နဂါး
Vol. 4 Ch. 56
ကောင်းမင်သည် မဖြစ်နိုင်ခြင်းနှင့်အတူ ဖြစ်နိုင်ခြင်းတစ်ခုကို ဖန်တီးခဲ့သည်။ သူသည် လူသတ်ကွင်းထဲတွင် နတ်ဆိုးသရဲဝှက်ထားသော အသားနှလုံးသားကို စားခဲ့သည်။ စီတုအန်းသည်လည်း ဘဝလမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။ သူသည် နတ်ဆိုးသရဲကိုလက်ခံပြီး သူ၏ညှဉ်းပန်းနှိပ်စက်သူနှင့် တစ်သားတည်းဖြစ်လာခဲ့သည်။
"ကျုပ်နားမလည်ဘူး ၊ ခင်ဗျားမှာ သာမာန်လူတွေ တစ်သက်လုံး မပြီးမြောက်နိုင်တဲ့ ချမ်းသာကြွယ်ဝမှု တွေရှိတယ် ၊ ဟန်ဟိုင်နဲ့ ပတ်သက်ဆက်နွှယ်မှုတွေနဲ့ လူအများရဲ့ အထင်ကြီးလေးစားမှုကိုလည်း ခံရတယ်၊ ခင်ဗျားလိုချင်တာ အားလုံးရနိုင်တယ် ၊ ဘာလို့ စုံစမ်းစစ်ဆေးရေးဌာနကို ခင်ဗျားဝင်ခဲ့တာလဲ ၊ ဘာလို့ ခင်ဗျားက စိတ်ပျက်အားငယ်စရာတွေကို ဖန်တီးချင်ရတာလဲ "
ကောင်းမင်သည် ကျွမ်းကျင်သော စိတ်ဆရာဝန်တစ်ယောက်ဖြစ်သည်။ သူသည် များစွာသော ရာဇဝတ်သားများကို မြင်ဖူးသော်လည်း စီတုအန်းကဲ့သို့လူကို မမြင်ဖူးချေ။
"ငါက စိတ်ပျက်အားငယ်တာတွေကို မဖန်တီးခဲ့ပါဘူး ၊ စိတ်ပျက်အားငယ်ခြင်းဆိုတာ ရှိနှင့်နေပြီးသားပဲလေ "
စီတုအန်းသည် ကောင်းမင်ကို သတ်ချင်နေသော်လည်း သူက ကောင်းမင်အား လေးစားမှုဖြင့် ကြည့်လိုက်သည်။
"အရာရာတိုင်းကို ငါအကောင်းဆုံးလုပ်ရင် လေးစားမှုရလိမ့်မယ်လို့ ငါထင်ခဲ့တယ် ၊ ငါအသက်နှစ်ဆယ်လောက်တုန်းကပေါ့ ဟန်ဟိုင်းမှာ အထက်အရာရှိတစ်ယောက်နဲ့ ငါဆုံခဲ့ရတယ် ၊ သူက ငါ့စွမ်းဆောင်ရည်တွေကို ကျေနပ်ပြီး အမြဲတမ်း ငါ့ကို ရက်ရက်ရောရောချီးကျူးလေ့ရှိတယ် ၊ ဒါပေမယ့်လည်း သူ့ရဲ့ သာမန်လျှံကာ စကားတွေဟာ ငါ့ယုံကြည်ချက်ကို အက်ကွဲစေခဲ့တယ် "
"အဲ့ဒါကို ငါအိမ်ပြန်သွားပြီး အိမ်ကိုကြမ်းတိုက်နေတဲ့ ငါ့သန့်ရေးသမားကို မမြင်ခင်အထိ နားမလည်ခဲ့ဘူး ၊ ငါ သူ့ကို အလေ့အထမရှိပဲ ချီးကျူးလိုက်မိတယ်၊ ပြောင်လက်နေတဲ့ကြမ်းပြင်ဟာ သူနဲ့ငါ့ကို ရောင်ပြန်ဟပ်နေခဲ့တယ် ၊ အဲ့ဒီအချိန်မှာပဲ ငါ့အထက်လူကြီးကလဲ ငါ့ကို အဲ့သလိုပဲ ချီးကျူးတယ်ဆိုတာ ငါနားလည်လိုက်တယ်၊ ကမ္ဘာကြီးရဲ့စိတ်ပျက်အားငယ်စရာအကောင်းဆုံးက မင်းကောင်းကင်ကြီးကို မော့ကြည့်လိုက်တဲ့အချိန်မှာ ကောင်းကင်ကြီးက မင်းနဲ့ဘာမှ လုပ်ဆောင်စရာမရှိဘူးဆိုတာ မင်းသဘောပေါက်လိုက်တဲ့အချိန်ပဲ "
စီတုအန်းက ဓားကိုမြောက်လိုက်သည်။
"လူသားနဲ့သရဲတွေဆိုတာ ငါ့မျက်စိထဲမှာတော့ အတူတူပဲကွ "
"စကားပြောပြီး အချိန်ဖြုန်းမနေနဲ့ ၊ အသားနှလုံးသားက စားခံလိုက်ရပြီ ၊ ငါ့ခန္ဓာကိုယ်အစစ်လည်း ပျက်စီးနေပြီ ပြီးတော့ မင်းရဲ့အရူးငယ်သားတွေက လာနေကြပြီ "
ထူးဆန်းသောလူ၏အသံသည် စီတုအန်း၏ပါးစပ်မှ ထွက်ပေါ်လာသည်။ နတ်ဆိုးသရဲသည် စီတုအန်းနှင့်အတူအလုပ်လုပ်ရန် တွန်းအားပေးလိုက်သည်။
အသားနှလုံးသားသည် ရုပ်ထုမှ ထွက်သွားပြီးနောက် မြေအောက်ခန်းရှိ သွေးကြောများသည် ခြောက်သွေ့လာကြသည်။ မျက်နှာကျက်တွင် မြှုပ်နှံထားသော သံချေးတက်ရေပိုက်များသည် စတင်ပြိုကျလာ၏။ အနီးနားရှိ လူသေအလောင်းများသည် လျင်မြန်စွာ ပုပ်ပွသွားခဲ့သည်။ မျက်နှာကျက်တွင် ဝှက်ထားသော သွေးနီရောင်ချည်မျှင်များက ပြုတ်ကျကာ ဧရာမတွင်းပေါက်များပေါ်ပေါက်လာသည်။ ကျောက်တုံးကျောက်ခဲများပြုတ်ကျလာပြီး အော်ဂလီဆန်ဖွယ်အနံ့ဆိုးများရှိသော သွေးညစ်များနှင့်ပေါင်းစည်းသွားသည်။ မျက်နှာကျက်သည် ပြိုကျသွားခဲ့သည်။ နှိပ်စက်ခန်း၏ ဝင်္ကပါသည် အလုံးစုံထွက်ပေါ်လာတော့သည်။
အသက်ရှင်ကျန်ရစ်သော စုံစမ်းရေးမှူးအားလုံးသည် ဒဏ်ရာရထားကြသည်။ သူတို့ထဲမှ တစ်ဝက်နီးပါးသည် သေဆုံးသွားပြီဖြစ်သည်။ သို့သော်လည်း သူတို့၏ စတေးမှုဖြင့် ပေးချေခဲ့ရခြင်းဖြစ်သည်။
အလယ်တွင် အနီရောင်ကုတ်အင်္ကျီဖြင့် အရပ်အလွန်ရှည်သောလူတစ်ယောက် ထောင်ချောက်မိနေ၏။ သူ့ခန္ဓာကိုယ်သည် မတူညီသော သားကောင်များထံမှ လာသည့် လက်ရှစ်ချောင်းရှိနေသည်။ ကြောက်မက်ဖွယ် မျက်နှာတစ်ခုသည် သူ့ဦးခေါင်းနှင့်ရင်ဘတ်ပေါ်တွင် ကြီးထွားနေလေသည်။ မကောင်းဆိုးဝါးသည် မျက်နှာလေးခုနှင့်လက်ရှစ်ချောင်းရှိသောရုပ်တုဖြစ်လာချင်သော်လည်း သူမျက်နှာနှစ်ခုတည်း ရှိချိန်တွင် ထောင်ချောက်မိသွားခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် စုံစမ်းရေးမှူးများအတွက် ထိုအရာသည် သတ်ဖြတ်ရန်ခက်ခဲမည်ဖြစ်သော်လည်း စုံစမ်းရေးမှူးများသာမက သရဲတက်တူးများဖြင့် အရပ်နှစ်မီတာခန့်ရှည်သည့် လူ့ဘီလူးကြီးတစ်ကောင် ရှိနေလေသည်။
"နံပါတ် ၁၇! "
ယန်ဟွာသည် ကောင်းမင်၏အသံကို ကြားသောအခါ တိုက်ခိုက်နေရာမှ နောက်ဆုတ်လိုက်သည်။ သူသည် တွင်းပေါက်ထဲသို့ ခုန်ချလိုက်သည်။ တိုက်ခိုက်ရသည်ထက် သူသည် ကောင်းမင်၏လုံခြုံရေးကို ပိုဂရုစိုက်သည်။ သူ့အစ်မ၏ နေရာကို ကောင်းမင်တစ်ယောက်သာ သိသည် မဟုတ်ပါလား ။ ယန်ဟွာသည် ဆာလောင်နေသော တစ္ဆေတစ်ကောင်လိုက်ပါနေသည့် ဧရာမဘီလူးကြီးဖြစ်ပုံရသည်။
ကောင်းမင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ နောက်ဆုံး သူ့တွင် မဟာမိတ်တစ်ယောက်ရှိလာချေပြီ။
စီတုအန်းက စကားမဆိုချေ။ သူသည် သူ့လက်အောက်ငယ်သားများကို နတ်ဆိုးသရဲ၏ ခန္ဓာကိုယ်အား ဖျက်ဆီးနေသည်ကို ခွင့်ပြုထားရင်း ကောင်းမင်နှင့်ယန်ဟွာကို တိတ်တဆိတ်လေ့လာနေ၏။
နတ်ဆိုးသရဲ၏ အသိစိတ်သည် နာကျင်ခြင်းကို ခံစားလာရသည်။ သူက စီတုအန်းမှတဆင့် ပြောလိုက်သည်။
"သူတို့ကို ရပ်ခိုင်းစမ်း!"
"ပါးစပ်ပိတ်ထား! "
စီတုအန်းက အေးစက်စွာ ပြောလိုက်သည်။ နတ်ဆိုးသရဲ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစခုတ်ထစ်ခံလိုက်ရ၍ ပျောက်ကွယ်သွားပြီးနောက် သူသည် အပေါ်အင်္ကျီကို ဆုတ်ဖြဲလိုက်ပြီး အမှောင်ထဲမှ လျှောက်ထွက်လိုက်သည်။
"အကြီးအကဲ ! "
စုံစမ်းရေးမှူးများသည် စီတုအန်းကို ရှာတွေ့သွားကြသည်။ သူတို့က တွင်းပေါက်ထဲ ငုံ့ကြည့်လိုက်ကြသည်။ စီတုအန်း၏ အပေါ်ပိုင်းခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ဒဏ်ရာများ ဖုံးလွှမ်းနေလေသည်။ သူသည် မည်သို့သော နှိပ်စက်ညှဉ်းပန်းမှုမျိုး ခံခဲ့ရသည်ကို တွေးကြည့်ရန် ခက်ခဲသည်။
စုံစမ်းရေးမှူးများက ခုန်ဆင်းလာကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် စာလုံးနက်များ ဖုံးလွှမ်းနေသည်။
"လူ့ခန္ဓာကိုယ်နဲ့သရဲက ငါတို့ရဲ့တည်နေရာကို ရှင်းရှင်းလင်းလင်းသိပြီး ငါတို့အတွက် ဘာလို့ထောင်ချောက်တောင်ဆင်ထားလဲဆိုတာ မင်းတို့သိချင်လောက်တယ် "
စီတုအန်းက ကောင်းမင်ကို ဓားဖြင့်ညွှန်လိုက်သည်။
"ဒီလူကလည်း လူသားစားသရဲပဲဟေ့ ၊ သူက ငါ့မျက်စိရှေ့မှာတင် နှလုံးသားတစ်ခုလုံးကို စားပစ်လိုက်တာ "
"အကြီးအကဲ နားလည်မှုလွှဲနေတာပါ ! ကျွန်မက ကောင်းမင်နဲ့အတူတူလာတာပါ ၊ သူက သရဲတစ်ကောင် မဟုတ်ပါဘူး! "
ချူးစီစီသည် ဒဏ်ရာရနေသောသူမ၏ခန္ဓာကိုယ်ကို ဒရွက်ဆွဲလျက် ဝင်ပြောလိုက်သည်။
"ကျုပ်တို့ ပထမဆုံးဆုံချိန်တည်းက ဒီလူက ဒီအဆောက်အဦးထဲက သရဲတစ်ကောင်နဲ့အတူ ရှိနေတာ "
ပထမဦးဆုံး ကောင်းမင်ဘက်မြှားဦးလှည့်သူသည် ချင်ဂီဖြစ်သည်။ ဓားသည် ကောင်းမင်အားချိန်ရွယ်ထားသည်။ လူအုပ်စုကြီးသည် ရူးသွပ်နေသောလူအား ယုံကြည်ခဲ့ကြသည်။
ကောင်းမင်က စကားလုံးများသည် အဓိပ္ပါယ်မရှိကြောင်းသိသည်။ စီတုအန်းသည် သူတို့အားအသားများပေး၍ သရဲများကို သတ်ဖြတ်စေခဲ့သည်။ ဆက်လက်၍ ယာယီအကြီးအကဲသည် ယာယီအဖွဲ့ခေါင်းဆောင်ထက် ပိုအာဏာရှိသည် မဟုတ်ပါလား။
ကျန်ရှိနေသည့်စုံစမ်းရေးမှူးများသည် နတ်ဆိုးသရဲ၏ခန္ဓာကိုယ်အားသတ်ဖြတ်ရန် ယန်ဟွာနှင့်အလုပ်လုပ်ခဲ့ရုံသာဖြစ်ပြီး ဘုံရန်သူသေဆုံးသွားပြီးနောက် သူတို့သည် နောက်ထပ်တိုက်ပွဲတစ်ခုစတင်လိုက်ကြသည်။ စုံစမ်းရေးမှူးများသည် အရေအတွက်များသည့်အရေးသာသော်လည်း ယန်ဟွာသည် စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။
"ထွက်သွားတော့ ! ကျုပ် ခင်ဗျားနောက်လိုက်လာခဲ့မယ် "
ယန်ဟွာသည် စုံစမ်းရေးမှူးများကို အတင်းအကျပ်တားဆီးလိုက်သည်။ သူသည် ကောင်းမင်ကိုဆွဲ၍ တွင်းပေါက်အပြင်ဘက်သို့ ထွက်နိုင်ရန် ကူညီပေးလိုက်သည်။
"ရွှမ်ဝမ်က အဆောက်အဦးအေက ကိုးလွှာမှာ ၊ သူလည်း ဒုက္ခရောက်နေတယ် ၊ ကံကြမ္မာကို ပြောင်းလဲတဲ့သူတွေက အရိပ်က ခွင့်လွှတ်မှာ မဟုတ်ဘူး "
တွင်းပေါက်အပြင်ဘက်တွင်လည်း စုံစမ်းရေးမှူးများ ရှိနေပေသည်။ ကောင်းမင်သည် သူ့ခန္ဓာကိုယ်မှ နာကျင်မှုကို ခုခံနေခဲ့သည်။ သူထွက်သွားရမည် ဖြစ်သည်။ မဟုတ်ပါက သူရော ယန်ဟွာပါ ပိတ်မိတ်နေမည်ဖြစ်သည်။ ကျေးဇူးတင်ရမည်က သူစောစောက နှလုံးကို စားခဲ့လေသည်။ မဟုတ်ရင် သူ အဝေးကို ရောက်မည်မဟုတ်ချေ။
ကောင်းမင်သည် သူ့လမ်းတွင် ရပ်နေသောစုံစမ်းရေးမှူးများကို ခါထုတ်လိုက်သည်။ ကောင်းမင်က အဆောက်အဦးအေသို့ သွားရန်ဆုံးဖြတ်လိုက်သည်။ သူတို့အားလုံးထဲတွင် ရွှမ်ဝမ်သည် စွမ်းအားအမြင့်ဆုံးဖြစ်သည်။ သူမကို ကူညီခြင်းသည် သူ့ကိုယ်သူကူညီခြင်းဖြစ်သည်။ ကောင်းမင်က အရှိန်မြင့်လိုက်သည်။ သူ့နှလုံးသားသည် အသွင်ပြောင်းသွားခဲ့ပြီး သူ့သွေးများသည် 'ကျိန်စာ'သင့်နေခဲ့ပြီဖြစ်သည်။
စုံစမ်းရေးမှူးများသည် ယန်ဟွာကို ဝန်းရံလိုက်ကြသည်။ စီတုအန်းသည် လျှို့ဝှက်လမ်းကြောင်းဘက်ဦးတည်လိုက်ပြီး မြေအောက်ခန်းမှ ထွက်သွားလေ၏။
"မင်းငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တယ် "
"မင်းလည်း ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားနိုင်တယ် "
စီတုအန်းသည် ကောင်းမင်နောက် ပြေးလိုက်မသွားပေ။ သူသည် အဘွားရှန်း၏ အိမ်သို့ရောက်လာခဲ့သည်။ အပြုံးတစ်စနှင့်အတူ သူက တံခါးဖွင့်လိုက်သည်။ အဆောင်များသည် ကြမ်းပြင်ပေါ်တွင် အစိတ်စိတ်အမွှာမွှာဖြစ်နေကြသည်။ အဘွားရှန်းသည် တံခါးကို ကျောပေးထား၏။ သူမသည် ၃၆၀သောရုပ်တုများအလယ်တွင် ဒူးထောက်ထိုင်နေလေသည်။ သူမသည် သူမ၏အဆုံးသတ်ကို သိနေခဲ့သည်။
"ခင်ဗျားက နတ်ဘုရားတွေအများကြီးကို ကိုးကွယ်ခဲ့ပေမယ့် သူတို့က ခင်ဗျားကို အမှန်တကယ် ကာကွယ်ပေးနိုင်ရဲ့လား "
စီတုအန်းသည် အခန်းထဲလမ်းလျှောက် ဝင်လာသည်။ သူ့ဓားသည် ရုပ်တုများကို ခုတ်ပိုင်းသွားသည်။
"ကျုပ်ထပ်မေးမယ် ၊ တခြား သတ်ဖြတ်သူအဆောင်တွေ ဘယ်မှာလဲ "
"ငါနင့်ကို အကုန်ပေးခဲ့ပြီးပြီ "
အဘွားရှန်းက ခေါင်းမော့လိုက်သည်။ သူမ၏ အရေးအကြောင်းများသည် နဂါးကြေးခွံများနှင့်တူနေ၏။
"ကောင်းကင်ဘုံက စောင့်ကြည့်နေတယ် ၊ တစ်ချို့အရာတွေက နင့်အတွက်မဟုတ်ဘူး ၊ ဘာလို့လဲဆိုတော့ အဲ့ဒါက နင့်ရဲ့ ကံကြမ္မာမို့လို့ပဲ "
"ကျုပ်သာ ကံကြမ္မာကို ယုံရင် ဒီသေမင်းအိမ်ရာကို ကျုပ်ဆောက်ခဲ့ပါ့မလား "
စီတုအန်းက ရယ်မောလိုက်သည်။
"ကျုပ်သိချင်မိတယ် ၊ ခင်ဗျားက မီလျံနာတွေအများကြီးကို ကူညီခဲ့တယ် ၊ ကျုပ်ကိုကျ ဘာလို့မကူညီလဲ "
အဘွားရှန်းက ပြန်မဖြေခဲ့ပေ။ သူမသည် ခေါင်းငုံ၍ ကြေးဇလုံကို ငုံ့ကြည့်လိုက်သည်။ ရေထဲတွင် နဂါးတစ်ကောင်၏ဦးခေါင်းသည် ရောင်ပြန်ဟပ်နေပေသည်။ စီတုအန်းက ချဉ်းကပ်လာပြီးသည်နှင့် သွေးများသည် ကြေးဇလုံတစ်လျှောက် ပျံ့ကြဲသွားသည်။ ရေပုံရိပ်ထဲတွင် နဂါးဦးခေါင်းသည် ဖြတ်တောက်ခြင်း ခံလိုက်ရလေသည်။
စီတုအန်းသည် တွေဝေခြင်းမရှိပဲ ဓားကို ဝေ့ယမ်းလိုက်သည်။ အဘွားအိုကြီး၏ ဦးခေါင်းသည် ရေဇလုံထဲသို့ ပြုတ်ကျသွားတော့သည်။
"သတ်ဖြတ်သူအဆောင်ကို ငါမလိုအပ်သလို အဲ့ဒါတွေကို လုပ်နိုင်တဲ့သူကိုလဲ ထပ်မလိုအပ်တော့ဘူး "