အခန်း (၂၄၁)
Vol. 18 Ch. 241
မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားပြီးနောက် ရှမ့်လန်သည် ရဲတိုက်၏အောက်ခြေတွင် မတ်မတ် ရပ်လိုက်၏။ သူ၏မျက်နှာထက်တွင် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့သည်။
“အေး.. လောက်လွှဲတွေအကုန်လုံး ပြင်ဆင်ထားကြတော့။ စစ်သည်တွေအားလုံး ပြင်ဆင်ကြ”
ရွှမ်ဝူအိမ်တော်ဆီမှ စစ်သည်တော် ၂၀၀၀ ကျော်တို့သည် ချက်ချင်းပဲ စီစီညီညီဖြင့် ရပ်တန့်လိုက်ကြ၏။ လောက်လွှဲသုံးခုသည် အကန့်အသတ်တစ်ခုစီသို့ ဆွဲယူထားခဲ့ပြီးသား ဖြစ်၏။ အချိန်မရွေး အထဲတွင် ရှိနေသည့် ကျောက်ခဲများနှင့် ပစ်လွှတ်လိုက်ရုံပင်။
“ချောင်ယောင်းအာ.... ခွေးမ ဒီနေ့ သေဖို့သာ ပြင်လိုက်တော့”
ရှမ့်လန်က အော်ဟစ်လိုက်သည် ။ “ပစ်ကြ ပစ်ကြ”
လောက်လွှဲကြီးသုံးခုကို ရုတ်တရက် ပစ်လိုက်၏။ အထဲတွင် ရှိနေသည့် ဥက္ကာခဲကဲ့သို့သော ကျောက်တုံးကြီး သုံးခုသည် ရဲတိုက်၏ ထိပ်မျက်နှာပြင်ဆီသို့ ပြေးထွက်သွားခဲ့၏။
ချောင်ယောင်းအာ၏ နတ်ဆိုးဓားကြီးသည် လျင်မြန်စွာဖြင့် လှုပ်ရှားသွားသည်ကို အတိုင်းသား မြင်လိုက်ရသည်။
ဖောင်း ဖောင်း ဖောင်း
ဥက္ကာခဲ ကျောက်တုံးကြီးသုံးခုက ပေါက်ကွဲသွားခဲ့၏။ မူလအားဖြင့် ဤအရာများ ပေါက်ကွဲသွားသည်နှင့် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့်အရာများသည် ဓာတ်ပြုကာ သူမကို သေဆုံးသွားစေပေလိမ့်မည်။ ရှမ့်လန်သည် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အရာများကို ကြိုတင်ကာ ထုတ်ပေးထားသောကြောင့်သာ သက်သာခဲ့ခြင်းဖြစ်၏။
ထိုသို့ဆိုလျှင်တောင်မှ ချောင်ယောင်းအာသည် ထိုအစိတ်အပိုင်းများ သူမ၏ခန္ဓာကိုယ်ကို ထိမှန်သည့်အချိန်မျိုး၌ အဆင်မပြေသလို ခံစားမိ၏။ အသက်ရှူကြပ်သလို ခံစားနေမိခြင်းပင်။ သူမ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးလွှတ်ကြောများသည် ပေါက်ကွဲလုမတတ်ပင် ခံစားလာမိ၏။ သူမ၏သွေးထဲတွင် အကန့်အသတ်မရှိ သတ္ထုဓာတ်များ မည်မျှ များပြားစွာ တည်ရှိနေရသနည်း။
သူမ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အတွင်းအားများကို ရုတ်တရက် လှည့်ပတ်ကြည့်လိုက်လေ၏။
“ဘန်း”
သူမ၏အတွင်းအားများသည် ရုတ်တရက် ပေါက်ကွဲသွားခဲ့၏။ ဤအချိန်သည် ချောင်ယောင်းအာ သေချင်ယောင် ဆောင်ရမည့် အချိန်ဖြစ်သည်။ သူမအနေနှင့် နာကျင်စွာ အော်ဟစ်ပြီး သွေးများအန်ထွက်ကာ သေဆုံးရပေလိမ့်မည်။ သို့ပေမည့် သူမသည် မည်ကဲ့သို့ သရုပ်ဆောင်ရမည်ကို မသိချေ။ မည်ကဲ့သို့ လဲလျောင်းရမည်ကိုသာ သိရှိ၏။
“ဘန်း”
သူမသည် ရုတ်တရက် လဲလျောင်းလိုက်၏။ ကျယ်လောင်လွန်းသည့် အသံနှင့်အတူ ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ရှမ့်လန်၏ ပထမဦးဆုံး အတွေးသည် ‘ချီးတဲ့မှ... ဗိုက်ထဲက ငါ့ကလေးကရော အဆင်ပြေရဲ့လား မသိဘူး’ ဟူ၍ပင်။ ဤမိန်းမသည် တကယ့်ကို ကြမ်းတမ်းလွန်းသည့် မိန်းမတစ်ယောက်ဖြစ်၏။ ဤကဲ့သို့ ကြမ်းတမ်းစွာ ပြုမူနေထိုင်ရင်း ဗိုက်ထဲရှိ ကလေး ထိခိုက်သွားလျှင် မည်သို့လုပ်မည်နည်း။ အေးအေးဆေးဆေးလေး သွေးအန်ပြီး ဖြည်းဖြည်းလေး လှဲလျောင်းပြီး သေလိုက်လျှင် ပြီးပြီ မဟုတ်ပါလား။
ပြီးနောက် ရှမ့်လန်က အော်ဟစ်လိုက်၏။ “ချောင်ယောင်းအာ သေသွားပြီဟေ့။ ချောင်ယောင်းအာ သေသွားပြီ။ ရဲတိုက်ကို ဝင်ပြီး တိုက်ခိုက်ကြတော့။ ရဲတိုက်ကို တိုက်ခိုက်ကြတော့။ ပြီးရင် နုရှောင့်မြို့ကို တစ်ခါတည်း သိမ်းဆည်းကြမယ်”
အချိန်ကောင်းပင် ဖြစ်သည်။
“ဘုန်း”
ကျယ်လောင်လွန်းသော အသံကြီး ထွက်ပေါ်လာခဲ့၏။ နုရှောင့်မြို့၏ တတိယဂိတ်တံခါးကြီးက ရုတ်တရက် ပွင့်သွားခဲ့၏။ ဤဂိတ်တံခါးကြီးအား လူပေါင်း တစ်ထောင်ကျော်အား ဦးဆောင်ကာဖြင့် လူတစ်ယောက်က ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။ အရာအားလုံးသည် လက်အတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ရှမ့်လန်သည် ပျော်ရွှင်သွားခဲ့သည်။
“ငါတို့ရဲ့သူလျှိုတွေ အထဲကနေ တံခါးဖွင့်ပေးနေပြီ။ အထဲကို ဝင်ကြတော့”
ရှမ့်လန်၏ အမိန့်ပေးမှုအောက်မှာပဲ ရွှမ်ဝူအိမ်တော်ဆီမှ စစ်သည်အပေါင်း ၂၀၀၀ ကျော်တို့သည် အဓိက တံခါးကြီးဆီသို့ ပြေးဝင်သွားခဲ့ကြ၏။
……..
နုရှောင့်မြို့၏ တခြားသော ရဲတိုက်တစ်ခုထဲမှာတော့ ကျန်းကျင်းသည် စစ်သည်အပေါင်း ၆၀၀၀ ကျော်ကို ဦးဆောင်ကာဖြင့် အချိန်မရွေး သတ်ဖြတ်ရန် အစီအစဉ်ဆွဲလျက်ရှိနေ၏။ ထို့အပြင် သူတို့သည် အဓိက ရဲတိုက်ကြီး၌ ဖြစ်ပျက်နေသည့် အခြေအနေကို ဆက်တိုက်စောင့်ကြည့်နေသည်။
“တပ်မှူး.. ရှမ့်လန်က ရဲတိုက်ပေါ်ကို တက်ပြီးတော့ ချောင်ယောင်းအာနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တယ်”
“တပ်မှူး.. ရှမ့်လန်ရဲ့ ညှိနှိုင်းဆွေးနွေးမှု ကျရှုံးခဲ့တယ်။ ချောင်ယောင်းအာက ရှမ့်လန်ကို ရဲတိုက်အပေါ်ကနေ အောက်ကို ပစ်ချခဲ့တယ်”
“ရှမ့်လန်က မြို့ကို တိုက်ခိုက်နေပြီ တပ်မှူး.. သူ့ရဲ့လောက်လွှဲတွေက အရမ်းအားကောင်းလွန်းတယ်”
“တပ်မှူး.. ချောင်ယောင်းအာ သေဆုံးသွားခဲ့ပြီ။ ရှမ့်လန် ဘယ်လိုနည်းလမ်းတွေကို သုံးလိုက်လဲတော့ မသိဘူး။ ချောင်ယောင်းအာ သေသွားခဲ့ပြီ။ ချောင်ယောင်းအာ သေသွားခဲ့ပုံပေါ်တယ်”
“တပ်မှူး.. နုရှောင့်မြို့ရဲ့ ဂိတ်တံခါးကြီးက ပွင့်သွားခဲ့ပြီ။ ရှမ့်လန်ဆီမှာ သူလျှိုတွေ ရှိနေတာကိုး”
“တပ်မှူး... ရှမ့်လန်က စစ်သည်တွေကို ဦးဆောင်ပြီးတော့ နုရှောင့်မြို့တော်ဝန်အိမ်ရာထဲကို ဝင်သွားကြပြီ”
ကျန်းကျင်း၏ ခန္ဓာကိုယ်၌ ကြက်သီးမွှေးညှင်းများပင် ထသွားခဲ့၏။ ရှမ့်လန် တကယ် ဤကဲ့သို့ လုပ်ခဲ့လေသည်လား။ သူ၏အဖေ ခန့်မှန်းထားခဲ့သည့်အတိုင်းပင်။ ရှမ့်လန်သည် ချောင်ယောင်းအာကို သတ်ပစ် နိုင်ခဲ့၏။ တကယ့်ကို ပြိုင်ဘက်ကင်းလှသည့် နတ်ဆိုးမပင် ရှမ့်လန်အား ဘာမှ မလုပ်နိုင်ခဲ့ချေ။ ရှမ့်လန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ကံကောင်းသည်မှာ သူ၏အဖေသည် အမြင်အာရုံ နှင့် အတွေးအခေါ် ကောင်းကောင်း ရှိခဲ့သည်။ မဟုတ်ပါက နုရှောင့်မြို့တစ်ခုလုံးသည် ယနေ့အချိန်တွင် ရှမ့်လန်၏လက်ထဲသို့ ကျဆင်းသွားပေလိမ့်မည်။ ထိုသို့ဖြစ်သည်နှင့် မူဝါဒသစ်၏ စီမံကိန်းက ကျရှုံးသွားပေလိမ့်မည်။ သူ့အဖေ၏ နိုင်ငံရေးလမ်းကြောင်း တစ်ခုလုံးကလည်း ပိတ်ပင်သွားပေလိမ့်မည်။ သို့ပေမည့် သူတို့သည် အခြေအနေကို အခွင့်ကောင်းယူကာဖြင့် ပြုမူ ဆောင်ရွက်နိုင်စွမ်းရှိနေသေးသည်။
“ရှမ့်လန် … ဒီနေ့ ငါကျန်းကျင်းက မင်းကို တစ်ခါတည်း သတ်ပစ်မယ်”
ယနေ့ သူ … ကျန်းကျင်းသည် တကယ့်ကို ပြိုင်ဘက်ကင်းသည့် ကောင်းချီးတစ်ခုကို ဖန်တီးပြုလုပ်တော့မှာ ဖြစ်၏။
“နုရှောင့်မြို့ တစ်ခုလုံးက ငါ့ရဲ့အပိုင် ဖြစ်ရမယ်”
ကျန်းကျင်းသည် သူ၏ဓားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်သည်။ “ညီနောင်တို့.. ဒီနေ့ ငါတို့ရဲ့နာမည်ကို သမိုင်းမှာ ရေးထိုးနိုင်ဖို့ အချိန်ကောင်းပဲ။ သတ်ကြ။ ရှမ့်လန်နဲ့ သစ္စာဖောက်တွေအကုန်လုံးကို သတ်ကြ။ ပင်လယ်ဓားပြတွေ အကုန်လုံးကို သတ်ကြ။ နုရှောင့်မြို့ကို သိမ်းဆည်းကြမယ်။ နုရှောင့်မြို့ကို ငါတို့ရယူရမယ်။ ငါတို့အားလုံး တောက်ပရမယ့် အချိန်ကို ရောက်ပြီ။ သတ်ကြ သတ်ကြ”
ကျန်းကျင်း၏ အမိန့်အတိုင်း လိုက်ပါပြီးနောက် လက်ရွေးစင်စစ်သည်အပေါင်း ၆၀၀၀ ကျော်တို့သည် ရူးရူးမူးမူး ဆိုသလိုပဲ နုရှောင့်မြို့၏ မြို့တော်ဝန်အိမ်ရာဆီသို့ ဝင်ရောက် တိုက်ခိုက်ရန် ချီတက်လာကြ၏။
............
ရွှမ်ဝူအိမ်တော်၏ အဓိကရဲတိုက်ကြီးအတွင်းမှာတော့ အနောက်တိုင်းမှ ကျွမ်းကျင်သူ ၁၀၀ ကျော်တို့သည် သူတို့၏ ကြိုးနှင့် ချိတ်များကို အသုံးပြုကာဖြင့် ကျင်းမိသားစု၏ ရဲတိုက်နံရံထက်ဆီသို့ ချိတ်ဆွဲကာဖြင့် တက်လာနေကြ၏။ သူတို့၏ အမြန်နှုန်းသည် တကယ့်ကို မြန်ဆန်လွန်းလှသည်။
ဤအချိန်မှာတော့ ကျင်းမိသားစု၏ ရဲတိုက်အတွင်းတွင် လက်ရွေးစင် စစ်သည်တော် ၇၀၀ မှ ၈၀၀ နီးပါးခန့် သာလျှင် ရှိ၏။ ထို့အပြင် ၅၀၀ ကျော်တို့သည် ယခုမှ ခေါ်ဆောင်ထားခဲ့သည့် လူများဖြစ်ပြီး ၂၀၀၊ ၃၀၀ ခန့်သာလျှင် အတွေ့အကြုံရှိ စစ်သားများဖြစ်၏။
ကျင်းရှောက်ဟုခေါ်သည့် အစောင့်ခေါင်းဆောင်သည် ရွှမ်ဝူအိမ်တော်တွင် ကြီးပြင်းလာခဲ့သည့် လူတစ်ယောက် ဖြစ်၏။ သူသည် စစ်ပွဲအတွင်းတွင် မိဘမဲ့ခဲ့သောကြောင့် ရွှမ်ဝူ၏ မွေးစားခြင်းကို ခံခဲ့ရသည့် လူတစ်ယောက်လည်း ဖြစ်၏။ စကား အနည်းငယ်ကိုသာ ပြောဆိုတတ်သူဖြစ်သောကြောင့် မြို့စားအိမ်တော် အတွင်းတွင် ကျော်ကြားသည့် လူတစ်ယောက် ဖြစ်မလာခဲ့ချေ။ ကျင်းရှီယန် ၊ ကျင်းချန်တို့နှင့် ယှဉ်လျှင် သူသည် လူသိများ ထင်ရှားခြင်း မရှိသူပင်။ သူသည် ၂၉ နှစ်ရှိပြီဖြစ်ပြီး အလုပ်ကို အတိကျဆုံး ပြုလုပ်ဆောင်ရွက်တတ်သူ တစ်ယောက်လည်း ဖြစ်သည်။
“အားလုံး... ရန်သူလာနေကြပြီ။ အဆိုးဆုံး ငါတို့သေသွားရုံပဲ ရှိတယ်။ ဒါပေမယ့် ရန်သူတွေသာ အထဲကို ဝင်ရောက်နိုင်ပြီဆိုရင် သခင်မကြီးကို ထိတ်လန့်စေလိမ့်မယ်။ ဒီတော့ ငါတို့ဖြစ်နိုင်သမျှ အားလုံးကို သတ်ပစ်မှဖြစ်မယ်။ ငါတို့ဒါကိုတောင် မလုပ်နိုင်ဘူးဆိုရင် ကိုယ့်လည်ပင်းကိုယ် ဓားနဲ့လှီးပြီး သေလိုက်ကြရုံပဲ ရှိတယ်။ လေးသမားတွေ အကုန်လုံး အဆင်သင့်ပြင်ထား”
ကျွမ်းကျင်သူ အများအပြားတို့သည် တုံ့ပြန်ရန် အလေ့အကျင့်ကောင်းများကို သိရှိနေကြပြီဖြစ်၏။ ထို့ကြောင့် သူတို့သည် လေးမြားများကို အသုံးပြုကာဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ကြ၏။ အမိန့်ကို ကြားပြီးနောက်မှာတော့ လက်ရွေးစင်စစ်သည်များသည် လေးမြားများကို ဆွဲကိုင်ထားပြီး ဖြစ်သည်။ အသစ်ခေါ်ယူထားသည့် လူများကလည်း လေးမြားများကို ထုတ်ယူကာ ရန်သူများကို ချိန်ရွယ်လျက်ရှိ၏။
စစ်သည်တော် ၇၀၀ ကျော်တို့သည် မြားများကို အသင့်ပြင်ကာဖြင့် ပစ်လွှတ်ရန် အဆင်သင့် ရှိ၏။ လက်တစ်ချက် ဝှေ့အယမ်းမှာပဲ အားလုံးသော စစ်သည်တို့သည် မြှားများကို တရှိန်ထိုး ပစ်လွှတ်လိုက်ကြသည်။
တကယ့်ကို တိကျလွန်းသည့် ပစ်ချက်မျိုးပင်။ စုမိသားစုမှ အနောက်တိုင်းကျွမ်းကျင်သူ ၇ ယောက်မှ ၈ ယောက်တို့သည် အောက်ဆီသို့ ပြုတ်ကျသွားခဲ့ကြ၏။ တကယ့်ထိပ်တန်းကျွမ်းကျင်သူများသည် လေးနှင့်မြားများ ကို အသုံးပြုကာ ဆက်လက် ပစ်ခတ်လျက်ရှိနေ၏။
ဘေးတစ်ဖက်တွင် ရှိနေသည့် အစေခံများသည် အသစ်ခေါ်ယူထားခဲ့သည့် စစ်သည်များဆီသို့ မြားများကို အဆင်သင့် ကမ်းပေးလျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည် မြားကို ကောက်ယူရန် အချိန်အနည်းငယ် ယူနေရသောကြောင့်ပင်။
ရွှမ်ဝူအိမ်တော်သည် အရာအားလုံးတွင် လစ်ဟင်းလျက်ရှိနေ၏။ သို့ပေမည့် မလစ်ဟင်းသည်မှာ လက်နက်ပင် ဖြစ်၏။ အသစ်ခေါ်ယူထားခဲ့သည့် စစ်သည်အားလုံးတို့သည် လေး၊ မြား သုံးစုံစာကို ရရှိခဲ့ကြ၏။ မြို့စားအိမ်တော် တွင် ရှိနေသည့် အစေခံနှင့် ကျေးကျွန်များကလည်း နံရံပေါ်တွင် ရှိနေခဲ့ကြ၏။ ၎င်းတို့သည် ဘာမှမလုပ်ခဲ့ကြချေ။ အသစ်ခေါ်ယူထားသည့် လူများဆီသို့ မြှား၊ လက်နက်များ ထောက်ပံ့သည့်အလုပ်ကို ပြုလုပ်နေကြ၏။
ဝှစ် ဝှစ်
စစ်သည်တော် ၇၀၀ ကျော်တို့သည် ဆက်တိုက်ပင် မြားများကို ပစ်ခတ်လျက်ရှိနေ၏။ အိမ်တော်၏ နံရံအား မီးများထွန်းညှိလိုက်သောကြောင့် နေ့အလားပင် အရာအားလုံးက ရှင်းရှင်းလင်းလင်း မြင်နေနိုင်၏။ ထိပ်တန်း ကျွမ်းကျင်သူများသည် မီး၏အလင်းထဲတွင် ဝင်ရောက်လာချိန်မှာတော့ အားလုံးသောသူတို့၏ ပစ်မှတ် ဖြစ်လာခဲ့သည်။
အနောက်တိုင်းမှ ထိပ်တန်းကျွမ်းကျင်သူများသည် အားကောင်းကြသည်ဆိုသော်လည်း လူပေါင်း ၇၀၀ ကျော်တို့ ဝိုင်းဝန်းပစ်ခတ်လျက်ရှိသည့် လေးမြားများကိ မရှောင်ဖယ်နိုင်ကြချေ။ ထို့ကြောင့် ရဲတိုက်ကြီး၏ အရှေ့ဘက် အပိုင်းအား အကောင်းမွန်ဆုံး ဖိနှိပ်ထားနိုင်ခဲ့၏။
စုကျန့်ထင်နှင့် ယုံကြည်ရသည့် စစ်သည် တစ်ဒါဇင်ကျော်တို့မှာတော့ ရွှမ်ဝူအိမ်တော်၏ အရှေ့ဘက် နံရံ၌ ပေါ်ပေါက် မလာခဲ့ကြချေ။ သူသည် ရွှမ်ဝူအိမ်တော်ကို ရင်းနှီးပြီးသားဖြစ်၏။ ငယ်ရွယ်စဉ်တုန်းက ဤနေရာ၌ လအနည်းငယ်ခန့် လာရောက် ဆော့ကစားခဲ့ဖူး၏။ ထို့ကြောင့် ရဲတိုက်ကြီးတစ်ခုလုံး၏ တည်နေရာများကို ရင်းနှီးလျက်ရှိနေသည်။
ထို့ကြောင့် သူသည် မြို့စားအိမ်တော်၏ အနောက်ဘက် တောင်စောင်း၌ ပေါ်ပေါက်လာခဲ့၏။ ကလေးဘဝ၏ မှတ်ဉာဏ်များကို အသုံးပြုပြီးသည့်နောက် စုကျန့်ထင်သည် အိမ်တော်ထဲသို့ ဝင်ရောက်သည့် လျှို့ဝှက် ဝင်ပေါက်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့၏။
တကယ်တမ်းမှာတော့ ထိုအရာက လျှို့ဝှက်ဝင်ပေါက် မဟုတ်ချေ။ စွန့်ပစ်ထားခဲ့သည်မှာ အချိန်တော်ကြာမြင့်ပြီ ဖြစ်သောကြောင့် အိမ်တော်ရှိ လူတော်တော်များများ သိရှိထားသည့် အပေါက်ကြီးတစ်ခုပင် ဖြစ်သည်။
စုကျန့်ထင်သည် ဤနေရာ၌ တူတူပုန်းတမ်း ကစားခဲ့ဖူး၏။ ထို့ကြောင့်ပင်လျှင် သူ ယုံကြည်ရသည့် ကျွမ်းကျင်သူများကို ခေါ်ဆောင်ပြီး ရွှမ်ဝူအိမ်တော်ထဲသို့ ဝင်ရောက်နိုင်ခဲ့၏။
အရှေ့ဘက်တွင် အနောက်တိုင်းမှ ကျွမ်းကျင်သူ ၁၀၀ ကျော်တို့သည် ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်လျက် ရှိနေ၏။ တကယ့်ထိပ်တန်း ကျွမ်းကျင်သူများမှာတော့ အနောက်ဘက်ဆီမှ တိတ်တခိုး ခိုးကာ ဝင်ရောက်လာခဲ့ကြသည်။
ဤအချိန်မှာတော့ ရွှမ်ဝူအိမ်တော်၏လူများတို့သည် တည်နေရာ နှစ်ခုခွဲကာ စုစည်းလျက်ရှိနေ၏။ တချို့သည် ရဲတိုက်၏ အရှေ့ဘက်နံရံထက်တွင် ရှိနေပြီး စစ်သည်များနှင့်အတူ စုဝေးကာ ခုခံနေကြ၏။ တချို့သော သူများမှာတော့ ရဲတိုက်၏ ခန်းမထဲတွင် တည်ရှိနေ၏။ လူငယ်၊ လူရွယ်၊ မိန်းမနှင့် ကလေးအားလုံးတို့သည် ဤနေရာတွင် စုစည်းလျက်ရှိနေ၏။ ရှမ့်လန်၏ မိဘများ အပါအဝင်ဖြစ်၏။
ထို့ကြောင့် စုကျန့်ထင်သည် လွယ်လွယ်ကူကူပဲ ရွှမ်ဝူအိမ်တော်၏ အနောက်ဘက်ခြမ်းရှိ စာကြည့်ခန်းထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
“အားလုံးပဲ အပြင်မှာစောင့်နေ။ ဘာကိုပဲမြင်မြင် တစ်ခါတည်း သတ်ပစ်လိုက်” စုကျန့်ထင်က အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ”
ယုံကြည်ရသည့် ကျွမ်းကျင်သူ တစ်ဒါဇင်တို့သည် ခြံဝင်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက် စောင့်နေကြသည်။
စုကျန့်ထင်သည် စာကြည့်ခန်းထဲသို့ ဝင်ရောက်လိုက်၏။ ရွှမ်ဝူအိမ်တော်၏ စာကြည့်ခန်းသည် တကယ့်ကို ကြီးမားလွန်း၏။ အထပ်သုံးထပ်ရှိပြီး နှစ်ထပ်သည် မြေပေါ်တွင်ရှိ၍ တစ်ထပ်မှာ မြေအောက်ခန်းဖြစ်၏။ စာအုပ်ပေါင်း သောင်းနှင့်ချီ၍ရှိပြီး မျိုးစုံသည့် ဗဟုသုတကျမ်းများနှင့် ပြည့်နှက်နေ၏။ စာအုပ်စာပေပေါင်း များစွာ တည်ရှိနေ၏။
လက်ရှိအခြေအနေမှာတော့ ထိုနေရာတွင် စောင့်ကြပ်မည့် လူဟူ၍ မရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် စုဖေ့ဖေ့ ၏ မျက်လုံးထဲတွင် လူက ပိုမို၍ အရေးကြီးမား၏။ စာအုပ်နှင့် လျှို့ဝှက်အရာအားလုံးတို့သည် မိသားစု၏ ပိုင်ဆိုင်မှု သာလျှင်ဖြစ်၏။ ပိုင်ဆိုင်မှု ဆုံးရှုံးသွားသည်ဆိုလျှင်တောင် သူမ ဂရုမစိုက်ချေ။ လူများကိုသာ သူမ ကာကွယ်ရပေလိမ့်မည်။
စုကျန့်ထင်သည် အလျင်အမြန်ဖြင့် ရှာဖွေလိုက်၏။ သူသည် စာအုပ်များကို ရှာဖွေနေခြင်း မဟုတ်သလို လျှို့ဝှက်သိုင်းကျမ်းများ ကို ရှာဖွေနေခြင်းလည်း မဟုတ်ချေ။ သို့ပေမည့် အလွန်လျှင်မြန်စွာဖြင့် ရှာဖွေနေခဲ့၏။ ဤနေရာ၏ မြေအောက်ခန်းသည် အလွန်ကြီးမား၏။
“လူဆယ်ယောက်လောက်ဝင်လာပြီး ငါ့ကို ကူရှာပေးစမ်း။ ဘာမှမရှိတဲ့ ဗြောင်သေတ္တာတစ်ခုရှိတယ်”
“ကောင်းပါပြီ”
ချက်ချင်းပဲ လူဆယ်ယောက်တို့ ရောက်ရှိလာခဲ့ပြီး သေသေချာချာ ရှာဖွေကြသည်။
၁၅ မိနစ်ခန့် ရှာဖွေပြီးနောက် သူတို့သည် စာကြည့်ခန်း၏ ပထမထပ်ကို ရှာဖွေခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် ဒုတိယထပ်ကို ထပ်မံကာ ရှာဖွေခဲ့၏။ ပြီးနောက် မြေအောက်ခန်းကို ရှာဖွေရန် ပြင်ဆင်ခဲ့ကြ၏။ မြေအောက်ခန်းတွင် တကယ်ပင် သံတံခါးတစ်ခုက တည်ရှိနေခဲ့၏။ အပြင်မှ သော့ခတ်ထားခြင်း မရှိချေ။ သို့ပေမည့် အတွင်းဘက်မှ သော့ခတ်ထားခဲ့၏။ အထဲတွင် တစ်စုံတစ်ယောက် ရှိနေမှာ သေချာ၏။
စုကျန့်ထင်သည် ချက်ချင်းပဲ သတိအပြည့်ဖြစ်သွားခဲ့၏။ သူသည် အတွင်းအားများကို စုစည်းပြီး သံတံခါးကြီးကို ကန်ချလိုက်၏။ ချက်ချင်းပဲ သံတံခါး၏ သော့က ပျက်စီးသွားခဲ့၏။ စုကျန့်ထင်သည် ကျွမ်းကျင်သူ ဆယ်ယောက်ကို ခေါ်ဆောင်ပြီး အမြန်ဆုံးနှုန်းဖြင့် အထဲသို့ လှမ်းဝင်လိုက်၏။ မြေအောက်ခန်းတွင် ရှိနေသည့် စာအုပ်များသည် ပိုမိုကာ သေးငယ်လွန်း၏။ မူလ ကျမ်းစာများပင်ဖြစ်၏။ အားလုံးတို့သည် ကျောက်စိမ်းများဖြင့် ပြုလုပ်ထားခဲ့သည့် ကျမ်းစာများပင်ဖြစ်၏။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် စုကျန့်ထင်သည် ရှာဖွေလျက်ရှိနေသော သစ်သားသေတ္တာကို ရှာမတွေ့ခဲ့ချေ။
စုကျန့်ထင်သည် လက်ကိုအသာဝေ့ယမ်းလိုက်၏။ ချက်ချင်းပဲ ကျွမ်းကျင်သူ ဆယ်ယောက်တို့က ထွက်ခွာ သွားခဲ့၏။ သူသည် မျက်လုံးကို အသာမှိတ်ပြီးသည့်နောက် အသံနှင့် ရနံ့ကို သေသေချာချာ နားထောင်ကာ အာရုံခံမိနေ၏။ မကြာခင်မှာပင် သူ အသံတစ်ခုကို ကြားရ၏။ အသက်ရှူသံနှင့် နှလုံးခုန်သံပင် ဖြစ်၏။ ထို့အပြင် မွှေးပျံ့နံ့သည့် ရနံ့တစ်ခုကိုလည်း ရရှိခဲ့၏။
ဤရနံ့သည် တကယ့်ကို မွှေးပျံ့လွန်းသည်။ အတွင်း၌ အမျိုးသမီးတစ်ယောက် ရှိနေ၏။ နံရံ၏ အနောက်ဘက်တွင် ဖြစ်သည်။ စာကြည့်ခန်း၏ မြေအောက်ထပ်ထဲတွင် လျှို့ဝှက်ခန်းတစ်ခု တည်ရှိနေသေး၏။ အမျိုးသမီး၏ အသက်ရှူနှုန်းတွေက မြန်ဆန်လျက် ရှိနေ၏။ သူမ၏ သိုင်းပညာ အဆင့်အတန်းသည် မြင့်မားခြင်းမရှိသလို သိုင်းပညာတတ်မြောက်ခြင်းပင် မရှိသည့်ပုံပေါ်သည်။
စုကျန့်ထင်သည် လက်ကိုအသာ ဝေ့ယမ်းလိုက်၏။ ချက်ချင်း ကျွမ်းကျင်သူလေးယောက်တို့ ရောက်ရှိလာ၏။ စုကျန့်ထင်သည် အရှေ့တွင် ရှိနေသည့် နံရံကို လက်ညှိုးညွှန်ပြလိုက်၏။ ကျွမ်းကျင်သူ လေးယောက်တို့သည် အရှေ့ကို လှမ်းတက်လိုက်၏။ ပြီးနောက် အားကုန်ထုတ်ကာဖြင့် အရှေ့ဆီသို့ လှမ်းဝင်သွားခဲ့ကြ၏။ ပြီးနောက် ရှေ့ဆီသို့ ပြင်းပြင်းထန်ထန်နှင့် ကန်ကျောက်လိုက်သည်။ ရုတ်တရက် လျှို့ဝှက်ခန်း၏ တံခါးက ပွင့်သွားခဲ့၏။
“အား”
အတွင်းဘက်ဆီမှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ပြီးနောက် များပြားလွန်းသည့် အပ်များသည် အပြင်ဘက်ဆီသို့ ပျံသန်းရောက်ရှိလာသည်။
စုကျန့်ထင်သည် တုန်လှုပ်သွားခဲ့၏။ သူ၏အမြန်နှုန်းက ဩချရလောက်သည်။ ဘေးတစ်ဖက်တွင် ရှိနေသည့် လူနှစ်ယောက်ကို ဆွဲကာဖြင့် သူ၏အရှေ့၌ အလျှင်အမြန် ကာကွယ်လိုက်၏။
ဇွိ ဇွိ ဇွီ
အပ်များသည် ထိုကျွမ်းကျင်သူနှစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ပြီးနောက် ထိုသူတို့သည် ချက်ချင်း သေဆုံးသွားခဲ့သည်။