အခန်း (၂၃၉)
Vol. 18 Ch. 239
နုရှောင့်မြို့၏ အဓိကရဲတိုက်ကြီးအတွင်းမှာတော့ စားဖိုမှူး ရှုရှုသည် တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေ၏။ သူမသည် မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိသလို ထိုင်နေ၏။ ရံဖန်ရံခါဆိုသလို သမားတော်ကြီး အန်းစိုက်ထျန်းကို လှမ်းကာ ကြည့်ရှု၏။
“တပ်မှူး.. ရှင် ကျွန်မကို ကယ်ခဲ့တယ်။ ကျွန်မ အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ရှင့်ကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ခဲ့တယ်ဆိုတဲ့အတွက်ကြောင့်မို့ တိရစ္ဆာန်ထက်တောင် ဆိုးဝါးတဲ့ လူတစ်ယောက် ဖြစ်ခဲ့ပါတယ်”
ရှုရှုက ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မ ရှင့်ကိုမှ အဆိပ်မခတ်ဘူးဆိုရင် ကျွန်မရဲ့သားနဲ့ သမီး သေသွားလိမ့်မယ်”
ချောင်ယောင်းအာသည် ခေါင်းကို ခါယမ်းလိုက်သည် “ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး။ ရှင် ရုတ်တရက် ဘာကြောင့် ပျောက်ကွယ်သွားခဲ့တာလဲဆိုပြီး ကျွန်မ စိုးရိမ်နေခဲ့တာ။ ဒါနဲ့ ရှင် ဘာလို့ ကျွန်မကို အဆိပ်ခတ်တာကနေ ရပ်တန့်လိုက်တာလဲ”
ရှုရှုက ပြောလိုက်၏။ “ပထမဦးဆုံးအချက်အနေနဲ့ ကျွန်မ ကိုယ်ဝန်လွယ်ထားရတယ်။ ဒုတိယအနေနဲ့ အခြေအနေတွေက ပြောင်းလဲသွားခဲ့တယ်။ ချောင်ထျန်းဝေက ရုတ်တရက် ရှင့်ကို ပြန်ပြီး လိုအပ် လာခဲ့တယ်”
ပြောပြီးသည့်နောက် ရှမ့်လန်သည် ချက်ချင်းပဲ မတူညီသည့် အကြည့်မျိုးဖြင့် စားဖိုမှူးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူမသည် တကယ့်ကို ပညာတတ်မိသားစုမှ သမီးတစ်ယောက် ဖြစ်ပုံပေါ်၏။ စကားလုံးများသည် ရှင်းလင်းလွန်းလှပြီး ဗဟုသုတ ကြွယ်ဝစွာဖြင့် ပြောဆိုရမည့် အကြောင်းအရာများကို သေသေချာချာ နားလည်စွာဖြင့် မည်သည့်အချိန်တွင် ပြောရမည်၊ မည်သည့်အချိန်တွင် မပြောရဘူးဆိုတာကို နားလည်လျက် ရှိသည်။
မူလအားဖြင့် ချောင်ယောင်းအာသည် အသုံးမဝင်ဟု ချောင်ထျန်းဝေက တွေးထင်ခဲ့၏။ သူမကို အသက်ရှင်လျက်ထားခြင်းသည် ကောင်းမွန်သည့် အရာမျိုး မဟုတ်ချေ။ သို့ပေမည့် ဝမ်ကျားကျွန်းတွင် ရှေးရွှေကြောကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီးနောက် ချောင်ယောင်းအာသည် ရုတ်တရက် အရေးကြီးလာခဲ့၏။ အဘယ့်ကြောင့်ဆိုသော် နုရှောင့်မြို့ကိုကာကွယ်ရန် သူမအား လိုအပ်လာခဲ့သောကြောင့်ပင်။ ထို့ကြောင့်ပင်လျှင် ချောင်ယောင်းအာကို အဆိပ်ခတ်ခြင်းအား ရုတ်တရက် ရပ်တန့်ခိုင်းခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ရှုရှုက ကိုယ်ဝန်လွယ်ထားရပြီး ဖြစ်၏။ ထို့ကြောင့် တခြားအပြစ်မဲ့သော တစ်စုံတစ်ယောက်ကို သူမ မသတ်ဖြတ်ချင်တော့ပေ။
ချောင်ယောင်းအာသည် မျက်လုံး မှိတ်လိုက်၏။ မွေးစားအဖေသည် သူမကို သတ်ဖြတ်ချင်နေသည်တဲ့လား။ တကယ်တမ်း သတ်ဖြတ်ချင်နေသည်တဲ့လား။ ဤနှစ်ပိုင်းအတွင်းတွင် သူမသည် မွေးစားအဖေကို သစ္စာရှိခဲ့၏။ သို့ပေမည့် တစ်ဖက်လူသည် သူမကို သတ်ဖြတ်ချင်နေခဲ့သည်တဲ့လား။
တကယ်တမ်းမှာတော့ သူမသည် ချောင်ရှောင်း၏နေရာကို လုယူရန် ရည်ရွယ်ချက်ဟူ၍ မရှိချေ။ ထို့အပြင် ထိုအရာနှင့် ပတ်သက်၍ ခြိမ်းခြောက်ခဲ့ခြင်းလည်း တစ်ခုမှ မရှိခဲ့ချေ။ ထိုသို့ဆိုလျှင်တောင်မှ သူမကို သတ်ဖြတ်ချင်နေသည်တဲ့လား။ အဘယ့်ကြောင့်နည်း။
စိတ်ပိုင်းဆိုင်ရာအရ သူမသည် အရိပ်မဲကြီးအဖြစ် တစ်ဖက်လူများ၏ နှလုံးသားများကို လွှမ်းမိုးခဲ့လေသည်လား။ သူမ၏ သိုင်းပညာသည် အခြားသော သူများ၏ ကြောက်ရွံ့ရစေသည့်အရာ ဖြစ်လာခဲ့လေသည်လား။ ယောက်ျားတစ်ယောက်သည် ကြောက်ရွံ့သောကြောင့် သတ်ဖြတ်ခြင်းအမှုကို ပြုလုပ်တတ်သည်လား။
ချောင်ယောင်းအာသည် ဒေါသမထွက်သလို စိတ်လှုပ်ရှားခြင်းလည်း မရှိချေ။ သူမသည် အနည်းငယ် စိတ်ပျက်လျက် ရှိနေ၏။ ရှမ့်လန်ပြောဆိုသည်မှာ မှန်၏။ သူမ၏ ဘဝတစ်သက်တာတွင် ချောင်ထျန်းဝေ အပေါ် မည်သည့်အကြွေးမှ မရှိတော့ချေ။ အကြွေးကို ပြန်လည်ပေးဆပ်ခဲ့ပြီးသား ဖြစ်၏။
ရုတ်တရက် ချောင်ယောင်းအာက ပြောလိုက်သည်။ “ရှုရှု.. ရှင်နဲ့ ချောင်ထျန်းဝေတို့က လိုလိုချင်ချင်နဲ့ အတူတူ အိပ်ခဲ့တာလား”
ရှုရှုက ပြောလိုက်၏။ “မဟုတ်ပါဘူး။ ကျွန်မကို သူက မုဒိန်းကျင့်ခဲ့တယ်။ သူက သားရဲတစ်ကောင်လိုပဲ ကျွန်မကို နှိပ်စက်ခဲ့တယ်။ သူ ကျွန်မကို လုပ်နေတဲ့ အချိန်အတောအတွင်းမှာလည်း ရှင့်ရဲ့နာမည်ကိုပဲ တောက်လျှောက် အော်နေခဲ့တာ”
ချက်ချင်းပဲ ချောင်ယောင်းအာသည် မပျော်ရွှင်သလို ခံစားလိုက်မိ၏။ သက်ပြင်းရှည်ကြီးကို ချပြီးနောက် ချောင်ယောင်းအာက ပြောလိုက်သည်။ “ရှုရှု.. ရှင် ကျွန်မနဲ့ နေချင်လား။ ကျွန်မကို ဆက်ပြီး ထမင်းဟင်းတွေ ချက်ကျွေးချင်လား။ ရှင်ချက်တဲ့ အရသာက အရမ်းကို ကောင်းတယ်။ ကျွန်မ ဒါကို အသားကျနေပြီ”
သူမသည် တကယ့်ကို စိတ်နှလုံးကြီးမြတ်လွန်းသည့် အမျိုးသမီးတစ်ယောက် ဖြစ်၏။ ရှုရှုသည် သူမကို အဆိပ်ခတ်ခဲ့၏။ သို့ပေမည့် ရှုရှုအား စားဖိုမှူးအဖြစ် ဆက်လက်ခန့်အပ်ရန်ပင် ပြောဆိုလျက် ရှိနေ၏။
ရှုရှုသည် ဒူးထောက်ကာဖြင့် ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် တပ်မှူး။ ဒါပေမဲ့ ကျွန်မမှာ ယောက်ျားရှိတယ်။ ကျွန်မမှာ ကလေးရှိတယ်။ ကျွန်မ သူတို့နဲ့အတူ အိမ်ကို ပြန်ချင်ပါတယ်”
ပြီးနောက် သူမ၏ လှပသည့် မျက်လုံးများသည် သမားတော်ကြီး အန်းစိုက်ထျန်းဆီသို့ ရောက်ရှိသွားခဲ့၏။
ချက်ချင်းပဲ အန်းစိုက်ထျန်း၏ မျက်လုံးဆီမှ မျက်ရည်များ စီးကျလာခဲ့၏။ သူသည် ချောင်ထျန်းဝေ၏ ဘေးတစ်ဖက်တွင် ၁၀ နှစ်ကျော်ကြာ သူလျှိုအဖြစ် နေထိုင်ခဲ့၏။ သို့ပေမည့် သူသည် မိန်းမတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့၏။ သူ့အတွက် လုံလောက်ခဲ့လေပြီ။
ချောင်ယောင်းအာသည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ “ရှမ့်လန်၊ ဒီရဲတိုက်ကြီးက ရှင့်ဟာပဲ။ နုရှောင့်မြို့ကလည်း ရှင်ပိုင်တဲ့အရာပဲ။ ကျွန်မ လူတွေကိုခေါပြီး ထွက်သွားတော့မယ်။ ကျွန်မတို့ ဘယ်တော့မှ ထပ်ပြီး မတွေ့ဘဲ နေကြရအောင်”
…….
ရွှမ်ဝူအိမ်တော်၏ မြေပိုင်နက်အတွင်းရှိ ရွာတစ်ရွာမှာတော့ ထန်မိသားစုမှ စစ်သည်များနှင့် စုမိသားစုမှ ကျွမ်းကျင်သူများသည် ဓားပြများအဖြစ် ဟန်ဆောင်ပြီး မြင်းများကိုစီးနင်းကာ ဝင်ရောက်လာကြ၏။ ပြီးနောက် တွေ့တွေ့သမျှသောလူများ အားလုံးကို ရူးရူးမူးမူး သတ်ဖြတ်ပြီး မီးရှို့လျက် ရှိနေ၏။
“ဟား ဟား ဟား ဟား”
ဤအဖွဲ့သည် စိတ်ထဲတွင် ရှိနေသည့် အတွင်းမိစ္ဆာ၏ စေညွှန်ရာအတိုင်း လုပ်ချင်ရာကို ပြုလုပ်လျက်ရှိနေကြသည်။ ရွှာထဲသို့ ဝင်ရောက်ပြီးနောက် တစ်အိမ်ပြီးတစ်အိမ်ကို သူတို့ မီးရှို့လျက်ရှိနေ၏။ သူတို့၏ လက်ထဲတွင် တစ်သက်ပြီးတစ်သက်က သေဆုံးလျက်ရှိနေ၏။ တကယ့်ကို မယုံကြည်နိုင်လောက်စရာ ပျော်ရွှင်မှုမျိုးကို ခံစားနေရ၏။ စိတ်ကျေနပ်စရာ ကောင်းလွန်းလှသည်။
“ဟား ဟား ဟား ဟား ဟား”
သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းသည် ဤမျှ ကောင်းမွန်သည့်စိတ်ခံစားချက်ကို ရရှိလိမ့်မည်ဖြစ်ကြောင်း သူတို့ ဘဝတစ်သက်တာလုံး မသိခဲ့ချေ။ ဓားပြဖြစ်ရသည်မှာ ကောင်းမွန်သည့်အရာပင် ဖြစ်၏။ မည်သည့်အရာကိုမှ ထိန်းချုပ်ထားစရာ မလိုချေ။ လူဆိုးများသည် မိမိကြိုက်နှစ်သက်ရာကို ပြုလုပ်တတ်သည် မဟုတ်ပါလား။ သူတို့လိုချင်တာကို ယူနိုင်စွမ်းရှိပြီး လုပ်ချင်တာကို လုပ်နိုင်စွမ်းရှိ၏။ အခန့်မသင့်လျှင် တစ်ခါတည်း သတ်ဖြတ်ပစ်နိုင်စွမ်းရှိ၏။
“မီးရှို့ မီးရှို့ကြဟေ့”
မီးတုတ်များအား အိမ်များဆီသို့ လှမ်းကာ ပစ်လိုက်ကြ၏။
ကျင်းမိသားစု၏ မြေပိုင်နက်ထဲတွင် ရှိနေသည့် လူများသည် ကြောက်လန့်တကြားဖြင့် အိမ်ထဲမှ ထွက်ကာပြေး၏။ ယောက်ျားများသည် ကလေးများ၊ မိန်းမများကို လက်ထဲတွင် ပွေ့ပိုက်ကာဖြင့် ပြေးလွှားလျက် ရှိနေကြသည်။
တစ်ရွာလုံးတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် အလုံးစုံ ထိတ်လန့်ကြောက်လန့်လျက်ရှိနေ၏။ ဤရွာ၌ လူပေါင်း တစ်ရာကျော်ခန့်ရှိ၏။ ဓားပြများသည် အိမ်များကို မီးတင်ရှို့လျက်ရှိနေ၏။ ဤဓားပြအတုများသည် မီးထဲတွင် ပျော်ရွှင်စွာဖြင့် ကခုန်လျက်ပင် ရှိနေကြ၏။
“ဟား ဟား ဟား ဟား ဟား။ ကျင်းမိသားစုက မင်းတို့ကို လာပြီးကယ်တင်မယ်လို့ ထင်နေသေးတာလား။ အိမ်မက် မက်နေနဲ့။ ကျင်းမိသားစုက သူတို့ကိုယ် သူတို့တောင်မှ မကာကွယ်နိုင်ဘူး။ မကြာခင်မှာ သူတို့ အဆုံးသတ်တော့မယ်။ ကျင်းမိသားစုရဲ့ မျက်လုံးထဲမှာ မင်းတို့အားလုံးက ပုရွက်ဆိတ်ကလေးတွေလိုပဲ။ မင်းတို့က ခွေးတွေ၊ ဝက်တွေလောက်တောင် တန်ဖိုးရှိတဲ့သူတွေ မဟုတ်ဘူး။ မင်းတို့ရဲ့ အသက်က ကျင်းမူလန်နဲ့ တခြားသောသူတွေရဲ့ လက်ထဲမှာ တန်ဖိုးမရှိဘူး။ ကျင်းမိသားစုအတွက် မင်းတို့က အသုံးချခံ လူသားတွေပဲ”
ရုတ်တရက် လူငယ်တစ်ယောက်က ပြောလိုက်သည်။ “ကျုပ်မယုံဘူး။ မြို့စားအိမ်တော်က လူတွေလွှတ်ပြီး ကျုပ်တို့ကို လာကယ်လိမ့်မယ်”
“ဟုတ်တယ် မြို့စားအိမ်တော်က ကျုပ်တို့အားလုံးကို သူတို့ရဲ့ ကိုယ်ပိုင်ကလေးငယ်တွေလို ချစ်ကြတယ်။ မိန်းကလေး ကျင်းမူလန်က သူ့ရဲ့ ကိုယ်ပိုင်ကလေးထက်တောင် ကျုပ်တို့ကို ပိုချစ်သေးတယ်။ သူမက ကျုပ်တို့ကို မိသားစုလို ဆက်ဆံခဲ့တာ”
“ခင်ဗျားတို့ဓားပြတွေ ကျုပ်တို့ ကျင်းမိသားစုရဲ့ စစ်တပ်ကြီး လာတဲ့အထိ စောင့်နေလိုက်။ သူတို့ ခင်ဗျားတို့ကို လက်လွှတ်ပေးမှာ မဟုတ်ဘူး”
ရွာသားများသည် တစ်ယောက်ပြီးတစ်ယောက် ထကာ အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ ကျင်းမိသားစု အပေါ်တွင် ရှိနေသည့် ထောက်ခံမှု၊ ချစ်ခင်မြတ်နိုးမှုများသည် နှလုံးသား၏ အောက်ခြေဆီမှ ထွက်ပေါ်လာသည့် အရာမျိုးကဲ့သို့ပင်။
စတုတ္ထသခင်လေးထန်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “အိပ်မက်ထဲမှာပဲ ရမယ်။ ကျင်းမူလန်က မင်းတို့လို ခွေးလိုကြောင်လို လူတွေအတွက် အသက်ကိုစွန့်ပြီး ဒီနေရာထိ လာမယ်ထင်လား”
ပြီးနောက် သူ၏မျက်နှာတွင်မူ တစ်ခုလုံးက အေးခဲသွားခဲ့သည်။ “ဒီလူတွေ ဒီလောက်ခေါင်းမာနေပြီဆိုမှတော့ သေဖို့မကြောက်တာပဲ ဖြစ်ရမယ်။ အင်း ... လူ ၂၀ လောက်ကို ဆွဲထုတ်ပြီး သတ်ပစ်လိုက်စမ်း”
ခဏလောက်ကြာပြီးနောက် ရွာထဲမှ လူငယ် ၂၀ ကျော်တို့သည် အပြင်ဘက်သို့ ဆွဲထုတ်ခြင်းခံခဲ့ရ၏။ ၎င်းတို့၏ မျက်လုံးများသည် ပုန်ကန်လိုစိတ်များနှင့် ပြည့်နှက်လျက် ရှိ၏။
ဓားပြများသည် သူတို့အား ဒူးထောက်ခိုင်းထားသည်။ သူတို့၏ ပုခုံးထက်သို့ ဓားများတင်ကာဖြင့် အချိန်မရွေး သတ်ဖြတ်ပစ်ခံရမည့် လူများကဲ့သို့ ပြောင်းလဲသွားစေသည်။
ညအချိန်တွင် ရွာသားများသည် ပါးလွှာသည့် အဝတ်များကိုသာ ဝတ်ဆင်ပြီး အိပ်စက်တတ်ကြ၏။ အထူးသဖြင့် မိန်းကလေးငယ်များပင် ဖြစ်၏။ ယခုနှစ်တွင် ပိုးထည်များသည် ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချခဲ့သောကြောင့် ယောကျ်ား၏ ချစ်ခင်မှုကို ခံရသည့် အမျိုးသမီးများသည် အဝတ်ကောင်းများကို ဝတ်ဆင်နိုင်ကြ၏။
ငယ်ရွယ်သည့် အမျိုးသမီးငယ်များသည် အိပ်စက်သည့်နေရာတွင် ပိုးထည်စများ ဝတ်ဆင်ကာဖြင့် အိပ်စက်ခဲ့ကြပြီး လက်ရှိအချိန်၌ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရသောကြောင့် သူတို့၏ ခန္ဓာကိုယ်ကောက်ကြောင်းများသည် ဓားပြအဖြစ် ဟန်ဆောင်ထားသည့် စစ်သည်များအား ဆွဲဆောင်သလို ဖြစ်လို့နေသည်။
ဓားပြယောင်ဆောင်ထားသည့် ဤသားရဲတိရစ္ဆာန်များသည် ထိုမိန်းကလေးများကို ကြည့်ရှုရင်း မည်သို့မှ မထိန်းချုပ်နိုင်ခဲ့တော့ချေ။
“သခင်လေး အာ မဟုတ်ဘူး။ ခေါင်းဆောင်... ကျုပ်တို့က ဓားပြတွေ ဖြစ်နေပြီဆိုမှတော့ ဒီလူတွေကို သတ်ရုံတင် မဟုတ်ဘူး။ လုပ်ချင်တာ လုပ်လို့ရတယ် မဟုတ်လား။ ရွာထဲမှာ မိန်းကလေးငယ်လေးတွေ အများကြီးရှိတယ်။ ပြီးတော့ တချို့တွေရဲ့ မိန်းမတွေက ကြည့်ကောင်းလွန်းတယ်။ ကျုပ်တို့ အပျော်အနေနဲ့ နည်းနည်းလောက် ဆော့ကစားလို့ရလား”
ဤလူများသည် ထန်မိသားစုမှ စစ်သည်များဖြစ်၏။ တကယ့်သားရဲများ၊ တကယ့်ဓားပြများ မဟုတ်ကြချေ။ သို့ပေမည့် သတ်ဖြတ်မှုနှင့် မိမိပြုလုပ်ချင်သည့်အရာများကို စိတ်လွတ်ကိုယ်လွတ် ပြုလုပ်ခဲ့ပြီးနောက် နှလုံးသားထဲတွင် ရှိနေသည့် အတွင်းစိတ်မိစ္ဆာသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ၎င်းတို့၌ အောက်ခြေစည်းမျဉ်း ဟူ၍ မရှိတော့ချေ။
စတုတ္ထသခင်လေးထန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူ့၌ မိန်းမပေါင်းများစွာ ရှိသလို ထိုသူများ အားလုံးကလည်း လှပ၏။ သို့ပေမည့် ရွာထဲတွင် ရှိနေသည့် မိန်းကလေးငယ်များနှင့် တချို့သော မိန်းမလှ များသည် သူ့၏ စိတ်ဆန္ဒကို နှိုးဆွစေခဲ့၏။
သူသည် သွယ်လျလှပလွန်းသည့် အမျိုးသမီးများနှင့် အိပ်စက်ခြင်းကို အသားကျနေပြီ ဖြစ်၏။ ဤကဲ့သို့ နုနယ်ပျိုမျစ်ပြီး ရိုးသားလွန်းသည့် အရိုင်းထည် ရွာသူမိန်းကလေးများနှင့် အိပ်စက်မိမည်ဆိုပါက မည်မျှ ကောင်းမည်နည်း။ တကယ် ထူးခြားသည့် အရသာကို ပေးစွမ်းမှာ သေချာသည်။
“ကောင်းပြီ.. ဒါဆိုရင်လည်း အတူတူ ပျော်လိုက်ကြတာပေါ့”
ရုတ်တရက် ထိုလူအားလုံးတို့သည် လူအုပ်ထဲသို့ ပြေးဝင်သွားခဲ့ပြီး လှပသည့်မိန်းကလေးများကို အသီးသီး ဆွဲခေါ်လျက်ရှိနေ၏။
“ခွေးကောင်တွေ… တိရစ္ဆာန်ကောင်တွေ ငါ့မိန်းမကို မထိနဲ့ .... လွှတ်စမ်း”
“ငါ့သမီးကို လွှတ်ကြစမ်း”
“မင်းတို့သားရဲတွေ … မင်းတို့ခွေးတိရစ္ဆာန်တွေ …. ငါ့အမေကို လွှတ်ကြစမ်း”
ရွာထဲရှိ ယောကျ်ားပေါင်းများစွာတို့၏ မျက်လုံးများက နီရဲသွားခဲ့၏။ ချက်ချင်းပင် ရှေ့ကို လှမ်းတက်ပြီး သူတို့၏ မိန်းမ၊ သမီးနှင့် အမေများကို ကာကွယ်ရန်အတွက် ပြင်ဆင်လိုက်ကြ၏။ သို့ပေမည့် ထိုသူအားလုံးသည် မြေပေါ်သို့ ရိုက်ချခြင်း ခံခဲ့ရ၏။ မိန်းကလေးပေါင်း ၂၀ ကျော်တို့သည် ဆွဲခေါ်ခြင်း ခံခဲ့ရ၏။
“အားလုံးပဲ ဟိုဘက်ကို လှည့်ကြ။ ပုန်ကန်ဖို့ မကြိုးစားနဲ့”
ရွာသူရွာသားများ၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင် ပြူးကျယ်လျက် ရှိနေသည်။
“မင်းတို့က သားရဲထက်တောင်၊ တိရစ္ဆာန်တွေထက်တောင် ပိုပြီးဆိုးသေးတယ်”
“ဒီကောင်တွေကို ကောင်းကင်က ဒီတိုင်းကြီး ကြည့်ထားတော့မှာလား။ သခင်ကြီးတို့ ကျုပ်တို့ဆီ မြန်မြန်လာပြီး ကယ်ပါအုံး”
ထန်မိသားစုမှ စတုတ္ထသခင်လေးသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ခင်ဗျားတို့ရဲ့ သားတွေ အသတ်ခံရတော့မယ်။ ခင်ဗျားတို့ရဲ့ မိန်းမနဲ့သမီးတွေကလည်း မုဒိမ်းကျင့်ခံရတော့မယ်။ ဘယ်မှာလဲ ခင်ဗျားတို့ရဲ့ သခင်ကြီးတွေ။ ခင်ဗျားတို့ရဲ့ အသက်ကို တစ်ချက်ကလေးမှ ဂရုမစိုက်ပါဘူး”
“ဟား ဟား ဟား ဟား ဟား... ဒီကောင်တွေအကုန်လုံးကို သတ်ပစ်လိုက်စမ်း။ ဒီမိန်းမတွေအကုန်လုံးကို မုဒိမ်းကျင့်။ ကျင်းမိသားစုမှ မြေပိုင်နက်ထဲမှာရှိတဲ့ မိန်းမတွေကို လုပ်ချင်တာ လုပ်လို့ရတယ်”
ထိုအချိန်မှာပင် မြေပြင်တစ်ခုလုံးက ရုတ်တရက် တုန်ခါသွားခဲ့လေ၏။ မြေပြင်နှင့် မြင်းခွာထိသည့် အသံသည် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့၏။ မူလန်သည် မြင်းသည်တော် ၃၀၀ ကို ဦးဆောင်ကာဖြင့် ဤရွာဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
“တိရစ္ဆာန်တွေ အကုန်လုံးကို သတ်။ ကျင်းမိသားစုကလူတွေ ဘေးတစ်ဖက်ကို ရှောင်ထား”
မူလန်နှင့် မြင်းသည်တော် ၃၀၀ ကျော်တို့သည် အလွန်လျင်မြန်စွာဖြင့် ရောက်ရှိလာခဲ့သည်။
ရွာသားများက ပျော်ရွှင်သွားခဲ့၏။ “သခင်ကြီးတွေ ရောက်လာပြီ။ သခင်မလေး ရောက်လာပြီ။ ငါတို့ကို ကယ်တင်ပြီ။ ငါတို့ကို လာကယ်ပြီဟေ့။ ငါတို့ကို လျစ်လျှူရှုထားတယ်လို့ ဘယ်သူပြောလဲ။ ကျင်းမိသားစု သက်ရှည်ပါစေ။ ကျင်းမိသားစု သက်ရှည်ပါစေ။ ရွှမ်ဝူ သက်ရှည်ပါစေ”
ထန်မိသားစုဆီမှ စတုတ္ထသခင်လေးသည် မြင်းသည်တော်များကို ဦးဆောင်ကာ ရောက်ရှိလာခဲ့သည့် မူလန်ကို မြင်ရသည့်အချိန်မှာတော့ မျက်လုံးထဲတွင် အေးစက်သည့်အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
‘ကျင်းမူလန်.. မင်းလာရဲသေးတယ် ဟုတ်လား။ မင်းက တကယ့်ကို ညံ့ဖျင်းလွန်းတဲ့ တော်ဝင်မိသားစုဝင် တစ်ယောက်ပဲ။ ဒီလို အဆင့်နိမ့်တဲ့သူတွေအတွက်တောင် အသက်ကို စတေးရဲတယ်ပေါ့။
ငါနဲ့အတူ ပါလာတဲ့ လူ ၂၅၀ ကျော်တို့က တကယ့်ထိပ်တန်း ကျွမ်းကျင်သူတွေဆိုတာ မင်းမသိဘူးလား။ အထူးသဖြင့် အနောက်တိုင်းက ကျွမ်းကျင်သူ ၅၀ ကျော်ကိုလည်း ခေါ်ဆောင်လာခဲ့သေးတယ်။ ဒီလူတွေက စုကျန့်ထင် ပေးထားတဲ့သူတွေ …. အရမ်းအားကောင်းတယ်။ ကဲ... ရောက်လာပြီဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့။ မင်းတို့ရဲ့ စစ်တပ်တစ်ခုလုံးကို ငါသုတ်သင်ပစ်မယ်။
မင်းက အရမ်းလှပတယ်။ ငါထိလို့မရဘူး။ ဒါပေမဲ့ မင်းရဲ့ သွေးကြောတွေ အကုန်လုံးကို ဖျက်ဆီးပြီးတော့ အိမ်ရှေ့စံဆီ ပို့မယ်။ ဒါ ငါ့အတွက် ကြီးမားလွန်းတဲ့ ကောင်းချီးဖြစ်လာလိမ့်မယ်’
ထန်မိသားစုဆီမှ စတုတ္ထသခင်လေးသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ “ကောင်းပြီ ကောင်းပြီ ဓားပြကြီး နာကြည်းမှု... ငါက ဓားပြကြီးနာကြည်းမှုပဲ။ ရန်သူရှိနေမှာကို ဘာကြောက်စရာလိုလို့လဲ။ အားလုံး မြင်းပေါ်ကိုတက်။ ရွှမ်ဝူအိမ်တော်က လူတွေနဲ့ တိုက်ခိုက်ကြမယ်။ ငါတို့ရန်သူတွေကို သတ်ဖြတ်ပစ်မယ်။ ပြီးရင် ဒီမိန်းမတွေနဲ့ ပြန်ပြီးဆော့ကစားကြမယ်”
“ပြီးတော့ ကျင်းမူလန်ရဲ့ လက်အောက်မှာရှိတဲ့ မြင်းသည်တော်ကောင်မလေးတွေက အရမ်းလှတယ်။ မင်းတို့ လုပ်ချင်တာကို လုပ်လို့ရတယ်။”
ထန်မိသားစုဆီမှ ကျွမ်းကျင်သူများနှင့် အနောက်တိုင်းမှ ကျွမ်းကျင်သူ ၅၀ ကျော်တို့သည် မြင်းပေါ်သို့ တက်ကာဖြင့် ရှေ့ဆီသို့ ဒုန်းစိုင်း ပြေးသွားကြ၏။ မြင်းသည်တော်နှစ်ဖွဲ့သည် ရုတ်တရက် အရှိန်မြှင့်ကာဖြင့် ရွာထဲတွင် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ကြသညာ်။
ထိုအချိန်မှာပဲ သွေးများသည် တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့လျက်ရှိ၏။ ခြေပြတ်လက်ပြတ်များသည်လည်း တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့နေခဲ့၏။
လူငယ်မျိုးဆက်သစ်တို့ထဲတွင် မူလန်၏ သိုင်းပညာသည် အကောင်းဆုံးမဟုတ်ချေ။ သူမ၏ မြင်းစီး၍ တိုက်ခိုက်သည့်စွမ်းရည်ကလည်း နန်းကုန်းရှဲ့နှင့် နှိုင်းယှဉ်၍ မရနိုင်အောင် နိမ့်ကျ၏။ သူမသည် ထန်ကျုံးနှင့် သာလျှင် ယှဉ်ပြိုင်နိုင်သည့် လူမျိုး ဖြစ်သည်။
သို့ပေမည့် ဤကဲ့သို့ အရေးအကြောင်းအခြေအနေမျိုးတွင် သူမ၌ မည်သည့်ပြိုင်ဘက်မှ မရှိသကဲ့သို့ပင်။ ကျင်းဟိုင်မြို့စားအိမ်တော်မှ စတုတ္ထသခင်လေးသည် သူမ၏ ပြိုင်ဘက် မဟုတ်ချေ။ ထို့ကြောင့် ထန်မိသားစု ဆီမှ သတ္တမမြောက် သခင်လေးက ရောက်ရှိလာခဲ့လေ၏။ နှစ်ယောက်တစ်ယောက် မူလန်ကို တိုက်ခိုက်ကြ၏။
မူလန်၏ အရှိန်အဝါသည် တကယ့်ကို ကြီးကျယ်မြင့်မြတ်လွန်း၏။ နှလုံးသားထဲတွင် ရှိနေသည့် သီလ၊ သမာဓိကို အခြေပြုပြီးနောက် သူမသည် ပြိုင်ဘက်ကင်းသည့် သိုင်းကျင့်ကြံသူ တစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့၏။ နှစ်ယောက်တစ်ယောက် ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံနေရသည်ဆိုလျှင်တောင်မှ တစ်ဖက်လူများသည် မူလန်၏ ပြိုင်ဘက်မဟုတ်ခဲ့ချေ။
ထို့ကြောင့် ထန်မိသားစုဆီမှ ပဉ္စမသခင်လေးကလည်း ရှေ့ဆီသို့ လှမ်းတက်ကာ ဝင်ရောက်လာ၏။ ညီအစ်ကို သုံးယောက်တို့ ပူးပေါင်းပြီး မူလန်ကို တိုက်ခိုက်ခြင်းပင်။
အချိန်ခဏကျော်အတွင်း ကြမ်းတမ်းလွန်းသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်တည်လာခဲ့၏။