ကြောက်စရာကောင်းသည့် ဆင်းရဲခြင်း
Vol. 3 Ch. 37
"မူမမှန်ဖြစ်ရပ်ဟာ အဆင့်၄ကို ဝင်လာရင် ဘေးအန္တရာယ်က ထိန်းချုပ်မှုကနေ လွတ်လာပြီး အကြီးအကျယ်ထိခိုက်မှုတွေ ဖြစ်စေတော့မှာ ၊ ဒါတွေ ဖြစ်မလာခင် ငါဖျက်ဆီးပစ်မှ ဖြစ်မယ် "
ကောင်းမင်သည် မနက်ပိုင်းတွင် စီစွေ့လမ်းအား ကင်းထောက်ရန် စီစဉ်လိုက်သည်။
"၁၇ ၊ ဝမ်ကျီ ငါနဲ့လိုက်ခဲ့ပါဦး "
ကောင်းမင်က လူသေဓာတ်ပုံများ ထည့်ထားသည့် သူ့အိတ်ကို ယူလိုက်သည်။
"စီစီ ခင်ဗျား ဒီမှာနေခဲ့မှ ရမယ် ၊ တစ်ခုခုဖြစ်ရင် ကျုပ်ကို ဖုန်းခေါ်လိုက်ပါ "
"ကျွန်မလဲ ရှင်နဲ့ လိုက်ချင်တယ် "
ချူးစီစီက မတ်တပ်ထရပ်လိုက်သည်။
"ကျွန်မ ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာ မဟုတ်ပါဘူး "
"အဲ့ဒီလို ပြောတာမဟုတ်ဘူး "
ကောင်းမင်က ချူးစီစီထံ သွားလိုက်သည်။
"ဒါက ယုံကြည်လို့ပဲ ၊ ကျုပ် ခင်ဗျားကို အပြည့်အဝယုံကြည်လို့ ရတယ်မလား ၊ ကျုပ်အမိန့်ဟာ ဌာနရဲ့အမိန့်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် ခင်ဗျား ဘယ်သူ့အမိန့်ကို နားထောင်မလဲ "
ချူးစီစီသည် ကောင်းမင်ဆီမှ ထိုမေးခွန်းကို မမျှော်လင့်ထားခဲ့ပေ။ မီးသတ်သမားတစ်ယောက်အနေဖြင့် စည်းမျဉ်းများကို လိုက်နာရခြင်းသည် သူမ၏အလုပ်ဖြစ်သည်။
"ကျုပ် ခင်ဗျားကို စဉ်းစားစေချင်တယ် "
"ရှင်က ကျွန်မအသက်ကို ကယ်ခဲ့တာပဲ ၊ ဒါကြောင့် ရှင့်အမိန့်ကို ကျွန်မနားထောင်မယ် "
ချူးစီစီက အလေးအနက်ပြောလိုက်သည်။
"ပုဆိန်ယူခြင်း ကျုပ်နဲ့လိုက်ခဲ့ပါ"
အဖွဲ့တစ်၏ အဖွဲ့ဝင်များသည် တံခါးနောက်တွင် စုစည်းနေကြသည်။ အခြားအဖွဲ့ဝင်များက ဘာမှ မမေးကြပေ။ ဌာနသည် အဖွဲ့တစ်အခြေအနေသိ၏။ အချို့က အားရဝမ်းသာဖြစ်ကြသည်။ အချို့က ဂရုဏာသက်ကြသည်။ ဟန်ဟိုင်းတွင် မူမမှန်ဖြစ်ရပ်များ ပေါ်လာကတည်းက ဌာနသည် မတုန်မလှုပ်အနေအထားပုံစံကို ထိန်းသိမ်းထားသည်။ သူတို့သည် အောင်ပွဲတစ်ခုအတွက် အပူတပြင်းဖြစ်နေကြသည်။ သူတို့သည် မျှော်လင့်ချက်ကို လိုအပ်ပေသည် ။
ကားကို မြို့တော်အရှေ့ပိုင်းသို့ မောင်းလာနေစဉ် ယန်ဟွာနှင့်ဝမ်ကျီက အနက်ရောင်ဆက်သွယ်ရေးစက်မှ အချက်အလက်များကို လေ့လာနေကြသည်။ သူတို့သည် မူမမှန်မှုအပေါ် အခြေခံနားလည်မှုတစ်ခု ရှိကြသည်။ ယန်ဟွာသည် ကြောက်စရာကောင်းသော်လည်း ဝမ်ကျီ့အပေါ် အလွန်စိတ်ရှည်၏။ သူလည်းပဲ ဝမ်းနည်းစရာကောင်းသော ကလေးဘဝရှိခဲ့သည် မဟုတ်ပါလား။
ကောင်းမင်က သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။ အဆက်အသွယ်စာရင်းကို မကြည့်ပဲ သူဖုန်းခေါ်လိုက်သည်။ ချက်ချင်း ဖုန်းပြန်ဖြေလာ၏။ ဖုန်းထဲမှ သာယာနာပျော်ဖွယ်ကောင်းသည့် အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာ၏။
"အဲ့ဒီမှာ ကျွန်မကို လိုအပ်နေပြီလား "
ကောင်းမင် ဘာမှ မပြောရသေးခင် ရွှမ်ဝမ်က သူ့အတွေးကို သိနေခဲ့သည်။
"မြို့တော်အရှေ့ပိုင်း စီစွေ့လမ်းမှာ ငါတို့ ဒီည ကိစ္စကြီးတစ်ခုလုပ်ဖို့ အစီအစဉ်ဆွဲထားတယ် ၊ အဲ့ဒီနေရာကို စစ်ဆေးဖို့ အခုသွားနေကြတာ "
"ရှင်က ဌာနကို ဝင်ခဲ့တာ မဟုတ်လား ဘယ်လိုလုပ် ဂိုဏ်းစတားတစ်ယောက်လို စကားပြောနေသေးတာလဲ "
ရွှမ်ဝမ်မှာ အလုပ်လုပ်နေပုံရသည်။ ကီးဘုတ်ပေါ်ရှိ စာရိုက်သံများသည် အဆက်မပြတ်ပေ။
"တစ်ယောက်ယောက်က မူမမှန်ဖြစ်ရပ်ကို ကြီးထွားစေဖို့ရည်ရွယ်ချက်နဲ့ ခြောက်ခြားမှုတွေ ကျွေးမွေးနေတယ် ၊ ငါတို့ အဲ့ဒါကို မရပ်နိုင်ရင် အထိန်းအကွပ်မဲ့သွားလိမ့်မယ် "
ကောင်းမင်က အသေးစိတ်အချက်အလက်များကို မပြောပြလိုက်ပေ။
"နှစ်နာရီကြာပြီးရင် တွေ့ကြမယ် ၊ ပွဲအတွက် ပြင်ဆင်ထားလိုက်တော့ "
"အိုကေ ဒါပေမယ့် ရှင့်ကို တစ်ခုမေးချင်သေးတယ် "
ရွှမ်ဝမ်၏ ကီးဘုတ်သံမှာ ရပ်တန့်သွားသည်။ ထို့နောက် သူမအသံမှာ ပိုချိုမြလာလေသည်။
"ဘာများလဲ"
"ရှင်က ဝေတယိုကိုကျတော့ ဗီဒီယိုကော ခေါ်ပြီး ကျွန်မကိုကျ ဘာလို့ မခေါ်တာလဲ ၊ ကျွန်မက သူ့လောက်ကြည့်မကောင်းလို့လား ဒါမှမဟုတ် ရှင်ကျွန်မကို မတွေ့ချင်လို့လား "
"...."
ကောင်းမင်က ဖုန်းစပီကာကို လက်ဖြင့်ကာလိုက်ပြီး ဘယ်ညာဝေ့ကြည့်လိုက်သည် ။ ချူးစီစီသည် ကားမောင်းနေ၏။ ယန်ဟွာနှင့်ဝမ်ကျီသည် ဆက်သွယ်ရေးစက်မှ အချက်အလက်များကို ဖတ်ရှုနေကြလေသည်။ သူတို့သည် သူတို့ကိုယ်ပိုင်ကိစ္စများကို ပြုလုပ်နေကြပုံရသည်။ သို့သော် သူတို့ခန္ဓာကိုယ်များသည် ကောင်းမင်ဘက် ကိုင်းနေကြလေသည်။
"ငါတို့ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ အချိန်လိုသေးတယ်လေ "
"ကျွန်မကြိုးချည်ခံထားရတုန်းက ရှင်က မစ်တီးနှစ်ခွက်နဲ့ ပြီးသွားတယ်လေ ၊ ကျွန်မအကြောင်း ဘယ်လောက်သိချင်သေးလို့လဲ "
"မင်းနဲ့ လူချင်းပဲ ပြောရအောင်ပါ "
ကောင်းမင်က လက်ပိုက်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက် လှမ်းကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ညအလင်းရောင်ရှိ ရွှမ်ဝမ်သည် ဖုန်းကိုကြည့်လိုက်ပြီး သူမ၏ နားကြပ်ကို ဖြုတ်လိုက်သည်။ သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ထင်ရှားရှားရှိနေလေသည်။ သူသည် ထိန်းချုပ်မှုအားလုံးကို ချိုးဖျက်၍ ပုံမှန်လူသားတစ်ယောက် ဖြစ်ချင်၏။ လွတ်လပ်မှု ၊ ဂုဏ်သိက္ခာနှင့် ချစ်ခြင်းမေတ္တာအပါအဝင် လူသားများတွင်ရှိသည့် အရာအားလုံးကို သူမနှစ်သက်လေသည် ။
......
နံနက် ကိုးနာရီ ၊ စီစွေ့လမ်း ၊ မေ့လင်ယန်တုန့် ခေါက်ဆွဲဆိုင်၌...
ကောင်းမင်သည် နောက်ဆုံးတွင် ကားရပ်ရန်နေရာကို ရှာတွေ့လိုက်သည်။ သူတို့သည် ခေါက်ဆွဲဆိုင်တွင် နံနက်စာစားရန် စီစဉ်လိုက်ကြသည်။ သို့သော် သူတို့ ကားထဲမှ ထွက်လာသောအခါ ညစ်ပတ်နေသည့် လူအိုကြီးတစ်ယောက် ချည်းကပ်လာလေသည် ။
"ငါသိနေတယ် ၊ မင်းတို့အားလုံး ဒီညသေလိမ့်မယ် ၊ ဟုတ်တယ် ဒီညပဲ "
လူအိုကြီးသည် စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ သူသည် စုတ်ပြဲနေသော ကုတ်အင်္ကျီအထူကြီးကို ဝတ်ဆင်ထားပြီး စီးထားသည့်ဖိနပ်သည်လည်း ဘယ်ညာမမှန်ပေ။ လူအိုကြီးသည် သွားတစ်ချောင်းကျိုးနေသောကြောင့် စကားပြောရာတွင် မပီမသဖြစ်နေ၏။
"ခင်ဗျား ဘာမြင်ခဲ့လို့လဲ "
ကောင်းမင်က ရပ်တန့်လိုက်သည်။ သူတို့သည် ယခုညတွင် အန္တရာယ်များသည့် တစ်စုံတစ်ရာကို အမှန်တကယ်လုပ်ကြမည်ဖြစ်သည်။
"မင်း၊ မင်း ပြီးတော့ မင်း! ဒီညမှာ မင်းတို့အပေါ် ကံဆိုးမှုတွေ ကျရောက်လာလိမ့်မယ် ၊ မင်းတို့ အသက်ရှင်ချင်ရင် မင်းတို့အိပ်ရာခေါင်းရင်းမှာ ဒီအဆောင်တွေကို ကပ်ထားရမယ် ! "
လူအိုကြီးက အဆောင်လက်ဖွဲ့တစ်ချို့ကို ထုတ်လိုက်သည်။
"အဲ့ဒါတွေကို တစ်ချက်လောက်ကြည့်ခွင့်ပြုပါလား "
ကောင်းမင်က လူအိုကြီးကို အနားကပ်လာရန် ခေါ်လိုက်သည်။ သူက အဆောင်များကို ဝမ်ကျီ့ထံ ပြလိုက်သော်လည်း ဝမ်ကျီက မတုံ့ပြန်ပေ။
"ဒါဆို မင်းတို့ နဲနဲဝယ်ချင်သလား "
လူအိုကြီးက ထူးဆန်းသော အသံဖြင့် မေးလိုက်သည်။
"မလိုပါဘူး "
ကောင်းမင်က ပုဆိန်ကို ထုတ်ပြလိုက်သည်။
"ကျုပ်က ဒါကို ပိုပြီး ယုံတယ်လေ"
လူအိုကြီးမှာ ကြောက်လန့်သွားပြီး လှည့်ပြေးသွားတော့သည်။
"ကျွန်မ ပုဆိန်နဲ့ ဘာလို့ လူတွေကို ခြောက်လှန့်နေရတာလဲ "
ချူးစီစီက ပုဆိန်ကို ကားထိုင်ခုံအောက် ထိုးထည့်လိုက်သည်။
"ရှင့်မှာ ကိုယ်ပိုင်လက်နက်မရှိဘူးလား "
ကောင်းမင်တို့က ဆိုင်ထဲ ဝင်လိုက်ကြသည်။ သူတို့ မမှာရသေးခင် စားပွဲထိုးမိန်းကလေးသည် သူတို့၏ ဖိနပ်များကို ဆားဖြင့်ပက်လိုက်လေသည်။ ထို့နောက် သူမက ဦးညွတ်ပြီး တောင်းပန်နေ၏။ စားပွဲထိုး အမျိုးသမီး၏ အလွန်အမင်းတောင်းပန်နေမှုကြောင့် ကောင်းမင် ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။
"ကျုပ်တို့ကို ဘာလို့ ဆားနဲ့ပက်ရတာလဲ "
"ခုနက နင်တို့ကြောင့် ရူးနေတဲ့ လူအိုကြီး ထွက်ပြေးသွားလို့ပါ ၊ သူက မသန့်စင်ဘူးလေ ! "
စားပွဲထိုးအမျိုးသမီးသည် အသက်လေးဆယ်ဝန်းကျင်ခန့်ရှိပြီး အလွန်ကြင်နာတတ်လေသည်။
"ဒါပေမယ့် ဆားက အဲ့ဒါကို ကူညီနိုင်လို့လား "
"ဒါက မသန့်စင်ခြင်းတစ်မျိုးပဲ "
သူတို့ ထိုင်ပြီးသောအခါ စားပွဲထိုးအမျိုးသမီးက ရှင်းပြလိုက်သည်။
"လူအိုကြီးနာမည်က ဝူတဲ့ ၊ ဘယ်သူမှ သူ့မျိုးရိုးနာမည်ကို မသိကြဘူး ၊ လူတိုင်းက သူ့ကို အန်ကယ်ဝူလို့ခေါ်ကြတယ် ၊ သူက စီစွေ့လမ်းရဲ့ ကြောက်စရာအကောင်းဆုံး တိုက်ခန်းအိမ်ယာမှာ နေတာလေ "
အမျိုးသမီးက ဆန်းကြယ်စွာပြောပြလိုက်သည်။
"သူရဲ့ ကုတ်အင်္ကျီက ဘာလို့ ထူနေလဲ နင်တို့ သတိထားမိလား ၊ ပြီးတော့ အဆောင်တွေ ဘယ်လောက်များများ သူဝှက်ထားလဲပေါ့ "
"ဒီလို ရာသီဥတုမျိုးမှာ အင်္ကျီအထူကြီးဝတ်ထားတာကတော့ ထူးဆန်းတယ် "
ကောင်းမင်က မီနူးကို လှန်ကြည့်လိုက်သည်။
"စီစွေ့လမ်းက အိမ်ယာတိုက်ခန်းတွေမှာ ကြောက်စရာနေရာတွေ အများကြီးရှိတယ် ၊ အိမ်ငှားအသစ်တွေက ဘေးကင်းစေဖို့အတွက် အဆောင်တွေကို ကော်ရစ်ဒါမှာ ကပ်ထားကြတာလေ ၊ အန်ကယ်ဝူက အဲ့ဒီအဆောင်တွေကို လိုက်စုနေတာ ၊ သူက အဲ့ဒီနေရာကို အမြဲသွားနေကြောင့် သူ့ခန္ဓာကိုယ်က အမြဲအေးစက်နေတယ် ၊ ငါတို့အားလုံးက သူ့နောက်ကို သရဲတစ်ကောင် လိုက်နေတယ်လို့ သံသယရှိတယ် "
စားပွဲထိုးအမျိုးသမီးသည် စုံစုံလင်လင်ရှင်းပြနေ၏။
"သူများတွေရဲ့ အဆောင်တွေကို လိုက်ဖြုတ်နေတာတော့ သိက္ခာမဲ့တာပဲ "
ကောင်းမင်သည် သူ့ဘာသာ ရေတစ်ခွက်ငှဲ့လိုက်ပြီး စားသောက်စရာများ မှာလိုက်သည်။
"စီစွေ့လမ်းအိမ်ယာတွေက မြို့တော်အရှေ့ပိုင်းမှာ သရဲတွေရဲ့အိမ်လို့ နာမည်ကြီးတယ် ၊ အဲ့ဒီနေရာမှာ နှစ်တိုင်း လူသတ်မှုတွေ ဖြစ်တယ် ဒါပေမယ့် မှော်ဆန်တဲ့တစ်ခုခုက လူတွေကို အဲ့ဒီကို ဆက်တိုက်ပြောင်းလာအောင် ဆွဲဆောင်နေသလိုပဲ "
ချူးစီစီက ဝမ်ကျီအတွက် စိုးရိမ်သွားသည်။ သူသည် အဆောင်များကို လက်နဲ့ ထိတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမက သူ့လက်ကို သုတ်ပေးလိုက်သည် ။
"မှောဆန်တယ်ဆိုတာက အဲ့ဒီနေရာဟာ မြို့တော်အရှေ့ပိုင်းမှာ အိမ်ငှားခတွေက ဈေးအနိမ့်ဆုံးဖြစ်နေလို့ပဲ ၊ သရဲတွေက ဆင်းရဲတာလောက် ကြောက်ဖို့ မကောင်းဘူးလေ "
သူတို့စကားဝိုင်းထဲသို့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဝင်လာပြီး ဖြတ်ပြောလိုက်သည်။
"ကျွန်မက အဲ့ဒီနေရာမှာ နေတာလေ အဆောင်တွေလည်း သုံးဖူးတယ် သရဲဇာတ်လမ်းတွေက ကောလဟာလတွေပါပဲ "
"ခင်ဗျားလဲ အဲ့မှာ နေတာလား "
"ဟုတ်တယ် ပြီးတော့ ငါ့အိမ်က သရဲခြောက်တယ်လို့ ယူဆတယ် ၊ ဘာဖြစ်လဲ ၊ ငါ့သားသမီးတွေက ပြေးလွှားနေတုန်းပဲ ၊ ငါ့အတွက် ဒုက္ခတွေပေါ့ "
သက်လတ်ပိုင်းအမျိုးသမီးသည် တူကို ရေထဲတွင်နှစ်လိုက်ပြီး ကောင်းမင်အား အလျင်အမြန်တွက်ချက်ပြလိုက်သည်။
"သရဲခြောက်တဲ့အိမ်တွေမှာ ပရိဘောဂပစ္စည်းတွေ အပြည့်ပဲ ၊ ဒါက ငွေကို အများကြီးချွေတာနိုင်တယ် ၊ တခြားနေရာက အိမ်တွေနဲ့ယှဉ်ရင် သရဲခြောက်တဲ့အိမ်က အများကြီး ဈေးပေါတယ်လေ ၊ ထပ်ပြောရရင် ကြောက်ဖို့ကောင်းတဲ့ အိမ်နီးချင်းတွေကိုလည်း စိုးရိမ်ဖို့ မလိုဘူး "
"ရှင်မကြောက်ဘူးလား "
ချူးစီစီက စပ်စုလိုက်သည်။
"ကြောက်ရမှာလား "
သက်လတ်ပိုင်း အမျိုးသမီးက သရော်လိုက်သည်။
"ငါက သေမှာကိုတောင် မကြောက်တာ ဘာလို့ သရဲတွေကို ကြောက်နေရမှာလဲ "