
မန်နေဂျာမာသည် ယူနီကွန်းစတူဒီယိုရှိရာသို့ လှေကားထစ်များအတိုင်းပြေးဆင်းသွားတော့သည်။
"လူကောင်းက ဘယ်သူလို့ မင်းထင်လဲ "
ရှရန်က ဂရုမစိုက်ပေ။သို့သော် ကောင်းမင်ဘက်ပြန်လှည့်ကြည့်လိုက်သည်။
"လူတိုင်းကို ကျွန်တော်အခြေအနေရှင်းပြနေတုန်း ခင်ဗျား ဒလီဗာရီကောင်လေးကို စောင့်ကြည့်ထားလိုက်ပါ "
ကောင်းမင်က ညအလင်းရောင်စတူဒီယိုရှိရာသို့ ကော်ရစ်ဒါတလျှောက် ပြေးလွှားလိုက်သည်။ဝန်ထမ်းများသည် မက်ဆေ့ကို အရေးတယူမှတ်ယူခြင်း မရှိကြသေးပေ။
"ဝေတယို ပြန်မရောက်သေးဘူးလား "
ကောင်းမင် လှည့်ပတ်ကြည့်လိုက်ရာ လူများ ပိုပျောက်ဆုံးနေလေသည်။ရုံးခန်းထဲတွင် အစမ်းခန့်ဝန်ထမ်းလူငယ်လေးတစ်ယောက်သာ ရှိတော့သည်။
"လီကျဲနဲ့ ကျန်းဝမ်တို့လည်း ပျောက်သွားပြီလား ! "
"သူတို့ သန့်စင်ခန်းသွားကြတယ်လို့ ကျွန်တော်ထင်တယ် "
"ဒီမှာပဲနေဦး ၊ သူတို့ပြန်လာရင် ထပ်ထွက်မသွားဖို့ ပြောထားလိုက် ! "
ကောင်းမင်သည် ဖုန်းခေါ်လိုက်သော်လည်း သူ့လုပ်ဖော်ကိုင်ဖက် တစ်ဦးတစ်ယောက်မှ ဖုန်းမကိုင်ကြပေ။
"ဂိမ်းမှာ အထပ်လေးထပ်ပါတယ် ၊ ညအလင်းရောင်ဝန်ထမ်းတွေထက် တခြားစတူဒီယိုက အလုပ်သမားတွေမှာ ရှိနေကြမှာပဲ ၊ တစ်နာရီအတွင်း အားလုံး လူစုဖို့ လိုတယ် "
အဆောက်အဦးအတွင်း သက်ရှိလူသား မည်မျှရှိမှန်း ကောင်းမင်မသိပေ။ဂိမ်းသည် တစ်နာရီပြင်ဆင်ခွင့် ပေးထားသော်ငြား ယင်းက အလွန်ခက်ခဲနေဆဲဖြစ်သည်။ကောင်းမင်သည် သူ့လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အသွယ်မရသောကြောင့် စတိုခန်းဆီပြေးသွားလိုက်သည်။ရွှမ်ဝမ်သည် စိတ္တဇလူသတ်သမားတစ်ယောက်ဖြစ်သည်။သူမသည် လူသားများကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်သည်။သူမက အကူအညီကြီးတစ်ခု ပေးနိုင်လိမ့်မည်ဖြစ်သည်။
ကောင်းမင်က စတိုခန်းတံခါးကို တွန်းဖွင့်လိုက်ရာ တစ်ခုခု ထူးခြားနေသည်ကို မြင်လိုက်ရသည်။
ရွှမ်ဝမ်သည် ဂိမ်းထဲတွင်မပါဝင်သောကြောင့် အရိပ်သည် သူမကို ငြင်းဆန်နေပြီး ပိုနက်ရှိုင်းသည့်အမှောင်ထုထဲ တွန်းပို့ရန် ကြိုးစားနေ၏။အရိပ်သည် ရွှမ်ဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံး ချည်နှောင်ထားသည်။သူမအရေပြားပေါ်ရှိ အနက်ရောင်သွေးကြောများက သူမအသားကို လှီးဖြတ်နေခြင်းသည် သူမအနား ချဥ်းကပ်မရနိုင်အောင် ပြုလုပ်နေလေသည်။
"ကျွန်မသာ လူတစ်သောင်းကျော်ရဲ့ စိတ်ခံစားချက်တွေကို မရခဲ့ဘူးဆိုရင် ရှင်နဲ့အတူ ဂိမ်းတွေကို နောက်ထပ်ကစားနိုင်တော့မှာ မဟုတ်ဘူး "
နီရဲနေသောမျက်ဝန်းများက ကောင်းမင်ကို လှည့်ကြည့်လိုက်သည်။ရွှမ်ဝမ်သည် အခက်ခဲဆုံးဖြစ်စဉ်တွင် ရှင်သန်နိုင်ခဲ့ပုံရသည်။သူမသည် ဆူညံသံများနှင့် ပြင်းထန်သည့် စိတ်ခံစားချက်များကို စတင်ကျင့်သားရလာခဲ့သည်။
"မင်းနိုးလာတာ အချိန်ကိုက်ပဲ ၊ ဂိမ်းအသစ်တစ်ခု အစပျိုးနေပြီ "
ကောင်းမင်သည် ရွှမ်ဝမ်မတ်တပ်ရပ်နိုင်ရန် ကူညီပေးလိုက်သည်။သူသည် လူသေအလောင်းတစ်ခုကို ထိတွေ့လိုက်ရသကဲ့သို့ ခံစားရသောကြောင့် ယင်းကို နေသားကျခြင်းမရှိပေ။
" ဂိမ်းတစ်ခုထဲဝင်ပြီးတော့ မင်းပြောင်းလဲသွားတယ်လို့ ဘယ်လိုတောင်ခံစားနေရတာလဲ "
"ဒါကို ရှင်မကြိုက်ဘူးလား "
အရိပ်များသည် ရွှမ်ဝမ်အနား ဝန်းရံနေဆဲဖြစ်သည်။
"အခန်းအပူချိန်က အရသာမကောင်းဘူးလို့ ရှင်မပြောခဲ့ဘူးလား "
"ငါက မစ်တီးအကြောင်းပြောခဲ့တာပါ "
ကောင်းမင်သည် ရွှမ်ဝမ်အား အရိပ်အပြင်ဘက်ဆွဲထုတ်ချင်သော်လည်း သူလက်လှမ်းလိုက်သည်နှင့် အရိပ်သည် အသားစားငါးများကဲ့သို့ သူ့ဆီကူးခတ်လာကြသည်။နောက်ဆုံးအခိုက်အတန့်တွင် ကျောက်ရှီ၏မှတ်ဉာဏ်များနှင့်အတူ ချိန်းကြိုးများထွက်ပေါ်လာပြီး ကောင်းမင်ထံ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။
"ရှင်က တခြားတစ်ယောက်နဲ့ ချည်နှောင်ထားပြီးပဲ "
ရွှမ်ဝမ်က သူမဘာသာပြောလိုက်သည်။
ယခင်က ဂိမ်းကို ရှင်းလင်းခဲ့ပြီးနောက် ကောင်းမင်သည် ကျောက်ရှီ၏မှတ်ဉာဏ်နှင့်နာကျင်မှုများကို သယ်ဆောင်ထားခဲ့သည်။ထိုချိန်းကြိုးသည် လက်နက်တစ်ခု မဟုတ်ပဲ ဝန်ထုပ်ဝန်ပိုးတစ်ခုနှင့်တူပေသည်။
"ကျောက်ရှီရဲ့မှတ်ဉာဏ်ကို ငါဒီလိုနည်းနဲ့ သုံးလို့ရတာလား "
ကောင်းမင်နှင့် ရွှမ်ဝမ်တို့သည် သူတို့ပတ်ဝန်းကျင်ရှိ အရိပ်များ ခွဲထွက်စေရန် အချိန်အတော်ကြာ အတူလုပ်ဆောင်လိုက်ကြပြီး ရွှမ်ဝမ်အား ယာယီလွတ်လပ်မှုရရှိစေခဲ့သည်။
"အဲ့ဒါတွေက ဘာလို့ မင်းနောက်လိုက်နေတာလဲ "
"ကျွန်မအတွက် ဒီကမ္ဘာက ဖန်တီးထားတဲ့ ကံကြမ္မာ လမ်းကြောင်းကနေ ကျွန်မ လမ်းလွဲသွားလို့လေ ၊ အရိပ်တွေက အမှားကို ပြင်ဆင်နေကြတာပဲ ၊ ဒါကြောင့် အစောပိုင်းဂိမ်းမှာ ရှင်နဲ့အတူ ကျွန်မဝင်ပါလို့မရခဲ့တာပဲ "
ရွှမ်ဝမ်က တစ်ခုခုကို နားလည်နေပုံရသည်။
"ကျွန်မ ရှင့်လိုမျိုး လူသားတစ်ယောက်ဖြစ်ချင်တယ် ဒါပေမယ့် အရိပ်ကမ္ဘာက ဒါကို ခွင့်မပြုဘူးလေ ၊ အဲ့ဒါက တစ်မြို့လုံးကို အမှောင်ထုထဲ ဆွဲခေါ်သွားချင်နေတာ "
"အဲ့ဒီအကြောင်းကို နောက်မှ ပြောကြစို့ "
ကောင်းမင် သူ့ဖုန်းကို ထုတ်လိုက်သည်။
"မင်း ဒီမက်ဆေ့ကို ရခဲ့လား "
ရွှမ်ဝမ်က သူမဖုန်းကို ဖွင့်ကြည့်လိုက်သည်။သူမ အဝင်မက်ဆေ့သည် ဗလာဖြစ်နေ၏။သူမသည် ကစားသမားများထဲမှ တစ်ယောက်မဟုတ်ခဲ့ပေ။
"မင်းကို သရဲနေရာမှာ ခန့်အပ်ထားတာလား "
ကောင်းမင်သည် လူသတ်သမားမှာ ရွှမ်ဝမ်ဖြစ်ပြီး သူမ ထိန်းချုပ်မှုလွတ်သွားမည်ကို စိုးရိမ်နေလေသည်။
"ရှင် ဒီဇိုင်းထုတ်ထားတဲ့ ဇာတ်ကောင်ကို ဘာလို့ ရှင်အရမ်းမုန်းနေရတာလဲ"
ရွှမ်ဝမ်က ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
"ရှင်က ကျွန်မကို အဆိုးဆုံးရှုထောင့်ကပဲ အမြဲကြည့်တယ် ၊ ကျွန်မက ရှင်ရဲ့ အမှောင်ဆုံးဘက်ခြမ်းကို ကိုယ်စားပြုနေတာလား ၊ ရှင် ပုံမှန်မလုပ်ဝံ့တဲ့အရာတွေကို ကျွန်မကို လုပ်စေချင်နေတာလား ၊ ဒါကြောင့် ကျွန်မက အသဲနှလုံးမရှိတဲ့ လူသတ်သမားသက်သက်ပဲလား "
"ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးလိုက်တာပါကွာ ၊ မင်းက ငါ့ကို အများကြီး စက်သေနတ်ပစ်နေတော့တာပဲ! "
ကောင်းမင်က တံခါးဖွင့်လိုက်သည်။
"အဲ့ဒါက မင်းမဟုတ်ဘူးဆိုရင် ငါတို့ သရဲအစစ်ကို ရှာဖို့ လိုတယ် ၊ ငါတို့ တစ်နာရီပဲ အချိန်ရှိတယ် "
ကောင်းမင်သည် ရွှမ်ဝမ်လွှတ်မြောက်ရန် အချိန်အတော်ယူခဲ့ရသည်။
"ဂိမ်းထဲက သရဲတွေပေါ်လာတာက အမည်မသိကမ္ဘာကနေ စွမ်းအား တစ်မျိုးမျိုးပေးခဲ့လို့ပဲဖြစ်ရမယ် ၊ ဥပမာ ကျောက်ရှီဆိုရင် အမြင့်က ပြုတ်ကျရင် ထိခိုက်မှာ မဟုတ်ဘူး ၊ မင်းစွမ်းအားကရော ဘာလဲ "
"လူသားနှလုံးသားနဲ့ ဆက်နွယ်နေတဲ့ တစ်ခုခုပေါ့ ၊ ကျွန်မ မြင်နိုင် ကြားနိုင်..."
ရွှမ်ဝမ်က ရုတ်တရက် ခေါင်းငုံ့လိုက်ပြီး ကြမ်းပြင်ပေါ် လဲချလိုက်သည်။
"ဘာဖြစ်လို့လဲ "
"လူတစ်ယောက် အော်ဟစ်နေတာ "
ရွှမ်ဝမ်က ထူးဆန်းသည့်အပြုံးတစ်ခု ထုတ်ဖော်လိုက်သည်။
"တစ်ခါတစ်လေမှာ ...လူသားတွေကလည်း သရဲတွေနဲ့ သိပ်မကွာခြားပါဘူး "
ကောင်းမင်သည် ချက်ချင်းပင် ညအလင်းရောင် ဂိမ်းစတူဒီယိုဆီသို့ ပြန်ပြေးလိုက်သည်။အစမ်းခန့်ဝန်ထမ်း ဝမ်ယိုယိုသာ ရှိနေခဲ့သည်။
"တခြားလူတွေ ဘယ်မှာလဲ "
"ကျွန်တော် မသိဘူးလေ "
ကောင်းမင်က ရွှမ်ဝမ်အား ဓာတ်လှေကားဆီ ဆွဲခေါ်သွားလိုက်သည်။ဖြူဆွတ်နေသည့်မျက်နှာဖြင့် ဆုမိုသည် ထောင့်တစ်ခုတွင် တစ်ယောက်တည်း ချည်နှောင်ခံထားရသည်။
"ဘာလို့ မင်းတစ်ယောက်ပဲ ရှိနေတာလဲ "
ကောင်းမင်က ဆုမို၏ကော်လံကို ကိုင်၍ ဆွဲမလိုက်သည်။
"တခြားလူတွေကော ဘယ်မှာလဲ "
"စောစောက လူတစ်ယောက် အော်ဟစ်နေတော့ ကျွန်တော့်ကို စောင့်ကြည့်နေတဲ့ အစ်ကိုကြီးက တစ်ယောက်ယောက်ကို သွားရှာဖို့ အောက်ထပ်ကို ဆင်းသွားတယ် "
ဆုမိုက ကောင်းမင်၏ လက်မောင်းကို ဆွဲလိုက်ပြီး
"အစ်ကိုကြီးရယ် ကျွန်တော် တကယ်ကို သရဲမဟုတ်ပါဘူးဗျာ ! ဒါပေမယ့် ကျွန်တော်က သရဲတစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရတာ ! သရဲက ကျွန်တော်တို့ကို အချင်းချင်းသတ်ဖြတ်စေချင်ကြတာ ၊ ဒါက ရူးချင်စရာပဲ ! "
"ဒီမှာပဲ နေနော် "
ကောင်းမင်နှင့်ရွှမ်ဝမ်တို့က လုံခြုံရေးတံခါးကို ဖွင့်လိုက်ကြသည်။ပြင်းပြသည့် သွေးနံ့သည် သူတို့ကို တိုက်ခတ်သွားသည်။တစ်နာရီကန့်သတ်ချက်က မပြည့်သေးသော်လည်း လူတစ်ယောက်အသတ်ခံလိုက်ရပြီဖြစ်သည်။ကောင်းမင်သည် ၁၂လွှာသို့ ပြေးလွှားလိုက်ပြီး ထိုနေရာသည် တိတ်ဆိတ်နေကြောင်း သိလိုက်ရသည်။ထို့နောက် သူတို့သည် ၁၁ လွှာသို့ ရောက်လာကြသည်။ကြမ်းပြင်ပေါ်တွင် ရုန်းကန်ထားသည့် လက္ခဏာများနှင့် သွေးများရှိနေလေသည်။
"တစ်ယောက်ယောက်က ဒီအခွင့်အရေးကို သုံးပြီး အခြားဝန်ထမ်းတွေကို အမဲလိုက်နေတာပဲ ! "
လူသားများသည် ကြောက်စရာကောင်းပြီး သရဲများထက် ပိုအန္တရာယ်များပေသည်။
ပတ်ဝန်းကျင်တွင် မည်သည့်သက်ရှိလူသားမှ မရှိချေ။၁၀လွှာသို့ သူတို့သွားလိုက်ကြသည်။နံရံတွင် သွေးများ စွန်းထင်းနေ၏။ကောင်းမင်သည် သွေးခြေရာများအတိုင်းလိုက်လာရင်း ယူနီကွန်းဂိမ်းစတူဒီယိုအနီးရှိ သီးခြားအခန်းသို့ ရောက်လာခဲ့သည်။
"ဒါက သွေးတွေ ထွက်လာခဲ့တဲ့ နေရာပဲ "
ကောင်းမင်က အခန်းတံခါးကို ဆုပ်ကိုင်လိုက်သည်။သူတံခါးဖွင့်မည်ပြုလိုက်စဉ် တစ်လွှာလုံးကို ဖုံးလွှမ်းနေသည့် အရိပ်များ ဖြည်းညင်းစွာ လျှောကျသွားသည်။
အရိပ်နှင့်အတူ သွေးရနံ့များသည် အခြားကမ္ဘာ၏ ဝါးမြိုခံလိုက်ရသကဲ့သို့ ပြန်လည်ဆုတ်ခွာသွားကြသည်။
"ဂိမ်း ပြီးသွားပြီလား ၊ တစ်ယောက်ယောက်က သရဲပူးနေတဲ့လူကို သတ်ခဲ့တာလား "
ကောင်းမင်က သူ့ဖုန်းကို ကြည့်လိုက်သည်။ဂိမ်းစတင်ကတည်းက ၃၆ မိနစ်သာ ရှိသေးသည်။သူ ဘာမှမလုပ်ရသေးချေ။
"ဒါက ရက်စက်ပြီး ရူးချင်စရာပဲ ! "
"သေချာတာက တစ်ယောက်ယောက်က ဂိမ်းထဲက လွတ်မြောက်အောင် အားလုံးကို သတ်ပစ်ဖို့စီစဉ်ထားတာပဲ ၊ သူက ကံမကောင်းတဲ့ သရဲပူးခံထားရတဲ့ ငနဲကို သတ်မိတဲ့အထိ ဝန်ထမ်းတွေကို တစ်ယောက်ပြီးတစ်ယောက် အမဲလိုက်ချင်နေတာ "
ကောင်းမင် တိတ်ဆိတ်သွားသည်။သူသည် ဂိမ်းထဲမှ သရဲများကို စိုးရိမ်သော်လည်း လူသားများမှာ အမှန်တကယ်ပင် သရဲများထက် အန္တရာယ်များပေသည်။
"ပထမအနေနဲ့ ကျွန်မတို့ အချက်လေးချက်ကို အတည်ပြုနိုင်တယ် ၊ လူသတ်သမားက တခြားဂိမ်းတွေမှာလည်း အတွေ့အကြုံရှိတာဖြစ်ရမယ် ၊ ဒါကြောင့် သူက မက်ဆေ့ကို မြင်ပြီးတော့ ချက်ချင်းတုန့်ပြန်နိုင်တာပဲ ၊ဒုတိယ - လူသတ်သမားက ရှင်ကျန်ခဲ့တဲ့လူတွေကြားမှာပဲရှိတယ် ၊ တတိယ - လူသတ်သမားမှာ သရဲစွမ်းအားတချို့ ရှိတယ် ဒါမှမဟုတ်ရင် သူ့မှာ ဒီလောက်အချိန်တိုလေးအတွင်းမှာ လူအများကြီးကို သတ်ဖြတ်နိုင်စွမ်းမရှိဘူး "
ရွှမ်ဝမ်က ကောင်းမင်ဆီ လမ်းလျှောက်လာလိုက်သည်။
"စတုတ္တအနေနဲ့ ကျွန်မက လူသတ်သမားမဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ ဒါဖြစ်သွားတဲ့အချိန်မှာ ကျွန်မက ရှင်နဲ့အတူ ရှိနေလို့ပဲ "
"မင်းမဟုတ်မှန်း ငါသိပါတယ် "
ကောင်းမင်က တံခါးကို တွန်းဖွင့်လိုက်သည်။တံခါးနှင့် ရုပ်တုများက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။သွေးနှင့် လူသေအလောင်းများ ပျောက်ကွယ်သွားပြီဖြစ်သည်။အခန်းထဲလှည့်ပတ်ကြည့်လိုက်ရာ လူသေဓာတ်ပုံတစ်ခုကို သူတွေ့လိုက်ရသည်။ပုံသည် ယူနီကွန်းစတူဒီယို၏ ပထမဆုံးဝန်ထမ်းအုပ်စု၏ အုပ်စုဓာတ်ပုံဖြစ်သည် ။သူတို့သည် အလွန်အမင်းအလုပ်ကြိုးစားခဲ့ကြပြီး စတူဒီယိုအတွက် ပံ့ပိုးခဲ့ကြသည်။
"ဒီထဲမှာ လူခုနှစ်ယောက်ရှိနေတယ် ...သက်ရှိလူသား ခုနှစ်ယောက်တောင်နော် "
ဓာတ်ပုံကို ကိုင်ထားသောကောင်းမင်၏ လက်များမှာ တုန်ယင်နေခဲ့သည်။ရွှမ်ဝမ်က ကောင်းမင်၏ လက်ကောက်ဝက်ကို ဆွဲလိုက်သည်။
"ရှင် အပြစ်ရှိသလို ခံစားနေရတာလား ၊ ဒါပေမယ့် ဒါက ရှင်နဲ့ ဘာဆိုင်လို့လဲ ၊ ရှင်လည်း နစ်နာသူတစ်ယောက်ပါပဲ ၊ ရှင့်ရဲ့သေခြင်းနဲ့ ချေလိုက်ရင်တောင် တခြားခြောက်ခြားစရာတွေက ပေါ်လာနေဦးမှာပဲလေ "
"ငါသေသွားရင် ငါဒီဇိုင်းဆွဲထားတဲ့ ဂိမ်းတွေက ပျောက်ကွယ်သွားမှာလား "
"ဟင့်အင်း "
ရွှမ်ဝမ်က ခေါင်းခါလိုက်သည်။
"အဲ့ဒါတွေအားလုံး ထိန်းချုပ်မှုလွတ်ကုန်လိမ့်မယ် ပြီးတော့ ဒီမြို့တော်ကြီးကလဲ သူ့ကယ်တင်ရှင်ကို ဆုံးရှုံးသွားလိမ့်မယ် "
"မင်းက လူတစ်ယောက်ကို ဘယ်လိုသက်သာအောင် လုပ်ပေးရမလဲ သေချာသိတာပဲ "