← Chapters

အိမ်

Vol. 4 Ch. 48

အိမ်

Vol. 4 Ch. 48

အရိုးအပိုင်းအစများကို ထွေးထုတ်ပြီးနောက် တိုက်ခန်းမန်နေဂျာသည် မျက်နှာဖုံးကို ပြန်တပ်လိုက်ပြီး ခပ်သော့သော့ ထွက်သွား၏။ ဝမ်ကျီသည် သက်ပြင်းချလိုက်ပြီး လက်ကို ပြန်ချလိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်အနံ့တစ်ခုသည် သူ့အား အပြင်းအထန်တိုက်ခိုက်လာသည်။

"ဒီနေရာက အရမ်းနံတာပဲ ၊ လွန်ခဲ့တဲ့ ရက်တွေက လူတွေသေထားသလိုပဲ "

သူက အမှိုက်ပုံးနှင့် ဖိနပ်စင်ကို စစ်ဆေးရန် လှည့်ပတ်လိုက်သည်။ အမှိုက်ပုံးသည် အလွန်သန့်ရှင်းနေသည်။ အမှိုက်ပုံးထဲတွင် စွန့်ပစ်ထားသော စာရွက်တချို့သာ ရှိသည်။ ဝမ်ကျီက စာရွက်များကို ညင်ညင်သာသာထုတ်လိုက်သည်။ စာရွက်အား မနေ့ကမှ ပစ်ထားခဲ့ပုံရသည်။

"ဒီနေ့က အခန်း၅၀၅ကို ငါပြောင်းလာခဲ့တာ ရက်၃၀မြောက်နေ့ပဲ ၊ ငါမျက်နှာချင်းဆိုင်အခန်းမှာ သိပ်လှပတဲ့ ဆင်ဂယ်မားသားတစ်ယောက်နေတယ် ၊ သူက ညဘက်မှာ ပစ္စည်းပစ္စယတွေဝယ်ဖို့ မကြာခဏထွက်သွားလေ့ရှိတယ် ၊ ငါညဆိုင်းအလုပ်လုပ်တဲ့အချိန်တွေကျရင် ကော်ရစ်ဒါတစ်လျှောက် သူ့နောက်ကို ငါ အမြဲပြေးလိုက်သွားလေ့ရှိတယ် "

"သူက တကယ်လှတာ ၊ သူ့ရဲ့နက်မှောင်တဲ့ဆံကေသာလေးက အရှည်ကြီးပဲ ၊ ဒါပေမယ့်လည်း သူက အမြဲတမ်း တူညီတဲ့အဝတ်အစားပဲ ဝတ်ပြီးတော့ သူမအနားမှာ ထူးဆန်းတဲ့ အနံ့အသက်တွေ ဝေ့ဝဲနေတယ် ၊ ပထမတော့ ငါစိတ်ထဲမထားပါဘူး ၊ ဒါပေမယ့် တစ်နေ့တော့ အိမ်ခန်းပိုင်ရှင်က ငါ့ကို တစ်ခုခုပြောခဲ့တယ် "

"သူပြောတာက ငါ့မျက်နှာချင်းဆိုင်အခန်းက နောက်ဆုံးတော့ အိမ်ငှားတွေ လွတ်သွားပြီတဲ့ ၊ ငါ မကြာခင် ကုမ္ပဏီ ရှိလာတော့မယ်တဲ့ ၊ ဒါပေမယ့် ဆင်ဂယ်မားသားကရော ၊ ညတိုင်း ညတိုင်း မျက်နှာချင်းဆိုင်အခန်းကနေ ကလေးတွေရယ်တဲ့အသံကို ငါကြားရတယ်လေ ၊ အရမ်းဆိုးဝါးတဲ့ အနံ့အသက်တွေကိုရောပေါ့ "

"အနံ့ဆိုးလား "

ဝမ်ကျီက ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

"ဒိုင်ယာရီ ပိုင်ရှင်က အခန်း ၅၀၅မှာ နေခဲ့တာ ၊ အခု ငါရောက်နေတာက အခန်း ၅၀၆ မှာပဲ "

ဖျော့တော့သော မီးအလင်းရောင်သည် ဝမ်ကျီအပေါ်သို့ဖြာကျနေသည်။ သူသည် ဧည့်ခန်း၏အင်္ဂတေ ကြမ်းပြင်ပေါ်တွင် အနီရောင်ခြေရာများကို မြင်လိုက်ရသည်။

"ဒါက သွေးနဲ့ရွှံ့တွေ ရောနေတာပဲ "

ဝမ်ကျီက ဖြည်းညင်းစွာ ဒူးထောက်လိုက်သည်။ သူသည် သူ့မြင်ကွင်းတွင် ဖြူရော်သည့်ခြေထောက်တစ်စုံပေါ်လာသည်အထိ ခြေရာများနောက် လိုက်သွားမိသည်။ သူတို့သည် ထိုနေရာတွင် အစကတည်းကရှိနေဟန် တူသည်။ ဝမ်ကျီက ပြင်ဆင်ထားခဲ့သော်လည်း ကြမ်းပြင်ပေါ်လဲကျသွားသည်အထိ ကြောက်ရွံ့နေခဲ့သည်။ သူမော့ကြည့်လိုက်ရာ ဧည့်ခန်းနှင့် မီးဖိုခန်းကြားတွင် ကလေးမလေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်မလေးသည် တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံဝတ်ထား၏။

သူမ၏ အသားအရေသည်နေရောင်ဖြင့် အချိန်များစွာကြာအောင် မထိတွေ့ခဲ့ရသကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းလောက်အောင်ဖြူဖျော့နေသည်။ ကလေးမလေးအပါအဝင် အခန်းထဲရှိအရာအားလုံးသည် အနံ့ဆိုးကြောင့် ညစ်ညမ်းနေလေသည်။ သို့သော်လည်း ထိုအရာထက် သူမသည် အခြားပုံမှန်ကလေးများနှင့် ခြား‌နားနေပုံရသည်။ သူမ၏အဝတ်အစားများသည် အလွန်သန့်ရှင်းနေပြီး ခေါင်းတွင် ဝက်မြီးသဏ္ဍာန်ကျစ်ဆံမြီးလေးနှစ်ခုရှိလေသည်။ သူမသည် လက်မောင်းကြားတွင် စတော်ဘယ်ရီဝက်ဝံရုပ်ကို ချီထား၏။

"မေမေ ‌ဒီမှာ လူတစ်ယောက် ရောက်နေတယ် "

ကောင်မလေးက ခပ်အက်အက်အသံဖြင့်ပြောလိုက်သည်။ သူသည် အပြင်လူများကို ကြောက်ရွံ့ပုံရသည်။ သူမသည် ဝမ်ကျီကို မြင်သောအခါ သူမ၏မိခင်အား ချက်ချင်းအော်ခေါ်လိုက်၏။ မီးဖိုချောင်ထဲမှ မည်သည့်တုန့်ပြန်သံမှ ထွက်မလာပေ။ မီးဖိုချောင်သည် မှောင်မဲနေသောကြောင့် ဝမ်ကျီက အတွင်းရှိအရာများကို မမြင်နိုင်ပေ။ ခဏကြာသော် ငါးနှစ်အရွယ်ကောင်မလေးတစ်ယောက်သည် မီးဖိုချောင်ထဲမှ ထွက်လာ၏။

သူမသည် ထမင်းပန်းကန်သုံးခု သယ်လာသည်။ သူမက ငိုယိုပြီး ပြောဆိုနေလေသည်။

"မေမေက သမီးကို စကားထပ်မပြောတော့ဘူး ၊ ပြန်လည်း မဖြေဘူး "

ထိုကောင်မလေးသည် ထမင်းပန်းကန်များကို စားပွဲပေါ်တင်လိုက်သည်။ ထိုကောင်မလေးပေါ်မှ အနံ့ဆိုးသည် ဧည့်ခန်းထဲမှ ကောင်မလေးထက် ပိုပြင်းထန်သည်။

"မကြီး ၊ စားကြရအောင် "

‌အငယ်မလေးသည် မျက်ရည်များကို သုတ်လိုက်သည်။ သူမသည် သူမ၏အစ်မဘေးသို့ အပြေးသွားလိုက်ပြီး ဝမ်ကျီကို ကြည့်လိုက်သည်။

"ကိုကြီးလဲ သမီးတို့နဲ့စားချင်လား ၊ သမီးမေမေက အရမ်းဟင်းချက်ကောင်းတယ်နော် "

စဉ်းတီတုံးပေါ် ဓားခုတ်ချလိုက်သည့်အသံထွက်ပေါ်လာသည်။ မီးဖိုချောင်ထဲတွင် ထိုညီအစ်မ၏ မိခင်ရှိနေပေသည်။

ဝမ်ကျီက စားပွဲဆီ အလွန်လျင်မြန်စွာပြေးသွားလိုက်သည်။ သူသည် ရိုးရိုးသားသားထိုင်ချလိုက်ပြီး ဘာမှ မပြောခဲ့ပေ။ ထမင်းစားပွဲရှိလေထုသည် ကြောက်စရာကောင်းနေသည်။ အရုပ်ကိုင်ထားသော အကြီးမလေးသည် ခေါင်းကိုသာငုံ့ထားပြီး ဘာမှ မပြောချေ။ အငယ်မလေးသည် အလွန်တက်ကြွနေပြီး ဝမ်ကျီအား ရံဖန်ရံခါ စိုက်ကြည့်နေ၏။

"သမီးနာမည်က ယွမ်ယွမ် ၊ ဒါက သမီးမကြီး ရှန်ရှန်ပါ ၊ သမီးတို့က ဒီမှာနေတာ အရမ်းကြာပြီ ဒါပေမယ့် တချို့လူဆိုးတွေက ဒီအိမ်က သမီးတို့အိမ်မဟုတ်ဘူးဆိုပြီး သမီးတို့ကို မောင်းထုတ်ချင်နေတာ "

ယွမ်ယွမ်သည် အတော်လေးဒေါသထွက်နေဟန်ဖြင့် ဝမ်ကျီကို ပြောလိုက်သည်။

"ကိုကြီးကတော့ သမီးတို့ကို မောင်းထုတ်ဖို့ရောက်လာတာ မဟုတ်ဘူးလား... ၊ နော် ..."

ဝမ်ကျီက ခေါင်းခါလိုက်သည်။ သူက ညီအစ်မနှစ်ယောက်ကြားကို ကြည့်လိုက်ပြီး ပါးစပ်ဟလိုက်သော်လည်း ဘာမှ မ‌ပြောလိုက်ပေ။ မီးဖိုချောင်ထဲမှ ချက်ပြုတ်သံများ ထွက်ပေါ်လာ၏။ မကြာမီ ဟင်းလျာအနံ့သည် အနံ့ဆိုးများနှင့် ရောနှောသွားသည်။ မီးဖိုချောင်ခန်းဆီးကို အတွင်းမှ ဆွဲလိုက်ပြီး ဂေါ်ဖီထုတ်မွှေကြော်တစ်ပန်းကန်အား တွန်းပို့လိုက်သည်။ အဖြူရောင်ဂေါ်ဖီထုပ်ကို သန့်ရှင်းသောအဖြူရောင်ပန်းကန်တွင် ပုံထားသည်။ ပန်းကန်ပြားအား ပုတ်ပွနေသော လက်ငါးချောင်းက ကိုင်ထားပေသည်။

"သမီး သွားယူလိုက်မယ် "

ယွမ်ယွမ်က အရင်စပြောလိုက်သည်။ သူမသည် မီးဖိုချောင်တံခါးဝဆီ ပြေးသွားလိုက်ပြီး ဟင်းပန်းကန်အား စားပွဲပေါ်တင်ရန် ပြန်ပေးလာ၏။ မီးဖိုချောင်အတွင်းရှိ 'အမေ'သည် လူလုံးမပြခဲ့ပေ။ ခန်းဆီးက ပြန်ကျသွားပြီး လက်ချောင်းများက ပျောက်ကွယ်သွားသည်။ 'အမေ' သည် ဒုတိယဟင်းပွဲကို စတင်ချက်ပြုတ်လိုက်သည်။ ထို့နောက် အသားဟင်းအနံ့ကို ရလိုက်သည်။

ပုတ်ပွနေသောလက်ချောင်းများကို မြင်သောအခါ ဝမ်ကျီ၏ မျက်လုံးများသည် ဂနာမငြိမ်ဖြစ်သွားသည်။ သရဲပုံပြင်သည် အမှန်တကယ်ဖြစ်လာချေပြီ။ ကောင်မလေးနှစ်ယောက်၏ အမေသည် သေဆုံးခဲ့ပြီဖြစ်သည်။ သို့သော် သူတို့အား တိုက်ခန်းမှ မောင်းထုတ်ခံရခြင်းကို ကာကွယ်ရန် သူမ၏ဝိဉာည်သည် ပုတ်ပွနေသောခန္ဓာကိုယ်တွင် နေထိုင်နေခဲ့ခြင်းဖြစ်သည်။ သူမသည် ချက်ပြုတ်သည် ၊လျှော်ဖွတ်သည် ၊ ကောင်မလေး၏ဆံပင်အား နေ့တိုင်းဖြီးသင်ပေးသည်။ အငယ်မလေး ယွမ်ယွမ်သည် သေဆုံးခြင်းကို နားမလည်ပေ။ အကြီးမလေး ရှန်ရှန်က အမှန်တရားကို သိနေခဲ့သော်လည်း သူမ၏မိခင်သည် သူမ၏မိခင်ဖြစ်သောကြောင့် ထွက်သွားရန် ဆန္ဒမရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယဟင်းပွဲသည် မကြာမီအဆင်သင့်ဖြစ်သွားသည်။ ဝမ်ကျီသည် အလွန်တရာဖိအားများနေပေသည်။

တတိယဟင်းပွဲစ၍ ရှေ့တွင် ပုံရိပ်ယောင်သည် ပျောက်ကွယ်သွားလိမ့်မည်။ သေမင်းထောင်ချောက်များသည် နေရာအနှံ့ဖြစ်သည်။ ဝမ်ကျီသည် သူသေမည့်နည်းလမ်းကို မြင်နေရသည်။ အကြီးမလေးသည် ဒုတိယဟင်းပွဲအား သွားယူပေလိမ့်မည်။ ထို့နောက် တတိယဟင်းပွဲကိုယူရန် သူ့အလှည့်ရောက်လာလိမ့်မည်ဖြစ်သည်။ ထို့နောက် သူသည် အမေ၏ဖမ်းခေါ်ခြင်းခံလိုက်ရပြီး တတိယဟင်းပွဲအဖြစ် ပြောင်းလဲခံလိုက်ရမည်ဖြစ်သည်။

သူသည် ဟင်းပွဲများကို သွားယူရန် မကူညီပါက သူသည် ထိုညီအစ်မများ၏ သတ်ဖြတ်ခြင်းခံရမည်ဖြစ်သည်။ သူလွတ်မြောက်ခဲ့မည်ဆိုပါက အမေသည်

သူ့အားလိုက်ဖမ်းရန် မီးဖိုချောင်ထဲမှ ထွက်လာပေလိမ့်မည်။ အကယ်၍ သူဘာမှမလုပ်လျှင်လည်း ထိုနေရာတွင် ထာဝရနေရတော့မည်ဖြစ်သည်။ သူ့မျက်လုံးမှ သွေးမျက်ရည်များထွက်လာ၏။ ဝမ်ကျီသည် သူ့ခေါင်းကို ကိုင်ထားလိုက်ပြီး မီးဖိုချောင်အား ထပ်မကြည့်ရဲတော့ချေ။

အသားဟင်းလျာနံ့သည် ပြင်းထန်လာခဲ့သည်။ ‌ အသားစိမ်းအား ချက်ပြုတ်ပြီးချေပြီ။ ပုတ်ပွနေသောလက်သည် ဟင်းပွဲကို လက်လွှဲပေးလိုက်သည်။ ကောင်မလေးနှစ်ယောက်သည် အသားနံ့ရ၍ စိတ်လှုပ်ရှားလာကြသည်။ ဝမ်ကျီက စိတ်ဆုံးဖြတ်ချလိုက်သောအခါ အကြီးမလေးက မတ်တပ်ရပ်လိုက်သည်။ သူသည် အကြီးမလေး‌ရှေ့တွင်ပင် မီးဖိုချောင်ဆီသို့ ထပြေးလိုက်သည်။ ဟင်းပန်ကန်အား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သောအခါ ဝမ်ကျီ၏သတ္တိသည် ခြေကုန်လက်ပန်းကျသွား၏။

သူ့မျက်နှာပေါ်တွင် သွေးမျက်ရည်များစီးကျလျက် သူ့ခြေထောက်များသည် ပျော့ခွေလျက် ကြမ်းပြင်ပေါ်လဲကျသွားသည်။

"ဘာလို့ ငါ့ကို လူတိုင်းအနိုင်ကျင့်ချင်နေကြတာလဲ ....မေမေ ....ငါ့မေမေ ဘယ်မှာလဲ "

သူ၏ ဝမ်းနည်းဖွယ်အတိတ်သည် သူ့စိတ်ထဲ လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။ ဝမ်ကျီသည် အလွန်ကြောက်ရွံ့နေ၏။ သူ့ကို ကူညီရန် ကတိပေးခဲ့သည့် တစ်ဦးတည်းသောလူသည်လည်း ပျောက်ကွယ်နေခဲ့သည်။ သူ့ခေါင်းသည် ဗလာဖြစ်နေတော့သည်။ သူသည် အလွန်ကြောက်ရွံ့နေသည်။ သူသည် သေရပေတော့မည်ကို သိပေသည်။

ထိုအခိုက်အတန့်တွင် ဟင်းချက်နေသော အသံက ရပ်တန့်သွားသည်။ ရှန်ရှန်က သူမဦးခေါင်းကို ဖြည်းညင်းစွာမော့လိုက်ပြီး သူမ၏အမူအရာသည် ထူးဆန်းနေ၏။ အငယ်မလေးသည် ကုလားထိုင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ဝမ်ကျီဆီ ရောက်လာသည်။ သူ့ဆီကို လူများလာနေကြသည်အား အာရုံခံမိသောအခါ ဝမ်ကျီသည် တွန့်လိမ်သွားတော့သည်။

အငယ်မလေးက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ဝမ်ကျီ မတုန့်ပြန်ရသေးခင် သူမသည် မီးဖိုချောင်ဘက်သို့ ခပ်တိုးတိုးပြောလိုက်သည်။ မီးဖိုချောင်ခန်းဆီးသည် လှုပ်ယမ်းသွားသည်။ လက်ငါးချောင်းက ခန်းဆီးကို ဆွဲဖယ်လိုက်သည်။ အနက်ရောင်ဆံပင်များဖုံးအုပ်နေသော မျက်နှာတစ်ခုထွက်လာ၏။ အခန်းတစ်ခုလုံး အနံ့ဆိုးများ ဖုံးလွှမ်းသွားသည်။ ဝမ်ကျီသည် အနက်ရောင်ဆံပင်ကြားမှ တဆင့် သွေးနီရောင်မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။

"မေမေလား "

သရဲမေမေ၏ လက်တွင် ဧရာမဓားကြီးတစ်ချောင်းကိုင်ထား၏။ သူမ၏မျက်လုံးများသည် ရဲရဲနီနေသည်။ သူသည် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သို့သော် နာကျင်မှုကို မခံစားခဲ့ရပေ။ ဝမ်ကျီက မျက်လုံးကို အသာဖွင့်ကြည့်လိုက်သည်။ သူမြင်ရသည်က သရဲမေမေသည် သူ့ဆံပင်များကို ထိုးဖွနေခြင်းဖြစ်သည်။

"သမီးတို့ရဲ့ မေမေအတွက်နဲ့ သမီးတို့ကို မတိုက်ခိုက်ပါနဲ့ ၊ ကိုကြီး နာကျင်နေတယ်ဆိုရင် သမီးတို့ကို ပြောလို့ရပါတယ် "

ကောင်မလေးက ရင့်ကျက်သည့်လေသံဖြင့် ပြောလိုက်သည်။

သူတို့သည် ထမင်းစားပွဲတွင် ပြန်ထိုင်လိုက်ကြသည်။ ဝမ်ကျီအတွက် အရာရာတိုင်းသည် အိမ်မက်သဖွယ်ခံစားနေရသည်။ သူသည် သေမင်းနဲ့ကြုံတွေခဲ့ရသော်လည်း သေမင်းက သူ့အား ဘာမှ မလုပ်ခဲ့ပေ။ သရဲမေမေသည် တတိယဟင်းပွဲကို သူမဘာသာသယ်လာခဲ့သည်။ သူသည် သရဲမေမေအား မမျှမတဆက်ဆံမိသလို ခံစားခဲ့ရသည်။

"တကယ်တော့ ကျွန်တော်က အပြင်က လာတာပါ "

ဝမ်ကျီသည် သူတို့ကို မလိမ်ညာပဲ အားလုံးပြောပြလိုက်သည်။

ဝမ်ကျီ၏ ကံမကောင်းခဲ့ရသောဘဝတွင် ထိုအရာသည် သူ့အတွက် အိမ်ဟူသောအတွေ့အကြုံအား ပထမဆုံးရရှိခဲ့ခြင်းဖြစ်သည်။ သူသည် သရဲမေမေအား သူ့မိသားစုအဖြစ်ပင် လက်ခံလိုက်သည်။ သူသည် များစွာသော ဘေးဒုက္ခများကို ကြုံတွေ့ခဲ့ပုံရသော်လည်း ဝမ်ကျီသည် အသေးငယ်ဆုံးသောကြင်နာမှုလေးကို ဖမ်းဆုပ်လိုက်မိသည်။

ဝမ်ကျီ၏ မိတ်ဆွေများက အဆောက်အဦးထဲတွင် ပျောက်ဆုံးသွားသည်ကို သိပြီးနောက် ကြင်နာတတ်သော အငယ်မလေးက ပြောလိုက်သည်။

"သမီးတို့ ဘွားဘွားအလုပ်များသူဆီ သွားကြမယ်လေ ၊ သူက အကုန်လုံးကို သိတယ်! "

"တိုက်ခန်းမန်နေဂျာက နင့်ကို ဖမ်းသွားလိမ့်မယ် "

အကြီးမလေးက သူမ၏ညီမကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။ အငယ်မလေးက စိတ်ကောက်သွားသည်။

"ဒါဆို သမီးတို့လည်း တိုက်ခန်းမန်နေဂျာကို ဖမ်းလိုက်မယ်လေ ၊ သမီးတို့က လူအများကြီးပဲလေ ၊ ဘာလို့ သူ့ကို ကြောက်နေရမှာလဲ "

"တိုက်ခန်းမန်နေဂျာဘက်မှာ သားစားကြူးနတ်ရှိတယ် ၊ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့ "

အကြီးမလေးက အငယ်မလေးကို ဆုံးမလိုက်သည်။

"ကျွန်တော်က တိုက်ခန်းမန်နေဂျာရဲ့ မျက်နှာအစစ်ကို တွေ့ခဲ့တယ် "

ဝမ်ကျီက ဖျော့တော့စွာပြောလိုက်သည်။

"သူက တကယ်တော့ ကြွက်တစ်ကောင်ပဲ ၊ သူက တစ်ခုခုကို စားနေတာ ၊ အဲ့ဒါကြောင့် သူကြောက်နေတာပဲ "

ဝမ်ကျီသည် သရဲတစ္ဆေများနှင့် နတ်ဘုရားများကို မယုံကြည်ပေ။ သူအနိုင်ကျင့်ခံရသည့်အခါတိုင်း ဘုရားသခင်ကို ဆုတောင်းသော်လည်း မည်သည့်အခါမှ ရောက်မလာခဲ့ပေ။ ထိုထူးဆန်းသည့်ကမ္ဘာတွင် နတ်ဘုရားများရှိနေနိုင်သော်လည်း သူတို့သည် သူ၏နတ်ဘုရားများ မဟုတ်ပေ။

All Chapters