အကြောက်ရောဂါ
Vol. 2 Ch. 26
အဆောက်အဦးအတွင်းရှိ အပူချိန်မှာ ချက်ချင်းထိုးကျသွား၏။လူသစ်လေးများသည် အမည်မသိအန္တရာယ်ကို ရင်ဆိုင်နေရင်း မည်သည့်ကြောက်လန့်မှုမှ မပြသချေ။သူတို့သည် စည်းကမ်းများကို လိုက်နာ၍ ကိရိယာများကို မြန်နိုင်သမျှ အမြန် ပြင်ဆင်လိုက်ကြသည်။ စက်ကိရိယာများတွင် ၎င်းတို့၏ သက်ဆိုင်ရာ နံပါတ်များ ပါရှိသည်။ အမျိုးမျိုးသောမူမမှန်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဌာနသည် နည်းလမ်းအသစ်များကို ကြိုးပမ်းခဲ့သည်။ စက်ကိရိယာအသစ်များသည် သူတို့၏ လက်နက်များဖြစ်သည်။
"ဒီအရာတွေက အသုံးဝင်လို့လား "
ကောင်းမင်က မေးလိုက်သည်။
"၉၉ ရာခိုင်နူန်းလောက်အသုံးမဝင်ပေမယ့် တစ်ရာခိုင်နူန်းပဲမျှော်လင့်ချက်ရှိမယ်ဆိုရင်တောင် ငါတို့ဆက်ကြိုးစားလို့ရတယ်လေ "
ဒရိုင်ဘာက လက်သီးများ ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
"လူသားတွေက လူသားတွေပဲ ဘာလို့ဆို ငါတို့က ကိရိယာတွေကို သုံးနိုင်တယ်လေ "
"ကျွန်မတို့ အခန်း ၄၀၅ကို ဖွင့်လိုက်ချိန်မှာ ဆက်သွယ်ရေးတွေ ပြတ်တောက်သွားတယ် ၊ ကလေးနဲ့ သူ့မိဘတွေက အဲ့ဒီမှာနေခဲ့တာပဲ "
ပိုင်ချောင်းသည် မီးဖွင့်လိုက်ပြီး အခန်းထဲ ဝင်သွားလိုက်သည်။ပိုင်ချောင်းတွင် မည်သည့်လက်နက်မှ မပါရှိသော်လည်း သူမသည် ရှေ့ဆက်သွားနေဆဲဖြစ်သည်။
"ကျုပ် လုပ်ပါရစေ "
ကောင်းမင်က ဖြတ်ဝင်လိုက်သည်။
"ခင်ဗျားက အသင်းရဲ့ အခရာပဲ ကျုပ်တို့အတွက် ကျုပ်ကင်းထောက်ပေးမယ် "
ချိန်းကြိုးများ တုန့်ပြန်လာကြသည်။ယင်းတို့သည် ရွေ့လျားနေသော တက်တူးများကဲ့သို့ ကောင်းမင်၏ လက်ကောက်ဝက်တွင် ထွက်ပေါ်လာ၏။သူသည် ဘယ်လက်ကို ဆန့်၍ တံခါးကို တွန်းဖွင့်လိုက်သည်။
ထူးဆန်းသည့် အနံ့အသက်တစ်ခုက အခန်းတွင်းမှ လေနဲ့အတူ ထွက်ပေါ်လာသည်။ဧရာမအိတ်အမည်းငါးလုံးသည် ဧည့်ခန်းတံခါးဘေးတွင် ထောင်လျက်သား နေရာယူထား၏။အိတ်များထဲတွင် အဝါရောင်စောင်များနှင့် ကလေးအဝတ်များ ရှိသည်။
"ဂရုစိုက် "
ပိုင်ချောင်းသည် ကောင်းမင်အတွက် လမ်းရှင်းစေရန် မီးရောင်ကို မြင့်လိုက်၏။ထမင်းစားပွဲသည် ပက်လက်လှန်နေ၏။ကွန်ကရစ်ကြမ်းပြင်တွင် အေးစက်နေသော ထမင်းစေ့များနှင့် ပန်းကန်ကွဲများ ရှိနေလေသည်။
"ဒါက တစ်ဖက်သတ် တိုက်ခိုက်ထားတာ မဟုတ်ဘူး ၊ နှစ်ဖက်လုံးက ဆင်ခြင်တုံတရား ကင်းမဲ့နေတာပဲ "
ကောင်းမင်သည် ဆံပင်အတိုအစများတွင် ဦးရေပြားအပိုင်းအစခု ကပ်နေကြောင်း တွေ့လိုက်ရသည်။ယင်းသည် ယောက်ျားထံမှ ဖြစ်ပုံရသည်။
"ကိစ္စတွေက ငါထင်တာထက် ပိုဆိုးနေတာပဲ "
ကောင်းမင်သည် သူ့လက်ချောင်းများဖြင့် နံရံပေါ်ရှိ ရေညှိများကို ကိုင်ကြည့်လိုက်သည်။ပတ်ဝန်းကျင်ကို သူကြည့်လိုက်သည်။တံခါးနှင့်ပြတင်းပေါက်များကို ပိတ်ထားသော်ငြား အခန်းသည် အလွန်စိုစွတ်ထိုင်းမှိုင်းနေ၏။ရေညှိများသည် ဆိုဖာအောက် ၊ တီဗီနောက်ဘက် နှင့် အဝတ်ဘီရိုအတွင်းများတွင် ကြီးထွားနေကြခြင်းဖြစ်သည်။
"ဒီအိမ်သာ ငါ့အိမ်ဆိုရင် ငါလည်း ချက်ချင်း ဒေါသထွက်မိမှာပဲ "
ဒရိုင်ဘာက လူသစ်များကို အုပ်စုသုံးခု ခွဲလိုက်သည်။တစ်ဖွဲ့သည် ကောင်းမင်နောက် အခန်းထဲ လိုက်ဝင်မည်ဖြစ်ပြီး နောက်တစ်ဖွဲ့သည် တံခါးဝတွင်နေခဲ့မည်ဖြစ်သည်။နောက်ဆုံးတစ်ဖွဲ့မှာ အထောက်အပံ့ကို တာဝန်ယူရမည်ဖြစ်သည်။
"ခံစားချက်မကောင်းတာက သာမန်ပဲ ၊ ဒါပေမယ့် ဒီခံစားချက်တွေကို ခင်ဗျားမိသားစုဆီဦးတည်လိုက်ရင်တော့ မှားတယ် "
ကောင်းမင်က ဧည့်ခန်း၏ အခြားတစ်ဖက်သို့ လျှောက်သွားလိုက်၏။ထိုနေရာသည် အိမ်တစ်လုံးမဟုတ်ပေ။အညစ်အကြေးနှင့်တင်းမာမှုများ ပြည့်နှက်နေ၏။မိသားစုသည် အိမ်ထဲရှိ ပရိဘောဂပစ္စည်းများကဲ့သို့ အားလုံးကျိုးပဲ့ပျက်စီးနေလေသည်။
"သူ့မိဘတွေက နှစ်ယောက်လုံး အကြမ်းဖက်ကြတာပဲ ၊ သူတို့က မကောင်းဆိုးဝါးတွေလိုမျိုး တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြတယ် "
ကောင်းမင်သည် ကြမ်းပြင်ပေါ်မှ ကွဲအက်နေသည့်တရုတ်ပန်းအိုးကို ကောက်ယူလိုက်သည်။အက်ကွဲစများတွင် သွေးများနှင့် ဆံပင်ရှည်များ ရှိနေသည်။
"သူတို့က မူမမှန်ဖြစ်ရပ်ကြောင့် ဒီလိုဖြစ်လာတာလား ဒါမှမဟုတ် သူတို့က ဒီလိုဖြစ်နေပြီးသားလား "
"လူကြီးတွေ ပြောစကားအရ သူတို့က မူမမှန်မှုမဖြစ်ခင်ကတည်းက မကြာခဏရန်ဖြစ်နေကြတာ "
ပိုင်ချောင်းသည် ကောင်းမင်ကို အနှောက်ယှက်မပေးပေ။သူဘာလုပ်နိုင်သည်ကို သူမမြင်ချင်နေခြင်းဖြစ်သည်။
"မူမမှန်မှုမရှိဘူးဆိုရင်တောင်မှ ဖြစ်ရပ်ဆိုးက ဖြစ်ပွားလာမှာပဲ..."
ကောင်းမင်သည် ဂိမ်းနှင့်လက်တွေ့ဘဝကြားမှ ဆက်သွယ်ချက်ကို ရှာဖွေလိုခြင်းဖြစ်သည်။
"ဒါကြောင့် သူတို့ကို မူမမှန်မှုက ရှာတွေ့ခဲ့တာ မဟုတ်ဘူး ဒါပေမယ့် သူတို့က မူမမှန်မှုကို ဆွဲဆောင်လိုက်မိတာပဲ "
ကောင်းမင်က သပ်သပ်ရပ်ရပ်ရှိသည့် တစ်ခုတည်းသော အခန်းကို ဝင်လိုက်သည်။ထိုအခန်းသည် ကလေး၏အခန်းဖြစ်ပုံရသည်။အခန်းငယ်လေးတွင် စာရေးစားပွဲတစ်လုံး ၊ အဝတ်ဗီရိုတစ်လုံး နှင့် ကုတင်တစ်လုံးသာ ရှိသည်။စိတ်ဝင်စားဖို့ကောင်းသည်က ကုတင်၌ ပုံစံမပျက်သေးသော ဆောင်းတွင်းစောင်အထူကြီးရှိနေလေသည်။စောင်အထူကြီးသည် ကလေး၏နှလုံးသားဝန်းကျင်ရှိ နံရံများနှင့်တူ၏။ကလေး၏ အဝတ်အစားအနည်းငယ်ကို အဝတ်ဗီရိုထဲတွင် ချိတ်ထားသည်။အဝတ်ဗီရို၏အောက်ခြေတွင် သတင်းစာစက္ကူများ ခင်းထားလေသည်။ရောင်စုံခဲတံတစ်ဘူးနှင့် ဓာတ်မီးလေးတစ်လက်လည်း ရှိပေသည်။
"ဒီအောက်က နေရာလေးက ကလေးအများဆုံးပုန်းတဲ့နေရာဖြစ်နိုင်တယ် ၊ သူကြောက်ရွံ့တဲ့အချိန်တိုင်း ဒီနေရာမှာ ပုန်းဖို့ ရွေးချယ်ခဲ့တာပဲ "
ကောင်းမင်က ဒူးထောက်လိုက်သည်။
"ဒီအလုံပိတ်ပတ်ဝန်းကျင်က ကလေးကို သူ့မိခင်ဝမ်းထဲပြန်ရောက်သွားသလို လုံခြုံတဲ့နေရာတစ်ခုလို ခံစားစေနိုင်ခဲ့လိမ့်မယ် "
ကောင်းမင် ရောင်စုံခဲတံဘူးကို ကောက်ယူလိုက်ရာ အဝတ်ဗီရိုထဲမှ လက်တစ်ချောင်းထွက်လာပြီး သူ့အား ပြန်ဆွဲလိုက်လေသည်။ပိုင်ချောင်းနှင့် သူမရှေ့ရှိ လူသစ်လေးသည် ရင်ခုန်သွား၏။ကောင်းမင်က အထိတ်တလန့်မဖြစ်ပေ။သူသည် ရောင်စုံခဲတံဘူးနှင့် လက်ကိုပါ ဆွဲထုတ်လိုက်သည်။
"တော်တော်ရုပ်ဆိုးတဲ့ အရုပ် "
အဝတ်ဗီရိုထဲတွင် လက်ဖြစ်အရုပ်တစ်ရုပ်ကို ဝှက်ထားခြင်းဖြစ်သည်။ယင်းသည် လူနှင့်တူသည်ဆိုရုံမျှသာ ရှိသည်။၎င်းသည် အဖာအပေါက်များ ၊ ဆေးရောင်စုံများဖြင့် ညစ်ပတ်နေလေသည်။
"အိမ်နီးချင်းတွေပြောတာတော့ အဲ့ဒီလင်မယားက ကလေးကို သူတို့နဲ့ခေါ်မသွားခဲ့ဘူးတဲ့ ၊ ပြီးတော့ ရဲတွေကလဲ ကလေးကို ရှာမတွေ့ခဲ့ဘူး ၊ ကလေးက ဒီအရုပ်အဖြစ်ပြောင်းလဲသွားတယ်လို့ ရှင်ထင်လား "
ကောင်းမင်သည် အရုပ်ကို လည်ပင်းမှဆွဲလိုက်ပြီး လက်များကို ပူးချည်ထားလိုက်သည်။
"အခုက သရဲဇာတ်လမ်းပြောဖို့ အချိန်မဟုတ်ဘူး "
ပိုင်ချောင်းက မျက်မှောင်ကြုံ့လိုက်သည်။ကောင်းမင်သည် ဌာနမှ ပုံစံတကျလေ့ကျင့်မှုများ မရှိခဲ့သဖြင့် သူလုပ်သမျှတိုင်းမှာ မှားယွင်းနေ၏။
ကောင်းမင်သည် အရုပ်ကို ထိတွေ့နေသော်လည်း မည်သည့်ဆန်းကြယ်မှုမျိုးမှ မခံစားရပေ။ရောင်စုံခဲတံဘူးကို ဖွင့်ကြည့်လိုက်ရာ ဘူးအဖုံးပေါ်တွင် တစ်ယောက်ယောက်စာရေးထားသည်ကို သူမြင်လိုက်ရသည်။
"ဘယ်သူမှ ငါ့ကို ရှာမတွေ့နိုင်မယ့် ပုန်းစရာနေရာတစ်ခု လိုချင်ပါတယ် "
"ကြည့်ရတာ ကလေးရဲ့ဆုတောင်းကို အရိပ်ကမ္ဘာက ဖြည့်ဆည်းပေးလိုက်တဲ့ပုံပဲ "
ကောင်းမင်က သူ့မွေးနေ့ဆုတောင်းကို ပြန်တွေးမိလိုက်သည်။ရုတ်တရက် မူမမှန်မှုများသည် အလွန်ဆိုးဝါးနေခြင်းမဟုတ်ကြောင်း သူခံစားလိုက်ရလေသည်။၎င်းတို့သည် လူများကို ကူညီချင်ရုံဖြစ်သော်ငြား သွေးထွက်သံယိုနည်းလမ်းများဖြင့်သာ ဖြစ်သည်။
အခန်း ၄၀၅၏ အလျင်အမြန်ရှာဖွေခြင်းသည် ပြီးဆုံးသွား၏။ကောင်းမင်နောက်မှ လူသစ်လေးများသည် ရေညှိများအပါအဝင် အိမ်ထဲမှ ပစ္စည်းတိုင်းကို နမူနာများ ယူနေကြသည်။
"ဂရုစိုက်ကြ ၊ ဒါက အဆင့် ၁ မူမမှန်မှု မဖြစ်နိုင်ဘူး "
ကောင်းမင်က အလျင်အမြန်သတိပေးလိုက်ပြီး စဉ်းစားရန် ကလေး၏ခုတင်ပေါ်တွင် ထိုင်လိုက်သည်။အရင်က ကလေးပျောက်သည့်ဂိမ်းကို သူလုပ်ခဲ့ဖူးသည်။ဂိမ်းနာမည်မှာ တူတူပုန်းခြင်းဖြစ်သည်။ကစားသမားများသည် သရဲခုနှစ်ကောင် ၊ ကလေးအစစ်တစ်ယောက်နှင့် ကစားရခြင်းဖြစ်သည်။ကလေးကို ရှာဖွေနိုင်မှသာ ဂိမ်းကို ရှင်းလင်းနိုင်မည်ဖြစ်သည်။သို့သော်လည်း ထိုဂိမ်းသည် ယခုမူမမှန်ဖြစ်ရပ်နှင့် မကိုက်ညီပေ။ဤမူမမှန်ဖြစ်ရပ်တွင် ကလေးကို စိတ်ဒဏ်ရာရစေသောသူများမှာ သရဲတစ္ဆေများမဟုတ်ဘဲ မိဘများသာဖြစ်သည်။
"မိဘတွေက အချင်းချင်းရန်ဖြစ်နေကြပြီး ကလေးကိုတောင် ရိုက်နှက်သေးတယ် ၊ ကလေးရဲ့စိတ်ထဲမှာ သဘာဝမကျတဲ့အရာတစ်ခုခုတော့ ရှိနေမှာပဲ "
ကောင်းမင်သည် ဆိုးဝါးလှသည့်ငယ်ဘဝဖြင့် ကြီးပြင်းလာရသော ရာဇဝတ်သားများကို ထောင်ထဲတွင် ဆုံတွေ့ဖူးသည်။
"ဒီလိုမိသားစုမျိုးမှာ ကလေးက အစွန်းနှစ်ဖက်ကိုပဲ ရောက်သွားလိမ့်မယ် ၊ ဒါတွေက အရမ်း ကြောက်တတ်လာတာ ဒါမှမဟုတ် အရမ်းကြမ်းတမ်းလာမျိုးပဲ ဖြစ်သွားလိမ့်မယ် ၊ ဖြစ်ရပ်က ကလေးဆီက အရင်ဖြစ်ရမယ် "
လူတိုင်းသည် နာခံမှုရှိသော ကလေးတစ်ယောက်ကို ချစ်ကြသော်လည်း အတင်းအကျပ်စည်းကမ်းလိုက်နာစေခြင်းသည် ကလေးတစ်ယောက်အား ပျက်စီးစေလိမ့်မည်ဖြစ်သည်။တိုက်ရိုက်အကျဆုံးအသွင်အပြင်မှာ သတ္တိမရှိတော့ခြင်းပင်။သူသည် ဆူပူကြိမ်းမောင်းခံရမည်ကို စိုးရိမ်သောကြောင့် အရာရာကို လုပ်ကိုင်ရန် ကြောက်ရွံ့နေလိမ့်မည်ဖြစ်သည်။ ကောင်းမင်သည် သူ့ခန္ဓာကိုယ်ကို ကောက်ကွေးလိုက်ပြီး စောင်ရဲတိုက်အလယ်တွင် ထိုင်ရန် ကြိုးစားလိုက်သည်။
"မိဘတွေက အနီးနားက ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီး အချင်းချင်း ရိုက်နှက်နေကြတယ် ၊ ကလေးဟာ ကာကွယ်ပေးခံရမယ့်အစား အရိုက်အနှက်တောင်ခံခဲ့ရလိမ့်မယ် ၊ သူ့မှာ အရှိဆုံး ခံစားချက်က ကြောက်ရွံ့မှုပဲ "
ကောင်းမင်သည် သူမြင်ခဲ့ရသော နံရံပေါ်မှ ကြောင်ကြောင်ကျားကျား ပန်းချီပုံများကို ပြန်စဉ်းစားလိုက်သည်။မိဘများ စတင်စကားများသည့်အချိန်တွင် သူတို့ဆီမှ အနီရောင်ရုပ်ပုံများ တွားထွက်လာခြင်းဖြစ်သည်။သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို စေလွှတ်ပြီး ကလေးအနားတစ်ဝိုက်တွင် အုပ်စုလိုက်ဖြစ်နေကြသည်။
"အနီရောင်ဇာတ်ကောင်ပုံတွေက ကလေးအတွက် အကြောက်တရားကို ဖော်ပြတဲ့နည်းလမ်းဖြစ်နိုင်တယ် "
ကောင်းမင်စိတ်ထဲတွက် နောက်ထပ်ဂိမ်းတစ်ခုပေါ်လာလေသည်။ထိုဂိမ်းကို အကြောက်ရောဂါဟု ခေါ်၏။ဂိမ်းတွင် သရဲအစစ်များနှင့် သွေးထွက်သံယို မြင်ကွင်းများ မပါသော်လည်း ဂိမ်းသည် သာမန်ခြောက်ခြားဂိမ်းများထက် ပိုမိုကြောက်ရွံ့ဖွယ်ကောင်းလေသည်။
ဂိမ်းမှာ အလွန်ရိုးရှင်းသည်။တစ်နေ့တွင် အကြောက်ရောဂါသည် ရုတ်တရက်ကျိုးပေါက်သွားပြီး တစ်မြို့လုံးကို ပျံ့နှံ့သွား၏။လူတိုင်း ကူးစက်ခံလိုက်ရလေသည်။