← Chapters

အခန်း (၂၄၂)

Vol. 18 Ch. 242

အခန်း (၂၄၂)

Vol. 18 Ch. 242

စုကျန့်ထင်သည် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ မည်ကဲ့သို့ အဆိပ်မျိုးကို ထည့်သွင်းထားရသနည်း။ အဆိပ်မြှားပေါင်း ၁၀၀ ကျော်တို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုအရာကို သူ ရှောင်ရှားရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဘေးတစ်ဖက်တွင်ရှိနေသော လူများကို ရှေ့သို့ဆွဲကာ ကာကွယ်ခဲ့ခြင်းဖြစ်သည်။

လျှို့ဝှက်ခန်း၏ နောက်ဘက်တွင် ရှိနေသည့် အမျိုးသမီးက မည်သူဖြစ်သနည်း။ ဟုတ်ပေ၏။ ရှောင်ပင်းပင် ဖြစ်၏။ သူမသည် ရှမ့်လန်၏ လျှို့ဝှက်လက်နက်များကို စောင့်ကြည့်တာဝန်ယူထားသည့် လူတစ်ယောက် ဖြစ်၏။

ယနေ့ ရန်သူက လာရောက်တိုက်ခိုက်၏။ မူလအားဖြင့် သူမသည် သခင်မကြီးနှင့်အတူ ဟောခန်းထဲ၌ နေရပေမည်။ သို့ပေမည့် သူမသည် တာဝန်ကို သတိရသွား၏။ ထို့ကြောင့် လျှို့ဝှက်ခန်းဆီသို့ ရောက်ရှိ လာခဲ့ခြင်းပင်။ သမက်တော်၌ လျှို့ဝှက်ချက်ပေါင်းများစွာရှိသလို လျှို့ဝှက်ခန်းများစွာလည်း ရှိ၏။ လျှို့ဝှက် လက်နက်ပေါင်းများစွာလည်း ရှိသည်။ သို့ပေမည့် ဤလျှို့ဝှက်ခန်းတွင်ရှိသည့် အရာများသည် ပိုမိုကာ အရေးကြီးမားသည်။

အထဲတွင် ရှိနေသည့် မှတ်တမ်းမှတ်ရာများ၊ သမက်တော် သုတေသနပြုလုပ်သည့် စာရွက်စာတမ်းများ တည်ရှိနေ၏။ ထို့ကြောင့် အရေးအကြောင်း အခြေအနေမျိုးဖြစ်လာပါက ဤနေရာဆီသို့ မရောက်ရောက်အောင်လာပြီး အရာအားလုံးကို မီးရှို့ရန် ရှမ့်လန်က သူမကို မှာကြားထားခဲ့၏။

ထို့ကြောင့်ပင်လျှင် ရှောင်ပင်းသည် ဤနေရာဆီသို့ ရောက်ရှိလာခဲ့ပြီး သမက်တော် စမ်းသပ်ထားသည့် အရာများအားလုံးကို မီးရှို့နေခြင်းပင်ဖြစ်သည်။

သုတေသနပြုလုပ်သည့် စာရွက်များသည် ရှမ့်လန်တစ်ယောက်တည်း သုံးသည့်အရာ မဟုတ်ပေ။ ထိုအရာများကို အခြေခံ၍ အိမ်တော်ဆီမှ တခြားသောသူများကို သင်ပြပေးသည့် အရာလည်းဖြစ်၏။

မှတ်တမ်း မှတ်ရာများကို မီးရှို့ခဲ့ပြီးသည့်နောက် ရှောင်ပင်းသည် ဟောခန်းထဲသို့ ပြန်ရန် ပြင်လိုက်၏။ သို့ပေမည့် သူမ မထင်မှတ်ထားလောက်အောင်ပဲ ရန်သူများက ဝင်ရောက်လာခဲ့၏။ ထို့ကြောင့် သူမ လျှို့ဝှက်ခန်း တစ်ခုထဲသို့ ဝင်ရောက် ပုန်းအောင်းနေလိုက်သည်။

စုကျန့်ထင် ရှာဖွေတွေ့ရှိသွားမည်ဟု သူမ မထင်မှတ်ခဲ့ချေ။ သူမသည် လျှို့ဝှက်လက်နက်ပုန်းကို ထုတ်ယူကာဖြင့် အဆိပ်အပ်ပေါင်းများစွာကို ပစ်လွှတ်ခဲ့၏။ အဆိပ်အပ်များသည် တကယ့်ကို များပြားလွန်းလှချေ၏။ ရှမ့်လန် ဖန်တီးထားသည့် လက်နက်တစ်ခုဖြစ်ပြီး သူမကိုသူမ ကာကွယ်နိုင်ရန် ပေးအပ်ထားခဲ့ခြင်း ဖြစ်၏။

ရှောင်ပင်းကို မြင်ရသည့်အချိန်မှာတော့ စုကျန့်ထင်၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူ ရှောင်ပင်းကို သိရှိ၏။ ထိုအချိန်က သူမက ငယ်ရွယ်လွန်းသေး၏။ သူမသည် အင်မတန် လှပပြီး ဤမျှချစ်ဖို့ကောင်းလာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သူမသည် ခပ်ပြည့်ပြည့် ခန္ဓာကိုယ်မျိုးအစား ဖြစ်ပြီး ရင်သားများက ကြီးထွား၏။ သူမသည် တကယ့်ကို အံ့အားသင့်စရာပင်။

သူသည်သာ ကျင်းမူလန်နှင့် စေ့စပ်ပွဲကို မဖျက်သိမ်းခဲ့ပါက အချိန်ကာလ တစ်ခုအကြာတွင် ဤမိန်းကလေးကိုလည်း သူ ပိုင်ဆိုင်ပေလိမ့်မည်။

“ဒီမှာ ဘာလုပ်နေတာလဲ” စုကျန့်ထင်၏ လေသံက ပြောင်းလဲသွားခဲ့၏။

ရှောင်ပင်းသည် မျက်မှောင်ကုတ်ကာဖြင့် မည်သည့်စကားကိုမှ မဆိုချေ။ စုကျန့်ထင်သည် လျှို့ဝှက်ခန်းထဲသို့ လျှောက်ဝင်လာခဲ့ပြီး မြေပြင်ပေါ်တွင် ရှိနေသည့် ပြာများကို ကြည့်ရှုလိုက်သည်။

“ဘာတွေကို မီးရှို့နေတာလဲ” စုကျန့်ထင်က အေးစက်စက်မေးလိုက်၏။

ရှောင်ပင်းသည် မည်သည့်စကားကိုမှ မဆိုချေ။

‘ကျွန်မ သစ္စာဖောက် အဖြစ်မခံဘူး’ သူမသည် စိတ်ထဲတွင် အထပ်ထပ် ထိုအရာကိုသာ ရေရွတ်လျက်ရှိသည်။

စုကျန့်ထင်၏ ဓားသည် သူမ၏ လည်ပင်းပေါ်သို့ ရောက်ရှိလာခဲ့၏။ သူက အေးစက်စက်နှင့် ပြောလိုက်၏။ “သုံးအထိရေမယ်။ ဘာတစ်ခုမှ မပြောဘူးဆိုရင် မင်းရဲ့လည်ပင်းကို ပိုင်းဖြတ်ပစ်မယ်။ ဒီနေရာမှာ မင်းသေရလိမ့်မယ်”

ရှောင်ပင်းသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်အထိ ကြောက်လန့်နေမိ၏။ သူမ၏ ဒူးများသည် တဆတ်ဆတ်နှင့် ရိုက်လျက်ရှိနေပြီး သေးပင်ထွက်ကျလုမတတ်ပင်။

“တစ်... နှစ်... သုံး” စုကျန့်ထင်၏ ဓားသွားက ရောက်ရှိလာခဲ့၏။

အနီရောင်သွေးများက ကျဆင်းလာခဲ့၏။ ရှောင်ပင်းသည် နှလုံးသားတစ်ခုလုံး တုန်ယင်သွားခဲ့သည်။ ‘ငါသေသွားပြီ။ ငါသေသွားပြီ။ ငါ... တကယ့်ကို နောင်တရမိတယ်။ ဘာလို့ငါ... မင်္ဂလာဦးညတုန်းက ဒီကိစ္စကို ငြင်းခဲ့ရတာလဲ။ မဟုတ်ရင် ငါ သမက်တော်နဲ့ အခုအချိန်ဆိုရင် အကြိမ် ၁၀၀ ကျော်လောက် အိပ်ခဲ့ပြီးပြီ။ အခုတော့ ငါသေခဲ့ရပြီ။ ငါသေခဲ့ရပြီ’

ရှောင်ပင်းသည် မျက်လုံးကိုမှိတ်ကာဖြင့် စိတ်ထဲတွင် တွေးတောလျက်ရှိ၏။ သို့ပေမည့် ခဏလောက် ကြာပြီးသည့်နောက် သူမသည် သေဆုံးခြင်းမရှိသေးကြောင်း သိရှိလိုက်၏။ စုကျန့်ထင်၏ ဓားသည် သူမ၏ လည်ပင်းပေါ်တွင် အနာတစ်ခုအဖြစ် ပိုင်းဖြတ်ခဲ့ခြင်းသာလျှင်ဖြစ်၏။ ကြီးကြီးမားမား ခုတ်ပိုင်းလိုက်ခြင်း မဟုတ်ချေ။

ဤမိန်းကလေး ဤမျှ သစ္စာရှိလိမ့်မည်ဟု စုကျန့်ထင်က မထင်မှတ်ခဲ့ချေ။ သို့ပေမည့် စုကျန့်ထင်အနေနှင့် သူမ ဘာကို မီးရှို့ခဲ့၊ ရှို့ခဲ့ ဂရုမစိုက်ချေ။ အဓိကသော့ချက်အားဖြင့် သူ ရှာဖွေနေသည့်အရာသည် စုကလန်၏ ကံကြမ္မာနှင့် ပတ်သက်လျက်ရှိနေသည့် အရာပင်ဖြစ်၏။ မည်သည့်ဈေးနှုန်းမျိုးကို ပေးရသည်မဆို ထိုအရာကို ပြန်လည်ရှာဖွေကာ ယူဆောင်ခဲ့ရန် သူ့အဖေက မှာကြားထားသည်။

“ရှာကြစမ်း”

လက်ကျန်ကျွမ်းကျင်သူနှစ်ယောက်တို့သည် လျှို့ဝှက်ခန်းတစ်ခုလုံးကို ရှာဖွေလျက်ရှိနေ၏။ သူတို့သည် ရှမ့်လန်၏ ပုလင်းများ၊ ခွက်များ၊ အရာအားလုံးကို ဖျက်ဆီးလျက်ရှိနေ၏။ သို့ပေမည့် သစ်သားသေတ္တာကို ရှာမတွေ့ခဲ့ချေ။

စုကျန့်ထင်က မျက်မှောင်ကုတ်လိုက်၏။ ထိုအရာအား မည်သည့်နေရာတွင် သိမ်းဆည်းထားသနည်း။ စာကြည့်ခန်းထဲတွင် မဟုတ်ပါက တခြားသောနေရာများတွင် သွားရောက်ရှာဖွေဖို့ လွယ်ကူတော့မည် မဟုတ်ချေ။ ကြီးမားလွန်းသည့် ရွှမ်ဝူအိမ်တော်ကြီးတွင် ထိုအရာကိုရှာဖွေရဖို့ဆိုသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာနေသကဲ့သို့ပင် ဖြစ်ပေမည်။

မကြာခင်မှာပင် စုကျန့်ထင်သည် အကြံအစည် တစ်ခုကို ရရှိခဲ့၏။ ရှောင်ပင်း၏ လည်ဂုတ်ပေါ်သို့ ဓားတင်ပြီး ပြောလိုက်၏။ “ထွက်.. ခန်းမထဲကို သွားရအောင်”

စုကျန့်ထင်နှင့် ထိပ်တန်းကျွမ်းကျင်သူ ဆယ်ယောက်ကျော်တို့သည် အမည်းရောင်မျက်နှာဖုံးကို တပ်ဆင်ထားခဲ့၏။ သူတို့သည် ရှောင်ပင်းအား အဓိက ဟောခန်းဆီသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ရုတ်တရက် အထဲတွင် ရှိနေသော လူအများအပြားတို့က ထကာ အော်ဟစ်လိုက်၏။ ခန်းမတစ်ခုလုံးတွင် လူအို၊ လူငယ်များ၊ အားနည်းသည့်လူများ၊ အမျိုးသမီးများနှင့် ကလေးများသာလျှင် ရှိ၏။

ရုတ်တရက် ဝင်ရောက်လာခဲ့သည့်လူများကို မြင်ရချိန်မှာတော့ မြို့စားကတော်စုဖေ့ဖေ့သည် ရုတ်တရက် လန့်ဖြန့်သွားခဲ့၏။ ဘယ်လို ဝင်ရောက်လာခဲ့သနည်း။ မြို့စားအိမ်တော်တစ်ခုလုံးအား ကြီးမား၍ ထူထဲလွန်းသည့် နံရံများနှင့် ကာဆီးထားခဲ့၏။ အချိန်တိုအတွင်း ဤအထဲသို့ ရောက်ရှိလာဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

မကြာခင်မှာပင် သူမသည် လူတစ်ယောက်ကို မြင်လိုက်ရ၏။ မျက်နှာဖုံးစွပ်ထားသည်ဆိုလျှင်တောင် စုဖေ့ဖေ့ သည် ထိုသူကို မှတ်မိ၏။ စုကျန့်ထင်... သူမ၏ တူပင် ဖြစ်၏။ ရွှမ်ဝူအိမ်တော်သို့ လွယ်လွယ်ကူကူဖြင့် ဝင်ရောက်လာနိုင်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

စုမိသားစု... သူမ၏မိသားစုသည် သူမကို ပြန်လည်ကာ ဒုက္ခပေးလျက်ရှိ၏။ ရွှမ်ဝူအိမ်တော် ဒုက္ခရောက်နေသည့်အချိန်တွင် လာရောက်ကူညီခြင်းကို မပြုလုပ်သည့်အပြင် နောက်မှဝင်ကာ ရိုက်နှက်ခြင်းကို ပြုလုပ်ခဲ့၏။

ကျင်းချန်ကျွန်းတိုက်ပွဲတွင် စုကျန့်ထင်သည် ထန်လွမ်ဆီ ကျွမ်းကျင်သူများ ငှားရမ်းခဲ့၏။ သူမ သမက်ရှမ့်လန်၏ ကြံစည်မှုတစ်ခုလုံး ပျက်ယွင်းလုနီးပါး ပြုလုပ်ခဲ့၏။ ယခု လူများကို ခေါ်ဆောင်လာပြီး ရွှမ်ဝူအိမ်တော်ထဲ တိတ်ဆိတ်စွာ ဝင်ရောက်ကာ တိုက်ခိုက်နေပြန်၏။ ဤအရာသည် အမျိုးအဆွေတော်စပ်သည်ဟု သတ်မှတ်၍ ရပါတော့မည်လား။ ထန်မိသားစုထက်ပင် ပိုမိုဆိုးယုတ်သည့် လူမျိုး ဖြစ်လာခဲ့သည်။

စုဖေ့ဖေ့သည် ရုတ်တရက် စုကျန့်ထင်၏နာမည်ကို အော်ရန်ပြင်လိုက်၏။

“ပါးစပ်ပိတ်ထား.. နာမည် အော်လိုက်တာနဲ့ ခင်ဗျားကို ကျုပ်သတ်ရမဲ့အခြေအနေ ဖြစ်သွားလိမ့်မယ်” စုကျန့်ထင်က အေးစက်စက် ပြောလိုက်သည်။

စုဖေ့ဖေ့သည် ပါးစပ်ကို ပိတ်လိုက်၏။ ပြီးနောက် ခြောက်ကပ်ကပ်အသံဖြင့် မေးလိုက်၏။ “ဘာလိုချင်တာလဲ”

စုကျန့်ထင်က နှာခေါင်းရှုံ့လိုက်သည်။ “ဘာလိုချင်လဲဆိုတာ ခင်ဗျားမသိဘူးလား။ ကျုပ်အဖိုးပေးခဲ့တဲ့ လျှို့ဝှက်စာပဲ”

စုဖေ့ဖေ့သည် ကြောင်အသွား၏။ သူမ နားလည်သွားပြီဖြစ်၏။ ဤလျှို့ဝှက်စာအကြောင်းကို သူမ ကောင်းကောင်း သိရှိ၏။ လွန်ခဲ့သည့် နှစ် ၂၀တုန်းက ရွှဲ့ပြည်နယ်တစ်ခုလုံး၏ အခြေအနေသည် မထင်မှတ်ထားလောက်အောင် ရှုပ်ထွေးခဲ့လေ၏။ အပြင်ဘက်တွင် ဝူနဲ့ ရွှဲ့ပြည်နယ်တို့နှင့်အတူ စစ်ပွဲဖြစ်ပွားလျက်ရှိ၏။ နိုင်ငံအတွင်းတွင် မင်းသားနှစ်ပါး ကလည်း နန်းပလ္လင်အတွက် တိုက်ခိုက်လျက်ရှိ၏။

ထိုအချိန်တွင် နင်ယွမ်ရှန်းသည် အိမ်ရှေ့စံမင်းသားတစ်ယောက်ဖြစ်ပြီး နန်းတွင်းရှိ ဝန်ကြီး၊ ဝန်ထောက်များ၏ ထောက်ပံ့မှုကို ရရှိထား၏။ အထူးသဖြင့် ကျူးမိသားစုပင် ဖြစ်၏။ သူ၏ မိဖုရားသည် ကျူးမိသားစု၏ အကြီးဆုံး သမီးလည်းဖြစ်သည်။

နင်ယွမ်ဝူမှာတော့ အကြီးဆုံးသားဖြစ်သော်လည်း များပြားလွန်းသည့် အဓိကစစ်သူကြီးများ၏ ထောက်ပံ့မှုကို ခံထားရ၏။ စစ်ပွဲအတတ်ပညာတွင်လည်း ကျွမ်းကျင်ပိုင်နိုင်ပြီး ပါရမီရှင် လူငယ်တစ်ယောက်ပင်။

ထိုအချိန်တုန်းက နင်ယွမ်ရှန်းသည် အားနည်းခဲ့၏။

ဝူနဲ့ ရွှဲ့ပြည်နယ်တို့၏ တိုက်ပွဲကြားတွင် နင်ယွမ်ဝူသည် ကြီးမားသည့် စစ်တပ်ကြီးကို အမိန့်ပေးအုပ်ချုပ်ကာဖြင့် စစ်ပွဲထဲသို့ ဝင်ရောက်ကာ အားလုံးသောသူတို့ကို တိုက်ခိုက်ခဲ့၏။ တစ်ဖက်ရန်သူ စစ်သူကြီးများ၏ ဦးခေါင်းကိုပင် ဖြတ်ကာ ယူဆောင်လာခဲ့သည်။

ထိုအချိန်တုန်းက ရွှမ်ဝူအိမ်တော်သည် ကြားနေအဖြစ်နေထိုင်ခဲ့ပြီး အာဏာလုသည့် တိုက်ပွဲကြားတွင် ပါဝင်ခဲ့ခြင်း မရှိချေ။

ကျန်းယွမ်နယ်စားကြီးသည်လည်း သဘာဝအားဖြင့် ကြားနေပင်ဖြစ်၏။ သူသည် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိချေ။ သို့ပေမည့် နင်ယွမ်ဝူ အနိုင်ရခါနီးအချိန်မှာတော့ ကျန်းယွမ်နယ်စားကြီး စုမိသားစုသည် စိုးရိမ်ပူပန်လာမိကြ၏။ နောက်ဆုံးအချိန်တွင် နင်ယွမ်ဝူကို သစ္စာပြုရန် သူတို့က ကြိုးစားခဲ့၏။ သို့ပေမည့် မိသားစု တစ်ခုတည်း ဝင်ရောက်ခိုလှုံရန်မှာ မလုံလောက်ဟု တွေးတောခဲ့၏။ ထို့ကြောင့် စုမိသားစုသည် ကျင်းမိသားစုကိုပါ နင်ယွမ်ဝူ၏ လက်အောက်သို့ ခိုလှုံကာ ဖြောင်းဖျခဲ့သည်။

စုကျန့်သည် ရွှမ်ဝူမြို့စားကြီး ကျင်းယုဆီသို့ ထိုအချိန်က လျှို့ဝှက်စာတစ်စောင်ကို ရေးသားပေးပို့ပြီး အရေးကြီးကိစ္စတစ်ခု ဆွေးနွေးရန်ဟု ဖိတ်ခေါ်ခဲ့၏။ ဤလျှို့ဝှက်စာသည် ထူးခြားသည့်အကြောင်းအရာမျိုးတွေ မပါဝင်ပေ။ သို့ပေမည့် အကြမ်းဖျင်းအားဖြင့် နင်ယွမ်ဝူနှင့် ပူးပေါင်းမည်ဖြစ်သည့် အကြောင်းအရာများ ပါဝင်ခဲ့၏။

သို့ပေမည့် ထိုအချိန်တုန်းက စုကျန့်သည် ဝူနဲ့ ရွှဲ့ပြည်နယ်၏ စစ်ပွဲကြားတွင် အရှေ့ဆုံးမှ ဝင်ရောက်ကာ တိုက်ခိုက်ပေးခဲ့၏။ ထို့ကြောင့် ဤစာကို စုနန်က ပေးပို့ခဲ့ခြင်းသာဖြစ်၏။ ကျင်းယုမြို့စားကြီးက ငြင်းပယ် ခဲ့၏။ သူသည် ဤကဲ့သို့ အာဏာလုသည့် တိုက်ပွဲကြားထဲတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု စိတ်ဆုံးဖြတ်ထားခဲ့သည်။

နင်ယွမ်ဝူတစ်ယောက် နန်းပလ္လင်ကို ဆက်ခံတော့မည်ဟု အားလုံးသောသူတို့က ထင်မှတ်ထားသည့်အချိန်မှာပဲ ရုတ်တရက် နင်ယွမ်ဝူ၏ အခြေအနေကက ပြောင်းလဲသွားခဲ့၏။ ပျံ့ရှောင်းသည် စစ်သည်တော်အများအပြားတို့ကို ဦးဆောင်ပြီး ဝူပြည်နယ်ကို သစ္စာဖောက်ကာ ရွှဲ့ပြည်နယ်နှင့် လာရောက်ပူးပေါင်းခဲ့၏။ ဤကဲ့သို့သော အခြေအနေသည် အရာအားလုံးကို ပြောင်းလဲသွားစေခဲ့၏။

ရွှဲ့ပြည်နယ်သည် အနိုင်ရရှိသွားခဲ့သည်။ ဤအချိန်မှာတော့ ပျံ့ရှောင်း၏ အရေးပါမှုက ပိုမိုကာ ထင်ရှားလာခဲ့၏။ သူသည် အိမ်ရှေ့စံမင်းသား နင်ယွမ်ရှန်းကို ထောက်ပံ့ခဲ့၏။ ချက်ချင်းပဲ အိမ်ရှေ့စံမင်းသား နင်ယွမ်ရှန်းသည် စားပွဲခုံကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ပင် အာဏာလုပွဲ၌ အနိုင်ရခဲ့၏။ ထိုအချိန်တည်းက ပျံ့ရှောင်းသည် ရွှဲ့ပြည်နယ်နိုင်ငံရေး၏ အကြီးမားဆုံးသော ထောက်တိုင်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် မင်းကြီး ပျံ့ရှောင်း ဟူသော ဘွဲ့ကိုလည်း ရရှိခဲ့သည်။

လွန်ခဲ့သည့် နှစ် ၂၀တည်းက ပျံ့ရှောင်းသည် အလုံးစုံမောက်မာခဲ့၏။ ဘုရင်မင်းမြတ်မှလွဲလျှင် သူသည် မည်သူ့ကိုမှ ဂရုမစိုက်ခဲ့ချေ။ နင်ယွမ်ရှန်းသည် သူ၏ ကောင်းချီးကြောင့် ဘုရင်ဖြစ်လာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

စုကလန်သည် နင်ယွမ်ဝူဘက်ခြမ်းသို့ သစ္စာခံရန် ကြိုးစားခဲ့ဖူးသည်။ ထိုအရာသာ ပေါက်ကြားသွားမည် ဆိုပါက ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက် သတ်ဖြတ်ခြင်းကို ခံရပေမည်။

ပြောရမည်ဆိုလျှင် စုကလန်၏ ကံကြမ္မာကို ကယ်တင်ခဲ့သူမှာ ကျင်းမိသားစုပင်ဖြစ်၏။ ထိုသို့ဆိုလျှင် နယ်စားကြီး စုကျန့်သည် အဘယ့်ကြောင့် ကျေးဇူးတရားကို ထုတ်ဖော်မပြသရသနည်း။

နင်ယွမ်ရှန်းသည် ဘုရင်မင်းမြတ် ဖြစ်လာခဲ့ပြီးနောက် အရာအားလုံးကို စတင်ကာ ရှင်းလင်းတော့၏။ နင်ယွမ်ဝူ ဘက်မှ ပံ့ပိုးပေးခဲ့သည့် လူများကို သတ်ဖြတ်ခြင်း သို့မဟုတ် ရာထူးချခြင်းများ ပြုလုပ်ခဲ့၏။

စုကလန်သည် တကယ့်ကို ကြောက်လန့်သွားခဲ့၏။ ထိုအချိန်တုန်းက နယ်စားကြီးစုနန်က တကယ့်ကို လိမ္မာခဲ့၏။ ဘုရင်မင်းမြတ် ဘာကိုပဲဆိုဆို သူက ဝင်ရောက်ကာ ထောက်ခံ၏။ ထို့အပြင် စုမိသားစုသည် အကောင်းဆုံး ကြိုးစားပြီး ကျင်းမိသားစုနှင့် အဆက်ဖြတ်ရန် ကြိုးစားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ကျင်းမိသားစုဆီသို့ သူတို့၏ လျှို့ဝှက်စာကို ပေးအပ်ခဲ့သောကြောင့်ပင်။

စုကျန့်ထင်နှင့် ကျင်းမူလန်တို့သည် မွေးဖွားလာစဉ်တည်းက စေ့စပ်ရန် စီစဉ်ထားခဲ့သူများ ဖြစ်၏။ လွန်ခဲ့သည့် ၆ နှစ်၊ ၇ နှစ်တည်းက စေ့စပ်ပွဲကို ကျင်းပရမှာဖြစ်၏။ သို့ပေမည့် နယ်စားကြီးစုနန်သည် ရုတ်တရက် မြို့စားကြီး ကျင်းကျိုးအား လျှို့ဝှက်စာပေးရန် တောင်းဆိုခဲ့သည်။

ကျင်းကျိုးမြို့စားကြီးက သူ၏မိန်းမရှေ့မှာပင် ထိုအရာကို မီးရှို့ခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့၏။

နယ်စားကြီးစုနန်သည် ထိုစကားကို မယုံကြည်ချေ။ ထို့ကြောင့် ကျင်းကျိုးအား လျှို့ဝှက်စာ ပြန်ပေးရန် အတင်း ဖိအားပေးခဲ့၏။ ကျင်းကျိုးက အဘယ်သို့ ပေးရမည်နည်း။ သူသည် နတ်ဘုရားများကို ကျိန်ဆိုကာဖြင့် ထိုအရာကို မီးရှို့ခဲ့ပြီဖြစ်ကြောင်း အာမခံခဲ့သည်။ ထိုနေ့ညမှာပင် မိသားစုနှစ်ခုသည် မပျော်မရွှင်ဖြင့် ဇာတ်လမ်းကို အဆုံးသတ်ခဲ့သည်။

အခြေအနေက ပိုမိုကာ တင်းမာသွားခဲ့၏။ သို့ပေမည့် မြို့စားကြီးကျင်းကျိုးသည် တကယ့်ကို ယုံကြည်ရသည့် လူတစ်ယောက်ဖြစ်၏။ စုဖေ့ဖေ့ကလည်း ဤလျှို့ဝှက်စာကို မီးရှို့ခဲ့ပြီဖြစ်ကြောင်း သူမ၏ ဘိုးဘေးများကို တိုင်တည်ကာဖြင့် ကျိန်ဆိုခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ အခြေအနေများကလည်း ပြောင်းလဲလာခဲ့သည်။ ဘုရင်မင်းမြတ်၏ မူဝါဒသစ်သည် လက်ရှိအခြေအနေ၌ ကျင်းမိသားစုအပေါ်သို့ ကျဆင်းလာခဲ့ပြီဖြစ်သည်။

စုကျန့်ထင်နှင့် ကျင်းမူလန်တို့၏ကြား စေ့စပ်ပွဲမှာလည်း ပျက်စီးသွားခဲ့၏။ မိသားစုနှစ်ခုကြားတွင် တစ်ခုနှင့်တစ်ခု ပတ်သက်ဆက်နွှယ်ခြင်းမျိုး မရှိတော့ချေ။ သို့ပေမည့် မကြာသေးခင်က စုကလန်သည် မြို့စားကြီးကျင်းကျိုးဆီ၌ မီးမရှို့ရသေးသည့် လျှို့ဝှက်စာရှိနေကြောင်း တိကျသည့် သတင်းအချက်အလက်တစ်ခုကို လက်ခံရရှိခဲ့၏။ ထို့ကြောင့် စုနန်သည် ယနေ့ည၌ ရွှမ်ဝူအိမ်တော်ကို အလစ်ဝင်စီးစေခြင်းပင် ဖြစ်၏။

စုကျန့်ထင်က အေးစက်စက်ပြောလိုက်သည်။ “သခင်မကြီး.. မြန်မြန် ... ရှိတဲ့အရာကို ပေးလိုက်။ မဟုတ်ရင် ကျုပ် ဒီမိန်းကလေးကို သတ်ပစ်မယ်။ ပြီးတော့ ဒီမှာရှိတဲ့ လူတွေအကုန်လုံးကို သတ်ပစ်မယ်”

မြို့စားကတော် စုဖေ့ဖေ့သည် စုကျန့်ထင်ကို အေးစက်စက် စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “ကောင်းပြီ... ငါ မင်းကို ပေးလိုက်မယ်”

သို့နှင့် သူမသည် ဟောခန်းထဲမှ ထွက်ခွာသွားခဲ့ပြီး သူမယောက်ျား၏ စာကြည့်ခန်းထဲသို့ ဝင်သွား၏။ ခဏကြာပြီးနောက် သစ်သားသေတ္တာတစ်ခုကို ယူလာပြီး စုကျန့်ထင်ကို ပေးလိုက်သည်။ “ရော့... လူကိုပြန်ပေး။ ဒီအရာကို ယူလိုက်တော့”

စုကျန့်ထင်၏ ကြက်သီးမွေးညှင်းများပင် ထသွားခဲ့၏။ ဤသေတ္တာပင်ဖြစ်၏။ တကယ့်ကို ဤသေတ္တာပင်။ ကျင်းမိသားစုသည် လျှို့ဝှက်စာကို တကယ်ကြီး မီးမရှို့ခဲ့ချေ။ သူတို့မိသားစုအတွက် အန္တရာယ်များလွန်းခဲ့၏။ ထိုသို့ဆိုလျှင် သူတစ်ခါတည်း လျှို့ဝှက်စာကို မီးရှို့ရမည်လား။

တကယ့်ကို မီးရှို့ရပေမည်။

တကယ်တမ်းမှာတော့ ကျင်းကျိုးမြို့စားကြီးသည် သူ၏မိန်းမရှေ့မှာပဲ ထိုစာရွက်ကို မီးရှို့ခဲ့ပြီးသား ဖြစ်၏။ ယခု သေတ္တာထဲတွင်ရှိနေသည့် လျှို့ဝှက်စာသည် အတုပင်ဖြစ်၏။ လွန်ခဲ့သည့် ရက်အနည်းငယ် တုန်းက ရှမ့်လန် ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် အရင်နှင့် တစ်ပုံစံတည်းတူညီအောင် ဖန်တီးထား၏။

စုဖေ့ဖေ့က ပြောလိုက်သည်။ “သူ့ကိုလွှတ်ပေးတော့”

“ကျုပ်ကိုပေးလေ” စုကျန့်ထင်က တောင်းဆိုလိုက်၏။

စုဖေ့ဖေ့သည် သေတ္တာကို ကမ်းပေးလိုက်၏။ စုကျန့်ထင်၏ ဘေးတွင် ရှိနေသည့် ကျွမ်းကျင်သူသည် သေတ္တာကို လှမ်းယူလိုက်သည်။

စုကျန့်ထင်သည် ငွေရောင်လက်အိတ်ကို ကောက်ဝတ်ပြီး သေတ္တာကိုဖွင့်၍ အထဲတွင် ရှိနေသော လျှို့ဝှက်စာကို ထုတ်ယူကာ မြန်မြန်ဆန်ဆန် ကြည့်ရှုလိုက်၏။

ထိုအချိန်မှာတော့ သူသည် အလျင်အမြန်ကို ကြည့်ရှုခြင်းသာ ပြုလုပ်နိုင်၏။ အဘယ့်ကြောင့်ဆိုသော် အထဲတွင် ရှိနေသည့် အကြောင်းအရာများက အလွန်အရေးကြီး၏။ အားလုံးသောသူတို့ မြင်သွားစေ၍ မဖြစ်ချေ။ သူသည် မူရင်းစာကို မမြင်ခဲ့ဖူးချေ။ အလွန်ငယ်ရွယ်ခဲ့သောကြောင့်ပင်။ သို့ပေမည့် သူ့အဖိုး၏ လက်ရေးဖြစ်ကြောင်းနှင့် သူ့အဖိုး၏ သီးသန့် စည်းတံဆိပ်တုံးဖြစ်ကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့သည်။

ဤအရာကို အတုပြုလုပ်၍ မရနိုင်ချေ။ ထို့ကြောင့် ဤအထဲတွင် ပါဝင်သည့် အကြောင်းအရာများသည် တကယ့် အစစ်ဖြစ်မှန်း သေချာသွား၏။

ဟုတ်ပေ၏။ ဤအရာသည် စုကျန့် ရေးထားခဲ့သည့် အရာဖြစ်၏။ သို့ပေမည့် လျှို့ဝှက်စာ မဟုတ်ချေ။ စုကျန့် ရေးထားထားသည့် တခြားသောစာများဆီမှ စာလုံးများကို အသာခွာပြီး ဤစာရွက်၌ ကပ်ထားခြင်းဖြစ်၏။ ဤအကြံအစည်ကို ဘယ်ကရသနည်း။ ဝမ်လျှံသည် ရှမ့်လန်ကို ဤနည်းလမ်းဖြင့် ဒုက္ခပေးရန် ကြံစည်ခဲ့ဖူး၏။ ဆရာလန်သည် သင်လွယ်တတ်လွယ် လူတစ်ယောက် မဟုတ်ပါလား။

“ဟား ဟား ဟား ဟား.. လူတွေက တကယ့်ကို ဆိုးယုတ်တာပဲ”

စုကျန့်ထင်က ရယ်မောလိုက်၏။ “ဒီအရာကို မီးရှို့ခဲ့ပြီလို့ ပြောခဲ့တယ်မဟုတ်လား။ ဒါပေမယ့် မီးမရှို့ခဲ့ဘူး။ ကျင်းမိသားစုက တကယ့်ကို ဆိုးယုတ်တဲ့ လူတွေပဲ” ပ

ြီးနောက် စုကျန့်ထင်သည် တိုက်ရိုက်ဆိုသလိုပဲ လျှို့ဝှက်စာကို မီးရှို့လိုက်၏။ ယခု သူတို့မိသားစုပေါ်သို့ အချိန်မရွေး ကျရောက်လာနိုင်သည့် အန္တရာယ်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

စုဖေ့ဖေ့က ပြောလိုက်၏။ “လုပ်ချင်တာကို ရပြီမလား။ အခုသွားတော့ .... ကျင်းမိသားစုက မင်းကိုမကြိုဆိုဘူး”

စုကျန့်ထင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

“ရွှမ်ဝူကသေပြီ။ ရှမ့်လန်လည်းသေပြီ။ ကျင်းမူလန် ကလည်း သေတော့မှာပဲ။ ဒီတော့ ခင်ဗျားလည်း ငရဲပြည်ကို သွားသင့်နေပြီ။ သူ့ကိုသတ်လိုက်တော့” စုကျန့်ထင်က အမိန့်ပေးလိုက်၏။

ရုတ်တရက် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့သည် အရှေ့ဆီသို့ လှမ်းတက်ပြီး စုဖေ့ဖေ့ကို တိုက်ခိုက်တော့သည်။

“သခင်မကြီးကို ကာကွယ်ကြ” အန်းစိုက်ရှီက အမိန့်ပေးလိုက်၏။ ခန်းမထဲတွင် ရှိနေသည့် လူပေါင်းများစွာ တို့သည် သိုင်းပညာတတ်သည်၊ မတတ်သည် အရေးမကြီးတော့ချေ။ အရှေ့ဆီသို့ လှမ်းတက်ပြီး ကာကွယ် တိုက်ခိုက်ကြ၏။

ဆွစ် ဆွစ်

စုကျန့်ထင် ခေါ်ဆောင်လာခဲ့သည့် ကျွမ်းကျင်သူများသည် တကယ့်ကို အားကောင်းလွန်း၏။ မျက်စိတစ်မှိတ် အတွင်း ခန်းမထဲတွင်ရှိနေသည့် လူပေါင်းတစ်ဒါဇင်ကျော်တို့သည် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ အန်းစိုက်ရှီ၏ သိုင်းပညာသည် တကယ့်ကို မြင့်မား၏။ ဤနေရာတွင် သူ၏ တိုက်ခိုက်နိုင်စွမ်းက အမြင့်မားဆုံးဖြစ်၏။ သူသည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသည်။

စုဖေ့ဖေ့သည် အလွန်ဝမ်းနည်းနေမိ၏။ သူမ၏မိသားစုက ဘာဖြစ်သနည်း။ သူမကို သတ်ဖြတ်ရန် စေခိုင်းခဲ့သူသည် သူမ၏တူ ဖြစ်၏။ သို့ပေမည့် ဆိုးယုတ်လွန်း၏။

“စောင့်နေ.. မင်းတို့အားလုံး စောင့်နေကြ။ လန်အာပြန်လာပြီဆိုရင် စုမိသားစုတစ်ခုလုံးကို ကျိန်းသေပေါက် သတ်ပစ်လိမ့်မယ်” စုဖေ့ဖေ့သည် သူမ၏ ဓားကို ဆွဲထုတ်လိုက်သည်။

All Chapters