ငိုသံ
Vol. 2 Ch. 25
"ကောင်းမင် ၊ ခေါင်းဆောင်ချန်းက ရှင့်ကို သုံးရက်နေပြီးမှ လာဖို့ ပြောထားတာ ၊ အခုဘာလို့ ဒီရောက်လာတာလဲ "
စုံစမ်းရေးမှုးလေးယောက်ထဲမှ တစ်ဦးတည်းသော အမျိုးသမီးစုံစမ်းရေးမှုးက ကောင်းမင်ကို လက်ဆွဲနူတ်ဆက်လိုက်သည်။
"ကျွန်မက အဖွဲ့တစ်ရဲ့ ဒုခေါင်းဆောင် ပိုင်ချောင်းပါ ၊ သူတို့သုံးယောက်က လူသစ်လေးတွေ ၊ မူမမှန်ဖြစ်ရပ်တွေကို အရင်က သူတို့မကြုံဘူးသေးဘူး "
"ခင်ဗျားက လူသစ်သုံးယောက်ကို မူမမှန်ဖြစ်ရပ်ထဲ ခေါ်လာတာလား "
ကောင်းမင်အတွက်ပင် မူမမှန်ဖြစ်ရပ်အားလုံးသည် ကြောက်စရာကောင်းပြီး လူအများအား ရှင်သန်ရန်ခက်ခဲသည့် အချိန်တစ်ခု ရှိစေမည်ဖြစ်သည်။
"ရှင်သန်သူတွေရဲ့ ဖော်ပြချက်အရတော့ ဒီမတော်တဆမှုထဲမှာ သရဲအစစ်မရှိဘူးတဲ့ ၊ လက္ခဏာတချို့ပဲ ရှိတယ်ပြောတယ် ၊ ပဏာမ လေ့လာမှုအရ အဲ့ဒါက အဆင့် ၁ မူမမှန်မှုလို့ ယူဆလို့ရတယ် ၊ ဒါကလူသစ်တွေအတွက် အရမ်းအဆင်ပြေပါတယ် "
ပိုင်ချောင်းသည် သူမ၏ဆက်သွယ်ရေးကို ထိတွေ့လိုက်ပြီး ဗီဒီယိုတစ်ပုဒ်ဖွင့်လိုက်သည်။
"မနေ့က မင်လောင်လမ်း အဆောက်အဦး ၄ ရဲ့ လေးလွှာမှာ ကလေးတစ်ယောက် အဆက်မပြတ်ငိုယိုနေလို့ လူတစ်ယောက်က ရဲစခန်းကို ဖုန်းခေါ်ခဲ့တယ် ၊ ရဲတွေက တစ်ထပ်လုံးကို လိုက်ရှာကြပေမယ့် ဘာကလေးမှ မတွေ့ခဲ့ဘူး ၊ နောက်တော့ ဒီက လူကြီးတွေဆီက လေးလွှာမှာ မိသားစုသုံးယောက်နေခဲ့တာကို သိခဲ့ရတယ် ၊ အဖေဖြစ်သူက ရက်စက်ကြမ်းကြုတ်ပြီး အမေဖြစ်သူကလည်း ဆတ်ဆတ်ထိမခံတတ်ဘူးတဲ့ ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က အဲ့ဒီစုံတွဲဟာ မကြာခဏစကားများခဲ့ကြပြီး ရုတ်တရက် အိမ်ပြောင်းသွားကြပေမယ့် သူတို့နောက်ကို ကလေးကလိုက်သွားပုံမရဘူးတဲ့ "
"ကလေးက အသတ်ခံခဲ့ရတာလား "
ကောင်းမင်က ဖြစ်နိုင်ခြေကို ချက်ချင်းတွေးလိုက်သည်။
"မပြောတတ်ဘူး ၊ အဲ့ဒီစုံတွဲကို ကျွန်မတို့ရှာဖို့ကြိုးစားပေမယ့် မြို့ဟောင်းမှာ ပျောက်သွားကြတယ် "
ပိုင်ချောင်းက ဗီဒီယိုကို ပိတ်လိုက်သည်။
"အဲ့ဒီစုံတွဲပြောင်းသွားပြီးတော့ လေးလွှာမှာ ကလေးငိုနေသံကို ကြားခဲ့ရတယ် ၊ ပထမတော့ အရမ်းတိုးပြီး ရပ်သွားတတ်ပေမယ့် မနေ့ညကတည်းက ကလေးငိုသံက မရပ်တန့်တော့ဘူး ၊ ဒီမူမမှန်မှုကို ဆက်ဖြစ်စေရင် ပိုဆိုးဝါးမှာစိုးလို့ ကျွန်မတို့ အခု စုံစမ်းနေရတာပဲ "
"ငိုရုံပဲလား ၊ ဘယ်သူမှ မထိခိုက်ဘူးလား "
ကောင်းမင်သည် ငိုကြွေးသံများကို သုံး၍ ဂိမ်းများစွာ ဖန်တီးခဲ့ဖူးသည်။အချက်အလက်သည် မည်သည့်ဂိမ်းဖြစ်ကြောင်း အတည်ပြုရန် မလုံလောက်ပေ။
"ယာယီတော့ ဘယ်သူမှ မထိခိုက်သေးဘူး "
ပိုင်ချောင်းက သူမလက်ပတ်နာရီကို ဖျတ်ခနဲကြည့်လိုက်သည်။
"တခြားစုံစမ်းရေးမှူးတွေလည်း ဒီကို အပြေးလာနေကြပြီ ၊ အာရုဏ်တက်ခါနီးရင် ကျွန်မတို့ အဆောက်အဦးထဲ ဝင်ကြမယ် "
မုန်တိုင်းသည် နောက်ဆုံးတွင် အားပျော့သွားခဲ့သော်လည်း မြို့တော်အား တိမ်မည်းများ ဖုံးလွှမ်းနေဆဲဖြစ်သည်။မိုးသောက်ရန် မိနစ်လေးဆယ်ဝန်းကျင်သာ ကျန်တော့သည်။မင်လောင်လမ်းတွင် အနက်ရောင်ဗန်ကားတစ်စီး ရပ်တန့်သွားသည်။ဒရိုင်ဘာဖြစ်သူသည် ဦးထုပ်တစ်ဦးဆောင်းထားပြီး ကြွက်သားများအပြည့်ဖြစ်သည်။သူ့ဆက်သွယ်ရေးစက်မှာ အသားထဲ နစ်ဝင်နေ၏။
"ညီမပိုင် မောနင်း "
ဒရိုင်ဘာက ကားတံခါးကို ပုတ်လိုက်သည်။အခြားတံခါးများ ပွင့်လာပြီး စုံစမ်းရေးမှူးလေးယောက်သည် ပစ္စည်းအမျိုးမျိုးသယ်ဆောင်လျက် ထွက်လာကြသည်။သူတို့ထဲမှ အငယ်ဆုံးနှစ်ယောက်သည် ဆက်သွယ်ရေးစက်တစ်လုံးပင် မရှိချေ။
"ပစ္စည်းတွေကို အိတ်ထဲ ထည့်ကြဟေ့ ၊ ဒီမူမမှန်မှုမှာ ငါတို့ ပစ္စည်းခုနှစ်မျိုးကို စစ်ဖို့လိုတယ် ..."
ဒရိုင်ဘာက ကောင်းမင်ကို ကြည့်ရင်း ရပ်တန့်လိုက်သည်။
"ဒီညီကို ကိုကြည့်ရတာ သိပ်မရင်းနှီးသလိုပဲ "
"သူက ဆရာချင် ထောက်ခံပေးခဲ့တဲ့ လူသစ်ပဲ ၊ သူက အဆင့်၃ မူမမှန်ဖြစ်ရပ်ကို အတွေ့အကြုံရှိတယ် "
ပိုင်ချောင်းသည် လူတိုင်းကို စာရင်းသွင်းလိုက်ပြီး သူမ၏ဆက်သွယ်ရေးစက်ကို မြောက်လိုက်သည်။
"မူမမှန်မှုရဲ့ အန္တရာယ်ကို ကျွန်မထပ်ပြောဖို့ မလိုအပ်တော့ဘူး ၊ ရှင်တို့တွေဟာ ဌာနရဲ့သင်ကြားပေးတာကို လက်ခံခဲ့ရပြီးပြီ ၊ ရှင်တို့အားလုံး အာရုံစိုက်ပြီး စည်းကမ်းတွေကို လိုက်နာနိုင်ဖို့ ကျွန်မမျှော်လင့်တယ် "
"နားလည်ပါပြီ ! "
ပိုင်ချောင်းဦးဆောင်သော လူသစ်စုံစမ်းရေးမှူးသုံးယောက်နှင့် ဗန်ကားထဲမှ ထွက်လာသော လူသစ်လေးယောက်တို့သည် တပြိုင်နက် ဖြေလိုက်သည်။သူတို့မျက်လုံးထဲတွင် အကြောက်တရားမရှိပေ။စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုခြင်းတို့သာရှိသည်။
"ထွက်ခွာကြ ! "
ကောင်းမင်အပါအဝင် စုံစမ်းရေးမှူး ဆယ်ယောက်သည် အဆောက်အဦးထဲ ဝင်လိုက်ကြသည်။ကောင်းမင် ၊ ပိုင်ချောင်း နှင့် ဒရိုင်ဘာတို့သာ မူမမှန်မှူတစ်ခုတွင် အသက်ရှင်ခဲ့ကြခြင်းဖြစ်သည်။
ဌာနတွင် ဝန်ထမ်းအင်အား အလွန်နည်းပါးသည်။ထို့ကြောင့် အေးဂျင့်ဟောင်းများသည် အန္တရာယ်ဆင့်နိမ့်သော မူမမှန်ဖြစ်ရပ်များကို ရင်ဆိုင်ကြချိန်တွင် သူတို့နှင့်အတူ လူသစ်များကို ခေါ်ဆောင်လာကြခြင်းဖြစ်သည်။ထိုမစ်ရှင်သည် လူသစ်များအတွက် လေ့ကျင့်ပေးခြင်းလည်း ဖြစ်ပေသည်။
အမျိုးမျိုးသော အမှိုက်သရိုက်များက ကျဉ်းမြောင်းသော ကော်ရစ်ဒါတွင် ပြန့်ကျဲနေကြသည်။ခြေလှမ်းများပေါ်တွင် ခြေရာများ ထင်ကျန်နေခဲ့သည်။နံရံများတွင် ကလေးပန်းချီလက်ရာများဖြင့် ပြည့်နှက်နေ၏။စုံစမ်းရေးမှူးများသည် လေးလွှာသို့ တဖြေးဖြေးချည်းကပ်လာကြသည်။ကောင်းမင်သည် နံရံပေါ်ရှိ ပန်းချီများကို လေ့လာရန် ဖုန်းမီးဖွင့်လိုက်သည်။ကြောင်ခြစ်ကျားခြစ် ပန်းချီများသည် ပြည့်စုံသည့် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေပုံရသည်။အနက်ရောင် ရောင်စုံခဲတံဖြင့် ရေးဆွဲထားသည့် လူသုံးယောက် ရှိနေလေသည်။
အကြီးဆုံးလူပုံသည် ဖခင်ဖြစ်သူကို ကိုယ်စားပြုပုံရသည်။ဆံပင်ရှည်နှင့်ပုံသည် မိခင်ဖြစ်ပြီး အသေးဆုံးသည် ကလေးဖြစ်ပေမည်။ဖခင်ပုံနှင့်မိခင်ပုံတို့သည် ဆက်လက်တိုက်ခိုက်နေကြသော်လည်း သူတို့အချင်းချင်းကုတ်ဆွဲလိုက်သည်နှင့် သူတို့ဆီမှ အနီရောင်ဖြင့်ရေးဆွဲထားသော ပုံအသေးလေးများ ခုန်ချလာကြသည်။အနီရောင်ရုပ်ပုံများသည် ကလေးပတ်ဝန်းကျင်တွင် စုဝေးနေကြခြင်းဖြစ်သည်။အချိန်များ ကုန်ဆုံးလာသည်နှင့် အနီရောင်ရုပ်ပုံများသည် ကြောက်မက်ဖွယ်ကောင်းလာကြသည်။သူတို့သည် သူတို့ခေါင်းနှင့်လက်များကို ဆွဲဖြုတ်ပစ်လိုက်ကြသည်။သူတို့သည် မိဘများဆီမှ လာခြင်းဖြစ်သော်လည်း ကလေးအကြောင်းကို ဂရုမစိုက်ကြချေ။ဆက်လက်သတ်ပုတ်နေကြရာ အနီရောင်ရုပ်ပုံများသည် အဆိုးဝါးဆုံးဖြစ်လာတော့သည်။ကလေးတစ်ခုခု လုပ်ချင်သည့်အချိန်တွင် သူတို့ ပေါ်ထွက်လာခြင်းဖြစ်ပုံရသည်။
ပန်းချီတစ်ခုတွင် အနီရောင်ရုပ်ပုံတစ်ခုသည် ကလေးအိမ်စာလုပ်နေသည့် စားပွဲပေါ်သို့ တွယ်တက်လာ၏။ယင်းသည် ကလေး၏ဆံပင်ကို ဆွဲ၍ ရိုက်ပုတ်နေသောကြောင့် အလွန်ကိုပင် စာလုပ်၍ မရနိုင်ပေ။အခြားပန်းချီတစ်ခု၌ အိပ်ရာပေါ်တွင် ကလေးအိပ်ပျော်နေစဉ် အနီရောင်ရုပ်ပုံများသည် သူ့ကုတင်နှင့်စောင်အောက်မှ ထွက်ပေါ်လာကြသည်။ယင်းတို့သည် ကလေး၏ မျက်လုံးများကို ဆွဲဖွင့်နေသောကြောင့် ကလေးမှာ အိပ်စက်၍ မရတော့ပေ။
ကလေးမှာ ကြောက်ရွံ့နေခဲ့သည်။မည်မျှပူလောင်ပါစေ ကလေးသည် စောင်အောက်တွင်သာ ပုန်းအောင်းနေတော့သည်။သူရေချိုးသည့်အချိန်တွင်ပင် မျက်လုံးမပိတ်ရဲသောကြောင့် သူ့မျက်လုံးထဲ ခေါင်းလျှော်ရည်များ စီးကျနေတော့သည်။
သတ္တိကြောင်လာသော ကလေးကို ကြည့်ရင်း သူ့မိဘများသည် ပိုမိုဒေါသကြီးလာကြသည်။သူတို့သည် ကလေးကို စတင်ရိုက်နှက်တော့သည်။
"ရဲတွေက ကလေးကို မရှာနိုင်ခဲ့ဘူး ၊ ကလေးက အရိပ်ကမ္ဘာထဲမှာ ပိတ်မိနေတာလား "
ဒရိုင်ဘာနှင့် ပိုင်ချောင်းတို့၏ ဦးဆောင်မှုဖြင့် စုံစမ်းရေးမှုးများက ပစ္စည်းများအားလုံးကို လေးလွှာတွင် နေရာချထားလိုက်သည်။
"ဒီအထပ်မှာ အခန်း ခြောက်ခန်းရှိတယ် ၊ ဒါပေမယ့် သူတို့အားလုံး ပြောင်းသွားကြပြီ ၊ နှစ်ယောက်တစ်တွဲဖွဲ့ပြီး အခန်းတွေထဲ ဝင်ကြပါ ၊ ဘာကိစ္စပဲဖြစ်ဖြစ် တစ်ယောက်မြင်ကွင်းကတစ်ယောက် ထွက်မသွားကြနဲ့ "
စုံစမ်းရေးမှူးများက ရဲဌာနမှ ပေးထားသော သော့များကို ထုတ်လိုက်သည်။တံခါးများကို ဖွင့်လိုက်ကြသည်။သော့သည် အခန်း ၄၀၅၏သော့ပေါက်ကို ထိတွေ့လိုက်သည်နှင့် လူတိုင်း၏ ဆက်သွယ်ရေးစက်များ လင်းလက်သွားသည်။
ထိုအချိန်တွင် ကောင်းမင်သည် အခန်း ၄၀၅မှ အရိပ်များ ပြေးထွက်လာပြီး အဆောက်အဦးတစ်ခုလုံး ဖုံးလွှမ်းသွားကြောင်း မြင်လိုက်ရသည်။ကောင်းမင်အသက်ဝဝရှူလိုက်ပြီးသည်နှင့် လျှို့ဝှက်ဂိမ်းမှာ စတင်လေတော့သည်။
ကောင်းမင် ငုံ့ကြည့်လိုက်ရာ အေးစက်သွားခဲ့သည်။အရိပ်သည် ကျောက်ရှီ၏ဂိမ်းတွင် ဖြစ်ပွားခဲ့သည်ထက် ပိုကြီးသော ဧရိယာတစ်ခုကို ဖုံးလွှမ်းထားခြင်းဖြစ်သည်။ဆိုလိုသည်မှာ ထိုမူမမှန်ဖြစ်ရပ်သည် အဆင့် ၁ မဟုတ်ပါပေ။
"အာရုဏ်တက်ဖို့ မိနစ် နှစ်ဆယ်လိုသေးတယ် "
ပိုင်ချောင်းသည် ထပ်မံ လက်မြောက်လိုက်သည်။
"အခု ကျွန်မတို့ မူမမှန်ဖြစ်ရပ်ထဲ တရားဝင်ရောက်နေပြီ ၊ ဒီကနေ ရှင်တို့စုဆောင်းလာတဲ့ ဘယ်အချက်အလက်မဆို အနာဂတ်မှာ အကြီးအကျယ်အသုံးဝင်လိမ့်မယ် ၊ ရှင်တို့ရှာတွေ့သမျှကို ဖိုင်တွေထဲမှာ မှတ်တမ်းတင်ထားပါ ၊ သေချာတာက အချက်အလက်တွေကို အပြင်ယူသွားနိုင်အောင် လုပ်ပါ"
ဒရိုင်ဘာက သူ့ခန္ဓာကိုယ်အား အကြောဆန့်လိုက်သည်
"ဆက်သွယ်ရေးစက်ပေါ်က အနီရောင်မီးက ဆက်သွယ်ရေးစနစ်တွေ ပြတ်တောက်သွားပြီလို့ ဆိုလိုတာပဲ ၊ ဒီနေရာမှာ မင်းတို့မြင်ရတဲ့ အချိန်ကို မယုံကြနဲ့ ၊ ဆက်သွယ်ရေးစက်မှာ အဝါရောင်မီးလင်းလာတဲ့အချိန်မှပဲ မူမမှန်မှုကနေ မင်းတို့ တကယ်လွတ်မြောက်မှာ ဖြစ်တယ် "
"မိနစ်နှစ်ဆယ်ဟာ အရမ်းကြာနိုင်သလို အရမ်းလည်း တိုတောင်းနိုင်တယ် "
ပိုင်ချောင်းသည် လူတိုင်းကို စစ်ဆေးလိုက်ရင်း အပြုံးမျက်နှာ မရှိတော့ပေ။
"အခု စုံစမ်းစစ်ဆေးရေးကို စကြတော့ ! လူတိုင်း ညအမှောင်ကနေ ဘေးကင်းကင်းနဲ့ ထွက်သွားရလိမ့်မယ်လို့ ကျွန်မ မျှော်လင့်တယ် ! "