← Chapters

အသားနှင့်လိုအင်ဆန္ဒ

Vol. 4 Ch. 49

အသားနှင့်လိုအင်ဆန္ဒ

Vol. 4 Ch. 49

အငယ်မလေးသည် အကြီးမလေး၏ခွင့်ပြုချက်ရသောအခါ အလွန်ပျော်ရွှင်သွားသည်။ သူမက ဝမ်ကျီ၏လက်မောင်းကို ကိုင်ထားလိုက်သည်။ အခန်းသည် အလွန်အနံ့အသက်ဆိုးဝါးသော်လည်း ကလေးမလေး၏ ပြုံးပျော်နေသော မျက်နှာကို ကြည့်နေရင်း ဝမ်ကျီသည် ထွက်မသွားချင်ခဲ့ပေ။ အရိပ်များသည် ဝမ်ကျီ၏ဘေးတွင် စုဝေးလာကြသည်။ ရုတ်တရက် တံခါးအပြင်ဘက်မှ ခြေသံများထွက်ပေါ်လာသည်။ ထို့နောက် လူတစ်ယောက်က တံခါးဖွင့်နေသံအား သူကြားလိုက်ရသည်။

အငယ်မလေးသည် မျက်နှာတည်သွားသည်။ သူမသည် အစ်မဖြစ်သူဘက် လှည့်လိုက်ပြီး

" လူဆိုးတွေ ထပ်ရောက်လာပြန်ပြီ "

ဝမ်ကျီသည် တံခါးဆီသို့ပြေးသွားလိုက်ပြီး ချောင်းကြည့်ပေါက်မှ ချောင်းကြည့်လိုက်သည်။ စုံစမ်းစစ်ဆေးရေးဌာနယူနီဖောင်းဖြင့်လူနှစ်ယောက်သည် ခိုးကြောင်ခိုးဝှက်ဖြင့် အိမ်ငှားများ၏တံခါးများကို အမှတ်အသားလုပ်နေကြသည်။

"စုံစမ်းရေးမှူးတွေလား "

သူတို့သည် ကောင်းမင်နှင့်ကွာခြားကြောင်း ဝမ်ကျီသတိပြုမိလိုက်သည်။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်စာလုံးများရှိသည်။ သူတို့သည် သူတို့တစ်ခုခုမလုပ်လျှင် သေသွားမည့်ပုံဖြင့် စိတ်လှုပ်ရှားနေကြသည်။

"ဒီလူတွေက အရင်ကလာဖူးတယ် ၊ တစ်ဖက်အခန်းက ချောင်းကြည့်တတ်တဲ့ ဦးလေးကြီးကိုလည်း သူတို့သတ်လိုက်တာ "

အငယ်မလေးက ဒေါသတကြီးပြောလိုက်သည်။

"စုံစမ်းရေးမှူးတွေက အိမ်ငှားတွေကို အမဲလိုက်နေတာလား ! သရဲတွေကို တိုက်ဖို့ သူတို့ဘယ်ကနေ စွမ်းအားရကြတာလဲ "

ဝမ်ကျီက စိတ်ရှုပ်ထွေးသွားသည်။

"သူတို့ အသားစားထားကြတာလေ ၊ မေမေချက်ပေးတဲ့ အသားလိုမျိုးတော့ မဟုတ်ဘူးပေါ့ ၊ အသားတွေက ဘိုးဘေးခန်းမရဲ့ ဈေးဆိုင်ကပဲ "

အကြီးမလေးက အငယ်မလေး၏လက်ကို ကိုင်ထားလိုက်သည်။

"ဘယ်မှ မသွားနဲ့ ၊ အိမ်မှာ နေနော် "

ထိုအချိန်တွင် တံ‌ခါးခေါက်သံထွက်ပေါ်လာလေသည်။

.......

ကောင်းမင်သည် စီစွေ့အိမ်ရာ အဆောက်အဦးအေထဲ ဝင်ရောက်လာသည်မှာ အချိန်တချို့ရှိနေပြီဖြစ်သည်။ သူသည် စကားများခြင်း ၊ ရန်ဖြစ်ခြင်း စသည့်အသံများကို မကြားရပေ။ ၎င်းနေရာသည် ပုံမှန်တိုက်ခန်းများနှင့် မကွာခြားသကဲ့သို့ ထင်ရသည်။

"ယန်ဟွာရဲ့ စရိုက်အရ တချို့ရုန်းရင်းဆန်ခတ်တော့ဖြစ်သင့်တယ် ၊ သူတို့လည်း အန္တရာယ်နဲ့ ကြုံနေရပြီလား "

ကောင်းမင်သည် သူ့အဖွဲ့သားနှင့် ရင်းနှီးသည်။ သို့သော်လည်း သူ့တွင် ချူးစီစီမှလွှဲ၍ မည်သူမှ စည်းကမ်းလိုက်နာရသည်ကို မနှစ်သက်ကြပေ။ ကော်ရစ်ဒါသည် အလွန်တိတ်ဆိတ်နေသည်။ ကောင်းမင်တို့အုပ်စုမှလွှဲ၍ ခွေးတစ်ကောင်ကြောင်တမြီးမှ မရှိချေ။

မကြာမီ လှေကားထစ်များတွင် ဆီချေးများ ပေါ်လာသည်။ သူတို့ ပထမထပ်ရောက်သောအခါ အသားနံ့သည် သိသာထင်ရှားလာသည်။ ကောင်းမင်ကဲ့သို့ စားချင်စိတ်ကြီးကြီးမားမား မရှိသောသူပင် ဆာလောင်လာ၏။ ကုန်းစီလမ်းပြစရာပင် မလိုတော့ချေ။ အသားနံ့က သူတို့ကို ဆွဲခေါ်သွားသည်။ အိမ်ငှားအသစ်များနှင့်အပြင်လူများသည် သွေးများအောက်တွင် လျှို့ဝှက်မြေအောက်ခန်းရှိသည်ကို သိနိုင်မည်မဟုတ်ချေ။

မြေအောက်ထပ်တစ်ခုလုံးတွင် အိမ်ငှားသည့်အခန်းများ မရှိပေ။ အနီရောင်ရောင်ဆိုင်းဘုတ်များနှင့်အဖြူရောင်နောက်ခံသည် ကော်ရစ်ဒါကို အလှဆင်ထားသည်။

"မြေအောက် စားသောက်ဆိုင်တွေများလား "

ဆိုင်းဘုတ်များပေါ်ရှိစာလုံးများသည် ဖတ်ရှုနိုင်ရန် အလွန်ဟောင်းနွမ်းနေလေသည်။ ဆိုင်းဘုတ်အနားသတ်များသည် ပဲ့ရွဲ့နေ၏။ ၎င်းအား တစ်စုံတစ်ယောက်က ခေါင်းတလားအဖုံးများကို နံရံထဲ ထိုးစိုက်ထားသည်ဟု ခံစားရသည်။ စားသောက်ဆိုင်များက နှစ်ဖက်လုံးတွင်ရှိနေသည်။ အသားနံ့များသည် ထိုဆိုင်များအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဆိုင်းဘုတ်အိုများသည် အတူတကွ ကြပ်ညပ်နေကြသည်။

ချူးစီစီသည် အသား၏ဖျားယောင်းမှုကြောင့် ရှေ့တက်သွားသည်။ သူမသည် တံခါးဆီလက်လှမ်းလိုက်သည်။ အနောက်ဘက်မှ လူတစ်ယောက်က သစ်သားတံခါးကို လှမ်းဖွင့်လိုက်၏။ ထို့ နောက် တံခါးပွင့်သွားလေ၏။ အနက်ရောင်ဝတ်ရုံဖြင့်လူအိုကြီးတစ်ယောက်ထွက်လာလေသည်။ လူအိုကြီးသည် ချူးစီစီရှိနေမည်မထင်ထားသောကြောင့် တစ်ဦးနှင့်တစ်ဦး တိုက်မိသွားသည်။ အနက်ရောင်ဝတ်ရုံသည် လျှောကျသွားသည်။ လူအိုကြီး၏ခန္ဓာကိုယ်ကား ထင်ထင်ရှားရှားထွက်ပေါ်လာ၏။

သူ့တွင် ညာဘက်မျက်လုံးနှင့်နားများ ရှိမနေပေ။ သူ့သည် လက်တစ်ဖက်သာရှိသည်။ လူအိုကြီးကို ကြည့်ရသည်မှာ ကြောက်စရာကောင်းနေလေသည်။ သူ့နားရွက်များပတ်လည်တွင် ဒဏ်ရာများရှိသော်လည်း သူသည်အလွန်‌စိတ်ကျေနပ်နေပုံရသည်။

လူအိုကြီးသည် အနက်ရောင်ဝတ်ရုံအား ကောက်ယူ၍ သူ့ကိုယ်သူပြန်ဖုံးလိုက်သည်။ သူသည် လှေကားထက်များအတိုင်း တက်သွားလေ၏။

"ကျေးဇူးပြုပြီး ဝင်ခဲ့ကြပါ "

ဆိုင်ထဲမှ လူတစ်ယောက်အသံ ထွက်လာ၏။ ကောင်းမင်က ချူးစီစီကို ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ကျောက်ရှီကို သယ်၍ ဆိုင်ထဲဝင်လိုက်သည်။ ဆိုင်က အတန်ငယ် သေးသည်။ စားသုံးသူများနှင့် စားပွဲထိုးများမရှိပေ။ သစ်သားစားပွဲများနှင့် ပလတ်စတစ်ထိုင်ခုံများသာ ရှိနေ၏။ ထိုနေရာသည် မြေအောက်ထပ်ဖြစ်သောကြောင့် ပြတင်းပေါက်များမရှိပဲ အသားနံ့သည် လှောင်ပိတ်မိနေလေသည်။

"ရပ်ပဲ ရပ်မနေကြပါနဲ့ ၊ ထိုင်ပါ "

မီးဖိုချောင်ထဲမှလူ၏အသံက ထွက်လာပြန်သည်။ ထိုလူက စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။ သူတို့သုံးယောက်သည် ဆိုင်ထဲဝင်လိုက်ပြီး စားပွဲတစ်ခုတွင် ထိုင်လိုက်သည်။ သူတို့က မီနူးကို ကြည့်လိုက်ကြသည်။ မီနူးတွင် ဟင်းပွဲနာမည်များရှိသော်လည်း ဈေးနူန်းရေးမထားပေ။

"ကျုပ်ကို ကြည့်မနေနဲ့ ၊ ကျုပ်လဲ အရင်က မရောက်ဖူးဘူး "

ကုန်းစီက မီနူးကို ကောင်းမင်ဘက်တွန်းပို့လိုက်လေသည်။

"ပုံမှန်ဆိုရင် ဈေးနူန်းရေးမထားတဲ့ဟင်းပွဲတွေက ဈေးအကြီးဆုံးပဲ "

သူတို့ မဆုံးဖြတ်ရသေးချိန်တွင် တံခါးသည် တွန်းဖွင့်ခံလိုက်ရသည်။ သူတို့သုံးယောက်သည် တံခါးဝသို့ လှည့်ကြည့်လိုက်ပြီး တိတ်ဆိတ်သွားကြသည်။

အမွှေးတိုင်အကျိုးကိုကိုင်ထားသော စုံစမ်းရေးမှူးတစ်ယောက်သည် ဆိုင်ထဲတွင် မီးညှိလိုက်သည်။ သူ၏စိတ်အခြေအနေသည် အလွန်ကို ပုံမှန်မဟုတ်ပေ။ သူ့နူတ်ခမ်းများသည် တံတွေးများစီးကျနေသည်။ သူ့မျက်စိများက ဂနာမငြိမ်ပေ။ ထိုစုံစမ်းရေးမှူးသည် လူသုံးယောက်အား လျစ်လျူရှူထားသည်။ သူသည် မီနူးကို ယူလိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလေ၏။ စားသောက်ဆိုင်သည် တိတ်ဆိတ်လာသည်။

မိနစ်အနည်းငယ်ကြာသောအခါ စုံစမ်းရေးမှူးသည် အသားတစ်ပိုင်းနှင့်အတူ ပြန်ထွက်လာသည်။ သူသည် အဆီတဝင်းဝင်းဖြစ်နေသော အသားကို စိုက်ကြည့်လိုက်၏။ စုံစမ်းရေးမှူးရွေ့လျားသည်နှင့် အသားသည် တဆတ်ဆတ်တုန်ခါနေလေသည်။

သူသည် ထိုင်ရန် ကြုံရာနေရာတစ်ခု ရှာလိုက်သည်။ သူသည် ဇွန်း၊တူစသည့် ကိရိယာများပင်မသုံးပဲ အသားကို လက်ဖြင့်ကိုင်လိုက်သည်။ သူ့လက်ချောင်းများကြားထဲမှ အသားရည်များစီးကျနေ၏။ စုံစမ်းရေးမှူးသည် တံတွေးမြိုချလိုက်ပြီး နူတ်ခမ်းသပ်လိုက်သည်။ ထို့နောက် သူက အသားကို ကိုက်လိုက်သည်။ သူ့သွားများသည် အသား၏အနူးညံ့အပိုင်းကို ဖောက်ဝင်သွားသည်။ အသားရည်များသည် နေရာအနှံ့လွှင့်စင်ကုန်၏။

ထို့နောက် အဆီရွှမ်းနေသောအသားသည် သူ့ပါးစပ်ထဲတွင် ပျော်ဝင်သွားလေ၏။ စုံစမ်းရေးမှူးသည် အသားများသည့်အလွှာသို့ရောက်သောအခါ အရည်များကို စုပ်လိုက်သည်။ သူ့မျက်လုံးထဲရှိ ကျိုးကြောင်းဆင်ခြင်မှုသည် ဖြည်းညင်းစွာ ကွယ်ပျောက်သွားသည်။ သူသည် တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ အသားကို စတင်ကိုက်စားလိုက်သည်။ သူသည် အသားကို ဝါးစားရုံမကပဲ အသားကိုင်ထားသောလက်ကိုပါ ကိုက်စားနေတော့သည်။ သွေးများနှင့် အသားရည်များသည် ရောနှောသွားကြသည်။ စုံစမ်းရေးမှူးသည် သူ့လက်ဖဝါးကို ရူးကြောင်ကြောင်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အနက်ရောင်စာလုံးများတွားထက်လာ၏။ စုံစမ်းရေးမှူးသည် တိတ်ဆိတ်စွာထရပ်လိုက်ပြီး ထွက်ပေါက်ဆီသို့ ဒယိုင်းဒယိုင်ပြန်ထွက်သွားသည်။

"ကျွန်မတို့ သူ့နောက်ကို လိုက်သွားသင့်လား "

ချူးစီစီသည် အသားနံ့ကြောင့် မသက်မသာခံစားနေရသည်။ ၎င်းသည် သူမနဲ့အတူရှိသော လိုအင်ဆန္ဒအားလုံးကို နိုးဆွနေလေသည်။ သူမသည် ဤနေရာတွင် ထပ်နေရန် မဝံ့ရဲတော့ပေ။ မီနူးကို ပြန်ချလိုက်သည်။ သူတို့ ထွက်သွားရန်ပြင်လိုက်သည့်အချိန်တွင် တံခါးသည် အလိုအလျောက်ပိတ်သွား၏။ သစ်သားတံခါးအိုကြီးသည် ပုံမှန်ဖြစ်ဟန်ရသော်လည်း သူတို့မည်မျှတွန်းစေကာမူ အနည်းငယ်မှ မရွေ့ပေ။

"ကျွန်မတို့ ဘာမှမစားပဲနဲ့ ထွက်သွားလို့မရဘူးလား ! "

ချူးစီစီ၏ စိတ်သည် အသားနံ့ဆီသို့ ယိမ်းယိုင်လာသည်။ သူမသည် ပုဆိန်ဖြင့် တံခါးဆီလွှဲခုတ်လိုက်သည်။ ပုဆိန်မှတဆင့် သစ်သားကိုခုတ်မိသည်ဟုမခံစားရပဲ အသားထူထူကြီးအား ခုတ်မိလိုက်သလိုခံစားလိုက်ရသည်။ တံခါးသည် ပိတ်နေဆဲဖြစ်သော်လည်း ပုဆိန်သည် တံခါးပေါ်တွင် သွေးထွက်သောဒဏ်ရာဖြစ်အောင် ခုတ်လိုက်နိုင်သည်။

ချူးစီစီသည် ဆက်လက်ခုတ်ပိုင်းချင်နေသော်လည်း ကောင်းမင်က သူမကိုတားလိုက်သည်။

"ပတ်ဝန်းကျင်ကို ကြည့်ဦး ၊ မင်း တံခါးကို ဒဏ်ရာရအောင်လုပ်ပြီးတော့ နံရံတွေက ငါတို့ဆီရွေ့လာနေတယ် ! နေရာကျဉ်းနေပြီ ! "

နံရံများမှ သွေးများစီးကျလာသည်။ သို့သော် ၎င်းသည်ဆိုးရွားသောအနံ့မရှိပေ။ တနည်းဆိုရသော် အနံ့သည် အလွန်မွှေးကြိုင်နေလေသည်။

"မင်း ဘာစားချင်တာလဲ "

မီးဖိုချောင်ထဲမှလူ၏အသံက ထပ်မံထွက်ပေါ်လာသည်။ သူသည် သူ့ဖောက်သည်များလွတ်မြောက်သွားမည်ကို စိုးရိမ်ဟန် မရပေ။

"မင်း မှာချင်တယ်ဆိုရင် မီနူးယူပြီး မီးဖိုချောင်ထဲ ဝင်လာခဲ့လေ "

အနံ့သည် သူတို့အား တိုက်ခိုက်နေ၏။ ကောင်းမင်သည် အလွန်အမင်းဆာလောင်မှုကို ခံစားနေရသည်။ ၎င်းသည် ခန္ဓာကိုယ်မှဖြစ်ပေါ်နေခြင်းထက် စိတ်ထဲမှ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

လိုအင်ဆန္ဒများသည် သူတို့၏စိတ်ကို ဖုံးလွှမ်းသွားသည်။

ချူးစီစီ၏မျက်လုံးများသည် သွေးနီရောင်နှင့်အတူ တောက်လောင်နေ၏။ သူမသည် စုံစမ်းရေးမှူးချန်ထားခဲ့သော ပန်းကန်ပြားကို စိုက်ကြည့်လိုက်သည်။ သူမ၏ နူတ်ခမ်းများသည် တုန်ရီလာခဲ့သည်။ သူမသည် ပန်းကန်ပြားကို ကောက်ကိုင်လိုက်ပြီး ပန်းကန်ပြားပေါ်တွင် ကျန်ခဲ့သော အသားရည်များကို မြည်းစမ်းရန် ကြိုးစားချင်နေသည်။

"ချူးစီစီ! ...."

ကောင်းမင်က ပန်းကန်ပြားကို အဝေးသို့ပုတ်ထုတ်လိုက်သည်။

"ဘာလို့ မင်းတို့ကိုယ်မင်းတို့ ထိန်းချုပ်ဖို့လိုမှာလဲ ၊ မီးဖိုချောင်ထဲသာ လာခဲ့စမ်းပါ ၊ မင်းတို့ ဒီနေရာကို ချစ်သွားလိမ့်မယ် "

ထိုလူ၏အသံသည် ညို့မြှူနေ၏။

"ခင်ဗျား ဘယ်လိုအသားမျိုးရောင်းတာလဲ "

ကုန်းစီသည် ကြောက်ရွံ့နေသည်။ သူ့အဘွားကြောင့် သူသည် ဘယ်တော့မှ အသားမစားခဲ့သော်လည်း ယခုအချိန်တွင် သူသည် အလွန်ဆာလောင်နေပြီး သူ့ကိုယ်သူပြန်စားချင်နေမိသည်။

"အိမ်ငှားအများစုက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မရှိဘူးဆိုတာ မင်းတို့သတိမထားမိဘူးလား ၊ အဲ့ဒီအစိတ်အပိုင်းတွေက ဘယ်ပျောက်သွားတယ်ထင်လို့လဲ "

ထိုလူက ရယ်မောလိုက်သည်။

"ဘယ်သူမှ သူတို့ကို တွန်းအားမပေးဘူးကွ ၊ သူတို့က အားလုံးကို စိတ်ပါလက်ပါရောင်းဝယ်ခဲ့ကြတာပဲ "

"သူ ...သူတို့က သူတို့ခန္ဓာကိုယ်က အသားတွေကို စားခဲ့ကြတာလား "

"မဟုတ်ဘူး ၊ သူတို့က သူတို့ခန္ဓာကိုယ်နဲ့ပေးချေပြီး သူတို့ရဲ့ လိုအင်ဆန္ဒကို စားသောက်ကြတာပဲ +

ရယ်မောသံသည် ရပ်တန့်သွားသည်။ ထိုလူ၏အသံသည် ကြောက်မက်ဖွယ်ကောင်းလာသည်။

"အောက်ခြေစည်းမရှိတော့တဲ့အခါ ရွေးချယ်စရာမရှိတော့တဲ့အခါ သူတို့ဟာ အရာရာကို ကြိုးစားဖို့ ဆန္ဒရှိကြလိမ့်မယ် ၊ အဲ့ဒါက လူသားဆိုတာပဲ "

All Chapters