← Chapters

အခန်း (၂၃၈)

Vol. 18 Ch. 238

အခန်း (၂၃၈)

Vol. 18 Ch. 238

မြို့စား၏ မိန်းမ စုဖေ့ဖေ့သည် ဘိုးဘေးခန်းမကြီး၏ အရှေ့တွင် ဒူးထောက်လျက် ရှိနေ၏။ ထိုအရှေ့တွင်တော့ ဘိုးဘေးများ၏ ကျောက်တိုင်များက အစီအရီနှင့် ရှိနေ၏။ ဘိုးဘေးခန်းမကြီးထဲတွင် ပုံတူပန်းချီတစ်ခုသာလျှင် ရှိ၏။ ထိုပုံတူပန်းချီသည် ဘိုးဘေးကြီး ကျင်းကျူး၏ ပန်းချီသာလျှင် ဖြစ်၏။ ကျင်းမိသားစု၏ တကယ့်ထိပ်တန်း အကြီးမြတ်ဆုံးသော မျိုးဆက်များထဲမှ ရွှမ်ဝူဟု ကင်ပွန်းတပ်ခဲ့သည့် အထင်ကရ ပုဂ္ဂိုလ်ကြီးပင်။

သူမ ဤနေရာတွင် တစ်နေ့နှင့် တစ်ညတိုင်တိုင် ဒူးထောက်ခဲ့၏။ လက်ရှိအချိန်ထိလည်း ဒူးထောက်နေဆဲပင်။ အလွန်လေးနက်သည့် အဓိပ္ပာယ်ကို ဖော်ဆောင်ချင်သောကြောင့် သူမသည် ထမင်းမစားခဲ့ချေ။ ဆန်ပြုတ် အနည်းငယ်ကိုသာလျှင် သောက်သုံးခဲ့၏။

“ဘိုးဘေးကြီးတို့... ကျေးဇူးပြုပြီး ကျွန်မယောက်ျားကို ကောင်းချီးပေးပါ။ ကျွန်မရဲ့သား ရှမ့်လန်ကိုလည်း လုံလုံခြုံခြုံနှင့် အောင်ပွဲတွေယူဆောင်ပြီး ပြန်လာနိုင်အောင် ကောင်းချီးပေးပါ။ ဘိုးဘေးကြီးတို့... ကျွန်မရဲ့ ယောက်ျား ကျင်းကျိုးကို ကောင်းချီးပေးပါ။ ကျွန်မရဲ့သား ရှမ့်လန်ကို ကောင်းချီးပေးပါ”

သူမသည် သားဟု ပြောဆိုပြီး သမက်ဟု မပြောဆိုခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သမက်ဟု ပြောဆိုပါက ဘိုးဘေးကြီးများသည် ရှမ့်လန်အား အပြင်လူဟု သတ်မှတ်လိုက်မည်ကို စိုးရိမ်မိ၏။ ထိုသို့ဆိုလျှင် ကောင်းချီး မပေးပါက မည်သို့လုပ်မည်နည်း။

အမျိုးသမီးများသည် ဤနေရာတွင် တကယ့်ကို စိတ်ကူးစိတ်သန်း ကောင်းမွန်လွန်းလှ၏။

ဤအချိန်မှာပင် ရဲတိုက်ကြီးတံခါးက ပွင့်လာခဲ့၏။ လူတစ်ယောက်နှင့် မြင်းတစ်ကောင်တို့သည် အထဲသို့ ဒုန်းစိုင်းကာ ဝင်ရောက်လာ၏။ ထိုသူသည် ကျင်းကျန့်နန်ပင် ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများနှင့် ဖုံးလွှမ်းလျက် ရှိနေပြီး သူမစီးနင်းထားခဲ့သည့် မြင်း၌ပင်လျှင် သွေးများထွက်နေသည်။

“သခင်မကြီး... သခင်မလေး၊ ရန်သူရောက်နေပြီ။ ရန်သူ... ရန်သူ...”

ရုတ်တရက် မူလန်က နိုးလာခဲ့၏။

စုဖေ့ဖေ့သည်လည်း ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ဓားကို ကောက်ဆွဲကာဖြင့် အပြင်ဘက်သို့ လှမ်းထွက်သွားခဲ့သည်။

“သခင်မကြီး... သခင်မလေး... ဓားပြ ၁၀၀၀ ကျော်တို့က မြေပိုင်နက်ထဲမှာ ပေါ်လာခဲ့ကြတယ်။ သူတို့က... ဓားပြကြီး နာကျည်းမှုရဲ့ အလံကို ကိုင်ဆောင်ထားခဲ့ကြတယ်။”

ဓားပြကြီး နာကျည်းမှုဆိုသည်မှာ ထျန်းလျန်စစ်ရင်စုတစ်ခုလုံးတွင် ကျော်ကြားလွန်းသည့် တကယ့်ထိပ်တန်း ဓားပြအကြီးအကဲဖြစ်ပြီး သူ့တွင် နောက်လိုက်ရာချီ ရှိ၏။ လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်ခဲ့ပြီး မကောင်းမှုမျိုးစုံကို ပြုလုပ်သည့်သူဟု နာမည်ကြီးသည်။ ဤသူသည် ဆန်းကြယ်လွန်းလှ၏။ မည်သူကမှ မမြင်ဖူးကြချေ။

“မြေပိုင်နက်ထဲဝင်ပြီး မီးရှို့တာတွေရော၊ လုယက်တာတွေရော လုပ်နေကြတယ်။ ရွာတော်တော်များများက မီးရှို့ခြင်းကို ခံခဲ့ရတယ်။ အိမ် ၁၀၀ ကျော် အကုန်လုံး ပြာကျကုန်ကြပြီ။ အပြစ်ကင်းစင်တဲ့လူ ၁၀၀ ကျော်တောင် သတ်ဖြတ်ခြင်း ခံရတယ်။ ကျွန်မတို့ ကင်းလှည့်အဖွဲ့က ဒီလူတွေနဲ့ ဆုံတွေ့ခဲ့တယ်။ ဝင်ပြီး တိုက်ခိုက်တယ်ဆိုပေမဲ့ ကျွန်မတို့ဘက်မှာ လူ ၂၀ ပဲ ရှိပြီး ဓားပြတွေက အရမ်းကို များတယ်။ ဒါကြောင့် မနိုင်ခဲ့ဘူး။ သူတို့က လူ ၁၀၀ ကျော်လောက် ရှိတယ်။ ကျွန်မတို့ လူ ၂၀ လုံး အသတ်ခံခဲ့ရတယ်။ ကျွန်မတောင် မနည်း ကြိုးစားပြီး သတင်းပို့နိုင်ခဲ့တာပါ။ အခု ဓားပြအုပ်စုက ဆက်ပြီးတော့ အရူးအမူးလိုပဲ သတ်နေတယ်၊ ဖြတ်နေကြတယ်”

ကျင်းကျန့်နန်သည် မြေပေါ်တွင် ဒူးထောက်လျက် ရှိနေ၏။ မြေပြင်တစ်ခုလုံးတွင် သွေးများနှင့် ပြည့်နှက်သွားခဲ့၏။ သမားတော်ကြီး အန်းစိုက်ရှီ နှင့် အမျိုးသမီးသမားတော် သုံးယောက်တို့သည် အိမ်တော်အတွင်းမှ ထွက်လာခဲ့ကြပြီး ကျင်းကျန့်နန်ကို ကုသရန် ပြင်ဆင်လျက် ရှိ၏။

မူလန်သည် အလျင်အမြန်နှင့် ရောက်ရှိလာပြီး ကျင်းကျန့်နန်၏ အဓိကနေရာများကို လှမ်းကာ ကြည့်ရှု၏။ အသက်အန္တရာယ် ရှိသည့် မည်သည့်နေရာကိုမှ ထိခိုက်ထားကြောင်း မမြင်ရသည့်အချိန်မှာတော့ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ဤဓားနတ်မိမယ်သည် ဒဏ်ရာများစွာ ရရှိခဲ့သော်လည်း သေကွင်းသေကွက်နေရာမျိုး မဟုတ်ခဲ့ချေ။

“သူတို့က ကျွန်မကို သတ်ပစ်နိုင်တယ်။ ဒါပေမယ့် ဒီအတိုင်း လွှတ်ပေးလိုက်တယ်။ ကြည့်ရတာ သတင်းပို့အတွက် သက်သက် လွှတ်ပေးလိုက်တဲ့ပုံ ပေါ်တယ်”

ကျင်းကျန့်နန်က ပြောလိုက်သည်။ “ဒါ ထောင်ချောက်တစ်ခု ဖြစ်နေမှာ စိုးရတယ်”

မူလန်က ပြောလိုက်၏။ “ဓားနတ်မိယ်ကို သေသေချာချာ ကုသပေးလိုက်ကြ”

ယောက်ျားနှင့် မိန်းမကြားတွင် ကွာခြားချက် ရှိ၏။ သူမက သမားတော်ကြီး အန်းစိုက်ရှီကို မကုသစေချင်ပေ။ သို့ပေမည့် ဒဏ်ရာများက တကယ့်ကို ကြီးမားနေ၏။ သူမ ဂရုစိုက်နေ၍ မဖြစ်ချေ။ အသက်က ပို၍ အရေးကြီးသည် မဟုတ်ပါလား။

“သခင်မလေး.. ဒီနေရာမှာ ထောင်ချောက် ရှိနေတယ်။ တစ်စုံတစ်ယောက်က ဓားပြကြီး နာကျည်းမှုအဖြစ် ဟန်ဆောင်ပြီး လုပ်နေတာပဲ ဖြစ်မယ်။ သူက ဒီမှာရှိတဲ့ လူတွေကို တွင်းထဲကနေ အပြင်ဘက်ကို ထွက်အောင် လုပ်တဲ့ပုံပဲ”

ဆရာအိုကြီးလင်းက ပြောလိုက်၏။ “ဓားပြကြီး နာကျည်းမှုက နုကျန့်စီရင်စုထဲမှာ အရင်က ပေါ်လာခဲ့ဖူးတာ မဟုတ်ဘူး။ သူတို့ … ဘာလုပ်ချင်တာလဲ”

သမားတော် အန်းစိုက်ရှီက ပြောလိုက်သည်။ “ဟုတ်တယ်။ သူတို့ တစ်ခုခု လုပ်တာပဲ ဖြစ်ရမယ်။ သခင်မလေး။ သူ့ရဲ့ လှည့်စားတာကို ခံလို့ မဖြစ်ဘူး”

သူသည် သမားတော်တစ်ယောက် ဖြစ်၏။ ထို့ကြောင့် အိမ်တော်တွင် သူ၏အထင်အမြင်ကို တစ်ခါမှ ထုတ်ဖော် ပြောဆိုခဲ့ဖူးခြင်း မရှိချေ။ သို့ပေမည့် လက်ရှိအခြေအနေသည် အလွန်အရေးကြီးသည့် အခြေအနေမျိုး ဖြစ်၏။

မူလန်က မျက်မှောင်ကုတ်လိုက်၏။ ကျိန်းသေပေါက် ထောင်ချောက်တစ်ခုခု ဖြစ်ရပေလိမ့်မည်။ သူမကို မြို့စားအိမ်တော်ဆီမှ အပြင်ဘက်သို့ ထွက်လာစေရန် မြားခေါ်ချင်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ရန်သူက ဘာလုပ်ချင်နေသနည်း။ ရဲတိုက်ကို တိုက်ရိုက်ဆိုသလို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ထားနေသည်လား။

ကျိန်းသေပေါက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ချောင်ထျန်းဝေ သို့မဟုတ် ထန်လွမ် …. မည်သူပဲဖြစ်ဖြစ် ဤမျှ ရူးသွပ်မည် မဟုတ်ချေ။ ဤအရာသည် ပုန်ကန်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ထို့အပြင် ရွှမ်ဝူအိမ်တော်၏ ရဲတိုက်သည် တောင်ပေါ်တွင် တည်ရှိနေ၏။ နံရံများက ထူထဲပြီး မြင့်မားလွန်း၏။ လူ ၆၀၀၀၊ ၇၀၀၀ လောက် ရောက်ရှိလာခဲ့ပြီး တိုက်ခိုက်လျှင်တောင်မှ ဖောက်ထွင်းဝင်ရောက်နိုင်မည့် နေရာမျိုး မဟုတ်ချေ။

ထိုသို့ဆိုလျှင် ရန်သူ၏ ရည်မှန်းချက်က ဘာဖြစ်သနည်း။

သူမသည် ရန်သူ၏ အစစ်အမှန် ရည်မှန်းချက်ကို ခဏဘေးဖယ်ထားလိုက်၏။ မြေပိုင်နက်ထဲတွင် ရှိနေသည့် လူများကို ကယ်တင်သင့်သည်လား သို့မဟုတ် မြေပိုင်နက်ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို ဓားပြများ သတ်ဖြတ်ခြင်းအား အတိုင်းသား ကြည့်ရှုရမည်လား။

မြင်းတပ်စစ်သည်များကို စေလွှတ်ကာဖြင့် ကယ်တင်ချင်ယောင် ပြုလုပ်သည်ဆိုသည်မှာ လွယ်ကူ၏။ တကယ် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းပြုရန် မလိုအပ်ချေ။ သို့သော်ငြား မူလန်သည် ကျိန်းသေပေါက် စစ်သည်များကို ခေါ်ဆောင်ကာဖြင့် ဤဓားပြများကို သွားရောက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။

မူလန်သည် မျက်လုံးများကို မှိတ်လိုက်၏။ ပြီးနောက် သူမသည် စိတ်ထဲမှာ ပြောလိုက်သည်။

‘ယောက်ျား... ကျွန်မ ဘာလုပ်သင့်လဲ။ ရဲတိုက်ကနေ ထွက်ခွာသွားမယ်ဆိုရင် ရန်သူတွေ စိတ်သဘောကျ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ မြေပိုင်နက်ထဲမှာ ရှိနေတဲ့ လူတွကို မကယ်တင်နိုင်ဘူးဆိုရင် ကျွန်မတို့ ကျင်းမိသားစုက လူတွေ ဘယ်လောက်တောင် သေဆုံးမယ်ဆိုတာ မသိနိုင်ဘူး။ လူပေါင်း ဘယ်လောက်များများက အိမ်ခြေရာမဲ့တွေ ဖြစ်ကုန်ကြမလဲ။ ကလေးငယ်တွေ ဘယ်လောက်များများ သေဆုံးကုန်ကြမလဲ။ ဟုတ်တယ်။ ကျွန်မ သူတို့ကို ကယ်တင်ရမယ်’

‘ကျင်းမူလန်.. မင်း ဘာတွေ စဉ်းစားနေတာလဲ။ သူတို့ကိုတော့ မကယ်တင်ဘူးဆိုရင် ဒီမြေပိုင်ရှင် ဖြစ်ဖို့ လုံလောက်တဲ့ အရည်အသွေး ဘယ်လိုလုပ်ရှိတော့မှာလဲ။ ယောက်ျားနဲ့ ကျွန်မ အနာဂတ်မှာ ကလေး ရှိလာနိုင်တယ်။ ဒီတော့ ကျွန်မတို့ရဲ့ ကလေးတွေအတွက် ကောင်းမွန်တဲ့ အရာတွေကို ပြုလုပ်ထားသင့်တယ် မဟုတ်လား’

မူလန်သည် သူမ၏ လှပသည့် မျက်လုံးများကို ဖွင့်ကာ ပြောလိုက်၏။ “အမေ... ဓားသိုင်းတွေ မှတ်မိသေးလား”

စုဖေ့ဖေ့က ပြောလိုက်သည်။ “မေ့သွားတယ်ဆိုရင်တောင်မှ အသက်အတွက် ကျိန်းသေပေါက် တိုက်ခိုက်ရ တော့မှာပေါ့။ အရာအားလုံးကို ပြန်ပြီးတော့ စဉ်းစားရတော့မယ်”

မူလန်က ပြောလိုက်၏။ “ဒါဆိုရင် ကျွန်မ မြင်းသည်တော် ၃၀၀ ကျော်ကို ခေါ်ပြီး မြေပိုင်နက်ထဲ ဝင်လာတဲ့လူတွေကို သွားတိုက်ခိုက်မယ်။ ဓားပြလို့ခေါ်တဲ့ လူတွေကို သတ်ပစ်မယ်။ ရွှမ်ဝူအိမ်တော်ကို စောင့်ကြပ်ဖို့အတွက် လူအင်အား ၇၀၀ လောက် ထားခဲ့မယ်။ အဆင်ပြေလား”

စုဖေ့ဖေ့က ပြောလိုက်သည်။ “အင်း... အမေ ဒီနေရာကို စောင့်ကြပ်ထားပေးမယ်”

မူလန်က ပြောလိုက်၏။ “ရန်သူတွေက ရွှမ်ဝူအိမ်တော်ကို နေ့အချိန်မှာ လာပြီး တိုက်ခိုက်လိမ့်မယ်လို့ မထင်ဘူး။ ဘယ်သူကမှလည်း ဒီလိုလုပ်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး။ သူတို့အနေနဲ့ အိမ်ထဲကို ဝင်ဖို့အတွက် ခိုးကြောင်ခိုးဝှက်နဲ့ ရောက်လာလိမ့်မယ်။ ဒါကြောင့် တိုက်ပွဲရဲ့ မဟာဗျူဟာက နည်းနည်း အရေးကြီးလိမ့်မယ် ထင်တယ်။ ကျွန်မတို့က ဒီလူတွေအကုန်လုံးကို သတ်ပစ်ဖို့အတွက် လေးတွေ မြားတွေ ပြင်ဆင်ထားတာ ပိုကောင်းမယ်”

“ကောင်းပါပြီ” စုဖေ့ဖေ့က ပြောလိုက်သည်။

ပြီးနောက် သူမသည် သူမ၏ ကျေးကျွန်ကို ခေါ်ဆောင်ကာဖြင့် ချပ်ဝတ်ကို သွားရောက်ယူဆောင်စေခဲ့၏။ မြို့စားကြီးကတော် စုဖေ့ဖေ့သည် ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ခိုက်ရန် ချပ်ဝတ်ကို ဝတ်ဆင်ခဲ့၏။ ယောက်ျားသည် အရေးကြီးသည့် ကိစ္စရပ်များကို ပြုလုပ်ရန် အပြင်ဘက်သို့ သွားနေ၏။ ထို့ကြောင့် အိမ်သည် အမျိုးသမီးတို့ ကာကွယ်ရမည့်အရာ ဖြစ်လာခဲ့၏။

သူမ စုဖေ့ဖေ့သည် ပျင်းရိခဲ့၏။ ကြည့်ကောင်းလွန်းသည့် ဟန်ပန်မူရာမျိုးကို ချစ်ခင်နှစ်သက်၏။ နေ့စဉ် နေ့တိုင်းဆိုသလို အလှပြင်တတ်၏။ သို့ပေမည့် အရေးအကြောင်း အခြေအနေမျိုးတွင် မိသားစုကို ကာကွယ်ရပေလိမ့်မည်။

သမားတော်ကြီး အန်းစိုက်ရှီသည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။

မူလန်က ပြောလိုက်သည်။ “ဦးလေးအန်း.. ဘာလုပ်ချင်တာလဲ”

သမားတော် အန်းစိုက်ရှီက ပြောလိုက်၏။ “သခင်မလေးနဲ့အတူ တိုက်ပွဲဆီ လိုက်ဖို့လေ”

“မဟုတ်ဘူး ဦးလေးအန်း... ရှင့်ရဲ့ သိုင်းပညာက ကောင်းပါတယ်။ ဒါပေမဲ့ အိမ်မှာနေပြီး ကာကွယ်ပေးတာ ပိုပြီး အသုံးဝင်လိမ့်မယ်နဲ့ ထင်တယ်” မူလန်က ပြောလိုက်သည်။

ဤအချိန်မှာပဲ လူတစ်ယောက် ထွက်လာခဲ့၏။ ဤသူသည် ရှမ့်လန်၏ ညီငယ် ရှမ့်ကျန်ပင် ဖြစ်၏။ သူသည်လည်း ချပ်ဝတ်ကို ဝတ်ဆင်ကာ ဓားကို ကိုင်ဆွဲထား၏။ “မရီး... တိုက်ခိုက်မယ်ဆိုရင် ကျုပ်လည်း လိုက်မယ်”

ရှမ့်ကျန်သည် နေ့စဉ်နေ့တိုင်းဆိုသလို သိုင်းပညာကို လေ့ကျင့်ခဲ့၏။ သူ၌ ဆရာ အများအပြား ရှိ၏။ ကျင်းဟွေ့၊ ကျင်းကျုံး၊ မူလန်၊ ရွှမ်ဝူ၊ ကျင်းရှိယန် အားလုံးသောသူတို့သည် သူ့အား သိုင်းပညာ သင်ကြားပေးကြ၏။ သူသည် တကယ့်ကို တက်တက်ကြွကြွနှင့် နေထိုင်တတ်သည့် လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် မည်သည့်အရာကို သင်ယူရန် သင့်တော်ကြောင်း မတွေ့နိုင်ခဲ့ချေ။ ထို့ကြောင့် လူများစွာတို့ဆီမှ သင့်တော်ရာပညာများကို တစ်ခုချင်းစီ သင်ယူခဲ့ခြင်း ဖြစ်သည်။

“ပေါက်ကရတွေ မင်း... အိမ်မှာ နေပြီးတော့ အမေနဲ့ အဖေကို ကာကွယ်ရမယ်” မူလန်က ပြောလိုက်၏။

ရှမ့်ကျန်က ပြောလိုက်သည်။ “မရီး... ကျုပ် နှစ်ဝက်လောက် သိုင်းပညာ လေ့ကျင့်ခဲ့တာ။ အခု တော်တော်ကြီးကို အားကောင်းနေပါပြီ”

မူလန်က ပြောလိုက်၏။ “အမိန့်ကို နားထောင်”

ရှမ့်ကျန်သည် ဒေါသတကြီးဖြင့် နောက်သို့ ဆုတ်ခွာသွားခဲ့၏။ သူသည် ပိုမိုအားကောင်းလာရန် ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။

.......

မူလန်သည် ချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် ခြံဝင်းထဲမှ လျှောက်ထွက်သွားခဲ့၏။ မြင်းသည်တော် ၃၀၀ ကျော်သည် စုဝေးရောက်ရှိလာ၏။

ဤအချိန်မှာတော့ ကျင်းကျန့်နန်ကလည်း ထွက်လာခဲ့သည်။

“သခင်မလေး၊ ကျွန်မလည်း အတူတူ သွားမယ်” ကျင်းကျန့်နန်က ပြောလိုက်၏။

မူလန်က ပြောလိုက်သည်။ “ရှင် ဒဏ်ရာရထားတယ်လေ”

ဓားနတ်မိမယ်က ပြောလိုက်၏။ “ကျွန်မရဲ့ ဒဏ်ရာက ပြဿနာမဟုတ်ပါဘူး။ ဒီသားရဲတွေရဲ့ လက်ထဲမှာ ကျွန်မရဲ့ညီနောင်တွေ အသက်ဖြတ်ခံလိုက်ရတာကို မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့ရတယ်။ ဒီအချိန်မှာ မသွားဘူးဆိုရင် ကျွန်မရဲ့ လက်ကျန်ဘဝတစ်ခုလုံး သက်တောင့်သက်သာနဲ့ နေနိုင်မှာ မဟုတ်တော့ဘူး။ ဒီမြင်ကွင်းကို မျက်လုံးထဲကနေ ထုတ်ပစ်လို့ရမှာ မဟုတ်တော့ဘူး”

“ကောင်းပြီ”

မူလန်က ပြောလိုက်သည်။ “ဒါဆိုရင် ကျွန်မတို့ ညီအစ်မတွေ ရန်သူကို အတူတူ သွားပြီး သတ်ကြတာပေါ့”

မူလန်သည် မြင်းပေါ်သို့ ခုန်တက်လိုက်၏။ ကျင်းကျန့်နန်သည် ထိုနည်းတူစွာပင် လိုက်လာကာ ပြုမူ၏။ သူတို့သည် စစ်သည်တော် ၃၀၀ ကျော်ကို ခေါ်ဆောင်ပြီး ရွှမ်ဝူအိမ်တော်ဆီမှ အသော့နှင်ကာ ထွက်ခွာသွားခဲ့၏။

........

နေဝင်သွားခဲ့ပြီဖြစ်၏။ ညသည် မကြာခင် ရောက်ရှိပေတော့မည်။

ရွှမ်ဝူအိမ်တော်နှင့် မနီးမဝေး တောင်ထိပ်တစ်ခုပေါ်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူပေါင်း ၁၀၀ ကျော်တို့သည် ခြုံခိုကာ ပုန်းအောင်းလျက် ရှိနေ၏။ ခေါင်းဆောင်သည် သစ်ပင်ကြီးတစ်ခု ပေါ်တွင် ရှိနေပြီး မြင်းနှင့်အတူထွက်ခွာသွားခဲ့သည့် ကျင်းမူလန်ကို လှမ်းကာကြည့်ရှုနေသည်။ သူ၏မျက်လုံးများက တောက်ပနေသည်။ ထိုသူသည် ကျန်းယွမ်နယ်စားအိမ်တော်ဆီမှ စုကျန့်ထင်ပင် ဖြစ်၏။

ကျင်းမူလန်.. သူမသည် ကျိန်းသေပေါက် သူ၏မိန်းမဖြစ်သင့်သည့် မိန်းမမျိုးပင်။ အလွန်လှပပြီး အလွန်ဆွဲဆောင်မှုရှိ၏။ အလွန်သန့်စင်ပြီး အပြစ်ကင်းစင်လွန်း၏။ ရှမ့်လန်က မကြာခင် သေဆုံး ပေတော့မည်။ သူမသည် မုဆိုးမ ဖြစ်ပေတော့မည်။ ကံဆိုးစွာပင် အိမ်ရှေ့စံမင်းသားသည် သူမအား သူ၏ ပိုင်ဆိုင်မှုတစ်ခုအဖြစ် သတ်မှတ်ထားခဲ့၏။ ထို့ကြောင့် ဝင်ရောက် သိမ်းပိုက်၍ မဖြစ်ချေ။

ညရောက်သွားခဲ့သည်။ လောကတခွင်လုံး မှောင်မိုက်သွားသည်။

စုကျန့်ထင်သည် သစ်ပင်ပေါ်မှ ခုန်ချလိုက်ပြီးနောက် မျက်နှာဖုံးကို ကောက်ဝတ်ကာ တီးတိုး အမိန့်ပေးလိုက်၏။ “ကျုပ်တို့ တောင်ပေါ်က ကျားကိုတော့ အပြင်ဘက် ထွက်အောင် လုပ်နိုင်ခဲ့ပြီးပြီ။ အားလုံး အဆင်သင့်ပြင်ထား။ ကြိုးတွေ၊ ချိတ်တွေ အဆင်သင့်ပဲလား”

“အဆင်သင့်ပါပဲ”

စုကျန့်ထင်က ပြောလိုက်သည်။ “ဒါဆိုရင် ရွှမ်ဝူအိမ်တော်ထဲ ဝင်ကြရအောင်”

ရွှမ်ဝူအိမ်တော်ထဲတွင် ရှိနေသည့် တစ်ခုတည်းသောအရာကို ယူဆောင်ရန် သူ၏အဖေက အမိန့်ပေးခဲ့၏။ လူ ဘယ်လောက်သေသေ ကိစ္စမရှိချေ။ လူ ဘယ်လောက်သတ်သတ် ကိစ္စမရှိချေ။ ထိုအရာကိုသာ ရရှိရန် အရေးကြီးသည်ဟု ဆို၏။

“သွားကြရအောင်။ ရွှမ်ဝူအိမ်တော်ထဲ ဝင်ကြရအောင်။ တားဆီးတဲ့လူ ဘယ်သူပဲဖြစ်ဖြစ် ..... စုဖေ့ဖေ့ဆိုရင်တောင် သတ်ပစ်ရမယ်”

အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် ကျွမ်းကျင်သူ တစ်ရာကျော်တို့သည် ရွှမ်ဝူအိမ်တော်ဆီသို့ ပြေးဝင်သွားခဲ့ကြ၏။ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် စုကျန့်ထင်သည်လည်း ထိုသူများ ကြားထဲတွင် ပါဝင်၏။ လူတစ်ရာကျော်... အလွန် အဆိပ်ပြင်းလွန်းသည့် မြွေပေါင်း တစ်ရာကျော်နှင့် ဆင်တူ၏။ ထိုမြွေများသည် ကျင်းမိသားစု၏ ရဲတိုက်ဆီသို့ ခိုးကာ ဝင်ရောက်ခဲ့ကြသည်။

ထိုနေရာနှင့် ဆယ်မိုင်အဝေးမှာတော့ ထန်ယင်သည် မြင်းတစ်ကောင်ကို ဒုန်းစိုင်းစီးကာဖြင့် ရောက်ရှိလာခဲ့၏။ သူသည် လမ်းဆုံလမ်းခွတွင် ခဏရပ်ပြီးနောက် တွေဝေငေးငိုင်စွာဖြင့် ကြည့်ရှုနေမိ၏။ သူ၏မျက်စိရှေ့တွင် လမ်းသုံးလမ်း ရှိ၏။ ဘယ်ဘက်ကို သွားရမည်လား။ ညာဘက်ကို သွားရမည်လား။ အလယ်ကို သွားရမည်လား။ မည်သည့်လမ်းသည် ရွှမ်ဝူအိမ်တော်ဆီ သွားသည့်လမ်းမှန်း သူ မသိချေ။

သူသည် ကြယ်ကြွေဓားနည်းစနစ်ကို ဆက်လက်ကာ မလေ့ကျင့်တော့ချေ။ သူ၏ဆရာ လီချင်းချိုးသည် သူ့အတွက် ဓားနည်းစနစ်တစ်ခုကို ပြင်ဆင်ပေးခဲ့၏။ သူသည် ထိုဓားသိုင်းအသစ်ကို ဆက်ကာ လေ့ကျင့်ခဲ့၏။ အလွန်အားကောင်းသည့် ဓားသိုင်းတစ်ခုဖြစ်ကြောင်းကို သူက ကြားခဲ့ရ၏။ သို့ပေမည့် ဓားသိုင်းသည် ကျောက်စိမ်းအပိုင်းအစတစ်ခုဆီမှ ရရှိလာခဲ့သည့် ဓားသိုင်းဖြစ်၏။ ရှေးဓားသိုင်းတစ်ခု ဖြစ်သည်မို့ ထိုအရာသည် သေသေချာချာ သုံးသပ်ထားခြင်းမျိုး မရှိချေ။

ထိုအရာကိုသာ သုံးသပ်နိုင်ပါက လေ့ကျင့်ရန် အချိန် ၁၀ နှစ်ထိ လျှော့ချနိုင်လိမ့်မည်ဟု သူ၏ဆရာက ပြောဆိုခဲ့၏။ သို့ပေမည့် ထိုအရာကို သုံးသပ်နိုင်ခဲ့သည့် တကယ့်ထိပ်တန်း ပါရမီရှင်ဆိုသည်မှာ ရှားပါးလွန်း၏။ တစ်ယောက်တည်းသာလျှင် ရှိ၏။ ထိုသူသည် ရှမ့်လန်ပင် ဖြစ်၏။

ထို့ကြောင့် ထန်ယင်သည် တစ်ယောက်တည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ အလွန်ခက်ခဲ၏။ အပြင်ဘက် လောကကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ လမ်းတစ်လျှောက်တွင် သူသည် သူ့လမ်းကို တားဆီးသည့် ဓားပြသုံးဖွဲ့ကို ရင်ဆိုင်ခဲ့ရ၏။ ဟုတ်ပေ၏။ တစ်ဖက်လူများသည် ဘာမှန်း သူသေသေချာချာ မသိချေ။ သို့ပေမည့် ပထမဦးဆုံး တွေ့သည့် ဓားပြသုံးဖွဲ့ကို သူ သတ်ဖြတ်ပစ်ခဲ့သည်။

ဓားပြများနှင့် တွေ့ရသည်မှာ ပြဿနာကြီး မဟုတ်ချေ။ သူ့အတွက် အဓိက ပြဿနာမှာ မည်သည့်နေရာကို သွားရမှန်း မသိဘဲ ၁၀ ကြိမ်ကျော်လောက် လမ်းပျောက်နေခြင်း ဖြစ်၏။ နေ့စဉ်နေ့တိုင်းဆိုသလို လမ်းကို မေးမြန်းခဲ့ရ၏။

သူသည် မြေပုံတစ်ခုကို ကြိုတင်ကာ ပြင်ဆင်ခဲ့၏။ သို့ပေမည့် မည်သူက ထင်မှတ်မိမည်နည်း။

ထန်ယင်သည် စာရွက်ပေါ်တွင် ရေးထားသည့် သိုင်းနည်းစနစ်များဆိုပါက ချက်ချင်း နားလည်နိုင်စွမ်း ရှိသည့်လူ ဖြစ်၏။ သို့ပေမည့် စာရွက်ပေါ်တွင် ရေးထားသည့် အခြားအကြောင်းအရာများဆိုပါက ဘာတစ်ခုမှ နားလည်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် သူသည် မြေပုံကို ယူဆောင်လာခဲ့သည်ဆိုသော်လည်း လမ်းပျောက်နေခြင်းပင်။

ယခု မှောင်မဲလျက် ရှိနေ၏။ မည်သည့်လမ်းကို သွားရမည်ဖြစ်ကြောင်း မေးမြန်းရန် မည်သူမှလည်း မရှိချေ။ လမ်းနှစ်လမ်း ရှိသည်ဆိုပါက ကျိန်းသေပေါက် ညာဘက်လမ်းကို ရွေးချယ်သင့်သည်ဟု သူ၏ဆရာက ပြောဆိုခဲ့ဖူး၏။ သူ၏ရှေ့တည့်တည့်တွင် လမ်းသုံးလမ်း ရှိနေ၏။ ထို့ကြောင့် သူသည် အလယ်ကို သွားရပေလိမ့်မည်။

အတိတ်တုန်းက သူသည် ရံဖန်ရံခါဆိုသလို မှားယွင်းသည့် လမ်းများကို ရွေးချယ်ကာ သွားတတ်၏။ သို့ပေမည့် သူ၏ဆရာစကားကို နားထောင်လျက် ရှိနေတုန်းပင်။ သူ၏ဆရာက ညာဆိုလျှင် ညာကိုသာ သွားတတ်၏။ ထန်ယင် သိုင်းရူးသည် သူ၏မြင်းကြီးကို စီးနင်းပြီး အလယ် လမ်းတည့်တည့်ဆီသို့ ဦးတည်ကာ သွားလေတော့၏။

နောက်ဆုံးမှာတော့ ဤအရူးသည် လမ်းမှန်ကို ရွေးချယ်နိုင်ခဲ့ပြီ ဖြစ်၏။ ဘယ်ဘက်ခြမ်းဆီသို့ သွားသည့်လမ်းသည် ရွှမ်ဝူမြို့ကို ဦးတည်ပြီး ညာဘက်ခြမ်းဆီသို့ သွားသည့်လမ်းမှာတော့ လန်ရှန်မြို့ဆီသို့ ဦးတည်၏။ အလယ်တည့်တည့်ဆီသို့ သွားသည့်လမ်းမှာတော့ ရွှမ်ဝူအိမ်တော်ဆီသို့ သွားသည့်လမ်းပင်။

...........

All Chapters