ပိုင်ရှောင်
Vol. 3 Ch. 44
“ပိုင်ရှောင်က သူမစားသင့်တဲ့အသားကို စားခဲ့တာဖြစ်ရမယ် ! “
အမှုသည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်က ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ပိုင်ရှောင်သည် ကလေးတစ်ယောက်သာဖြစ်သည်။ သူသည် တရားခံတစ်ယောက်မဖြစ်နိုင်သော်လည်း သူ့အားတရားခံတစ်ယောက်ကဲ့သို့ အကြည့်ခံနေရသည်။ ထွက်ပြေးရန် အလွန်နောက်ကျသွားချေပြီ။ ကောင်းမင်သည် ချိန်းကြိုးကို ဆုပ်ကိုင်လိုက်ပြီး ချူးစီစီအား သတ်ဖြတ်သူအဆောင်ကို သူမ၏ပုဆိန်ပေါ်တွင် ကပ်ထားရန်ပြောလိုက်သည်။
“နှစ်ယောက်တစ်ယောက်ပဲ ၊ ငါတို့မှာ အခွင့်အရေးတစ်ခုရှိတယ်”
ကောင်းမင်သည် ထိုဆုံးဖြတ်ချက်ကို အချိန်တစ်ချို့ယူလိုက်ရသည်။ ထို့နောက် ပိုင်ရှောင်သည် ကော်ရစ်ဒါပေါ်တွင် တိုက်ခိုက်လိုက်သည်။ အရိုးဓားကွေးများသည် ညအမှောင်ကို ဖြတ်၍ ကောင်းမင်တိုးဝင်လာ၏။
“သတိထား !”
ချူးစီစီက ဘေးမှ ပြေးတက်သွားသည်။ ပုဆိန်က ပိုင်ရှောင်၏ ပုခုံးကို ဖြတ်တောက်တော့မည့်အချိန်တွင် ပိုင်ရှောင်က လူတစ်ယောက်ပုံစံမဟုတ်သည့်ရှောင်တိမ်းမှုဖြင့် ရှောင်ရှားလိုက်သည်။ မိုးကာအင်္ကျီသည် ပွင့်ဟသွားပြီး ကောင်းမင်က ပိုင်ရှောင်၏ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။ ထိုလူ၏ အရေပြားပေါ်တွင် ထူးဆန်းသည့် စကားလုံးများရေးသားထား၏။ အနက်ရောင် စာလုံးများသည် သူ့အသားထဲတွင် ပိုးကောင်များကဲ့သို့ တွားသွားနေကြသည်။
အရိုးများအက်ကွဲနေသဖြင့် ပိုင်ရှောင်၏ခန္ဓာကိုယ်သည် အပိုင်းပိုင်း ပဲ့ထွက်နေသည်။ သူ့ဦးနှောက်သည် ဆီပူပူဖြင့် အကြော်ခံထားရသကဲ့သို့ သူသည် အလွန်စိတ်လှုပ်ရှားနေပုံရသည်။ သူ၏ သွေးစွန်းပါးစပ်သည် ပြုံးဖြဲနေခဲ့သည်။ ပိုင်ရှောင်သည် သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်များကို ဖောက်ခွဲပစ်လိုက်ပြီး ကျည်ဆန်တစ်ခုကဲ့သို့ ရှေ့သို့ ထိုးတက်လာ၏။
သူ့ခန္ဓာကိုယ်အားလေ့ကျင့်ထားသော ကောင်းမင်သည်ပင်လျှင် ပိုင်ရှောင်ယှဉ်ပါက အလွန်အားနည်းနေလေသည်။ ထပ်ဆိုရသော် သူသည် ပိုင်ရှောင်ကဲ့သို့ တရားဝင်လေ့ကျင့်ခန်းများ မရရှိခဲ့ချေ။
ကောင်းမင်သည် ပိုင်ရှောင်ကို စိုက်ကြည့်လိုက်ပြီး ပိုင်ရှောင်၏တိုက်ခိုက်မှုလမ်းကြောင်းကို လေ့လာရန် စိတ်အေးအေးထားလိုက်သည်။ သူသည် ပိုင်ရှောင်၏တိုက်ခိုက်မှုပုံစံအား ခန့်မှန်းနိုင်လာသော်လည်း ၎င်းတို့အား ရှောင်ရှားရုံမျှသာ တတ်နိုင်သည်။
“သူ့ကို ခုတ်လိုက်တော့ ! “ ကောင်းမင်သည် နောက်ဆုံးတိုက်ခိုက်မှုကို ရှောင်နိုင်ရုံမျှသာ အတင်းအကြပ်ရှောင်တိမ်းလိုက်သည်။ ထို့ကြောင့် သူ့မျှော်လင့်ချက်အား ချူးစီစီအပေါ် ပုံအပ်ထားလိုက်သည်။ ချူးစီစီက အကောင်းဆုံးကြိုးစားနေသော်လည်း ပိုင်ရှောင်သည် သူ့ခန္ဓာကိုယ် မဖြစ်နိုင်သော ထောင့်ချိုးများဖြင့် ကွေးညွတ်နေပြီး မယုံနိုင်ဖွယ် လျင်မြန်လှသည်။
မျက်စိတမှိတ်အတွင်း ကောင်းမင်သည် အဆောက်အဦးဘီ၏ ကော်ရစ်ဒါမှ ဆုတ်ခွာလိုက်ရသည်။ သူသည် သေခြင်းတရားနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။
ပိုင်ရှောင်၏အပြုံးမျက်နှာနှင့် ဓားချက်များသည် ကောင်းမင်၏အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းနေသည်။ အထပ်တစ်ခုလုံးသည် သွေးများဖုံးလွှမ်းနေ၏။ ကြမ်းပြင်အပေါ်ယံကား စိုရွှဲနေသော သွေးများ ခပ်ပါးပါးရှိနေသည်။ သူသည် အလွန်ဂရုစိုက်သော်လည်း ပိုင်ရှောင်ကြောင့် ချောင်ပိတ်မိနေဆဲဖြစ်သည်။
ကောင်းမင်သည် ရွေးချယ်စရာမရှိတော့ပဲ အခြားစုံစမ်းရေးမှူးများကဲ့သို့ အခန်းဘေးသို့ ပြေးဝင်လိုက်ရသည်။ သူက တံခါးကို ဆောင့်ပိတ်လိုက်သည်။ သို့သော် တံခါးက ပျက်စီးနေခဲ့သည်။ ကိုးလွှာသည် အမဲလိုက်ကွင်းကြီးတစ်ခု ဖြစ်နေပုံရသည်။ မည်သည့်တံခါးမှ သော့ပိတ်ထားခြင်းမရှိပေ။ ကျောချမ်းဖွယ်ရယ်မောသံကြီးသည် တံခါးအပြင်ဘက်တွင် ပဲ့တင်ထပ်နေသည်။
ဓားများသည် တံခါးထဲသို့ ဖောက်ဝင်လာ၏။ ၎င်းသည် ကောင်းမင်၏နှလုံးအား ပေါင်တူဖြင့် ထုလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။ သူ့ခန္ဓာကိုယ်ဖြင့် တံခါးကို ပိတ်ဆို့ထားရင်း ကောင်းမင်သည် သူ့ကျောပိုးအိတ်ထဲမှ ကျောက်ရှီ၏လူသေဓာတ်ပုံကို ထုတ်ယူလိုက်သည်။
“အစ်ကိုကျောက်ရေ! ခင်ဗျား ကျွန်တော့ကို အခုမကူညီဘူးဆိုရင် ကျွန်တော့ကို နောက်ထပ်ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး “
သွေးစက်များက လူသေဓာတ်ပုံပေါ် စီးကျလာ၏။ ကောင်းမင်နှင့်ကျောက်ရှီသည် ချိန်းကြိုးများမှတစ်ဆင့်ဆက်သွယ်နေကြသည်။ အရိပ်များသည် ဓာတ်ပုံပေါ်တွင် စုစည်းလာကြသည်။ အခန်းထဲတွင် အပူချိန်ကျဆင်းသွားသည်။ ကျောက်ရှီဓာတ်ပုံ၏ အရောင်သည် မှိန်ဖျော့သွားသည်။ ဒဏ်ရာများဖြင့်လက်ချောင်းများက တိုးထွက်လာ၏။ ကျိုးပဲ့နေသောလက်တစ်ဖက်က ကောင်းမင်၏လက်အားဆုပ်ကိုင်လိုက်သည်။ သွေးနံ့ကား နေရာအနှံ့ပျံ့ကျဲသွားသည်။ ကျောက်ရှီသည် ဓာတ်ပုံထဲမှ တွားသွားထွက်လာလေပြီ! ။
တံခါးသည် ထိုခဏတွင် ဖျက်ဆီးခံလိုက်ရသည်။ ပိုင်ရှောင်သည် အခန်းထဲ ပြေးဝင်လာသည်။ သို့သော် သူသည် ကျောက်ရှီအားတွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ အပိုင်းပိုင်းကျိုးပဲ့နေသောခန္ဓာကိုယ်သည် ပိုင်ရှောင်ကို ဆွဲဖက်လိုက်သည်။ ပိုင်ရှောင်သည် အသေအလဲရုန်းကန်လိုက်သော်လည်း ကျောက်ရှီက လွှတ်မပေးချေ။ ကျောက်ရှီသည် ဘဝ၏ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်ခဲ့ရပြီး သူသေဆုံးပြီးနောက်တွင်ပင် ယင်းသည် သူ့အား ဖျက်ဆီးနေဆဲဖြစ်သည်။ သွေးစက်များသည် ဒဏ်ရာများမှ စိမ့်ထွက်လာသော်လည်း မြေပြင်ပေါ်သို့စီးကျမသွားပေ။ ထို့အစား သွေးများသည် သူ့အားပိုင်ရှောင်နဲ့ ပူးကပ်နေစေရန် ကော်စေးများဖြစ်လာသည်။ သူသည် သူတွေ့ကြုံခဲ့ရသော စိတ်ပျက်အားငယ်မှုများကို ပိုင်ရှောင်ထံ ပို့လွှတ်လိုက်သည်။
ပိုင်ရှောင်၏ဓားများသည် ကျောက်ရှီအား မည်သို့မျှ အစစ်အမှန်ထိခိုက်ခြင်း မဖြစ်စေခဲ့ပေ။ သူ၏ သွေးစွန်းပါးစပ်ကြီးသည် ရုတ်တရက် ပြဲထွက်လာပြီး ကျောက်ရှီ၏ ပုခုံးကို ကိုက်ချလိုက်လေသည်။
အနည်းငယ်ရုန်းကန်မှုနှင့်အတူ ပိုင်ရှောင်သည် ကျောက်ရှီ၏အသားစတစ်စကို ကိုက်ထုတ်လိုက်သည်။ ကြောက်စရာကောင်းသည့် အရာကား ထိုဒဏ်ရာသည် ပြန်ကောင်းမလာခြင်းဖြစ်သည်။ ထူးဆန်းသည့်စာလုံးများက ဒဏ်ရာမှတဆင့် ကျောက်ရှီကိုလည်း ကူးစက်သွားစေသည်။
“သူက သရဲကိုလည်း ကိုက်တာပဲလား “
ကောင်းမင်သည် ပိုင်ရှောင်ရှေ့ကို ပြေးသွားလိုက်သည်။ သူ့အနက်ရောင် ချိန်းကြိုးများကို သုံး၍ သူ့အားထိန်းထားလိုက်၏။
“ချူးစီစီ! “
ချူးစီစီသည် ပုဆိန်ကို မြောက်၍ ပိုင်ရှောင်၏နောက်ကျောအား ခုတ်ချလိုက်သည်။ ထိုလူသည် နာကျင်မှုကြောင့် ညည်းညူလိုက်သည်။ အနက်ရောင်စာလုံးများက ပိုင်ရှောင်၏နောက်ကျောဘက် စီးဝင်လာကြသည်။
“တောင်းပန်ပါတယ် ခေါင်းဆောင်ပိုင် ! “
ချူးစီစီသည် ထိန်းမထားနိုင်တော့ချေ။ သူမရှေ့ရှိလူသည် သူမ၏အဖွဲ့ခေါင်းဆေယင်အဖြစ် မကြာခဲ့သော်လည်း သူသည် အန္တရာယ်များသည့် အရူးတစ်ယောက်ဖြစ်သည်။ အဆောင်စာရွက်သည် ပိုင်ရှောင်၏နောက်ကျောအား လောင်ကျွမ်းနေ၏။ ချူးစီစီ၏ ပုဆိန်က ပိုင်ရှောင်၏ရင်ဘတ်အား ခုတ်ဖြတ်လိုက်သည်။
“သူ့နှလုံးသားက ဖောက်ထုတ်ခံထားရပြီးပြီ “
ပိုင်ရှောင်၏မျက်နှာပေါ်တွင် သွေးကြောများဖောင်းကြွလာ၏။ သူ့မျက်လုံးများထဲတွင် ခါးသီးမှုများပြည့်နှက်နေလေသည်။ သူ့ခန္ဓာကိုယ်မှ အနက်ရောင်စကားလုံးများသည် နှင်းကဲ့သို့ အရည်ပျော်ကျသွားသည်။ သူသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူသည် အသားပုံကြီးတစ်ခုနှင့်ပိုတူနေပေသည်။
ကောင်းမင်သည် ပိုင်ရှောင်၏ပါးစပ်မှသွေးများကို သုတ်ပေးလိုက်ပြီး ပုဆိန်ကိုဆွဲထုတ်လိုက်သည်။ သူက ပိုင်ရှောင်ကို ကြည့်လိုက်သည်။ သူသည် လူလော သရဲလော သူမပြောတတ်ပေ။
အနက်ရောင်စာလုံးများအားလုံး ပျောက်ကွယ်သွားပြီးနောက် ပိုင်ရှောင်၏မျက်လုံးများ ပြန်ပွင့်လာ၏။ သူသည် ကောင်းမင်ကို တွေ့လိုက်သည့်အတွက် အလွန်စိတ်လှုပ်ရှားနေပေသည်။ သူသည် တစ်စုံတစ်ခုကိုယူရန်အတွက် မိုးကာအင်္ကျီထဲလက်လှမ်းလိုက်သော်လည်း သူက အလွန်အားနည်းနေ၏။ သူ၏ ကြွက်သားနှင့် အသွေးအသားများသည် သေဆုံးနေခဲ့ပုံရသည်။ သူတို့သည် ရက်များစွာက သေဆုံးသွားခဲ့သလို ပုတ်သိုးနေပေသည်။
ကောင်းမင်သည် မိုးကာအင်္ကျီအား ဆွဲဖွင့်လိုက်သည်။ ပိုင်ရှောင်၏ ရင်ဘတ်ထဲတွင် အနက်ရောင်ဆက်သွယ်ရေးစက်ကို သူရှာတွေ့လိုက်သည်။ ဆက်သွယ်ရေးစက်ထဲတွင် မှတ်တမ်းတင်ထားသော အသံဖိုင်အနည်းငယ်ရှိနေခဲ့သည်။
မှတ်တမ်း (၁) “ဒါက ငါတို့ အိမ်ရာထဲဝင်ခဲ့တာ ၁၇မိနစ်ရှိပြီ ၊ အဖွဲ့ထဲ လူတွေပျောက်နေတယ် ၊ ငါတို့ ကော်ရစ်ဒါကို ဖြတ်လာတုန်းက စုံစမ်းရေးမှူးနှစ်ယောက်ဆုံးရှုံးခဲ့ရတယ် “
မှတ်တမ်း(၂) “ဒါက ငါတို့အဆောက်အဦးထဲဝင်လာတာ မိနစ်လေးဆယ်ရှိပြီ ၊ ဒီမူမမှန်မှုထဲက သရဲတွေက အကုန်လူသားတွေဖြစ်ခဲ့တယ် ၊ သူတို့က သူတို့ သေနေတာကို မသိဘူး ၊ လူဘဝကမှတ်ဉာဏ်တွေရှိကြတယ် ၊ မင်းသာ ထူးထူးဆန်းဆန်းမတုံ့ပြန်ရင် မင်းတိုက်ခိုက်ခံရမှာမဟုတ်ဘူး ၊ ဘာပဲဖြစ်ဖြစ် အခန်းတွေထဲကို မဝင်ပါနဲ့ “
မှတ်တမ်း (၃) “အသားကို စားရင် မင်းကြာကြာအသက်ရှင်နိုင်မယ် “
မှတ်တမ်း(၄) “ ဒီနေရာကြီးက မူမမှန်ဖြစ်ရပ်နဲ့မတူပဲ အစစ်အမှန်ကမ္ဘာနဲ့ ပိုတူနေတယ် ၊ တကယ်ကြီး နောက်ကမ္ဘာတစ်ခုလား “
မှတ်တမ်း (၅) “ငါကိုယ်တိုင် မှန်မှန်ကန်ကန် နေရမယ် “
မှတ်တမ်း(၆) “ လေးလွှာက ရေခဲတိုက်နဲ့ အဖြူရောင်မီးအိမ်ရှိတဲ့အိမ်တွေက လုံခြုံတယ် “
မှတ်တမ်း(၇) “အသားတွေကို မစားနဲ့ ! “
မှတ်တမ်းခုနှစ်ခုသည် ဤကမ္ဘာပေါ်တွင် ပိုင်ရှောင်၏နောက်ဆုံးစကားဖြစ်ပေသည်။ သူသည် ၎င်းတို့ကို အသားထဲတွင် ချုပ်ထားခဲ့သည်။ ထို့ကြောင့် ဆက်သွယ်ရေးစက်သည် ဖော်ထုတ်မခံရခြင်းဖြစ်သည်။
“ကျွန်မ ဌာနကို အင်တာဗျူးလာတုန်းက ခေါင်းဆောင်ပိုင်က ကျွန်မကို လက်ခံပေးခဲ့တာပဲ ၊ သူက တော်တဲ့လူတစ်ယောက်ပါ “
ချူးစီစီသည် ကြောင်အနေပေသည်။ သူမ ပထမဆုံးသတ်ခဲ့ရသောသရဲသည် သူမအလွန်လေးစားခဲ့သောလူဖြစ်လိမ့်မည်ဟု မတွေးမိခဲ့သောကြောင့်ဖြစ်သည်။
“မင်းနဲ့ငါ အပါအဝင်လူတိုင်း သေကြရမှာပဲ ၊ ငါတို့လုပ်နိုင်တာက ငါတို့သေဆုံးမှုကို ပိုတန်ဖိုးရှိအောင် လုပ်ဖို့ပါပဲ “
ကောင်းမင်က ချူးစီစီ၏လက်ကို စစ်ဆေးလိုက်သည်။ သူမ၏ ပုဆိန်ကိုင်ခဲ့သောလက်မှ ဒဏ်ရာသည် မကုသနိုင်ပေ။
“ဘာဖြစ်နေတာလဲ “
“ကျွန်မ အဆောင်ကိုသုံးလိုက်တုန်းက အဆောင်က ကျွန်မသွေးတွေကိုစုပ်သွားတာ ထင်တယ် “
ချူးစီစီက အခြားအဆောင်နှစ်ခုကို ထုတ်လိုက်သည်။
“အဆောင်က ကျွန်မရဲ့ တစိတ်တပိုင်းကို ဝါးမြိုလိုက်သလိုခံစားရတယ် “
ကောင်းမင်က အဆောင်များကို အနီးကပ်စစ်ဆေးလိုက်သည်။ သူက အဆောင်များသည် လူသားအရေပြားများနှင့် ပြုလုပ်ထားကြောင်း သိလိုက်ရသည်။ အဆောင်တစ်ခုချင်းစီတွင် အတွင်း၌ ပိတ်လှောင်ထားသော သရဲတစ်ကောင်ရှိလသည်။
“ဒီနေရာက အရာအားလုံးက သရဲတွေနဲ့ဆက်စပ်နေတာ ၊ အရိပ်ကမ္ဘာကြီးက သရဲတွေနဲ့ပြည့်နေတဲ့ကမ္ဘာတစ်ခုကို ဖန်တီးနေတာလား “
ကောင်းမင်က ချူးစီစီကို ထူလိုက်ပြီး ကျောက်ရှီအား သူ့နောက်ကျောတွင် သယ်လိုက်သည်။ သူသည် ကော်ရစ်ဒါအနားတွင် ရပ်လိုက်ပြီး အဆောက်အဦး အေသို့ ဦးတည်လိုက်သည်။ အရိပ်သည် သွေးနှင့်ရောနှောနေသည်။
သူတို့သည် အဆောက်အဦးအေနှင့်နီးကပ်လာလေ ကောင်းမင်၏နှလုံးခုန်သံက မြန်လာလေဖြစ်နေသည်။ နက်ရှိုင်းသောအဆောက်အဦးအတွင်းမှ တစ်စုံတစ်ခုက သူ့အားခေါ်နေသကဲ့သို့ဖြစ်သည်။
“အဘွားရှန်းပြောတာကတော့ ငါက ဝတ်ပြုဓလေ့မှာ အရင်က ပါဝင်ဖူးတယ်တဲ့ ၊ လှိုဏ်ခေါင်းထဲမှာ ငါတစ်ခုခုဆုတောင်းခဲ့တာလား “
မြေပြင်ပေါ်မှ သွေးများသည် တဖြည်းဖြည်းပျောက်ကွယ်သွားကြသည်။ ညင်သာသော ချောင်းဆိုးသံတစ်ခုထွက်ပေါ်လာသည်။ သူခေါင်းကို မော့လိုက်ရာ ရုတ်တရက်သူသည် အဆောက်အဦး အေထဲ ရောက်ရှိနေပြီဖြစ်သည်။
နေလှန်းထားသောအဝတ်များကို တွန်းဖယ်လိုက်ရာ ကောင်းမင်သည် ဆော့ကစားနေသောကလေးများနှင့် စကားပြောနေသော လူကြီးများကို တွေ့လိုက်ရသည်။ အဆောက်အဦးအေသည် ကူးစက်ခြင်းမခံရသလိုဖြစ်သည်။ အားလုံးသည် ပုံမှန်ဘဝတွင် နေထိုင်နေကြလေသည်။
သူတို့၏ခန္ဓာကိုယ်များသည် တချို့နည်းများဖြင့် ထိခိုက်နေသည်ကလွှဲ၍ သူတို့သည် သာမန်လူများဖြင့် ကွာခြားပုံမရပေ။