← Chapters

ဟဟ… မင်းတို့ကို ဝန်းရံထားလိုက်ပြီ

Vol. 5 Ch. 64

ဟဟ… မင်းတို့ကို ဝန်းရံထားလိုက်ပြီ

Vol. 5 Ch. 64

တိုက်ပွဲပြင်တွင် မန္တန်များ အဆက်မပြတ် ထုတ်လွှတ်သံနှင့် မျက်လုံးတစ်ရာပင့်ကူ၏ အော်ဟစ်သံများကို ကြားနေရသည်။

မျက်လုံးတစ်ရာပင့်ကူသည် သူ့ဆုံးဖြတ်ချက်အား နောင်တရနေပြီ ဖြစ်သည်။ သူ့အရှေ့တွင် ရှိနေသာ လူသားများသည် သူတို့၏ ခွန်အားများအား ဖိနှိပ်ထားခဲ့ကြသည်။

ပုံမှန်မဟုတ်သည့် သန်မာ အားကောင်းသော စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူအား လျစ်လျူရှု ထားလျှင်တောင် တာအိုခန္ဓာ အဆင့်၁၀သာ ရှိနေသေးသည့် ကျင့်ကြံသူ နှစ်ယောက်သည် ထိုမျှလောက် သန်မာကြသည်လား။ ထိုသို့ဆိုလျှင် တစ္ဆေဘုရင်အား မည်သည့် အဆင့်တွင် ထားရှိရတော့မည်နည်း။

ချွန်ထက် မည်းနက်သည့် ခြေချောင်း တစ်ချောင်းသည် ရွှမ်ယွမ်ချန်အား ထိုးစိုက်လာသည်။ သို့သော်လည်း ရွှမ်ယွှမ်ချန်၏ နောက်ပြန် ဓားချက်သည် ထိုခြေချောင်းအား ကာလိုက်နိုင်သည်။

စုရှောင်လန်ဆီသို့ အဆိပ်များ ပစ်လွှတ် လိုက်သော်လည်း သူမ၏ ဧရာမ မီးလျှံလက်ဝါး ရိုက်ချက်ကြောင့် နောက်ပြန်လွင့်သွားသည်။

ထိုပင့်ကူသည် ဆုတ်ခွာ နေရင်းမှာပင် ရွှေရောင် လက်သီးချက်ကို ခံလိုက်ရပြန်သည်။

“ရှူး …” တစ္ဆေဘုရင်၏ အော်ဟစ် ညည်းတွားသံသည် ကျယ်လောင်စွာ ပျံ့နှံ့သွားသည်။

ထိုနေရာမှ ပေတစ်ထောင် ကွာဝေးသည့် တောအုပ်အလယ်တွင် ပြိတ္တာကျင့်ကြံသူ အဖွဲ့သည် ဝတ်ရုံနက်များ ခြုံကာ ချောင်းမြောင်း တိုက်ခိုက်ရန် စောင့်ဆိုင်းလျက် ရှိနေသည်။

တစ္ဆေဘုရင်အား နင်းခြေနေသည်ကို မြင်လိုက်သည့် အခါတွင် ထိုအဖွဲ့ ရှိသူများသည် အံ့ဩကာ တုန်လှုပ် သွားကြတော့သည်။

ထိုပြိတ္တာ ကျင့်ကြံသူများရှေ့တွင် ပြိတ္တာဘုရင် လေးယောက်သည် အားကောင်းသည့် အငွေ့အသက်များအား ထုတ်လွှတ်လျက် ရှိသည်။ သူတို့အားလုံးသည် တစ္ဆေဘုရင်အား ဂရုဏာ သက်စွာဖြင့် ကြည့်နေကြသည်။

“ကံကောင်းလိုက်တာ … ပြိတ္တာဧကရာဇ်အရှင်က ဒီစစ်ဆင်ရေး အတွက် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေ အလုံအလောက် ခေါ်သွားခိုင်းပေလို့ပဲ … ပြိတ္တာအင်အားစုရဲ့ တစ်ဝက်လောက်ကို ပို့လိုက်တာ … မဟုတ်ရင်တော့လား ငါတို့က အဲဒီလူနည်းနည်း လေးကိုတောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး …” ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် ဧရာမ အနက်ရောင် ဓားကြီးအား ကိုင်ဆောင်လျက် ပြောသည်။

“မျက်လုံးတစ်ရာပင့်ကူကို ဖမ်းချင်ရင် သူတို့က စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေကို လွှတ်ကို လွှတ်ရမှာပဲ …” သောကဗျာပါပွေပြိတ္တာဘုရင်က သွေးအရိုးခေါင်း တစ်ခုအား ကိုင်ဆောင်လျက် ရက်စက်စွာ ရယ်မောလိုက်သည်။ “သူတို့က စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို လွှတ်လိုက်မယ် ဆိုရင်တောင် ပြိတ္တာ ဧကရာဇ်အရှင် ပို့လွှတ်လိုက်တဲ့ တပ်သားတွေနဲ့တင် သူတို့ကို ရင်ဆိုင်ဖို့က ပြဿနာ မဟုတ်ဘူး …”

“မောင်ရိုင်းစိုင်းနဲ့ ငါက စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေကို ရင်ဆိုင်မယ် … ငါတို့ရဲ့ သွေးအမှတ်အသားကို သန့်စင်တဲ့အခါမှာ ကျရှုံးတာကို ဘယ်လိုမှ သည်းမခံနိုင်ဘူး …” လက်တွင် လက်သည်းနက်များ ရှိနေသည့် ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်က ပြောသည်။

“ငါက ရွှေရောင်လက်သီးကို သုံးတဲ့ ကျင့်ကြံသူကို ရင်ဆိုင်မယ် … အဲဒီကောင်ကို သေချာပေါက် လက်စားချေရမယ် …” မျက်လုံးများ နီရဲနေသည့် ပညာရှိပြိတ္တာဘုရင်က ပြောသည်။

သောကဗျာပါ ပွေပြိတ္တာဘုရင်က “ငါတို့အားလုံး တစ္ဆေဘုရင် သေသွားတာနဲ့ ချက်ချင်းတိုက်ခိုက်ကြမယ် …”

***

ပြိတ္တာဘုရင်တို့သည် ယင်းတို့၏ သားကောင်အား ရွေးချယ် နေစဉ်မှာပင် အန်လင်း၏ တိုက်ပွဲသည် အဆုံးသတ်ရန် နီးကပ်လာပြီ ဖြစ်သည်။

မျက်လုံး တစ်ရာပင့်ကူသည် ချောင်ပိတ်ကာ ရိုက်ခံနေရပြီး ရုတ်တရက် ဆိုသလို ပြွတ်သိပ်နေသည့် မျက်လုံးများ ထွက်ကျလာသည်။

“ဂရုစိုက်ကြ …” ရွှမ်ယွမ်ချန်က အော်ဟစ် လိုက်သည်။

ဘုန်း … ဘုန်း … ဘုန်း …

ရွှမ်ယွမ်ချန်ဆီသို့ ပျံသန်း ရောက်ရှိလာသည့် မျက်လုံးများ ရှိသလို ရုတ်တရက်ဆန်စွာ ဗုံးများကဲ့သို့ ပေါက်ကွဲ သွားကြသည့် မျက်လုံးများလည်း ရှိသည်။

ပြင်းထန်သည့် စွမ်းအင်များ ထွက်ပေါ်လာပြီး အန်လင်းနှင့် စုရှောင်လန် တို့သည် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် လှိုင်းများကြောင့် အနောက်ဆို့ တွန်းပို့ခြင်း ခံလိုက်ရသည်။

မျက်လုံးတစ်ရာပင့်ကူ၏ ခွဲထုတ် တိုက်ကွက်သည် ယင်းအတွက် အသက်ရှင်နိုင်သည့် လမ်းစကို ဖန်တီးလိုက်နိုင်သည်။ ချက်ချင်း ဆိုသလိုပင် အဝေးသို့ ထွက်ပြေး လေတော့သည်။

ကံမကောင်းသည်မှာ ထိုပင့်ကူသည် ရွှမ်ယွမ်ချန်၏ တည်ရှိမှုအား လျစ်လျူရှု ထားမိခြင်းပင်။

ပေါက်ကွဲမှုများကြောင့် အနောက်သို့ ဆုတ်ရမည့်အစား ရွှမ်ယွမ်ချန်သည် ရှေ့သို့သာ တိုးသွားပြီး အဖြူရောင်အလင်းများနှင့် စွမ်းအင်များ ပေါက်ကွဲနေမှုသည် သူ့အား သက်ရောက်မှ မရှိသလိုပင်။

ကြီးမားပြီး အံ့အားသင့်ဖွယ်ရာ ခွန်အားကို သယ်ဆောင်ထားသည့် သူ့လက်ထဲရှိ ဓားသည် မျက်လုံးတစ်ရာပင့်ကူ၏ အားအနည်းဆုံး နေရာအား ခုတ်ပိုင်းလိုက်သည်။

အရိုးထိအောင် အေးစိမ့်နေသည့် ဓားခုတ်ချက်သည် ပေတစ်ရာ အကွာမှနေ မျက်လုံး တစ်ရာပင့်ကူအား ချက်ချင်း ဆိုသလို နှစ်ပိုင်း ပိုင်းလိုက်တော့သည်။

“အရမ်းကို အထင်ကြီးဖို့ကောင်းတဲ့ ဓားသမားပဲ … အဲဒီခုတ်ချက်မှာပါတဲ့ အားက ထိုက်ပိုင်ဓားဂိုဏ်းရဲ့ ဓားအင်မော်တယ် မြစ်စိမ်း ထက်တောင် သာဦးမယ် …” ဟောင်ရှန့်ရှန့်သည် အံ့အားသင့်စွာ ရေရွတ်သည်။

“ထိုက်ပိုင်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်တောင်မှပဲ အဲဒီခုတ်ချက်မှာ ပါဝင်တဲ့ ဓားဆန္ဒကို မယှဉ်နိုင်ဘူး …” ထျန်းလင်းလင်း သည်လည်း အလွန်အံ့အားသင့်လျက် ရှိနေသည်။

ဘာမှမလုပ်ဘဲနှင့် အံ့အားသင့် နေကြသည့် နှစ်ယောက်နှင့် ယှဉ်မည်ဆိုလျှင် ရွှမ်ယွမ်ချန်နှင့် ကျန်လူများသည် နည်းနည်းလေးတောင် အနားမယူနိုင်ကြပါ။ မရေမတွက်နိုင်သည့် အားကောင်းသော အငွေ့အသက်များသည် တရွေ့ရွေ့နှင့် နီးကပ်လာသည်ကို အာရုံခံမိသည့် နောက်တွင် သူတို့သည် စုဝေးလိုက်ကြသည်။

မရှေးမနှောင်းမှာပင် အားကောင်းသည့် အငွေ့အသက်များနှင့် ပြိတ္တာဘုရင် လေးကောင်သည် တိမ်နက်များ စီးနင်းလာကာ သူတို့ငါးယောက်အား ဝိုင်းလိုက်သည်။

မြေပြင်တွင်လည်း ဝတ်ရုံနက် ပြိတ္တာအကောင် နှစ်ဆယ်ကျော်သည် အသင့်အနေအထားဖြင့် အန်လင်းတို့အား ဝိုင်းထားကြသည်။ သူတို့၏ အငွေ့အသက်များအရ အားလုံးသည် တာအိုခန္ဓာ အဆင့်ရှိ ကျင့်ကြံသူများ ဖြစ်ကြသည်။

“ခိခိခိ … မင်းတို့အားလုံးက ဝိုင်းခံထားရပြီ …” သောကဗျာပါပွေပြိတ္တာဘုရင်သည် တခစ်ခစ်ရယ်လျက် ပြောသည်။

“ရူးသွပ်နေတဲ့ လူသားတွေ … ခုခံမယ် မကြံနဲ့နော် … လိမ်လိမ်မာမာလေးနဲ့ မင်းတို့အသက်ကို ပေးလိုက် …” ယုတ်မာရိုင်းစိုင်းပြိတ္တာဘုရင်က မောက်မာစွာ ပြောသည်။

“မင်းတို့က အေးအေးဆေးဆေးနဲ့ အဖမ်းခံမယ် ဆိုရင်တော့ ငါ … ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်က မင်းတို့ကို သက်သက်သာသာပဲ သေခြင်းတရားဆီ ပို့ပေးမယ် …” ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်က အော်လိုက်သည်။

“အန်လင်း …”

ထိုစကားများအား ကြားသည့်အခါတွင် အန်လင်းသည် စိတ်ခံစားချက်များ ရှုပ်ထွေးလာသည်။

ဒီလူပြက်သုံးကောင်က ဘာတွေတုန်း …

ကျုပ်တို့က ဘယ်ခေတ်မှာ နေနေတယ် ထင်နေတုန်း … ပြိတ္တာဘုရင်တွေ ဖြစ်နေပြီး ဒီလိုပေါတောတော ဒိုင်ကြောင်တွေ လွှတ်နေတာ ခင်ဗျားတို့တွေ နည်းနည်းလေးတောင် မရှက်ကြဘူးလား …

ပညာရှိပြိတ္တာဘုရင်သည့် မြေပြင်တွင် ရှိနေသည် လူနှစ်ယောက်အား ကြည့်လိုက်သည်။ “ဘွားဟားဟားဟား … ဟိုအောက်က ကလေးနှစ်ယောက် … ငါ့ကိုမှတ်မိသေးရဲ့လား …” သူက ဂုဏ်ယူစွာ ပြောသည်။

အန်လင်းနှင့် ထျန်းလင်းလင်း တို့သည် မော့ကြည့် လိုက်ကြပြီး မျက်လုံးများ နီရဲနေသော ပညာရှိ ပြိတ္တာဘုရင်အား တွေ့လိုက်ကြသည်။

ဟာ … အဲဒါကြီးက မိတ်ဆွေဟောင်းကြီးပေါ့ …

“ငါပြောခဲ့တယ် မဟုတ်လား … နောက်တစ်ခါတွေ့ရင် ငရဲကို ပို့ပေးမယ်လို့ …” ပညာရှိပြိတ္တာဘုရင်က ရယ်မော လိုက်သေးသည်။ “မင်းတို့နှစ်ယောက်က ငါ့ရဲ့ ပြစ်ချက်ကင်း သရုပ်ဆောင်မှုအောက်မှာ အရူးလုပ်ခံခဲ့ရတာ … အဲဒါက ထောင်ချောက် တစ်ခု ဖြစ်နေလိမ့်မယ်လို့ မင်းတို့ မထင်ထားခဲ့ဘူး မဟုတ်လား … အဟဟဟဟဟဟ …”

“အန်လင်း …”

“ထျန်းလင်းလင်း …”

အရိုးသားဆုံး ပြောရမည်ဆိုလျှင် အန်လင်းသည် ပြိတ္တာဘုရင်၏ မိမိကိုယ်ကိုယ် အထင်ကြီးနေသည့် နှလုံးသားလေးအား နာကျင်စေလိုစိတ် မရှိပေ။

ပြီးပြီးစုံသည့် သရုပ်ဆောင်မှုတဲ့လား …။

ပန်းပွင့်တစ်ရာဆုအား ရရှိထားသည့် လီရီဖုန်း သည်ပင်လျှင် သူ့ထက် သရုပ်ဆောင်ကောင်းသည်။

သူ၏ သရုပ်ဆောင်မှုနှင့်ဆိုလျှင် အမြင့်ဆုံး ရရှိနိုင်သည့် ဆုမှာ Golden Raspberry Award သာလျှင် ဖြစ်သည်။

ပြိတ္တာဘုရင်များသည် ထိုကဲ့သို့ အထက်စီးဆန်စွာ ဆက်ဆံ နေကြတုန်းမှာပင် ရုတ်တရက် ဆိုသလို ပိုမိုအားကောင်းသည့် အငွေ့အသက်များသည် သူတို့ထံ ချဉ်းကပ်လာသည်။

အန်လင်းနှင်း အခြားသူများမှာ တည်ငြိမ်နေသလောက် ပြိတ္တာဘုရင် များသည်တော့ စိုးရိမ် ပူပန်လာကြသည်။

“မောင်ရိုင်းစိုင်းရေ … ပြိတ္တာဧကရာဇ် အရှင်က ငါတို့ဆီ တခြား ပြိတ္တာဘုရင်တွေ ထပ်ပို့လိုက်တာများလား …” ဒေါသကုမ္ဘာန်ပြိတ္တာ အရှင်သည် အံ့ဩတကြီးဖြင့် မေးခွန်းထုတ် လိုက်သည်။

“မဖြစ်နိုင်ဘူး … တခြား ပြိတ္တာဘုရင် နှစ်ကောင်က တာဝန်တွေ ထမ်းဆောင်နေကြတယ်လေ … သူတို့မဖြစ်နိုင်ဘူး … အရေအတွက်ကလည်း အဲလောက်မဟုတ်ဘူး …” ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ မျက်နှာတွင် စိုးရိမ်သည့် အမူအရာများ ပေါ်လာသည်။

“လူသားကျင့်ကြံသူတွေ …” သောကဗျာပါ ပွေပြိတ္တာဘုရင်သည် ရောက်ရှိလာသည့် ကျင့်ကြံသူများအား မြင်သည့်အခါတွင် အချက်ပေးကာ အော်လိုက်သည်။

ကယ်တင်ရှင်၊ ဓားအင်မော်တယ်မြစ်စိမ်းနှင့် တာအိုသခင် တိမ်တိုက်စူးစမ်း တို့သည် သူတို့၏ အားကောင်းသော အငွေ့အသက်များအား ထုတ်လွှတ်ကာ ဓားပျံများ စီးနင်းလျက် ရောက်လာကြသည်။ မြေပြင်တွင် တာအိုခန္ဓာ အဆင့်၁၀ရှိ ကျင့်ကြံသူ ၁၀ယောက်သည် ပြိတ္တာကျင့်ကြံသူ အယောက် ၂၀အား ဝိုင်းထားကြသည်။

“ဘာလား … ငါတို့ရဲ့ အစီအစဉ်က ပေါက်ကြားသွားတာလား …”

ပညာရှင်ပြိတ္တာဘုရင်သည် ရုတ်တရက် ပြောင်းလဲသွားသည့် ဖြစ်ရပ်များအား လိုက်မမီနိုင်အောင် ဖြစ်နေပြီး ခေတ္တမျှ ကြောက်အလျက် ရှိနေသည်။

“စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့် ကျင့်ကြံသူ သုံးယောက် … စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူ တစ်ဒါဇင်ကျော် … အဲဒီဟာက တစ္ဆေဘုရင်တစ်ကောင်ကို ရင်ဆိုင်ဖို့ ပြင်လာတာ ဖြစ်မလား အေပေးရဲ့ …” ဒေါသကုမ္ဘာန်ပြိတ္တာဘုရင်သည် သူ၏ဒေါသအား မထိန်းချုပ်နိုင်တော့သဖြင့် ကျယ်လောင်စွာ အော်ဟစ်တော့သည်။

“ပြိတ္တာဘုရင်တွေ အများကြီးပဲ ရှိနေတာ ယုံတောင် မယုံနိုင်ဘူး … ဒီခရီးက တကယ်ကို တန်သွားပြီ …” တိမ်နှင့်မြူခိုးများ ရစ်ဝဲနေသည့် တာအိုသခင် တိမ်တိုက်စူးစမ်းက ပြောသည်။

“ရူးသွပ်နေတဲ့ ပြိတ္တာဘုရင်တွေ … ခုခံမယ် မကြံနဲ့နော် … လိမ်လိမ်မာမာလေးနဲ့ မင်းတို့ အသက်ကို ပေးလိုက် …” ကယ်တင်ရှင်က မောက်မာစွာ ပြောသည်။

ထိုစကားအား ကြားသည့်အခါတွင် ပြိတ္တာဘုရင် တို့သည် ဒေါသတကြီး ဖြစ်လာကြတော့သည်။

ထိုခွေးသားသည် သူတို့၏ စကားများအား ခိုးယူရဲနေသည် မဟုတ်ပါလား။

တစ်ချိန်တည်းမှာပင် အန်လင်းသည် ထိတ်လန့်ကာ သတိလစ် မတတ်ပင် ဖြစ်သွားသည်။ ဒီဖက်တီးရဲ့ ဒိုင်ကြောင် တွေကလည်း ဘာလို့ အရမ်းတွေ ရယ်စရာ ကောင်းနေရတာတုန်း …။

ပြိတ္တာများအတွက် ရုတ်တရက် ပြောင်းလဲသွားသည့် အခြေအနေကြောင့် အနည်းငယ် မသက်မသာ ဖြစ်စေသည်။

ပုံမှန်အတိုင်းဆိုလျှင် သူတို့သည် အန်လင်းနှင့် အခြားသူများကို ဝိုင်းထားကြသူများ ဖြစ်သည်။ ယခုတွင်မူ အခြေအနေသည် ပြောင်းပြန် ဖြစ်သွားလေပြီ။ သူတို့သည် ဝိုင်းထားခြင်း ခံရသူများ ဖြစ်လာကြသည်။

“မောင်ရိုင်းစိုင်းရေ … ငါတို့က ဆက်တိုက်ဦးမှာလား …” သောကဗျာပါပွေ ပြိတ္တာဘုရင်က မေးသည်။

သူတို့သည် အင်အားနည်းသည့် အခြေအနေတွင် ရှိနေသော်ငြား သူတို့နှစ်ဖွဲ့ကြားမှ ခွန်အား ကွာခြားချက်သည် မသိသာလှချေ။

အားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်မည် ဆိုပါက တာဝန်ပြီး မြောက်ဖို့ရန် အခွင့်အရေးတစ်ခု ရှိနေသေးသည်။

“တိုက်ရမှာပေါ့ … ဧကရာဇ်အရှင် ပေးလိုက်တဲ့ တာဝန်ကို ပြီးမြောက်အောင် စွမ်းရှိသမျှ အကုန်တိုက်ကြမယ် …”

“အခုအချိန်မှာသာ ငါတို့က ဆုတ်ခွာ လိုက်မယ်ဆိုရင် ဒီကောင်တွေက ဘယ်တော့မှ နိုင်မှာ မဟုတ်တော့ဘူး …”

“ငါတို့ရဲ့ အစီအစဉ်က ဘယ်လိုမျိုး ပေါက်ကြားသွားလဲ ဆိုတာကိုပဲ သိချင်တယ် တကယ် …”

ထိုသို့ပြောရင်း ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ မျက်နှာသည် မည်းမှောင် လာတော့သည်။

မဖြစ်နိုင်တာ … ငါတို့အဖွဲ့ထဲမှာ သစ္စာဖောက်ကောင် ရှိနေတာလား …

***

All Chapters