← Chapters

သင့်ရဲ့လိုအင်ဆန္ဒ

Vol. 4 Ch. 50

သင့်ရဲ့လိုအင်ဆန္ဒ

Vol. 4 Ch. 50

စားသောက်ဆိုင်သည် အသက်ဝင်လာသည့်ပုံရသည်။ နံရံများသည် အတွင်းသို့ ဖြည်းညင်းစွာကျုံ့ဝင်နေ၏။ တဘမ်းဘမ်းမြည်နေသောတံခါးဘောင်များသည် သွားကြိတ်သံသဖွယ်ဖန်တီးနေသည်။

"လူတိုင်း လူတိုင်းဟာ သူတို့ရဲ့နှလုံးသားထဲမှာဝှက်ထားတဲ့ အချို့လိုအင်ဆန္ဒတွေရှိတယ် ၊ ငါက မင်းရဲ့လိုအင်ဆန္ဒကို အစစ်အမှန်ဖြစ်အောင်လုပ်ပေးနိုင်တယ် ၊ ငါမင်းအတွက် ပြင်ဆင်ပေးထားတဲ့ အသားကို စားလိုက်ပါ ၊ ဒါဆို မင်းထပ်ပြီး ဒုက္ခရောက်တော့မှာ မဟုတ်ဘူး "

သိပ်‌သည်းသော အသားနံ့သည် သူတို့၏ခန္ဓာကိုယ် စိမ့်ဝင်နေခဲ့သည်။ ချူးစီစီသည် စတင်ထိန်းချုပ်မှုလွတ်ကင်းလာပြီး သူမ၏ပုခုံးကို ကုတ်ခြစ်နေ၏။ သူမ၏လက်သည်းများသည် အသားထဲစိုက်ဝင်နေသည်။ အနံ့၏ တွန်းအားပေးမှုကြောင့် သူမသည် မီးထဲတွင်သေဆုံးခဲ့သော မိဘများကို မြင်တွေ့နေရပုံရသည်။ သူမငယ်ရွယ်စဉ်အချိန်က သူမ၏မိဘများသည် သူမကို သူတို့၏ပုခုံးပေါ်တွင်ချီပိုးခဲ့ကြသည်။ သူမကြီးပြင်းလာသောအခါ သူမမိဘများသည် သူမပုခုံးပေါ်တွင် မှီနေလေသည်။

"မင်းလုပ်ချင်တာ ဘာမဆို မင်းလုပ်နိုင်တယ် ၊ မင်းမြင်တဲ့ဘယ်သူမဆို မင်းမြင်နိုင်တယ် ၊ သေခြင်း ရှင်ခြင်းက မင်းကို ဘယ်တော့မှ ခွဲပစ်နိုင်မှာ မဟုတ်ဘူး "

ချူးစီစီ၏သွေးများသည် အသားနံ့များဖြင့် ရောယှက်သွားခဲ့သည်။ မှုန်ဝါးဝါးမျက်နှာနှစ်ခုသည် သူမ၏ဒဏ်ရာများပေါ်တွင် ပုံစံပေါ်လာသည်။ ချူးစီစီ၏မိဘများသည် သူမ၏ပုခုံးများမှတဆင့် တွားထွက်လာကြဟန် ရသည်။ ထိုအရာသည် အဘွားရှန်း၏ဟောကိန်းဖြစ်သည်။ ၎င်းသည် ဆက်လက်ဖြစ်ပွားနေပါက အဘွားရှန်းရေဇလုံအမြင်သည် အမှန်တကယ်ဖြစ်လာပေလိမ့်မည်။

"နိုးထစမ်း ! "

ကောင်းမင်က ချူးစီစီ၏ပုခုံးကို လှုပ်ရမ်းလိုက်သော်လည်း ပြောင်းလဲနေခြင်းသည် ရပ်တန့်မသွားပေ။

အသားနံ့သည် ချူးစီစီတွင်ရှိသော လိုအင်ဆန္ဒကို ထုတ်ဖော်လိုက်သည်။ ချူးစီစီသည် သူ့မိဘများကို ဝမ်းမြောက်စွာပွေ့ဖက်လိုက်သည်။ သူမသည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာမည်ဆိုလျှင်ပင် သူမိဘများနှင့် ထပ်မခွဲချင်တော့ပေ။

"ငါတို့ရဲ့ အသွေးအသားထဲမှာ ငါတို့ရဲ့ ပင်ကိုဗီဇက ပါဝင်နေတာ ၊ မင်းခန္ဓာကိုယ်က မင်းကို ဘယ်တော့မှ မလိမ်ညာဘူး ၊ သူက မင်းအတွက် ရွေးချယ်မှုလုပ်ပေးထားတာပဲ "

ထိုလူ၏အသံသည် စားသောက်ဆိုင်ထဲတွင် ပဲ့တင်ထပ်နေ၏။

"လာခဲ့ပါ ၊ ငါမင်းအတွက် ပြင်ပေးထားတဲ့ အသားကိုစားလိုက် ၊ ဒါဆိုရင် မင်းဘယ်တော့မှ မနာကျင်တော့ဘူး "

ချူးစီစီသည် ရူးသွပ်သွားသည်။ ကောင်းမင်သာ ဆွဲမထားပါက သူမသည် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားပြီး တစ်စုံတစ်ခုဆုံးရှုံးလိုက်ရမည်ဖြစ်သည်။

"ကုန်းစီ သူ့ကို ဆွဲထား "

စားသောက်ဆိုင်သည် ဆက်လက်ကျုံ့ဝင်နေသည်။ သူတို့သည် ဤနေရာတွင်ဆက်နေပါက လူတိုင်းသေဆုံးကြရမည်ဖြစ်သည်။ ကောင်းမင်သည် ချူးစီစီကို စတေးရန်မရွေးချယ်ခဲ့ပေ။ သူသည် ဆင်ခြင်တုံတရားရှိနေဆဲအချိန်တွင် မီနူးကို ကောက်ကိုင်လိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။ ကောင်းမင်က ခန်းဆီးထူကြီးကို ဆွဲဖယ်လိုက်သည်။

အသားနံ့သည် သူ့အား အုတ်နံရံအထူကြီးတစ်ခုကဲ့သို့ ဝင်ဆောင့်သည်။ သို့သော်လည်း မီးဖိုချောင်သည် ထူမျှော်လင့်ထားသည်နှင့်လုံးဝကွဲပြားနေသည်။ မီးသို့မဟုတ် မီးဖိုမရှိပေ။ အသားကို ခုတ်ထစ်နေသော စားဖိုမှူးဝတ်စုံနှင့် ခပ်တောင့်တောင်လူကြီးတစ်ယောက်သာရှိသည်။ သူသည် ခုတ်ထစ်နေခြင်းကို စက်ရုပ်ကဲ့သို့ ထပ်ခါထပ်ခါပြုလုပ်နေသည်။ သူက ခုတ်ထစ်ပြီးအသားများကို သူ့နောက်ရှိ ရေကန်ထဲသို့ ပစ်ထည့်နေသည်။ ခုခံနိုင်စွမ်းမရှိသောအသားနံ့သည် ရေကန်ထဲမှ ထွက်နေခြင်းဖြစ်သည်။

ကောင်းမင်က ဖြည်းညင်းစွာချဉ်းကပ်သွားသည်။ စားဖိုမှူးသည် မျက်လုံး ၊ နှာခေါင်း သို့မဟုတ် နူတ်ခမ်းများမရှိကြောင်း သူသတိပြုမိသည်။ သူသည် လူတစ်ယောက်ဆိုသည်ထက် ရုပ်သေးရုပ်တစ်ခုဖြင့် ပိုတူပေသည်။

"မင်းဘာလိုချင်သလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား "

ထိုအသံသည် ထပ်မံထွက်ပေါ်လာသည်။ ယင်းအသံသည် စားဖိုမှူးဆီမှမဟုတ်ပဲ ရေကန်ထဲမှ ထွက်လာခြင်းဖြစ်သည်။ ကောင်းမင်က မီနူးကို ကိုင်ထားပြီး မှုန်ဝါး‌နေသော ရေကန်ထဲကြည့်လိုက်သည်။ ရေကန်ထဲတွင် မည်သည့်မကောင်းဆိုးဝါးကိုမှ မတွေ့ရပဲ သူ၏ရောင်ပြန်ပုံရိပ်ကိုသာမြင်နေရလေသည်။

"ငါက ဘာမဆို ယဇ်ပူ‌‌ဇော်ဖို့ ဘယ်သူ့ကိုမှ ဖိအားမပေးဖူးဘူး ၊ ငါက အဲ့ဒီနတ်ဘုရားအတုတွေထက် ပိုစိတ်ချရပါတယ် ၊ မင်းရဲ့စတေးမှုတွေအားလုံးကို ပြန်ရလိမ့်မယ် ၊ မင်းသာလုံလုံလောက်လောက်ပေးနိုင်ရင် အားလုံးဖြစ်နိုင်တယ် "

"ရေကန်ထဲလာပါ ၊ မင်းရဲ့ အစစ်အမှန်ဆန္ဒကို ထိတွေ့လိုက်ပါ ၊ မင်းဘာလိုချင်သလဲဆိုတာ ငါကြည့်ပါရစေ"

ရေပြင်သည် ပို၍မှုန်ဝါးလာသည်။ စားဖိုမှူးက ရေထဲသို့ခုတ်ထစ်ပြီးအသားများ လောင်းထည့်လိုက်သည်နှင့် သွေးများပျံ့နှံ့သွားသည်။ မကြာမီတွင် ရေကန်သည် အနီရောင်ဖြစ်သွားလေသည်။ ကောင်းမင်သည် အဘွားရှန်းအိမ်မှ ရေဇလုံကို သတိရလိုက်သည်။

"လူသားတွေမှာ နှလုံးသားနှစ်ခုရှိတယ် ၊ တစ်ခုက ငါတို့မျက်စိနဲ့မြင်နိုင်တဲ့ အသွေးအသားနှလုံးသားပဲ ၊ နောက်တစ်ခုက အတွေးထောင်ပေါင်းများစွာကို စုစည်းထားတဲ့ နတ်ဘုရားနှလုံးသားပဲ "

"ငါက မင်းရဲ့အသွေးအသားနှလုံးသားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ် ၊ အပြန်အလှန်အနေနဲ့ မင်းရဲ့နတ်ဘုရားနှလုံးသားကို ငါ့ဆီပူဇော်ရမယ် "

ကောင်းမင်၏ကမ္ဘာသည် ချာလပတ်လည်သွားသည်။ သူသည် ရေကန်ထဲကျနေသည်လော သို့မဟုတ် အခြားတစ်ခုလော မပြောတတ်ပေ။ သူအသိဝင်လာသောအခါ သူ့တစ်ကိုယ်လုံးသွေးများဖုံးလွှမ်းနေပြီဖြစ်သည်။

ရေကန်သည် မနက်သော်လည်း သူနစ်မြှုပ်နေသည်ကို ခံစားရသည်။ သူ၏အသိစိတ်သည် ခန္ဓာကိုယ်မှ ဆွဲထုတ်ခြင်းခံနေရသည်။

"မင်းမှာ နာကျင်မှုတွေအသုံးပြုဖို့ ခန္ဓာကိုယ်တစ်ခုရှိတယ် ၊ သန်မာတဲ့ခြေလက်တွေရှိတယ် ၊ ထက်မြက်တဲ့ဦးနှောက်ရှိတယ် ၊ ဖုံးကွယ်မှုတွေကို ဖြတ်မြင်နိုင်တဲ့ မျက်စိတစ်စုံရှိတယ် ၊ ပြီးတော့ .....မရေမတွက်နိုင်သေခြင်းတရားတွေကို သက်သေပြနေတဲ့ နှလုံးသားတစ်ခုလား "

ထိုလူ၏အသံသည် ပုံမှန်ဖြစ်နေရာမှ ချက်ချင်းပင် ပြောင်းလဲသွားသည်။

"ဒါ ...ဒါက ဒီနေရာမှာ မင်းရဲ့ ပထမဆုံးအကြိမ်မဟုတ်ဘူးလား"

ရေကန်ထဲက အသံသည် အဘွားရှန်းနှင့်တူညီသောစကားကို ပြောလိုက်လေသည်။

ကောင်းမင်က ဂရုမစိုက်ပေ။ သူသည် ရေကန်ထဲမှ ပြန်တက်နိုင်ရန် အကောင်းဆုံးကြိုးစားနေသည်။ သို့သော် ပျက်စီးနေသောအလောင်းများက သူ့အားပြန်ဆွဲချနေ၏။

"မင်းရဲ့ လိုအင်ဆန္ဒကို ငါကြည့်ပါရစေ ၊ မင်းရဲ့ နောက်ဆုံးဆန္ဒက ဘာလဲဆိုတာ ငါကြည့်ပါရစေ! "

ရေပြင်သည် တလိပ်လိပ်ထလာသည်။ ၎င်းသည် ကောင်းမင်၏မျက်လုံးများထဲသို့ စီးဝင်သွားသည်။ နာကျင်မှုကို အပြင်းအထန်ခံစားလိုက်ရသည်။ ကောင်းမင်၏ ဘယ်ဘက်မျက်လုံးသည် ကလော်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သွေးများသည် သူ့နှလုံးသားနှင့်ဦးနှောက်ထဲ ခရီးထွက်သွားသကဲ့သို့ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

ကောင်းမင်သည် ထိုညက အချို့အရာများကို မှတ်မိသွားခဲ့သည်။ ကျန်ရှိနေသော သူ၏ညာမျက်လုံးသည် အလောင်းများဖြင့်ဖန်တီးထားသော နံရံကြီးကိုမြင်ခဲ့ရသည်။ ထိုအလောင်းများသည် သူ့ကိုကြည့်ရှုနေကြလေသည်။

အော်ဟစ်သံနှစ်ခုသည် ပဲ့တင်ထပ်သွားသည်။ ရေကန်အောက်ခြေတွင် အက်ကြောင်းတစ်ခုပေါ်လာလေသည်။ ကောင်းမင်၏မျက်လုံးသည် သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။ ချိန်းကြိုးသံများက တချွင်ချွင်မြည်လာခဲ့သည်။ ကျောက်ရှီသည် ကောင်းမင်၏ဘယ်လက်ကို ဖမ်းလိုက်ပြီး ရေကန်အပြင်ဘက်ဆွဲထုတ်လိုက်သည်။

အသားနံ့သည် လျော့ပါးသွားပြီဖြစ်သည်။ စားသောက်ဆိုင်သည် ပုံမှန်ပြန်ဖြစ်သွားသည်။ ကောင်းမင်သည် သူ့ဘယ်ဘက်မျက်လုံးကို ဆုပ်ကိုင်လျက် ကြမ်းပြင်ပေါ် ပြုတ်သွားသည်။ ရေကန်ထဲက အရာသည် ကောင်းမင်၏မျက်လုံးကို သုံး၍ ကောင်းမင်၏အတိတ်မှတ်ညာဏ်ကို ကြည့်ချင်ခဲ့သည်။ ၎င်းသည် သားစားကြူးနတ်၏ဝတ်ပြုဓလေ့ကို ပြီးစေချင်ခဲ့သော်လည်း ၎င်းတွင် ကောင်းမင်၏အတွင်းဆန္ဒကို ဖြည့်ဆည်းပေးရန် စွမ်းအားမရှိပါချေ။

"ခေါင်းဆောင် ! "

ချူးစီစီသည် နောက်ဆုံးတွင် ထိုဖြစ်စဉ်မှ ရုန်းထွက်နိုင်သွားသည်။ သူမသည် အသားကို မစားခဲ့သော်လည်း သူမခန္ဓာကိုယ်သည် အသွင်ပြောင်းသွားခဲ့သည်။

"မင်းပုဆိန်ကို ကောက်လိုက်ဦး ၊ ထပ်ပြီး အရူးမဖြစ်စေနဲ့ "

အချိန်တချို့ကြာပြီးနောက် ကောင်းမင်သည် မြေပြင်ပေါ်မှ ကုန်းထလိုက်သည်။ သူ့ဘယ်ဘက်မျက်လုံးအား ထပ်ဖွင့်မရတော့ချေ။ ဘယ်မျက်လုံး၏ အဖိုးအခကြောင့် ကောင်းမင်သည် ဆုံးရှုံးသွားခဲ့သော မှတ်ဉာဏ်အချို့ ပြန်ရလာ၏။ အေးစက်ခြင်းသည် သူ့နှလုံးသားကို တုပ်နှောင်ထားသည်။ သူမြင်ခဲ့သည်များကို ဘယ်သူ့ကိုမှ မပြောဝံ့ပေ။ အဘွားရှန်းနှင့်ရေကန်ထဲကလူသည် အဘယ်ကြောင့် တူညီသော‌အရာများကို ပြောခဲ့ကြောင်း နောက်ဆုံးတွင် သူနားလည်သွားသည်။

"ငါ့နှလုံးသားအတွင်းက ပုန်းကွယ်နေတဲ့ လိုအင်ဆန္ဒက အရမ်းကြောက်ဖို့ကောင်းတယ် "

ကောင်းမင်သည် ရေကန်အစွန်းတွင် ထိုင်လိုက်သည်။ သူ၏ညာမျက်လုံးဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ လူတစ်ယောက်သည် ပတ်ဝန်းကျင်ကိုကြည့်ပြီး လူဆိုးကိုရှာမတွေ့သောအခါ သူတို့သည် ရန်လိုသူဖြစ်လာပေလိမ့်မည်။

လူတိုင်း၏ထိတ်လန့်တကြားအကြည့်နှင့်အတူ ကောင်းမင်က ရေကန်ထဲ ထပ်ခုန်ဆင်းလိုက်သည်။ သို့သော် ရေကန်သည် သာမန်ရေကန်တစ်ခုဖြစ်နေခဲ့ပြီဖြစ်သည်။

ကောင်းမင်သည် အောက်ခြေတွင်ရှာဖွေလိုက်ရာ ရေကန်အလယ်တွင် ထူးဆန်းသည့်ရုပ်တုတစ်ခုကို တွေ့လိုက်ရသည်။ ထိုရုပ်တုသည် မျက်နှာလေးခုနှင့် လက်ရှစ်ဖက်ရှိသည်။ ၎င်းသည် သွေးနှလုံးသားတစ်ခုကို ကိုင်ထား၏။

"ဒါက သားစားကြူးနတ်ရဲ့ရုပ်တုပဲ ၊ စောနက ကျုပ်တို့ကြားလိုက်ရတဲ့အသံက သူနဲ့သက်ဆိုင်တယ်"

ကုန်းစီသည် ကောင်းမင်ဆီသို့ ကပ်လာသည်။

"ရုပ်တုက ဘာလို့အက်နေတာလဲ "

သူက ရုပ်တု၏ဘယ်ဘက်မျက်လုံးကို စစ်ဆေးရန်လက်လှမ်းလိုက်ရာ သူထိလိုက်သည်နှင့် ရုပ်တုသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားလေသည်။

"ဒါပေမယ့် ...ကျုပ်ဘာမှ မလုပ်ခဲ့ဘူးလေ ! "

ကုန်းစီသည် ကြောင်အနေသည်။ သူက စကားလမ်းကြောင်းပြောင်းရန် ကောင်းမင်၏မျက်လုံးအကြောင်း မေးလိုက်သည်။

"နတ်ဘုရားက ခင်ဗျားမျက်လုံးကို ယူသွားတာလား "

ကောင်းမင်က ပြန်မဖြေခဲ့ပေ။ သူသည် သူ့မှတ်ဉာဏ်များထဲတွင် နစ်မြှုပ်နေဆဲဖြစ်သည်။ ရုပ်တုသည် ပျက်စီးသွားပြီးနောက် မီးဖိုချောင်ထဲမှ လှုပ်ရှားနေသောစားဖိုမှူးသည် ရပ်တန့်သွားသည်။ သူသည် ဆင့်ခေါ်ခံရသကဲ့သို့ ဖြည်းညှင်းစွာ ထွက်သွားလိုက်သည် ။

"ငါအဆင်ပြေပါတယ် ၊ ငါတို့ စားဖိုမှူးနောက် လိုက်ကြမယ် "

နာကျင်မှုကြောင့် ကောင်းမင်၏မျက်နှာသည် ရှုံ့မဲ့နေ၏။ သို့သော်လည်း ၎င်းသည် သူ့စိတ်ကို အလွန်တည်‌ငြိမ်နေစေသည်။ သူသည် စီစွေ့အိမ်ရာမှ ထွက်သွားပြီး ဥမင်လှိုဏ်ခေါင်းအား ပြန်သွားကြည့်ရန် လိုအပ်သည်!။

သူတို့သည် စားသောက်ဆိုင်မှ ထွက်လာပြီး ဆိုင်းဘုတ်များကို ဖြတ်ကျော်လာကြသည်။ စားဖိုမှူးသည် မြေအောက်ထပ်အလယ်ရှိအခန်းတစ်ခုထဲ ဝင်သွား၏။ အခန်းသည် တစ်စုံတစ်ခုကို ဝတ်ပြုသောနေရာတစ်ခုဖြစ်သည်။ ကြီးမားသော အနီရောင်သစ်သားတံခါးကြီးတွင် ဆောင်ပုဒ်များရှိနေ၏။

ဘယ်ဘက်တွင် "ရှင်သန်ခြင်းမှန်သမျှကို တောင်းဆိုပါ"

ညာဘက်တွင် "သေခြင်းမှန်သမျှကို တောင်းဆိုပါ"

All Chapters