← Chapters

ထူးဆန်းမှု

Vol. 3 Ch. 42

ထူးဆန်းမှု

Vol. 3 Ch. 42

အန်တီအလုပ်များသူသည် သူမ၏တံခါးကိုမပိတ်ခဲ့ပေ။ သူမသည် ကောင်းမင်တို့ အဆောက်အဦးဘီ၏ငါးလွှာကိုထွက်သွားသည်အထိ ကြည့်ရှူနေခဲ့သည်။

"မူမမှန်ဖြစ်ရပ်က အဆောက်အဦး အေကနေ စတင်ခဲ့တာမဟုတ်လား ၊ ဘာလို့ အဆောက်အဦးဘီက အိမ်ငှားတွေက သရဲတွေဖြစ်နေရတာလဲ "

ချူးစီစီသည် ဖြူဖျော့နေသည်။ သူမသည် အန်တီအလုပ်များသူကိုမြင်ရသောအခါ အော်ဟစ်မိမတတ်ဖြစ်ခဲ့ရသည်။

"မနက်တုန်းက အန်တီဖန်းက ပုံမှန်အတိုင်းပဲလေ ၊ ကြည့်ရတာ ကျွန်မတို့ထွက်သွားပြီးမကြာခင် အသတ်ခံခဲ့ရတယ်ထင်တယ် "

ကောင်းမင်က ခေါင်းယမ်းလိုက်သည်။

"မဟုတ်ဘူး ၊ အဲ့ဒါက သူမကို အရိပ်ကမ္ဘာက လက်သင့်ခံထားထားတာနဲ့ ပိုတူတယ် "

သူကိုင်ထားသော အဆောင်သည် သူ့အားထိခိုက်စေခြင်းမရှိပေ။ အန်ကယ်ဝူသာ မလိမ်ခဲ့လျှင် အန်တီဖန်းနှင့် အန်တီအလုပ်များသူသည် သရဲဆိုးများမဟုတ်ပေ။ သူတို့သည် အဆောက်အဦးအေထဲသို့ တိုက်ရိုက်ဝင်ရန် မဝံ့ရဲတော့ပါ။ ၎င်းသည် ဌာန၏မူမမှန်မှုဖြစ်ပေသည်။ သူတို့သည် ပတ်ပတ်လည်ကို စစ်ဆေးချင်နေကြသည်။

သူတို့သည် အောက်ထပ်သို့ဆင်းလာကြသည်။ မကြာခင် ကောင်းမင်သည် ခြေသံများကြားလိုက်သည်။ ဆံပင်အဝါရောင်ဆိုးထားပြီး နားဖောက်ထားသည့် လူငယ်လေးသည် ကော်ရစ်ဒါတွင် ဟိုဟိုဒီဒီလျှောက်နေ၏။ သူသည် အနက်ရောင်အဝတ်အစားများကို ဝတ်ထားသည်။ သူ၏ လက်ချောင်းထိပ်သည် သွေးထွက်နေ၏။ သူသည် တစ်စုံတစ်ခုကို ရှာဖွေသကဲ့သို့ ခေါင်းကို ငုံ့ထားလေသည်။

ကောင်းမင်သည် အပိုဒုက္ခမရှာချင်သောကြောင့် ထိုလူငယ်အားကျော်သွားရန်ပြင်သည့်အချိန်တွင် သူ့လက်ကောက်ဝက်ကို ဖမ်းဆွဲခံလိုက်ရသည်။ ထိုအချိန်တွင် ကောင်းမင်က သူ့ချိန်းကြိုးအား သုံးလိုက်ချင်သော်လည်း ထိုလူငယ်က ဘာမှ မလုပ်ပဲ ကောင်းမင်အား စူးစမ်းနေလေသည်။

"ကူညီနိုင်တာများ ရှိလား "

"ခင်ဗျားဆီမှာ အနက်ရောင်လက်ကောက်တွေ့လိုက်လို့ပါ ၊ ခင်ဗျားကို သရဲဈေးက ထွက်ပြေးလာတဲ့ လူသားတိရိစ္ဆာန်လို့ ကျုပ်တွေးမိသွားတာ "

လူငယ်က တခွိခွိရယ်မောလိုက်ပြီး လွှတ်ပေးလိုက်သည်။

"လူသားတိရိစ္ဆာန်လား "

အနက်ရောင်လက်ကောက်သည် စုံစမ်းစစ်ဆေးရေးဌာန၏ အနက်ရောင်ဆက်သွယ်ရေးစက်ဖြစ်ပေလိမ့်မည်။ (အနက်ရောင်ထုတ်လွှင့်စက်ကို အနက်ရောင်ဆက်သွယ်ရေးစက်လို့ပဲ သုံးပါတော့မယ် )

ရှင်းလင်းစွာပင် လူငယ်သည် အခြားစုံစမ်းရေးမှူးများနှင့် တွေ့ခဲ့ပေလိမ့်မည်။

"နားလည်မှုလွှဲတာကို ကာကွယ်ဖို့ လက်ကောက်ကို ငါချွတ်ထားသင့်လား "

ကောင်းမင်က ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

"မလိုပါဘူး ၊ သူတို့က အခြေခံအားဖြင့် ကျုပ်တို့နဲ့မတူဘူးလေ "

လူငယ်သည် သူ့လက်ပေါ်ရှိ သွေးထွက်နေသော လက်ကိုပြသရန် အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။

"ကျုပ်က ဒါတွေကို စုဆောင်းရတာကြိုက်တယ် "

လူငယ်သည် အပေါ်ထပ်သို့ တက်သွား၏။ အနီရောင်မီးအိမ်မှအလင်းရောင်သည် သူ့အပေါ်ဖြာကျနေသော်လည်း သူ့တွင်အရိပ်မရှိပေ။

"သူဌေး ၊ အဆောက်အဦးအေမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က အသတ်ခံခဲ့ရတဲ့ လူငယ်လေးကို မှတ်မိလား ၊ သူက ဂိုဏ်းငယ်လေးတစ်ဂိုဏ်းရဲ့ အဖွဲ့ဝင်ပဲ ၊ သူက သူ့ဘောစ့်ဆီက ခိုးမိတဲ့အတွက် ဒီကော်ရစ်ဒါမှာပဲ ဓားနဲ့အခုတ်ခံလိုက်ရတာ "

ချူးစီစီသည် တုန်ယင်နေတော့သည်။

"သူ့နာမည်ကို သရဲလေးလို့ခေါ်တယ် ၊ သူက အန်တီအလုပ်များသူနဲ့ မိသားစုပဲ "

"ငါတို့ ပထမထပ်ကို အရင်သွားရအောင် "

ကောင်းမင်သည် ချူးစီစီအား အနက်ရောင်ဆက်သွယ်ရေးစက်ကိုဖြုတ်ထားရန်ပြောလိုက်သည်။ သားစားကြူးနတ်သည် သူ့ဂိမ်းမဟုတ်ပေ။ သို့သော် သူပိုဂရုစိုက်ရပေမည်။ ပိုက်ဆံစက္ကူများသည် လှေကားထစ်များပေါ်တွင်ပျံ့ကြဲနေပြီး ထောင့်များတွင် ဆီမီးခွက်များရှိနေသည်။ ဖျော့တော့သော သင်းရနံ့တစ်ခုသည် လေထုထဲတွင် ပျံ့လွှင့်နေသည်။ မိသားစုတိုင်းသည် ဘေးကင်းလုံခြုံရေးအတွက် တချို့နတ်ဘုရားများကို ဆုတောင်းကြသည်။ အဆောက်အဦးဘီ ပထမထပ်‌ကော်ရစ်ဒါရှိ ပြတင်းပေါက်တိုင်းသည် သစ်သားတုံးများ အဆောင်များဖြင့် ပိတ်ဆို့ထားသည်။

သို့သော်လည်း အဆောက်အဦးသည် သရဲတစ္ဆေများ စုပုံနေသည်။ ဒီအရာတွေက ဘာအတွက်လဲ။

ကောင်းမင်က ကော်ရစ်ဒါကို ငုံ့ကြည့်လိုက်သည်။ လူတစ်ယောက်သည် ပိုက်ဆံစက္ကူကို မီးရှို့နေသည်။ သူက တဖြည်းဖြည်းနီးကပ်လာသည်။ ထိုပုဂ္ဂိုလ်နှင့် လေးမီတာခန့်ရောက်လာသောအခါ သူက ရပ်တန့်လိုက်သည်။ ၎င်းသည် လူအိုကြီးတစ်ဦးဖြစ်သည်။ သူက အလွန်ပိန်ပါးသည်။ သူ့လက်များသည် တုတ်ချောင်းများနှင့်တူ၏။ လူအိုကြီးသည် လေတိုက်လျှင်ပင် အဝေးသို့လွှင့်ထွက်သွားမည့်ပုံပေါက်နေလေသည်။ သို့သော် သူသည် ဧရာမကလေးကြီးတစ်ယောက်ကို ကျောတွင်ချီပိုးထား၏။

ကလေးတွင် လူကြီးတစ်ယောက်၏ဦးခေါင်းရှိသည်။ သူသည် လူအိုကြီး၏ပုခုံးပေါ်တွင် တမြုံ့မြုံ့ဝါးစားနေလေ၏။ သူသည် ထိုကဲ့သို့ခံစားရလျှင် လူအိုကြီးကို တိုက်ခိုက်သည်။ လူအိုကြီးက သူ့အားအောက်ချချင်လျှင် သူ့လည်ပင်းဖြင့်လူအိုကြီးအားဆွဲထားသည်။ လူအိုကြီး၏အရိုးများကို ဆွဲကိုင်ထားရန် သူ့လက်ချောင်းများကို လူအိုကြီး၏ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ထားသည်။

"လမ်းလျှောက်နေတာ ရပ်လိုက် "

ကောင်းမင်အရှေ့ရှိ တံခါးသည် ရုတ်တရက်ပွင့်လာသည်။ ယောက်ျားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။ ကောင်းမင်က မှောင်မဲနေသောအခန်းအား လှည့်ကြည့်လိုက်သည်။ သူက မီးခြစ်ကို ထုတ်လိုက်သည်။ ထို့နောက် သူသည် အခန်းငယ်လေးထဲတွင် ဂူကျောက်တိုင်တစ်ခုကို မြင်လိုက်ရသည်။ ကြင်နာသည့် အပြုံးဖြင့် သက်လတ်ပိုင်းလူကြီးသည် ဂူကျောက်တိုင်ရှေ့တွင် ဒူးထောက်နေ၏။ ထိုလူ၏ဖိနပ်များသည်မြေကြီးထဲတွင်ရှိနေပြီး သူ့လက်များကို ဂူကျောက်တိုင်နောက်တွင် ဝှက်ထား၏။

သက်လတ်ပိုင်းလူက ဆက်ပြောလိုက်သည်။

"လူအိုကြီးရဲ့နာမည်က ကျောက်ကျီတဲ့ ၊ ဘဝက သူ့အပေါ်မကြင်နာခဲ့ဘူး ၊ အလုပ်မလုပ်တဲ့သူ့သားလည်း တစ်ခုအပါအဝင်ပဲ ၊ သူက အစိုးရရဲ့ အထောက်အပံ့ရဖို့ သူ့အဖေကို ဖျားနာဟန်ဆောင်ဖို့တောင် ဖိအားပေးခဲ့သေးတယ် "

"သူက ကပ်ပါးကောင်တစ်ကောင်ပဲ "

ချူးစီစီက အဘိုးကြီးကို စိုက်ကြည့်နေ၏။ သူမသည် အဘိုးကြီး၏ဘဝသည် သေပြီးသည့်တိုင်အောင် ဘာကြောင့်ခက်ခဲနေရလဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။

"ငါ သဘောတူတယ် ၊ အဘိုးကြီးအပေါ်က ကလေးလိုလိုလူကြီးလိုလိုကောင်ကို ဖယ်ရှားဖို့ ငါတို့ အတူလုပ်ကြရင်ကော ဘယ်လိုလဲ "

သက်လတ်ပိုင်းလူကြီးက အကြံပြုလိုက်သည်။

"မင်း ကျောက်ကျီကို ဖျားယောင်းဖို့ပဲ လိုတယ် "

"သေချာတာပေါ့ "

"အရင်ဆုံးတံခါးနားလာပြီး ငါ့ကိုကူညီပါဦး၊ ဒါမှ ငါတို့အစီအစဉ်ကို သူမကြားနိူင်မှာ "

သက်လတ်ပိုင်းလူကြီးက ပေါ့ပျက်ပျက်ပြောလိုက်သည်။ ကောင်းမင်က တံခါးဆီလျှောက်သွားလိုက်သည်။ သို့သော်သူ့လက်များက တံခါးကို ထိလိုက်သည်နှင့် သူသည် လျင်မြန်စွာ နောက်ပြန်ရုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် တံခါးနောက်မှ လက်များထွက်လာလေသည်။ သူတို့သည် ကောင်းမင်ကို ဖမ်းရန် ကျရှုံးသွားသည်။

သက်လတ်ပိုင်းလူကြီးသည် ချက်ချင်းပြောင်းလဲသွားသည်။ သူ၏ကြင်နာမှုသည် ပျောက်ကွယ်သွားတော့သည်။ သူ့ခန္ဓာကိုယ်သည် ကျောက်တိုင်ထဲတွင်နစ်မြှုပ်နေပြီး လက်များက အခန်း၏နေရာအနှံ့မှ တွားသွားထွက်လာကြသည်။

ကောင်းမင်နှင့်ချူးစီစီတို့သည် ‌ထွက်ပြေးလိုက်ကြသည်။ ထိုအချိန်တွင် တံခါးသည် ဆောင့်ပိတ်သွားခဲ့ပြီး လက်များအားလုံး ပိတ်မိသွားသည်။

"မင်းတို့က ဒီကို အခန်းတွေကြည့်ဖို့ရောက်နေတာလား "

အေးစက်သောအသံတစ်ခုက ရုတ်တရက်မေးလိုက်သည်။ ကောင်းမင်နှင့်ချူးစီစီက လှည့်ကြည့်လိုက်ရာ သူတို့နောက်တွင် အရေးအကြောင်းများရှိနေသောအဘွားအိုကြီးတစ်ယောက်မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ အရိုးပေါ်အရေတင်လက်သည် အဝါရောင်အဆောင်တစ်ခုကို ကိုင်ထားလေသည်။ တံခါး၏အလယ်တွင် အဆောင်အားကပ်လိုက်သည်နှင့် ဂူကျောက်တိုင်အခန်းထဲမှ အသံများရပ်တန့်သွားသည်။

"ဒီနေရာက အခန်းအများစုက သော့ခတ်ထားတာ ၊ သူတို့က မင်းအတွက်ဖွင့်ပေးလာရင် အိမ်ငှားအများစုက မင်းဆီက တစ်ခုခုလိုချင်လို့ပဲ "

အဘွားအိုက ချောင်းဆိုးလိုက်သည်။ သူမသည် သူမ၏သော့တွဲအား လှုပ်ယမ်းလိုက်ပြီး ခေါင်းမော့လိုက်သည်။

"မင်းတို့ ကြိုက်တဲ့အခန်း တွေ့ပြီလား "

အဘွားအိုသည် မည်သည့်မျက်ဆံမှ မရှိပေ။ သူမသည် အရပ်ပုသော်လည်း ကောင်းမင်သည် ဧရာမသားရဲကြီးတစ်ကောင်ရှေ့တွင် ရပ်နေရသကဲ့သို့ ဖိအားအများအပြားခံစားနေရသည်။

"အဘွားက ဘယ်သူပါလဲ "

"သူတို့ကတော့ ငါ့ကို အဘွားရှန်းလို့ခေါ်ကြတယ် "

အဘွားရှန်းသည် သူမ၏သော့တွဲအား လှုပ်ယမ်း၍ ကော်ရစ်ဒါပေါ်တွင် လမ်းလျှောက်လိုက်သည်။ သူမက ကျောက်ကျီကို ကျော်လိုက်သောအခါ သူ့နောက်ကျောတွင်ရှိသော ကလေးအား တစ်ချက်ကြည့်လိုက်သည်။ ချက်ချင်းပင် ကလေးသည် ကျောက်ကျီကို လွတ်လိုက်ပြီး စတင်ငိုယိုတော့သည်။

"နင်ဆက်ငိုနေရင် ငါနင့်ကို ဘိုးဘေးခန်းမကို ပို့ပစ်မယ် "

ကလေးက ချက်ချင်းအငိုတိတ်သွားသည်။ သူသည် ကြောက်ရွံ့စွာဖြင့်ကျောက်ကျီ၏နောက်သို့ တွားသွားလိုက်သည်။

အဘွားရှန်းသည် သော့တစ်ချောင်းကိုထုတ်လိုက်ပြီး ကော်ရစ်ဒါအစွန်း၏အခန်းတံခါးကို ဖွင့်လိုက်သည်။ ထိုအခန်းသည် အများသုံးသန့်စင်ခန်းနှင့်အနီးဆုံးဖြစ်ပြီး ယင်စွမ်းအင်များစုဝေးနေသော နေရာဖြစ်သည်။

"အဘွား အဘွားအခန်းကို ကျွန်တော်တို့ဝင်လို့ရမလား "

ကောင်းမင်က စိုးရိမ်နေခဲ့သည်။ အဘွားရှန်း၏နေရာသည် အထူးနေရာဖြစ်သည်။ သူမ၏အခန်းထဲတွင် အဆောင်များနှင့် အမျိုးမျိုးသောရုပ်တုများရှိနေသည်။

"မင်းတို့က အခန်းရှာနေတယ်ဆိုရင် ငါ့ကိုအပြင်မှာစောင့်နေ ၊ မင်းတို့က အိမ်ပြန်လမ်းကို ရှာချင်တယ်ဆိုရင်တော့ အထဲဝင်ပြီး စကားပြောနိုင်တယ် ၊ တချို့အရာတွေက အပြင်မှာပြောလို့မရဘူး "

အဘွားရှန်းသည် အဆောင်ပုံထဲမှ တစ်ခုခုကို စမ်းတဝါးဝါးရှာဖွေနေ၏။ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ကောင်းမင်နှင့်ချူးစီစီတို့သည် အခန်းထဲဝင်လိုက်ကြသည်။

မူမမှန်မှုသည် ထိန်းချုပ်မှုလွတ်သွားခဲ့ပြီဖြစ်သည်။ အရာအားလုံးသည် ထူးဆန်းပြီး အန္တရာယ်များလှသည်။

"အဘွား ၊ ဒီနေရာကလူတွေက ဘာလို့အရမ်းထူးဆန်းကြတာလဲ "

ကောင်းမင်သည် ကျောက်ရှီ၏သရဲကို မြင်ဖူးလေသည်။ သူသည် သူ၏လူသားအသွင်အပြင်အများစုအား ထိန်းသိမ်းထားသေးသည်။

"အမှားက အစစ်အမှန်ဖြစ်ပြီး အစစ်အမှန်က အမှားဖြစ်တယ် "

အဘွားရှန်းသည် တချို့နတ်ဘုရားများကို ဆုတောင်းနေသည်။

"ပုံမှန်ဆိုတာ အစစ်အမှန်မဟုတ်ဘူး ၊ ထူးဆန်းတာကလည်း အတုအယောင်မဟုတ်ဘူး ၊ မင်းတို့အခုမြင်ရမယ့်အရာတွေက သူတို့ရဲ့ ပုံစံအစစ်အမှန်ဖြစ်ပါလိမ့်မယ် "

အဘွားရှန်းသည် အဖြူရောင်ဖယောင်းတိုင်များကို မီးထွန်းလိုက်ပြီး အခန်းထဲရှိတစ်လုံးထဲသော ကုလားထိုင်တွင် ထိုင်လိုက်သည်။

"မကြာခင်မှာ မင်းတို့ဟာ သူတို့လိုဖြစ်လာလိမ့်မယ် ၊ မင်းတို့ဟာ မင်းတို့ရဲ့ အစစ်အမှန်ပုံစံဖြစ်လာလိမ့်မယ် ၊ ဒါပြီးရင်တော့ မင်းတို့ ထွက်သွားချင်တယ်ဆိုရင်တောင် ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူး "

All Chapters