ကံကြမ္မာ (b)
Vol. 2 Ch. 24
အချို့လူများ ပြောကြသည်မှာ လူများ၏ကံကြမ္မာသည် သူတို့မွေးဖွားလာသည့်အခိုက်အတန့်တွင် သတ်မှတ်ထားပြီးဖြစ်ကြောင်း ဆိုကြသည်။သို့သော်လည်း ကံကြမ္မာသည် မပြောင်းလဲနိုင်ခြင်းမဟုတ်ပါပေ။ တိကျသေချာသော အနာဂတ်တစ်ခုသာရှိခဲ့ပြီး ယင်းအနာဂတ်မှာ မရေရာတော့ပေ။ ကောင်းမင်က အနက်ရောင်လက်ဆွဲသေတ္တာထဲ လက်လှမ်းလိုက်ပြီး သွေးစွန်းနေသော ဆက်သွယ်ရေးစက်ကို ထုတ်ယူလိုက်သည်။
သူက သူ့ရှေ့မှ လူသုံးယောက်ကို ကြည့်လိုက်သည်။
"ဒါကို ဘယ်လို ဖွင့်ရမလဲ "
"မင်းရဲ့ အချက်အလက်တွေ ရိုက်ထည့်လိုက်ပါ ၊ သုံးကြိမ်အထိ အတည်ပြုပြီးရင် မင်းတစ်ယောက်ပဲ အဲဒီပစ္စည်းရဲ့ ပိုင်ရှင်ဖြစ်လာလိမ့်မယ် "
အရပ်ရှည်ရှည်၏အမူအရာသည် နူးညံ့နေခဲ့သည်။
"ဒီလို ဆုံးဖြတ်ချက်ချခဲ့အတွက် ကျုပ်ဂုဏ်ယူမိပါတယ် ၊ ကျုပ်နာမည်က ချန်းယွင်ထျန်းပါ ၊ မင်းအိမ်ရှိနေတဲ့ လီကျင်းအိမ်ရာတွေက ကျုပ်လုပ်ပိုင်ခွင့်ထဲမှာရှိတယ် "
စုံစမ်းရေးမှူးများ၏ အကူအညီနှင့်အတူ ကောင်းမင်က အတည်ပြုခြင်းကို ပြီးဆုံးသွားသည်။သူသည် ဆက်သွယ်ရေးစက်ကို ဝတ်ဆင်လိုက်ပြီး စက်ထဲတွင်ရှိသော အရာအားလုံးကို စစ်ဆေးလိုက်သည်။အချက်အလက်အများစုသည် ဌာနက စုဆောင်းထားခြင်းဖြစ်သည်။ဆက်သွယ်ရေးစက် အရင်ပိုင်ရှင်၏ အတွေ့အကြုံသည် သေးငယ်သည့် အစိတ်အပိုင်းတစ်ခုသာ ရှိသည်။အနက်ရောင်ဆက်သွယ်ရေးစက်သည် ဉာဏ်ပညာမြို့တော်ရှင်းလု၏ အမြင့်ဆုံးနည်းပညာဖြစ်သည်။ယင်းသည် လူတစ်ယောက်၏ ရဲစွမ်းသတ္တိနှင့် ကြောက်ရွံ့မှုတို့လည်း ထောက်လှမ်းနိုင်စွမ်းရှိလေသည်။
"မင်းရဲ့ နေ့စဉ်အလုပ်အတွက် ပူပန်စရာမလိုဘူးနော် ၊ မင်းမလုပ်ချင်ရင် နူတ်ထွက်စရာမလိုပါဘူး ၊ ကျုပ်တို့ မင်းကို နှောက်ယှက်မှာ မဟုတ်ဘူး "
ချန်းယွင်ထျန်းသည် အနက်ရောင်လက်ဆွဲသေတ္တာကို ပိတ်လိုက်၏။
"ဒါပေမယ့် ကျုပ်တို့မှာ မင်းကို အသိပေးစရာတစ်ခုရှိတယ် "
"မြို့ဟောင်းဟာ ဟန်ဟိုင်းရဲ့စီရင်စု ၁၉စုထဲမှာ လူဦးရေအများဆုံးပဲ ၊ လူတွေက မကြာခဏရွှေ့ပြောင်းတတ်ကြတယ် ၊ မူမမှန်မှုဖြစ်ပွားမှုလည်း အများဆုံးပဲ ၊ ကျုပ်တို့က ရှင်းလုကနေ လူတွေ စုစည်းထားပေမယ့် ဒါက အခြေအနေကို ထိန်းသိမ်းနိုင်တယ်ဆိုရုံလောက်ပဲရှိတယ် ၊ ကျုပ်တို့ဟာ မင်းကိုအကောင်းဆုံးအကျိုးခံစားခွင့်တွေ ပံ့ပိုးပေးထားမှာဆိုပေမယ့် ကျုပ်တို့ရဲ့ အမိန့်တချို့ကို မင်းမငြင်းဆန်ဖို့တော့ မျှော်လင့်ပါတယ် "
ချန်းယွင်ထျန်းသည် အမြဲတမ်း မျက်နှာသေနှင့်ဖြစ်သည်။သူသည် လူသားစိတ်ခံစားချက်များ ရှိနေပုံမရပေ။
"မြို့ဟောင်းမှာ မူမမှန်ဖြစ်ရပ်တွေ ဘယ်လောက်များ ခင်ဗျား ကြုံတွေ့ခဲ့ရလဲ "
ကောင်းမင် စပ်စုလိုက်သည်။
"အဆင့် ၀ မူမမှန်မှု ၂၁ခု ၊ အဆင့် ၁ မူမမှန်မှု ၁၇ခု ၊ အဆင့် ၂ မူမမှန်မှု ၇ခု နဲ့ အဆင့် ၃ မူမမှန်မှု ၂ ခု "
"ဒီလောက်အများကြီးလား "
ကောင်းမင် ဥမင်ထဲမှ ထွက်လာသည်မှာ ရက်အနည်းငယ်သာရှိသေးသည်။မူမမှန်ဖြစ်ရပ် အနည်းငယ်သာ ရှိမည်ဟု သူယူဆထားခဲ့သည်။
"အဲ့ဒါတွေရဲ့ ပေါ်ထွက်လာပုံက စည်းချက်မရှိဘူး ၊ တစ်ခုနဲ့တစ်ခုကလည်း ဆက်နွယ်မနေဘူး ၊ ဒါပေမယ့် သေချာတာ တစ်ခုရှိတယ် ၊ သူတို့ဟာ မကြာခဏဆိုသလို ပိုပိုပြီး ထွက်ပေါ်လာကြပြီ "
ချန်းယွင်ထျန်းက ပုခုံးတွန့်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် "သုံးရက်ကြာပြီးရင် မင်းဟာ ချင်ထျန်းနေရာကို အစားထိုးဖို့ လီစန်းစုံစမ်းစစ်ဆေးရေးဌာနရဲ့ အဖွဲ့ တစ်ကို ဝင်ရလိမ့်မယ် "
အနက်ရောင်ဆက်သွယ်ရေးစက်ဝတ်ဆင်ထားသော ကောင်းမင်ကို ကြည့်နေပြီးနောက် ချန်းယွင်ထျန်းသည် စုံစမ်းရေးမှူးနှစ်ယောက်နှင့်အတူ ပြန်လည်ထွက်ခွာသွားလေသည်။
"ရှောင်ကောင်း သူတို့ မင်းကို ခက်ခဲအောင် မလုပ်ပါဘူးနော် ဟုတ်လား "
မန်နေဂျာဂေါင်နှင့် ဝေတယိုတို့သည် အခန်းထဲ ပြေးဝင်လာကြသည်။း
"ဒီလူတွေက အတော်ထူးဆန်းတယ် "
"ကျွန်တော် အဆင်ပြေပါတယ် "
ကောင်းမင်သည် သူ့အင်္ကျီလက်ဖြင့် ဆက်သွယ်ရေးစက်ကို ဖုံးထားလိုက်သည်
"အားလုံး အဆင်ပြေကြရဲ့လား "
"ဘယ်သူမှ အိမ်မပြန်ကြဘူး ၊ လူတိုင်း ရုံးမှာပဲ နေနေကြတယ် ၊ မင်းကော "
ဝေတယိုသည် သူ့စွဲလမ်းမှုကို ထပ်မံ ရှာတွေ့သွားဟန် ရှိသည်။
"ငါ အိမ်ပြန်တော့မယ် "
ကောင်းမင်က ရုံးခန်းမှထွက်လာရာ ရွှမ်ဝမ်သည် ကော်ဖီတစ်ခွက်ဖြင့် သူ့အားစောင့်ဆိုင်းနေလေသည်။
"ရှင့်အကြည့်တွေ ပြောင်းလဲသွားတယ် ၊ ပိုပြီး ဆုံးဖြတ်ချက် ချထားသလိုပဲ "
"ခြောက်ခြားဂိမ်းတွေ အစစ်အမှန်ဖြစ်လာတဲ့ အချိန်မှာ ငါအပါအဝင် ကစားသမားတွေ အများကြီး ပါဝင်ပူးပေါင်းရလိမ့်မယ် ၊ သရဲစွမ်းအားတွေကို မကောင်းတဲ့လူတွေလက်ထဲ ရောက်သွားစေလိုက်ရင် ကိစ္စတွေ အဆိုးဝါးဆုံးဖြစ်လာလိမ့်မယ် "
ကောင်းမင်က ရွှမ်ဝမ်ပေးသော ကော်ဖီခွက်ကို ယူလိုက်သည်။
"ဟုတ်တာပေါ့ ၊ သူတို့ထက်စာရင် ရှင်နဲ့ကျွန်မလို့ ကျိုးကြောင်းဆင်ခြင်တတ်တဲ့သူတွေ အများကြီးမရှိဘူးလေ "
ရွှမ်ဝမ်သည် သူတို့အား အမျိုးအစားတစ်ခုတည်းဟု သဘာဝကျကျ ခေါင်းစဉ်တပ်လိုက်သည်။
"ဒါကြောင့် ငါအရှိန်မြင့်ပြီး ပစ္စည်းတွေ များများရအောင်လုပ်ရမယ် ၊ ဒါမှ ငါပိုပြီးလှုပ်ရှားနိုင်မှာ "
ကောင်းမင်သည် လူသေဓာတ်ပုံများထည့်ထားသည့် သူ့အိတ်ကို ယူလိုက်သည်။
"ဒီကအခြေအနေကို မင်းနဲ့ပဲထားခဲ့တော့မယ် ပြီးရင် ပုန်းနေတဲ့လူသတ်သမားက ဘယ်သူလဲဆိုတာ ဖော်ထုတ်ရမယ် "
"ဒါဆို အခု ရှင်ကျွန်မကို ယုံကြည်ဖို့ ဆန္ဒရှိလာပြီပေါ့ "
ရွှမ်ဝမ်က စူးစူးရဲရဲ မေးသည်။ သူတို့ ပထမဆုံးတွေ့စဥ်က ရွှမ်ဝမ်သည် ကောင်းမင်ကို ယောက်ျားဟုခေါ်ခဲ့သည်။သူမ ကောင်းမင်ကို တကယ်ကြိုက်မကြိုက်တော့ သူမသာ သိပေလိမ့်မည်။
"ငါ မင်းကို အမြဲတမ်း ယုံပါတယ် "
ကောင်းမင်က ပြေးဆင်းသွားပြီး တက္ကစီတစ်စီး တားလိုက်သည်။
"ချန်းယွင်ထျန်းက ငါဟာ သူများတွေထက် ပိုကြောက်နေမှန်း မသိဘဲ ငါ့ကို ပြင်ဆင်ဖို့ အချိန်သုံးရက်ပေးခဲ့တယ် "
ဆက်သွယ်ရေးစက်ကို သူကြည့်လိုက်သည်။ဌာနတွင် မူမမှန်ဖြစ်ရပ်များကို ဖြေရှင်းအတွက် ဖြစ်စဉ်တစ်ခုလုံးရှိသည်။တိုက်ခန်းစည်းကမ်း ၊ ဆေးရုံစည်းကမ်း နှင့်ကျောင်းစည်းကမ်းကဲ့သော မတူညီသည့်မြင်ကွင်းများအတွက် မတူညီသည့် စည်းကမ်းများရှိလေသည်။ထိုစည်းကမ်းများသည် စုံစမ်းရေးမှူးများ၏ ရှင်သန်မှုနူန်းကို အကြီးအကျယ်တိုးမြင့်စေနိုင်၏။သို့သော် စည်းကမ်းများသည် သူတို့အား ဂိမ်းကို အောင်မြင်ရန် မကူညီပေးနိုင်ပေ။
ကောင်းမင်သည် အနက်ရောင်ဆက်သွယ်ရေးစက်အား စိတ်ရှည်လက်ရှည်လေ့လာနေစဉ် အချက်ပြမီးတစ်ခု လင်းလာခဲ့သည်။ခဏတာ တုန်ခါခြင်းကို သူခံစားလိုက်ရပြီးနောက် လီစန်းဌာနမှ မက်ဆေ့တစ်စောင်ရောက်လာခဲ့သည်။
"မြို့ဟောင်း လီစန်းရဲ့မင်လောင်လမ်းမှာ မူမမှန်ဖြစ်ရပ်တစ်ခု ဖြစ်ပွားနေတယ် ၊ အားလပ်နေတဲ့ အေးဂျင့်အားလုံး ကျေးဇူးပြုပြီး အဲ့ဒီကို အမြန်သွားကြပါ "
မူမမှန်မှုအများစုသည် ညဘက်တွင် ဖြစ်ပွားခြင်းဖြစ်သည်။အာရုဏ်တက်ရန် နှစ်နှာရီသာ လိုတော့သည်။ကောင်းမင်သည် အနည်းငယ်တွေးတောလိုက်ပြီး တက္ကစီရိုင်ဘာအား ဦးတည်ချက်ပြောင်းခိုင်းလိုက်သည်။ဌာန မည်သို့လည်ပတ်သည်ကို သူသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။သို့မှသာ သူပြင်ဆင်နိုင်မည်ဖြစ်သည်။
တက္ကစီသည် မြို့တော်တစ်လျှောက် တွားသွားနေ၏။မိုးမျှော်တိုက်ကြီးများသည် အိမ်ရာအဟောင်းများနှင့် မှောင်မိုက်နေသည့်ပြတင်းပေါက်များ၏အစားထိုးခံလိုက်ရသဖြင့် မှုန်ဝါးသွားခဲ့သည်။မြို့ဟောင်းသည် ဟန်ဟိုင်း၏အဆင်းရဲဆုံးခရိုင်ဖြစ်သည်ဆိုပါက လီစန်းသည် မြို့ဟောင်း၏ အဆင်းရဲဆုံးနှင့်ပရမ်းပတာအဖြစ်ဆုံးဧရိယာဖြစ်သည်။လီဆန်းသည် တရားမဝင် ဆောက်လုပ်ထားသော အဆောက်အအုံတောင်တန်းကို ရည်ညွှန်းသည်။ ကွန်ကရစ် အဆောက်အဦများသည် ပြွတ်သိပ်နေ၏။အထပ်နိမ့်များတွင်နေသူများသည် နေရောင်ပင် မမြင်ရပေ။
ကောင်းမင်သည် တက္ကစီပေါ်မှ ဆင်းလိုက်ပြီး လမ်းပေါ် လမ်းလျှောက်လိုက်သည်။ပွင့်နေသော ရေပိုက်များမှ ရေဆိုးများ ထွက်ကျနေ၏။ရေဆိုးများသည် အလွန်နံစော်နေပေသည်။ဆူပူကြိမ်းမောင်းသံများနှင့် အော်ဟစ်သံများက နေရာအနှံ့ပင်။သူမော့ကြည့်လိုက်ရာ တရားမဝင်လျှပ်စစ်မီးကြိုးများ ၊ ညစ်ပတ်နေသော အဝတ်များ နှင့် ဆိုင်းဘုတ်များသည် ကျဉ်းမြောင်းနေသော ကောင်းကင်ကို ဖုံးလွှမ်းနေလေသည်။အသက်ဝဝရှုလိုက်ပြီး ကောင်းမင်က သွားဆေးခန်းကို ဖြတ်ကျော်လိုက်သည်။မှောင်မဲနေသော အဆောက်အဦးတစ်ခုထဲ သူဝင်လိုက်၏။
ဟောင်းနွမ်းနေသော သံတံခါးကြီးသည် အသံစူးစူးထွက်နေလေသည်။အဆောက်အဦးဟောင်းကြီး၏နံရံများမှာ ပြိုကျနေကြသည်။အနက်ရောင်ယူနီဖောင်းများဖြင့် အလုပ်သမားများသည် အလုပ်များနေကြပြီး အများစုမှာ အနက်ရောင်ဆက်သွယ်ရေးစက်များ မရှိပေ။ကောင်းမင်သည် သူ့ဆက်သွယ်ရေးစက်ကို ပြသလိုက်ရာ သူတို့က လေးစားမှုပြသကြ၏။ဌာနကြားတွင် ဆက်သွယ်ရေးစက်သည် အမှတ်လက္ခဏာတစ်ခုဖြစ်သည်။
"လီစန်းစုံစမ်းစစ်ရေးဌာန အဖွဲ့တစ်က အဆင့်၁ စုံစမ်းရေးမှုး ကောင်းမင် နံပါတ် ၀၁၉၁၉ ၊ ဟယ်လို တွေ့ရတာ ဝမ်းသာပါတယ် "
အလုပ်သမားသည် ကောင်းမင်နှင့် ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။သူသည် အခြေအနေများကို အလွန်စိတ်ရှည်စွာဖြင့် ကောင်းမင်အား ရှင်းပြလိုက်သည်။
"မူမမှန်ဖြစ်ရပ်ကို ကောင်းကောင်းနားလည်နိုင်ဖို့ လီစန်း စုံစမ်းစစ်ဆေးရေးဌာနကို မူမမှန်မှုတွေ မကြာခဏဖြစ်တတ်တဲ့ လီစန်းအိမ်ရာမှာ တည်ဆောက်ထားတယ် ၊ လမ်း ခုနှစ်လမ်းရှိတော့ အဖွဲ့ ၁ က မင်လောင်လမ်းနှင့် လီကျင်းလမ်းကို ကိုင်တွယ်ရတယ် "
"မင်လောင်လမ်းကို သွားဖို့ ကျုပ်မက်ဆေ့ရခဲ့တာ "
"အဖွဲ့ တစ်က ထွက်သွားနှင့်ပြီ ၊ ဒါကို ခင်ဗျားတစ်ယောက်တည်း လုပ်ဖို့လိုတယ် ၊ ကျေးဇူးပြုပြီး လိုက်လာခဲ့ပါ "
အလုပ်သမားသည် ကောင်းမင်အားအနောက်တံခါးဆီ ခေါ်သွားလိုက်သည်။အဆင့်မြင့်တင်ထားသည့် လျှပ်စစ်ဆိုင်ကယ်များ အများအပြားရှိနေလေသည်။
"ဒီက လမ်းတွေက အရမ်းကျဉ်းတယ်လေ ၊ ခင်ဗျားအတွက် လျှပ်စစ်ဆိုင်ကယ်တစ်စီးယူသွားတာ ပိုလွယ်ကူလိမ့်မယ် ၊ လျှပ်စစ်ဆိုင်ကယ်တွေမှာ လမ်းညွှန်ချက်တွေနဲ့ ဂျီပီအက်စ် ပါတယ် "
ကောင်းမင်က အချိန်ဖြုန်းမနေခဲ့ပေ။မိုးကာအင်္ကျီကို ဝတ်လိုက်ပြီး ဆိုင်ကယ်ပေါ်တက်လိုက်သည်။သူသည် လီကျင်းအိမ်ရာတွင် နေထိုင်သောကြောင့် ပတ်ဝန်းကျင်နှင့် အလွန်ရင်းနှီးပေသည်။မင်လောင်လမ်းသို့ ရောက်ရှိရန် မိနစ်အနည်းငယ်သာ သူယူလိုက်ရသည်။
ထိုနေရာတွင် ရဲဌာန၏ အတားအဆီးများရှိနေ၏။အနက်ရောင်ယူနီဖောင်းဖြင့် စုံစမ်းရေးမှူးလေးယောက်သည် တစ်စုံတစ်ခုကို ပြောဆိုနေကြသည်။
ကောင်းမင်သည် သူတို့ဆီ လျှောက်သွားလိုက်ပြီး အနက်ရောင်ဆက်သွယ်ရေးစက်ကို ထုတ်ပြလိုက်သည်။
"ကျုပ်က ချင်ထျန်းနေရာကို တာဝန်ယူပေးမယ့် ကောင်းမင်ပါ "