← Chapters

ဆွေ‌းနွေးခြင်း

Vol. 3 Ch. 34

ဆွေ‌းနွေးခြင်း

Vol. 3 Ch. 34

ဝမ်ကျီနှင့်ပတ်သက်၍ လူတိုင်းသည် ဝမ်ကျီအား ကြည့်ကောင်းသော အရုပ်လေးနှင့်တူသည်ဟု တုံ့ပြန်ကြသည်။ သို့သော် ဝမ်ကျီသည် အရုပ်မဟုတ်ပေ။ သူသည် လူအများစုထက် ပိုတော်၏။ သူငယ်စဉ်က စိတ်ဒဏ်ရာကြောင့် သူ့ကိုယ်သူ ချုပ်တည်းထားရုံသာ ဖြစ်သည်။

ဂိမ်းထဲတွင် ဝမ်ကျီသည် စိတ္တဇလူသတ်သမားတစ်ယောက်၏ မွေးစားခြင်းခံခဲ့ရသည်။ ထိုလူသည် သူ့အား ရူးသွပ်နေသည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာစေရန် နည်းလမ်းပေါင်းစုံဖြင့်လေ့ကျင့်ပေးခဲ့သည်။ သို့သော်လည်း ကောင်းမင်သည် ထိုအနာဂတ်ကို ပြန်ပြင်ရေးရန် ဆုံးဖြတ်လိုက်သည်။

"အရိပ်ကမ္ဘာက ဝမ်ကျီအတွက် ဇာတ်လမ်းတစ်ပုဒ်ရေးခဲ့တယ် ၊ သူ့ကံကြမ္မာကို ပြောင်းလဲဖို့ ရွှမ်ဝမ်လုပ်တဲ့ အတိုင်း လုပ်ရမယ် ၊ ဒါမှ အရိပ်ကမ္ဘာနဲ့ တိုက်ခိုက်နိူင်မှာ "

ကောင်းမင်က ဝမ်ကျီကို လှည့်ကြည့်လိုက်သည်။ ထိုပိန်ပါးသော အထက်တန်းကျောင်းသားလေးသည် ကားပြတင်းပေါက်အစွန်းတွင် မေးတင်၍ နေဝင်ချိန်ကို ကြည့်ရှုနေလေသည်။ ယင်းသည် သူ့အိမ်ကို ကြည့်နေပုံနှင့်တူပေသည်။

ချူးစီစီသည် ကားမောင်းနေရင်း ကားပြတင်းပေါက်မှ ထိုရှားပါးသော မြင်ကွင်းလေးကို မြင်နေရသည်။ သူမ၏ နှလုံးသားမှာ ကြင်နာတတ်ပေသည်။ ထို့ကြောင့် ဝမ်ကျီအား ဌာနသို့ပြန်ခေါ်လာရန် သဘောတူခဲ့ခြင်းဖြစ်သည်။ တကယ်တမ်း သူမသည် ဌာနက ဝမ်ကျီကို နေခွင့်မပြုလျင် သူမအိမ်သို့ ခေါ်လာရန် ပြင်ဆင်ပြီးသားဖြစ်သည်။

နေလုံးကြီးသည် အနောက်ဂေါယာကျွန်းဆီသို့ ဖြည်းညင်းစွာ နိမ့်ဆင်းနေသည်။ ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာနမှ အချက်အလက်များကို မှီခို၍ အခြားနေရာအနည်းငယ်သို့ သွားကြည့်ခဲ့သေးသည်။ သို့သော်လည်း သူက အခြားရာဇဝတ်သားများကို မရှာနိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် နေ့လယ်ဘက်တွင် လူသစ်များကို ကိုင်တွယ်နေရခြင်းကြောင့်ဖြစ်သည်။ ကောင်းမင်သည် မြို့ထဲတွင် အကြာကြီး မနေခဲ့ပေ။ သူနှင့်ချူးစီစီတို့သည် ကောင်းကင်ကြီးမှောင်မဲမလာခင် လီစန်းဌာနသို့ ပြန်လာကြသည်။

"ကျုပ်က လူသစ်တွေကို ဦးဆောင်ဖို့ အတွေ့အကြုံမရှိဘူးဗျ ခင်ဗျားကိုပဲ အားကိုးရတော့မှာပဲ "

ကောင်းမင်က ချူးစီစီ၏ တုန့်ပြန်မှုကို စမ်းကြည့်လိုက်သည်။

"မဖြစ်နိုင်ဘူး ကျွန်မလဲ လူသစ်ပဲလေ "

ချူးစီစီသည် အနက်ရောင်ဆက်သွယ်ရေးစက်ပင်မရသေးချေ။ ထို့ကြောင့် သူမသည် စိုးရိမ်နေခြင်းဖြစ်သည်။

"ခေါင်းဆောင်ပိုင်ပြန်လာတာကိုပဲ ကျုပ်တို့ စောင့်ကြတာပေ့ါ "

"ဒီလိုပဲ လုပ်ကြတာပေါ့ "

အဖွဲ့တစ် ရုံးခန်းထဲ ရောက်လာပြီးနောက် သူတို့စိုးရိမ်ခြင်းမှာ အဓိပ္ပါယ်မရှိကြောင်း သဘောပေါက်လိုက်သည်။ ရုံးခန်းထဲတွင် လူသစ်များ ရှိမနေချေ။ ဌာနမှ ထောက်ပံ့ရေးအဖွဲ့ဝင်များကသာ သူတို့အား ကိုးရိုးကားယား စောင့်နေကြလေသည်။

"လူသစ်တွေက ဘယ်မှာတုန်း "

ကောင်းမင်သည် ဝမ်ကျီအတွက် ကြုံရာထိုင်ခုံတစ်ခု ဆွဲယူပေးလိုက်ပြီး ချူးစီစီကို မေးလိုက်သည်။

"တစ်စုံတစ်ယောက်ဆီက သတင်းပေါက်ကြားခဲ့တယ်တဲ့ ၊ သူတို့ကို ပြောတာက အဖွဲ့တစ်က လူသေနူန်း ၈၀ရာခိုင်နူန်းနဲ့ လူသစ်တွေအတွက် လူသေနူန်း ၁၀၀ရာခိုင်နူန်းရှိတယ်တဲ့ "

အလုပ်သမားသည် စာရွက်စာတမ်းများကို ရှက်နေဟန်ဖြင့်ကိုင်ထားခဲ့သည်။

"အဓိပ္ပါယ်မရှိတာပဲ "

ကောင်းမင်က ချူးစီစီကို ညွှန်ပြလိုက်သည်။

"ဒီမှာ အသက်ရှင်ရက် ရပ်နေတဲ့သူမဟုတ်ဘူးလား ဆက်ပြောမယ် စုံစမ်းရေးမှူးတွေက လုံးဝပျောက်သွားတာမဟုတ်ဘူး ၊ သူတို့ မသေသေးဘူးကွ "

"အမှန်တရားကတော့ အဖွဲ့တစ်ထဲ ဘယ်သူမှ မပါချင်ကြဘူးလေ "

အလုပ်သမားက အပြုံးဖျော့ဖျော့ဖြင့် စာရွက်ကို ပြလိုက်သည်။

"အဖွဲ့ဝင် နှစ်ယောက်က အစက အဖွဲ့တစ်ကို ဝင်ချင်ကြပေမယ့် သူတို့လည်း စိတ်ပြောင်းသွားကြတယ် ၊ သူတို့က အဖွဲ့နှစ်နဲ့ အဖွဲ့သုံးကို ပြောင်းသွားကြတယ် ၊ ဌာနက သူတို့ကို စိတ်ပြောင်းဖို့ တွန်းအားပေးတာ ပုံမှန်ပါပဲ "

"ခေါင်းဆောင်ပိုင်ပြန်လာတာစောင့်ပြီး ခင်‌ဗျား သတင်းပို့ပေးလိုက်ပါ "

ကောင်းမင်က ယင်းကို ကိစ္စကြီးဟု တွေးမထားပေ။ သူ့အတွက်နဲနဲဂရုစိုက်ဖို့ လိုတဲ့အကြောင်းလေးတစ်ခုပါပဲ။

ကောင်းမင်က ထိုစကားကို မကြားဟန်ဆောင်လိုက်သည်။ သူက ဝမ်ကျီဘေးဝင်ထိုင်လိုက်သည်။ ချူးစီစီမှာ ခံစားချက်မဲ့နေသော လူသတ်သမားပုံစံဖြင့် ပုဆိန်ကို သုတ်နေလေသည်။ အလုပ်သမားက သက်ပြင်းချလိုက်ပြီး ကပ္ပတိန်ချန်းယန်ထျန်းကို စောင့်နေလိုက်သည်။

ရိုးရှင်းသည့် စကားပြောဆိုမှုပြီးသွားသောအခါ ကောင်းမင်သည် ဝမ်ကျီ၏အခြေအနေကို လျင်မြန်စွာနားလည်သွားသည်။ ကလေးသည် သူ့ကိုယ်သူတင်းတင်းကျပ်ကျပ်ဖက်ထား၏။ ကောင်လေး၏ စွမ်းရည်အပြည့်နှင့်အထူးစွမ်းအားများကို ထုတ်လွှတ်နိုင်ရန် သူ့ခုခံမှုများကို ချိုးဖျက်ပေးရန် လိုအပ်လေသည်

လူသတ်သမားသည် ထိုသို့လုပ်ရန် ညှင်းပန်းနှိပ်စက်မှုများနှင့် ဖိအားပေးခြင်းတို့ကို အသုံးပြုခဲ့သည်။

သို့သော်ကောင်းမင်က အခြားတစ်ခုကို သုံးရန်စီစဉ်ထားသည်။

"ဒါအလုပ်ဖြစ်ရင် သူက သာမန်လူတစ်ယောင်ဖြစ်သွားနိုင်တယ် "

ဂိမ်းဒီဇိုင်နာတစ်ယောက်အနေဖြင့် ဝမ်ကျီ၏ကံကြမ္မာကို ဘယ်သူမှ ကောင်းမင်လောက်မသိပေ။ ညရောက်သောအခါ ကောင်းမင်က ဝေတယိုကို ဗီဒီယိုကော ခေါ်လိုက်သည်။ ညအလင်းရောင်သည် ရုံးဖွင့်နေဆဲဖြစ်သည်။ လူတိုင်းမှာ အချိန်ပိုဆင်းပြီး အလုပ်လုပ်နေကြသည်။

"တယို စတူဒီယိုမှာ ဘာတွေ ထူးခြားသေးလဲ "

ကောင်းမင်က ဖုန်းစခရင်မှ တဆင့် ဝေတယိုကို ကျော်၍ စတူဒီယိုထဲ စစ်ဆေးလိုက်သည်။ သေမင်းသည် သူတို့အနားတွင် ပုန်းအောင်းနေကြောင်း ဘယ်သူမှ သိပုံမရပေ။

"ငါတို့ တိုးတက်တာက သောက်ရမ်းမြန်တယ်ကွ ၊ ရင်းနှီးမြှုပ်နှံသူ စီအီးအိုကျောက် အခြေအနေကို လာလေ့လာသေးတယ် ၊ အင်တာနက်ပေါ်က လူတွေက သူ့ကို ဖြုန်းတီးတဲ့သူလို့ခေါ်ကြပေမယ့် သူအရမ်းတော်တာ ငါတို့ပဲ သိတယ် "

ဝေတယိုသည် အလွန်ပျော်ရွှင်နေခြင်းဖြစ်သည်။ ူသည် ဂိမ်းများဖန်တီးရခြင်း၏ ပျော်ရွှင်မှုကို ထပ်မံရှာတွေ့ခဲ့သည်။ သူသည် ပျော်ရွှင်စွာဖြင့် ကောင်းမင်အား စကားပြောဆိုနေခဲ့သည်။

ကောင်းမင် ဘာပြောရမှန်း မသိသေးခင် ရွှမ်ဝမ်က ဝေတယိုနောက်တွင် ပေါ်လာလေသည်။

ကောင်းမင်၏အမူအရာမှာ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

"ကောင်းသော ညချမ်းလေးပါရွှမ်ဝမ် အလုပ်အခြေအနေ ဘယ်လိုရှိလဲ "

ရွှမ်ဝမ်က ထိုင်ခုံကို မှီ၍ မျက်ခုံးပင့်လိုက်သည်။

"ရှင်တို့နှစ်ယောက် ဗီဒီယိုကော ပြောနေတာလား "

"တယို ရွှမ်ဝမ်ကို ဖုန်းပေးလိုက်ပါဦး ငါသူ့ကို နည်းနည်း မေးစရာရှိလို့ "

ကောင်းမင်က ချောင်းဟန့်လိုက်သည်။

"မင်း သက်သာလာပြီလား "

ကောင်းမင်က ရွှမ်ဝမ်ကို ကြည့်လိုက်သည် ။ ရာဇဝတ်သားအားလုံးတွင် ရွှမ်ဝမ်မှာ အထူးခြားဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုညက ဥမင်လှိုဏ်ခေါင်းထဲတွင် ရှိနေခဲ့သောကြောင့်ဖြစ်သည်။

"ကျွန်မအခု ကျွန်မခေါင်းထဲက အသံတွေနဲ့ ခံစားချက်အရသာတွေကို အသုံးပြုနိုင်နေပြီ "

စုတ်ပြဲနေသော မျက်နှာများဖြင့် ရွှမ်ဝမ်၏မျက်လုံးများက တောက်ပနေသည်။

"လူတစ်သိန်းရဲ့ မတူညီတဲ့ ခံစားချက်တွေကို ရလာရင် ကျွန်မမှာ ခံစားချက်တစ်ခုရှိလာမှာလေ ၊ ဒါက အရည်အသွေး ပြောင်းလဲမှုတစ်ခု ဖြစ်လာလိမ့်မယ် "

"ဒါက မကြာခင်ဖြစ်လာမှာပါ"

"တစ်သိန်းဆိုတာ အစပဲရှိသေးတယ် ၊ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ဂိမ်းကို ပြည့်စုံအောင်လုပ်မယ် ၊ တန်ကြေးဘယ်လောက်ဖြစ်ဖြစ်ပေါ့ ၊ ကျွန်မကို လူတွေ ပိုမြင်လာလိမ့်မယ် "

ရွှမ်ဝမ့်အသံသည် ကျက်သရေရှိလှသော်လည်း သူမ၏အကြည့်သည် ကြောက်မက်ဖွယ်ကောင်းနေ၏။

"တစ်မြို့လုံးက လူတွေသာ ကျွန်မတို့ရဲ့ဇာတ်လမ်းအကြောင်းကို သိသွားခဲ့ရင် ရုပ်ပိုင်းဆိုင်ရာသေခြင်းတရားက လွတ်ပြီး သူတို့ရဲ့ နှလုံးသားထဲမှာ ထာဝရနေနိုင်သွားလိမ့်မလားမသိဘူးနော် "

"မင်းကြိုးစားကြည့်လို့ရပါတယ် ဒါပေမယ့် ကစားသမားတွေကို ဂရုစိုက်ပါ မူမမှန်ဖြစ်ရပ်တွေက ကျယ်ပြန့်လာတာကြောင့်မို့ ပိုများတဲ့လူတွေဆီမှာ လူတွေဓာတ်ပုံတွေရှိလာကြလိမ့်မယ် သူတို့က ဂိမ်းကစားရင် မင်းရဲ့တည်ရှိမှုကို သိလာလိမ့်မယ် ၊ သူတို့က မင်းနောက်လိုက်လာကြလိမ့်မယ် "

ကောင်းမင်နှင့်ရွှမ်ဝမ်သည် ပူးပေါင်းဆက်ဆံရေးတစ်ခုဖြစ်သည်။ သူသည် ရွှမ်ဝမ်ကို အန္တရာယ်ထဲ မကျရောက်စေချင်ပေ။

"မစိုးရိမ်ပါနဲ့ "

ရွှမ်ဝမ်က ပြုံးလိုက်ပြီး သူမ၏အသံကို နှိမ့်လိုက်သည်။

"နှစ်ရက်ကြာပြီးတော့ ညအလင်းရောင်က အရမ်းစိတ်ဝင်စားစရာကောင်းတယ်ဆိုတာ ကျွန်မသဘောပေါက်လာပြီ ၊ အဲ့ဒီကစားသမားတွေ ဒီလာရဲရင်တော့ သူတို့ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး "

ယူနီကွန်းစတူဒီယိုမှ ဝန်ထမ်းများကို သတ်ဖြတ်ခဲ့သော လူသတ်သမားနှင့်ရွှမ်ဝမ်ထက် ညအလင်းရောင်သည် လျှို့ဝှက်ချက်များရှိပေသည်။ ယင်းကို ရွှမ်ဝမ်ပင်မသိပေ။

ဝေတယိုသည် ဖကိုင်ကို ဖမ်း‌၍ ပြန်လာ၏။ ကြောင်သည် စခရင်ပေါ်ရှိကောင်းမင်ကို မြင်သောအခါ ဝေတယိုလက်ထဲမှ ရုန်းကန်လိုက်သည်။ ကြောင်သည် ကောင်းမင်ထံ လာရန်ကြိုးစားနေသကဲ့သို့ စခရင်အား သူ့လက်သည်းဖြင့် ကုတ်ခြစ်နေလေသည်

"ကြည့်စမ်း ဖကိုင်က မင်းကို ဘယ်လောက်ချစ်လိုက်လဲ "

ဝေတယိုသည် သူ့နောက်ခြေထောက်ကို ပြန်ဆွဲ၍ ဖကိုင်ကို ချီထားလိုက်သည်။

ဖကိုင်သည် ကောင်းမင်ကို တစ်ခုခုပြောနေသကဲ့သို့ တမြောင်မြောင် အော်နေလေသည်။ ကောင်းမင် ငါ့ကို မင်းနဲ့အတူ ခေါ်သွားပေးပါ ။

ဖကိုင်၏ တုန့်ပြန်မှုကြောင့် ရွှမ်ဝမ်တစ်ခုခုရှာတွေ့ခဲ့ကြောင်း ကောင်းမင်ယုံကြည်လိုက်သည်။ သူသည် ကြောင်အတွက် ဟီးရိုးတစ်ယောက်ဖြစ်မလာသော်လည်း အခြားအရာတစ်ခုကို တွေးတောနေလေသည်။

"ငါ့ဒီဇိုင်းတွေက ညအလင်းရောင်စတူဒီယိုကို ကယ်တင်နိုင်ခဲ့တယ် ၊ သူတို့ထဲက တချို့က အဲ့ဒီနေရာမှာ ပြောင်းလဲသွားနိုင်သလား "

ရုတ်တရက် အဖွဲ့တစ်၏ ရုံးခန်းတံခါးမှာ ပွင့်လာခဲ့သည်။ ထိုနောက် အနက်ရောင်ဆက်သွယ်ရေးစက်ဖြင့် စုံတွဲတစ်တွဲသည် ရုံးခန်းထဲ လမ်းလျှောက်ဝင်လာ၏။

"ခင်ဗျားတို့ နှစ်ယောက်ပဲ ရှိတာလား "

အမျိုးသားသည် စိတ်မရှည်သော လေသံဖြင့်ပြောလိုက်သည်။ သူ့အသံတွင် မကောင်းသည့် အငွေ့အသက်များ ရှိနေ၏။

"ကျုပ်က အဖွဲ့နှစ်ခေါင်းဆောင် မာလျန်းပဲ ၊ သူက အဖွဲ့သုံးခေါင်း ချန်ပင်း ၊ အဖွဲ့တစ်ရဲ့ အဓိကလူကလည်း အဝေးရောက်နေတယ် ၊ လူတွေကလည်း အားလုံးပျောက်နေတယ် ဒီနေ့ည ခင်ဗျားတို့ရဲ့ ကင်းလှည့်လုပ်ငန်းကို ကျုပ်တို့အဖွဲ့နှစ်ဖွဲ့က တာဝန်ယူဖို့ ဆုံးဖြတ်ထားတယ် ခင်ဗျားတို့နှစ်ယောက်က ကျုပ်တို့ကို အထောက်အပံ့ပေးဖို့ပဲ လိုတယ် "

ချူးစီစီက အလိုအလျောက် မတ်တပ်ထရပ်လိုက်သည်။ ကောင်းမင်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး

"ကျုပ်က ဒီညမင်လောင်လမ်း အဆောက်အဦး ၄ မှာရှိနေမယ် ၊ အဲ့ဒီက မူမမှန်ဖြစ်ရပ်ကို ဖြေရှင်းမပြီးမချင်း ကျုပ်ထွက်သွားမှာ မဟုတ်ဘူး "

မာလျန်းသည် ကောင်းမင်က သူ့အား ငြင်းပယ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက ကောင်းမင်ကို ပြင်းပြင်းထန်ထန်ပြောလိုက်သည်။

"ဒါက ဆွေးနွေးနေတာ မဟုတ်ဘူးနော် "

ကောင်းမင်က မတ်တပ်ရပ်လိုက်ပြီး မာလျန်းကို စိုက်ကြည့်လိုက်သည် ။

"ကျုပ်ပုံစံက ခင်ဗျားနဲ့ ဆွေးနွေးနေတဲ့ပုံ ပေါက်နေလို့လား "

All Chapters